ကောင်းကင်အရွေးချယ်ခံများ
Vol. 81 Ch. 1254
ရွှီချင်းသည် ကျူးလီသားရဲ၏ ဆွဲဆောင်ခံခဲ့ရသည်။
အကယ်၍ သူသာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ ထူးခြားသော အဆင့်အတန်းရှိသည့် ထိုကျူးလီသားရဲကို ထိန်းကျောင်းနိုင်ပြီး ၎င်းကို သူ၏ စီးတော်သားရဲအဖြစ် ပြောင်းလဲနိုင်မည်ဆိုလျှင် ဒုတိယပြိုင်ပွဲမှာ သူက သေချာပေါက် ပထမရလိမ့်မည်။
ရွှီချင်း၏ ရည်မှန်းချက်သည် ရွှမ်ထျန်းစစ်သူကြီးမဟုတ်ပေ။ မဟာရွှမ်ထျန်းစစ်သူကြီးသာ ဖြစ်သည်။
အကယ်၍ သူက မဟာရွှမ်ထျန်းစစ်သူကြီးဖြစ်ချင်လျှင် ပြိုင်ပွဲသုံးခုစလုံးမှာ ပထမရရန် လိုအပ်သည်။
“ ကံမကောင်းစွာပဲ… ကျူးလီက ငါထိန်းကျောင်းနိုင်တဲ့ သားရဲ မဟုတ်ဘူး ”
ရွှီချင်းသည် အနည်းငယ် နောင်တရသွားသည်။ တစ်ခါတစ်ရံ သူက မိုက်ရူးရဲဆန်စွာ လုပ်ဆောင်လေ့ရှိသော်လည်း အကြိမ်အများစုတွင် သေချာစဉ်းစားတွေးတောပြီးမှသာ လုပ်ဆောင်လေ့ ရှိသည်။ ယင်းက ခေါင်းဆောင်နှင့် သူ့ကြားမှ ခြားနားမှုဖြစ်သည်။
ရိုးရှင်းစွာပြောရလျှင် ရွှီချင်းမှာ အကျိုးအကြောင်းဆင်ခြင်နိုင်စွမ်း ရှိသေးသည်။
နှစ်ပေါင်းများစွာကြာပြီးသည့်တိုင် ထိုကျူးလီသားရဲကို မည်သူမှ အောင်မြင်စွာ မထိန်းကျောင်းနိုင်သေးသောကြောင့် ယင်းမှာ အပြင်လူများမသိနိုင်သော လျှို့ဝှက်ချက်တချို့ ရှိနေကြောင်း သူသတိပြုမိသည်။
ထိုနေရာက မည်မျှအန္တရာယ်များကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
ထို့ကြောင့် ရွှီချင်းသည် သူ၏ နတ်ဘုရားစိတ်အာရုံကို ကျူးလီသားရဲအား မိတ်ဆက်ထားသော ကျောက်စိမ်းပြားထံမှ ပြန်ရုပ်သိမ်းလိုက်သည်။ သူက တခြားသားရဲများ၏ သတင်းအချက်အလက်များကို စစ်ဆေးရန် ပြင်လိုက်သည်။
ထိုအခိုက်အတန့်မှာ သူ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ သူက ခေါင်းမော့လိုက်ပြီး အိမ်အပြင်ဘက်သို့ ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ အပြင်ဘက်တွင် ညအချိန်သို့ ကျရောက်နေပြီဖြစ်သည်။ ယင်းက အပြင်မထွက်ရအမိန့်ကို ပြဌာန်းထားသော အချိန်လည်း ဖြစ်သည်။ ညသည် မင်ရည်ကဲ့သို့ မှောင်မည်းနေပြီး အငွေ့များအဖြစ်သို့ ဖွဲ့စည်းသွားသည်။ ထိုအငွေ့များသည် အိမ်တံခါးကို ဖြတ်ကျော်၍ အထဲသို့ ဝင်ရောက်လာသည်။ နောက်ဆုံးမှာတော့ ယင်းတို့က ရွှီချင်း၏ အရှေ့မှာ စုဝေးသွားပြီး ခေါင်းဆောင်၏ ပုံရိပ်ကို ဖွဲ့စည်းသွားသည်။
ထိုသို့ထွက်ပေါ်လာပုံသည် အနည်းငယ် ထူးဆန်းသည်။ အကယ်၍ ခေါင်းဆောင်သာ အိမ်နားသို့ ချဉ်းကပ်လာစဉ် သူ၏ နတ်ဘုရားစိတ်အာရုံကို ကြိုမပို့လွှတ်ခဲ့လျှင် ရွှီချင်းက စောစီးစွာ အာရုံခံမိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရွှီချင်းက အကြိမ်ရေအနည်းငယ် ထပ်ကြည့်လိုက်သည်။
ထိုအကြည့်က ခေါင်းဆောင်ကို ဘဝမြင့်သွားစေသည်။
“ ဘယ်လိုလဲချင်းလေး… ငါ့ရဲ့ တိတ်တဆိတ် ထွက်ပေါ်လာတဲ့နည်းလမ်းက မမိုက်ဘူးလား ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။
“ ဒီတော့… ဘာမှမစိုးရိမ်နဲ့… စကားလုံးမဲ့ ကျောက်တုံးကျမ်းစာက တကယ်ပဲ နက်နဲသိမ်မွေ့တယ်… မဟုတ်ရင် ဘာလို့ ငါက ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲမှာ အချိန်အကြာကြီး ဒုက္ခခံခဲ့မှာလဲ ”
ရွှီချင်း၏ အကူအညီကြောင့် ထိုစကားလုံးများကို ရရှိခဲ့ခြင်းကိုတော့ ခေါင်းဆောင်က မသိချင်ယောင် ဆောင်ထားသည်။ ဤအခိုက်အတန့်မှာ သူက မောက်မာထောင်လွှားသော အမူအရာဖြင့် ရွှီချင်း၏ အရှေ့မှာ ဝင်ထိုင်လိုက်သည်။ သူ၏ အကြည့်က ရွှီချင်း၏ အရှေ့မှ ကျောက်စိမ်းပြားများပေါ်သို့ ကျရောက်သွားသည်။ သူ၏ နတ်ဘုရားစိတ်အာရုံကို ထိုကျောက်စိမ်းပြားထဲသို့ ပို့လွှတ်လိုက်ပြီး အထဲမှ အချက်အလက်များကို စစ်ဆေးပြီးနောက် သူက မူမမှန်စွာ ပြုံးလိုက်သည်။
“ ကျူးလီလား ”
“ အဲ့ဒါက မျိုးနွယ်ရဲ့ ရတနာပဲ… ဒါပေမဲ့ မင်းက အဲ့ဒါကို ထိန်းကျောင်းမယ်ဆိုရင် နည်းနည်းခက်ခဲလိမ့်မယ် ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူက ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ စီနီယာအကိုကြီးက ကျူးလီကို မြင်ဖူးတာလား ”
ခေါင်းဆောင်သည် မေးမော့လိုက်ပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက နတ်ဘုရားတောင်တန်းဆီသို့ ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ချောင်းဟန့်လိုက်လေသည်။
“ မြင့်မြတ်မြို့တော်ထဲမှာ မပြောသင့်တဲ့ ကိစ္စတချို့ရှိတယ်… အဲ့ဒါတွေက အရမ်းထိလွယ်ရှလွယ်တယ်… တကယ်လို့ မင်းက နှစ်အနည်းငယ်စောပြီး မွေးလာခဲ့မယ်ဆိုရင်တော့ ကျူးလီသားရဲကို ထိန်းကျောင်းဖို့ အခွင့်အရေးရှိလိမ့်မယ်… အခုတော့ အဲ့ဒီအကြောင်းကို မစဉ်းစားနဲ့တော့ ”
“ ကျူးလီနဲ့ပတ်သက်တဲ့ ဒီသတင်းအချက်အလက်ကတော… ”
ခေါင်းဆောင်သည် ပြုံးလိုက်သည်။ သူက သိုလှောင်အိတ်ကို လှန်လှောရှာဖွေလိုက်ပြီး ပုစွန်တစ်ကောင်ကို ထုတ်လိုက်သည်။ သူက ပုစွန်ကို နှစ်ပိုင်းခြမ်းလိုက်ပြီး ရွှီချင်းကို မျက်စပစ်ပြလိုက်သည်။
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။
ထို့နောက် ခေါင်းဆောင်သည် လက်ဝှေ့ယမ်းလိုက်ပြီး ကျူးလီအကြောင်း မိတ်ဆက်ထားသော ကျောက်စိမ်းပြားများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အနက်ရောင်ဝါးပေလွှာတစ်ခုကို သူ၏ ခန္ဓာကိုယ်ထဲမှ ထုတ်ယူလိုက်သည်။ ယင်းက ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေလေရာ အချိန်အတာ်ကြာ တည်ရှိနေခဲ့ပုံပေါ်သည်။
“ ချင်းလေး… ပထမပြိုင်ပွဲမှာ စီနီယာအကိုကြီးက မင်းကို အများကြီး မကူညီပေးနိုင်ခဲ့ဘူး… ဒါကြောင့် ငါက လွန်ခဲ့တဲ့ ရက်တွေတုန်းက သတင်းအချက်လက်သွားစုံစမ်းတဲ့အချိန်မှာ အရင်ဘဝက ငါချန်ထားခဲ့တဲ့ ခြေရာလက်ရာတချို့ကို သွားရှာကြည့်ခဲ့တယ် ”
“ ပြီးပြည့်စုံတဲ့ ရိတ်သိမ်းမှုပဲ ”
ခေါင်းဆောင်က ဝမ်းသာပျော်ရွှင်စွာ ပြောသည်။
“ ငါ့ရဲ့ စုံစမ်းမှုအရဆိုရင် ဒုတိယပြိုင်ပွဲမှာ မင်း ပထမရအောင် ကူညီပေးဖို့ ငါ့မှာ (၁၀၀)ရာခိုင်နှုန်း ယုံကြည်မှုရှိတယ် ”
“ ဒုတိယပြိုင်ပွဲကို မင်းဘာမှ စိုးရိမ်စရာမလိုဘူး… အဲ့ဒါကို ငါကိုင်တွယ်လိုက်မယ် ”
“ ဒုတိယပြိုင်ပွဲက တစ်လကြာရင် စတင်လိမ့်မယ်… အဲ့ဒီအခါကျရင် ငါ့ဘာသာ တစ်ယောက်တည်း လှုပ်ရှားရမယ့် ကိစ္စတစ်ခုရှိတယ်… မင်းက တောင်တန်းပင်လယ်ဒေသကြီးထဲမှာ လမ်းပတ်လျှောက်ဖို့ပဲ လိုတယ်… ငါ့ကို စိတ်ပူစရာမလိုဘူး… ဒုတိယပြိုင်ပွဲ အဆုံးသတ်ခါနီးကျရင် မင်းက ရှန်းချီခြင်္သေ့ကို ရမယ်လို့ ငါအာမခံတယ် ”
“ ရှန်းချီခြင်္သေ့က တောင်တန်းပင်လယ်ဒေသကြီးထဲက သားရဲစာရင်းသတ်မှတ်ချက်မှာ ထိပ်ဆုံးငါးနေရာကို ဝင်တယ်… အဲ့ဒီကောင်က တစ္ဆေရထားလုံးထက် အများကြီး အဆင့်မြင့်တယ်… ပြီးတော့ ဒီပြိုင်ပွဲမှာ ထိန်းကျောင်းနိုင်တဲ့ သားရဲတွေထဲမှာ အဲ့ဒီကောင်က အဆင့်အမြင့်ဆုံးလို့ သတ်မှတ်နိုင်တယ် ”
“ ဒီတစ်ကြိမ် စီနီယာအကိုကြီးက မင်းရဲ့ နောက်ခံဖြစ်ပေးမယ် ”
ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြောသည်။
ရွှီချင်းက ပြုံးလိုက်သည်။ စီနီယာအကိုကြီးက ကြွားဝါနေခြင်းလော သို့မဟုတ် အမှန်တကယ် ပြောနေခြင်းလော သူမသေချာသော်လည်း စီနီယာအကိုကြီး၏ ဂရုစိုက်ပေးမှုက ရွှီချင်း၏ နှလုံးသားကို နွေးထွေးသွားစေသည်။
“ ကျေးဇူးတင်ပါတယ် စီနီယာအကိုကြီး ”
ခေါင်းဆောင်သည် ပိုပြီးပျော်ရွှင်သွားသည်။ သူက လေချွန်လိုက်ပြီး ဓားတစ်ချောင်းကို ထုတ်လိုက်သည်။ သူက ဓားဖြင့် အနက်ရောင်ဝါးပေလွှာပေါ်မှာ တစ်စုံတစ်ခုကို စတင်ရေးထွင်းလိုက်သည်။ သူက အမှန်တကယ် အလေးအနက်ထားနေခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ သူက ဝါးမှုန်များကို လေမှုတ်ထုတ်လိုက်သည်။ သူက ယင်းကို အနုစိတ်ကျစွာ ရေးထွင်းနေလေရာ ရှေးခေတ်လက်နက်တစ်ခုကို ဖန်တီးနေသည့်အလားပင်။
ရွှီချင်းသည်တော့ ဘေးမှ လေ့လာကြည့်နေသည်။ သို့သော်လည်း သူက ဝါးပေလွှာပေါ်မှ ပုံကို အသေးစိတ် မမြင်နိုင်ပေ။ သူမြင်သည်မှာ ယင်းက လခြမ်းပုံသဏ္ဍာန်ရှိပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများဖြင့် ပြည့်နှက်နေသည်။
“ အဲ့ဒါက ဘာလဲ ”
ခေါင်းဆောင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
“ အဲ့ဒါက တောင်တန်းပင်လယ်သားရဲဆင့်ခေါ်ခြင်း တုံကင် ”
“ အတိတ်တုန်းက မီးလျှံလဆိုတဲ့ မိန်းမကြီးနဲ့ ငါ ဆက်ဆံရေးကောင်းခဲ့ချိန်တုန်းက ငါက သူ့အတွက် ကိစ္စအတော်များများကို ဆောင်ရွက်ပေးခဲ့တယ် ”
“ ဒီတုံကင်က ပစ္စည်းကောင်းပဲ… အခု ငါ့မှာ မူလတုံကင်မရှိဘူးဆိုပေမဲ့ အဲ့ဒါက ကိစ္စမရှိပါဘူး… ငါက တုံကင်တစ်ရာလုပ်ဖို့ စိတ်ကူးထားတယ်… အဲ့ဒီတုံကင်အားလုံးကို ရှန်းချီခြင်္သေ့ဆီ အတူတကွ ပစ်လွှတ်တဲ့အခါ ဒင်းကို ဖိနှိပ်နိုင်မလား ကြည့်တာပေါ့ ”
“ ငါက ဒီလိုပစ္စည်းတွေ ပြုလုပ်တဲ့နေရာမှာ အရမ်းထူးချွန်တယ်… အတိတ်တုန်းကဆိုရင် ငါက ဒီဟာတွေ အများကြီးကို တိတ်တခိုး ရောင်းချခဲ့ဖူးတယ်… အဲ့ဒါကို အရမ်းမိုက်တဲ့ နာမည်တောင် ငါပေးခဲ့သေးတယ် ”
ထိုနေရာသို့ရောက်သည့်အခါ ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး ဆက်မပြောတော့ပေ။ သူက ခေါင်းငုံ့လိုက်ပြီး ဆက်လက် အလုပ်လုပ်သည်။
ခေါင်းဆောင်က ကြိုးစားပမ်းစား ရေးထွင်းနေသည်ကို မြင်သောအခါ ရွှီချင်း၏ အမူအရာသည် အနည်းငယ် ထူးဆန်းလာသည်။ သူက စကားပြောတော့မည့်အချိန် သူ၏ အသံပို့လွှတ်ကျောက်စိမ်းပြားက တုန်ခါလာသည်။
ရွှီချင်းသည် ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
ခေါင်းဆောင်သည်လည်း ခေါင်းမော့လိုက်ပြီး ရွှီချင်း၏ အသံပို့လွှတ်ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။
“ အဲ့ဒါ မင်းသားကြီးပါ… သူက မြင့်မြတ်မြို့တော်ကို ရောက်လာပြီး ငါတို့ရဲ့ တည်နေရာကို မေးနေတယ်… သူက ဒီကို လာလည်ချင်နေတဲ့ပုံပဲ ”
ရွှီချင်းသည် ခေါင်းဆောင်၏ လက်ထဲမှ ဝါးပေလွှာကို ကြည့်လိုက်သည်။
“ ကိစ္စမရှိပါဘူး… သူက ဒီဟာကို သိမှာ မဟုတ်ဘူး… ဘာပဲဖြစ်ဖြစ် ဒီဟာက ရှေးဟောင်းပစ္စည်းမဟုတ်လား… ဒါ့အပြင် တကယ်လို့ သူက ဒီဟာကို သိတယ်ဆိုရင် ငါသူ့ကို တစ်ခုနှစ်ခု ပေးလိုက်မယ် ”
ခေါင်းဆောင်သည် ဂရုမစိုက်သည့်ပုံစံဖြင့် ဆက်လက် ရေးထွင်းလိုက်သည်။
ရွှီချင်းသည် တစ်ခဏ တွေးတောပြီးနောက် သူ့နေအိမ်၏ တည်နေရာကို အသံပို့လွှတ်လိုက်သည်။
မကြာမီ မင်းသားကြီးသည် နေအိမ်၏ အပြင်ဘက်မှာ ထွက်ပေါ်လာပြီး ဦးညွတ်လိုက်သည်။
“ ကူယွဲ့ကျုံးဟိုင်က အရှင်သခင်ရွှီကို တွေ့ခွင့်တောင်းပါတယ် ”
သူ၏ ကိုယ်ဟန်အမူအရာနှင့် လေသံသည် ဓလေ့ထုံးတမ်းကို အလေးအနက်ထားသည်။
အကယ်၍ ရွှီချင်းက မင်းသားမင်နန်အား သတ်ဖြတ်ခြင်းကို သူကိုယ်တိုင် မမြင်တွေ့ခဲ့ဘူးဆိုလျှင် မင်းသားကြီးသည် ထိုသို့လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်ပါစေ သူက လူသားဧကရာဇ်၏ နှစ်သက်ခြင်းမခံရသော်လည်း မင်းသားကြီးဖြစ်နေဆဲ မဟုတ်ပါလော။
သို့သော်လည်း ဤနောက်ပိုင်းတွင် ရွှီချင်း၏ အဆင့်အတန်းသည် သူ၏ နှလုံးသားထဲမှာ အလွန်မြင့်မားသွားသည်။
မကြာမီ နေအိမ်၏ တံခါးသည် တိတ်ဆိတ်စွာ ပွင့်သွားသည်။
အပြင်မှာ မတ်တတ်ရပ်နေသော မင်းသားကြီးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အထဲမဝင်ခင် သူ၏ အင်္ကျီကို သပ်သပ်ရပ်ရပ် ပြင်ဝတ်လိုက်သည်။ သူက ရွှီချင်းကို မြင်သွားသည့်အခိုက် လက်သီးဆုပ်လိုက်ပြီး တလေးတစား အရိုအသေပေးလိုက်သည်။
“ မဟာအမဲလိုက်ပွဲတော်ရဲ့ ပထမပြိုင်ပွဲမှာ ပထမနေရာကို ရယူနိုင်ခဲ့လို့ ဒေသအရှင်သခင်ရွှီကို ဂုဏ်ပြုပါတယ် ”
ရွှီချင်းသည် မင်းသားကြီးကို ကြည့်လိုက်သည်။ မင်းသားကြီး၏ ဒဏ်ရာများသည် မင်းသားမင်နန်နှင့် သူတိုက်ခိုက်ခဲ့စဉ်တုန်းကထက်စာလျှင် အများကြီး ပြန်ကောင်းမွန်သွားသည်။ ထို့ပြင် ထိုမတော်တဆမှုပြီးနောက် သူက ပိုပြီးရင့်ကျက်သွားဟန် ရသည်။
ထို့ပြင် သူက လူသားဧကရာဇ်နှင့် အတော်လေး ဆင်တူသည်။ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါက သူ့ကိုယ်ပေါ်မှာ တစ်စွန်းတစ်စ ရစ်ဝဲနေသည်။
ရွှီချင်းသည် ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး မင်းသားကြီးကို နေရာမှာ ထိုင်ရန် ညွှန်ပြလိုက်သည်။
မင်းသားကြီးသည် တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် ကျောက်စိမ်းပြားသုံးခုကို ထုတ်လိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ချပေးလိုက်သည်။
“ အရှင်သခင်ရွှီ… အဲ့ဒီနေ့က ကျုပ်တို့ခွဲခွာပြီးနောက် ကျုပ်ရဲ့ လက်အောက်ငယ်သားတွေက ဒုတိယပြိုင်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လိုက်လံစုဆောင်းခဲ့ပါတယ်… ပြီးတော့ မဟာအမဲလိုက်ပွဲတော်မှာ ဝင်ပြိုင်ကြတဲ့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ ကောင်းကင်အရွေးချယ်ခံတွေရောပါပဲ ”
“ အဲ့ဒါက အရှင်သခင်ရွှီကို အကူအညီတချို့ပေးနိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ် ”
“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တချို့လည်း ပါပါသေးတယ် ”
မင်းသားကြီးက နူးညံ့စွာ ပြောသည်။
“ ပထမကျောက်စိမ်းပြားထဲမှာ တောင်တန်းပင်လယ်ဒေသကြီးထဲက သားရဲအများစုရဲ့ အလေ့အကျင့်နဲ့ တည်နေရာတွေကို ဖော်ပြထားပါတယ်… အဲ့ဒါတွေကို အပြင်မှာ ဝယ်ယူလို့မရနိုင်ပါဘူး… အဲ့ဒါကို ကျုပ်မယ်တော်ဘက်က မိသားစုရဲ့ အကူအညီကြောင့် ရရှိခဲ့တာပါ ”
“ ဒုတိယကျောက်စိမ်းပြားထဲမှာ မီးလျှံလမျိုးနွယ်ရဲ့ လက်အောက်မျိုးနွယ်စုတွေထဲက ကောင်းကင်အရွေးချယ်ခံတွေအကြောင်း ပါဝင်ပါတယ် ”
“ အရှင်သခင်ရွှီက ထုန်ရှီရှန်းနဲ့ ပညာပြိုင်ခဲ့တယ်လို့ ကျုပ်ကြားပါတယ်… ထုန်ရှီရှန်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ ကောင်းကင်အရွေးချယ်ခံငါးယောက်ထဲက တစ်ယောက်ပါ ”
“ မီးလျှံလမျိုးနွယ်က တခြားကောင်းကင်အရွေးချယ်ခံလေးယောက်နဲ့ လက်အောက်ခံမျိုးနွယ်စုတွေထဲက ကောင်းကင်အရွေးချယ်ခံတွေကို ထည့်တွက်မယ်ဆိုရင် အားလုံးပေါင်း (၁၇)ယောက်ရှိပါတယ် ”
“ အရှင်သခင်ရွှီရဲ့ တိုက်ပွဲစွမ်းအားကြောင့် တခြားလူတွေကို လျစ်လျူရှုထားလို့ရပါတယ်… ဒါပေမဲ့ မီးလျှံလမျိုးနွယ်က ကောင်းကင်အရွေးချယ်ခံတွေကိုတော့ အထူးသတိထားရပါမယ်… ဘာဖြစ်လို့လဲဆိုတော့ အရှင်သခင်ရွှီရဲ့ သရုပ်က သူတို့အတွက် အရေးမကြီးလို့ပါပဲ ”
“ သူတို့တွေက ဒီမျိုးဆက်မှာ မီးလျှံလမျိုးနွယ်ရဲ့ အထူးချွန်ဆုံး ပါရမီရှင်တွေချည်းပါပဲ ”
“ ထျန်းမိုဇီက ဗလာနတ္ထိတတိယအဆင့်မှာပါ… ဒါပေမဲ့ သူက ပြီးပြည့်စုံတဲ့ ဗလာနတ္ထိတိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားပါတယ်… သူက မီးလျှံလမျိုးနွယ်ရဲ့ လက်ရှိမျိုးဆက်မှာ အဆင့်လေးချိတ်ပါတယ်… သူက အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်ရဲ့ လက်အောက်က ထိပ်တန်းပါရမီရှင်တစ်ဦးပါ… သူက တစ်ခါက ထုန်ရှီရှန်းနဲ့ တိုက်ခိုက်ခဲ့ပြီး သူ့ကို အနိုင်ရခဲ့ပါတယ် ”
“ ဖန်းရှီရွှမ်းကလည်း ဗလာနတ္ထိတတိယအဆင့်မှာပါ… သူက ပြီးပြည့်စုံတဲ့ ဗလာနတ္ထိတိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားပါတယ်… သူက ဝိညာဉ်စုစည်းခြင်းအဆင့်ကို ရောက်ခါစ မျိုးနွယ်ခြားပညာရှင်ကျင့်ကြံသူတစ်ဦးနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲကို ရင်ဆိုင်ခဲ့ဖူးပါတယ်… အဲ့ဒီတိုက်ပွဲမှာ သူက တစ်ဖက်လူရဲ့ လက်ကနေ အသက်ရှင်လျက် လွတ်မြောက်သွားခဲ့ပါတယ်… သူက အဆင့်မြင့်နတ်ဘုရားမီးလျှံလရဲ့ လက်အောက်က ထိပ်တန်းပါရမီရှင်ပါ ”
“ ဂျိဒုန်းဇီက ဗလာနတ္ထိတတိယအဆင့်မှာဖြစ်ပြီး အဆင့်နှစ်ချိတ်ပါတယ်… သူက အဆင့်မြင့်နတ်ဘုရားမီးလျှံနေရဲ့ လက်အောက်မှာရှိပါတယ်… သူက အကြင်နာမဲ့ရက်စက်ပြီး တိုက်ခိုက်တဲ့အခါတိုင်း တစ်ဖက်လူကို သေချာပေါက် သတ်ပစ်ပါတယ်… သူ့ရဲ့ အမြစ်ဖြတ်သုတ်သင်ခံခဲ့ရတဲ့ မျိုးနွယ်စုတွေက ဆယ်ဂဏန်းရှိပါပြီ… သူက လူတွေကို သတ်ပြီးရင် သူ့ကို အမှုထမ်းစေဖို့ သွေးကလေးငယ်တွေအဖြစ် သန့်စင်ပစ်လေ့ရှိပါတယ် ”
“ သူက အတတ်ပညာမျိုးစုံကို တတ်ကျွမ်းတဲ့အပြင် မီးလျှံလမျိုးနွယ်က ဝိညာဉ်စုစည်းခြင်းအဆင့်ပုဂ္ဂိုလ်တစ်ယောက်နဲ့တောင် တိုက်ခိုက်ခဲ့ဖူးပါတယ်… အဲ့ဒီလူက ဘဝသက်တမ်း ကုန်ဆုံးခါနီးနေပြီဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် သူက ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေတုန်းပါပဲ… ”
“ နောက်ဆုံးတစ်ယောက်ကတော့ ရွှမ်မီးလျှံလို့ခေါ်ပါတယ်… အဲ့ဒါက သူ့ရဲ့ နာမည်ရင်းမဟုတ်ပါဘူး… သူက ရွှမ်မီးလျှံဆိုတဲ့ တာအိုဘွဲ့နာမည်ကို ဆက်ခံခဲ့တာဖြစ်ပြီး မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံပါ ”
“ သူက မီးလျှံလမျိုးနွယ်ရဲ့ တူညီတဲ့ မျိုးဆက်က ထိပ်တန်းပါရမီရှင်အားလုံးကို ဖိနှိပ်နိုင်ပါတယ် ”
“ သူက ဗလာနတ္ထိပထမအဆင့်မှာဆိုပေမဲ့ သူ့ရဲ့ တိုက်ပွဲစွမ်းအားက ဗလာနတ္ထိကို ကျော်လွန်သွားပါပြီ… သူက မဟာလောကတစ်ခုကို ဖွဲ့စည်းထားတဲ့ ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားပါတယ် ”
ထိုသို့ပြောပြီးနောက် မင်းသားကြီးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
ရွှီချင်းသည်လည်း အနည်းငယ် လှုပ်ရှားသွားသည်။
သူက ထုန်ရှီရှန်းနှင့် အမှန်တကယ် မတိုက်ခိုက်ဖူးသော်လည်း တစ်ဖက်လူက ပေးသော ဖိအားသည် အလွန်သန်မာသည်။ သူက တစ်ဖက်လူကို အနိုင်ရနိုင်မည်ဟု အပြည့်အဝ ယုံကြည်ချက်မရှိပေ။
မှန်ပေ၏။ အကယ်၍ သေခြင်းရှင်ခြင်းတိုက်ပွဲဆိုလျှင် သူက ထုန်ရှီရှန်းကို သတ်နိုင်ရန် ယုံကြည်ချက်ရှိသည်။ သို့သော်လည်း ထိုအတွက် ပေးဆပ်ရမည့် တန်ဖိုးသည် မသေးငယ်ပေ။
သို့သော်လည်း မင်းသားကြီးပြောသွားသော တခြားကောင်းကင်အရွေးချယ်ခံလေးယောက်သည် ရွှီချင်းကို ဖိအားဖြစ်စေသည်။ အထူးသဖြင့် နောက်ဆုံးတစ်ယောက်ပင်။
“ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက မလုံလောက်သေးဘူး ”
ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
“ တခြားလေးယောက်က ထုန်ရှီရှန်းနဲ့ ခြားနားပါတယ်… သူတို့က ရွှမ်ထျန်းစစ်သူကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို စိတ်မဝင်စားကြပါဘူး… သူတို့လိုချင်တာက နတ်ဘုရားနယ်မြေထဲ ဝင်ရောက်ပြီး သူတို့ရဲ့ ကိုယ်ပိုင်မဟာလောကကို ကြိုတင်ဖွဲ့စည်းဖို့ အခြေခံအုတ်မြစ်အဖြစ် နတ်ဘုရားသက်ရှိတွေရဲ့ သွေးမျိုးဆက်ကို စုဆောင်းချင်တာပါ ”
မင်းသားကြီးသည် စကားဆုံးအောင် ပြောပြီးနောက် တတိယကျောက်စိမ်းပြားကို မိတ်ဆက်ပေးရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက ခေါင်းဆောင်ကို ပထမဆုံးအကြိမ် လျှပ်တစ်ပြက် လှမ်းကြည့်လိုက်သည်။
အစတွင် သူက သာမန်ကာလျှံကာ ကြည့်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ထိုသို့ကြည့်လိုက်သည့်အခိုက် သူပြောချင်သော စကားကို ရုတ်တရက် ပြန်မျိုချလိုက်သည်။ သူ၏ နှလုံးသည် ပရမ်းပတာ လှိုင်းထသွားပြီး သူ၏ မျက်လုံးသည် ပြူးကျယ်သွားသည်။
သူက ခေါင်းဆောင်ရေးထွင်းနေသော ဝါးပေလွှာကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွားသည်။
“ အဲ့ဒါက… နတ်ဘုရားရဲ့ ဥပဒေတုံကင် ”
မင်းသားကြီးသည် တုန်တုန်ယင်ယင် ပြောပြီး ရုတ်ချည်း မတ်တတ်ထရပ်လိုက်သည်။ သူက ထိုတုံကင်ကို သူ့မယ်တော်၏ မိသားစုထဲမှာ မြင်ဖူးသည်။
ယင်းက ရှေးဟောင်းအမွေအနှစ်ဖြစ်ပြီး နတ်ဘုရားလက်နက်နှင့် နှိုင်းယှဉ်နိုင်သည်။ သူ့မယ်တော်၏ မိသားစုသည် ထိုတုံကင်ကို ဘိုးဘေးနတ်စင်ထဲမှာ ဌာပနာထားပြီး တရိုတသေ ကိုးကွယ်ကြသည်။