လူထုရန်သူ
Vol. 45 Ch. 667
*တောင်းပန်တာကို ရရှိတယ် ဟုတ်လား*
*ဒါက ဘာသဘောလဲ*
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။
*တောင်းပန်တာကို လက်ခံတာလား၊ ငြင်းတာလား*
လူတိုင်း၏ နှလုံးသားထဲ၌ စိုးရိမ်ကြောင့်ကြမှု ပေါက်ဖွားလာ၏။ တရုတ်လူမျိုးများက သူ့အား ငြင်းပယ်ရန် မျှော်လင့်နေပြီး ကိုရီးယားနိုင်ငံအား ဤသင်ခန်းစာကို ကောင်းကောင်း အမှတ်ရ၍ အရှိုက်ထိနေစေရန် မျှော်လင့်နေသည်။ တစ်ဖက်တွင်မူ ကိုရီးယားနိုင်ငံမှ လူများက သူ၏ ခွင့်လွှတ်မှုကို မျှော်လင့်နေကြသည်။ သူတို့အတွက် အတော်လေး လုံလောက်နေပြီ ဖြစ်သည်။ ပြီးခဲ့သော ရက်များက သူတို့အတွက် အမှောင်မိုက်ဆုံး အချိန်နာရီများ ဖြစ်ခဲ့လေသည်။
သူတို့သည် အင်တာနက်ခေတ်၌ ရှင်သန်နေသူများ ဖြစ်ပြီး အင်တာနက်က အလွန် အရေးပါလေသည်။ မည်သူမှ အင်တာနက် မရှိဘဲ မနေနိုင်ချေ။ ထို့အပြင် ၎င်းက သူတို့၏ အရေးကြီး မှတ်တမ်းများနှင့် အချက်အလက်များ ပါဝင်နေသည်။ ထိုအချိန်အတွင်း ကုမ္ပဏီများစွာသည် အလွန် ကသောင်းကနင်း ဖြစ်သွားခဲ့ပြီး နာရီပေါင်းများစွာ လုပ်ထားသော အလုပ်များက အချည်းနှီး ဖြစ်သွားခဲ့သည်။ သူတို့ ငိုချလုနီးနီး ဖြစ်ခဲ့ရသည်။
သူတို့သည် ဟက်ကာဝိုင်ကို မုန်းတီးသော်လည်း ကြောက်ရွံ့ကြသည်။ ဤသို့သော ရက်စက်သော လူမျိုးက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ထိုအခိုက်၌ သူတို့၏ ကွန်ပျူတာများ ပြန်ကောင်းသွားသည်ကို သတိထားမိသွားသည်။
ကွန်ပျူတာ တစ်လုံးပြီးတစ်လုံး ပုံမှန်ပုံများ ပြန်ဖြစ်လာပြီး ကွန်ရက်က ပြန်၍ ဘေးကင်းလာသည်။
*ဒါ … ဒါ ပြီးသွားပြီလား*
*ဒါ တကယ်ပဲ ပြီးသွားပြီလား*
ကိုရီးယားနိုင်ငံမှ လူများသည် အံ့ဩစိတ်ကြောင့် ပါးစပ်ကို လက်ဖြင့် အုပ်မိသွားကြသည်။ တောင်းပန်စာတစ်ခုက ဟက်ကာဝိုင်အတွက် ညှာတာမှု ပြသလာရန် လုံလောက်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိချေ။
ဗိုင်းရပ်စ် ကိုက်ထားသော ကွန်ပျူတာများ တစ်လုံးပြီး တစ်လုံး ပြန်ကောင်းလာနေ၏။
ထို့နောက် ကိုရီးယားလူမျိုးများစွာက မျက်ရည်များ ပြည့်နေသော မျက်နှာများနှင့် အော်ဟစ်နေကြသည်။
တစ်ပတ်တိတိ ရှိပြီ ဖြစ်သည်။ ထိုတစ်ပတ်သည် သူတို့အတွက် ရာစုနှစ်တစ်ခုစာနီးနီး ကြာမြင့်သည်ဟု ခံစားခဲ့ ရသည်။
[ဒါ တကယ်ပဲ ပြီးသွားပြီလား၊ သေစမ်းကွာ … ဆိုတော့ ဒါက တောင်းပန်ဖို့ပဲ လိုတာပေါ့]
[ဟင့်ဟင့်ဟင့် … ပြီးသွားတော့ရော ဘာဖြစ်လဲ၊ ငါ့ကွန်ပျူတာထဲက ဒေတာတွေအားလုံး မရှိတော့ဘူးလေ]
[မြတ်စွာဘုရား၊ ငါ အွန်လိုင်းပေါ် ပြန်တက်လို့ ရပြီပဲ၊ လိုင်းပေါ် တက်နိုင်တာက ဒီလောက် ကြည်နူးစရာ ကောင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ငါ အကြာကြီး စောင့်ခဲ့ရတာပဲ]
[မဖြစ်ဘူး … ငါ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတဲ့ အလုပ်တွေ]
[ဟက်ကာဝိုင်၊ ခွေးကောင်]
[တရုတ်လူမျိုးတွေက မိစ္ဆာတွေပဲ၊ သူတို့က ငါတို့ကို ဒီလို ရက်စက်တဲ့ နည်းလမ်းနဲ့ နှိပ်စက်ရဲတယ်ပေါ့လေ၊ ငါတို့ အကြီးအကျယ် နစ်နာခဲ့ရတာကွ]
နောက်ဆုံး၌ ၎င်းက ပြီးသွားလေပြီ။
ကိုရီးယားနိုင်ငံ၏ ကွန်ပျူတာဌာနမှလူများ စိတ်အေးသွားပြီး သက်ပြင်းချသွားသည်။ ဟက်ကာဝိုင်က သူတို့ကို ဆက်၍ ညှဉ်းဆဲနေမည်ကို သူတို့ ကြောက်နေကြသည်။ ထိုသို့ဆိုလျင် သူတို့၏ ဆုံးရှုံးမှုက မျှော်လင့်ထားသည် ထက်ပင် ပိုပေလိမ့်မည်။
သူတို့ အောင်ပွဲခံနေချိန်၌ ကူကယ်ရာမဲ့သကဲ့သို့လည်း ခံစားရလေသည်။
*ဟူး …ငါတို့ရဲ့ အရည်အချင်းက သူနဲ့ လုံးဝကို မယှဉ်နိုင်ဘူး၊ ကွာခြားချက်က ကြီးလွန်းတယ်*
ဝိုင်ဗိုင်းရပ်စ်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် အစမှအဆုံးတိုင် တန်ပြန်မတိုက်ခိုက်နိုင်ဘဲ ဆုံးရှုံးမှုကြီးများကိုသာ ကြုံတွေ့ခဲ့ရသည်။ တကယ်တမ်းတွင် သူတို့သည် စီးပွားရေး ကျဆင်းမှုကို အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ယခုအရာသည်ကား လူတစ်ယောက်တည်း၏ အင်အားသက်သက်သာ ဖြစ်သည်။ သူတို့နိုင်ငံက ဟာသတစ်ခု ဖြစ်နေပုံရသည်။
ဟက်ကာဝိုင်သည် သူတို့ကို ဗိုင်းရပ်စ်တစ်ခုသာ ပစ်သွင်းခဲ့ပြီး သူတို့သည် ကူကယ်ရာမဲ့ကာ သနားညှာတာရန် တောင်းပန်ရသည်။ ထိုသို့နှင့် သူတို့၏ ဂုဏ်သိက္ခာအားလုံး မရှိတော့ပေ။
ယင်းက သူတို့အတွက် ဆိုးရွားသော ရှုံးနိမ့်မှု၊ မကောင်းသော မှတ်တမ်းတစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ပေလိမ့်မည်။ ၎င်းအား ကိုရီးယားနိုင်ငံအတွက် အမှောင်ထု ကျရောက်သော တစ်ပတ်တာကာလဟု သတ်မှတ်ရပေမည်။
ဗိုင်းရပ်စ် ပျောက်သွားပြီးနောက် ကိုရီးယားနိုင်ငံက သူတို့၏ ကွန်ရက်ကို ပြန်တင်ပေးလေသည်။ ကိုရီးယားနိုင်ငံသည် ဤမတော်တဆမှုမှ သူတို့ ခံစားရသော ဆုံးရှုံးမှုကို စာရင်းကိုက်ကြည့်သောအခါ မျက်ရည် ကျလုနီးပါး ဖြစ်သွားလေသည်။
ထို့အပြင် သူတို့၏ firewall ကို ဆက်၍ အဆင့်မြှင့်တင်နေရပြီး ဗိုင်းရပ်စ် ဒေတာဘေ့စ်ကိုပါ မြှင့်တင်နေရသည်။ ၎င်း၏ အကျိုးသက်ရောက်မှုက ဘာပဲဖြစ်နေပါစေ သူတို့ တိုးတက်မှု လုပ်ရပေလိမ့်မည်။ ဤအဖြစ်အပျက်က သူတို့အား အမှန်တကယ် စိတ်ဒဏ်ရာ ရသွားစေသည်။
ကိုရီးယားနိုင်ငံသား အချို့သည် အလွန်အမင်း မခံမရပ်နိုင် ဖြစ်နေကြသည်။ သူတို့၏ ကွန်ရက် ပြန်ကောင်းသည်နှင့် သူတို့က ပြန်၍ ပါးစပ်ဖွာလေတော့သည်။
[ဒီဟက်ကာဝိုင်းက ကြောက်သွားလို့ ထွက်သွားတာ ဖြစ်မယ်]
[ဒါ ပြစ်မှုကြီးပဲ၊ ငါတို့ သူတို့ကို ထောင်ချဖို့ လိုတယ်]
[ဒီဟက်ကာဝိုင်က အန္တရာယ် ရှိတဲ့သူပဲ၊ မဟုတ်ဘူး … အကြမ်းဖက်သမားတစ်ယောက်၊ ငါတို့ သူ့ကို အပြစ်ပေးဖို့ လိုအပ်တယ်]
[မင်းတို့တွေ ဘာလုပ်နေကြတာလဲ၊ သူ့ကို လိုက်ရှာကြလေ]
[ဒီလောက် အကြီးအကျယ် ဆုံးရှုံးထားတာတောင် ငါတို့ သူတို့ကို ဘာမှမလုပ်တော့ဘူးလား၊ လက်စားချေ ရမယ်လေ]
[ဒီနောက်ကွယ်က လူကိုတောင် မင်းတို့ မရှာနိုင်ဘူး၊ တုံးလိုက်တာ]
ကီးဘုတ်ဖိုက်တာများက တရုတ်နိုင်ငံတစ်ခုတည်းတွင် မဟုတ်ချေ။ ကိုရီးယားနိုင်ငံတွင်လည်း များစွာ ရှိပေသည်။
သူတို့ အော်ဟစ်ပြောဆိုနေသော အကြောင်းအရာများကို နိုင်ငံများစွာက လှုပ်ရှားပြီး ဖြစ်သည်။ သို့သော် သူတို့ ဘယ်မှာ သွားရှာရမည်နည်း။ သူတို့ ဘယ်မှာ စုံစမ်းရမည်နည်း။ သူတို့သည်လည်း ဟက်ကာဝိုင်ကို ဖမ်းချင်သည်။ ဤသို့သော တည်ရှိမှုမျိုးက အလွန် အန္တရာယ်များပြီး ကြောက်စရာကောင်းသော အဆင့်မြင့် ဘော့စ်တစ်ယောက် ဖြစ်လေသည်။
သို့သော်ငြားလည်း သူ့ကို ခြေရာခံ၍ မရနိုင်ပေ။ သူသည် တရုတ်လူမျိုးတစ်ယောက် ဖြစ်နေချေများသော်လည်း တရုတ်နိုင်ငံ၏ လူဦးရေကို စဉ်းစားကြည့်မည်ဆိုလျင် အသုံးမဝင်ချေ။ ထိုသို့ ကောင်းမွန်သော ဟက်ကာစွမ်းရည် နှင့်ဆိုလျင် ဟက်ကာဝိုင်သာ ကိုယ်တိုင် ထွက်မလာပါက တရုတ်နိုင်ငံတောင်မှ သူ့ကို ခြေရာခံရန် အခက်တွေ့ ပေလိမ့်မည်။
သို့သော် ထိုသို့သောအချိန်၌ ကိုရီးယားနိုင်ငံ၏ ကွန်ပျူတာ ဖန်သားပြင်များက ထပ်မံ၍ ပြောင်းလဲသွားပြန်သည်။ ၎င်းက ဆောင်းပါးများ၊ ဓာတ်ပုံများနှင့် ဗွီဒီယိုများပင် ပြသလာသည်။
အော်ဟစ်နေသော ကီးဘုတ်ဖိုက်တာများသည် ဟက်ကာဝိုင်က သူတို့ကို ထပ်မံ၍ နှိပ်စက်ပြီဟု ထင်မှတ်မိသဖြင့် ထိုင်ခုံမှ ထခုန်လုမတတ် ကြောက်လန့်သွားကြသည်။
သို့သော် သေချာကြည့်လိုက်ပြီးနောက် ယင်းက ကင်ဟျွန်းမင်နှင့် သူ ရှိနေသော အနုပညာကုမ္ပဏီတို့၏ မကောင်းသော လျှို့ဝှက်ချက်များ ဖြစ်နေလေသည်။ ၎င်း၌ တရားမဝင်သော စီးပွားရေး အရောင်းအဝယ် မှတ်တမ်းများစွာ ပါရှိနေ၏။
ထိတ်လန့်ဖွယ်ကောင်းသော ဗွီဒီယိုများနှင့် ဓာတ်ပုံများက ကြည့်နေသောသူများ၏ အတွေးအမြင်ကို တုန်လှုပ် သွားစေခဲ့သည်။
[ပိုကောင်းတဲ့ နေရာကို တက်နိုင်ဖို့အတွက် ကင်ဟျွန်းမင်က ရာထူးကြီး အမျိုးသား အရာရှိ တစ်ယောကရဲ့ အမျိုးသားအဖော် အဖြစ်နဲ့ နေခဲ့တာလား]
[အနုပညာကုမ္ပဏီထဲက အာဏာရှိတဲ့လူတစ်ချို့က သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး သူတို့ရဲ့ အနုပညာရှင်တွေကို အခွင့်ကောင်း ယူခဲ့တယ်ပေါ့လေ]
[အနုပညာ ကုမ္ပဏီရဲ့ ငွေရပြေစာတွေနဲ့ ကုန်ကျငွေ စရိတ်တွေက အခွန်ရှောင်ထားတာကို ပြနေတာပဲ]
[xxx အနုပညာရှင်ရဲ့ သေကြောင်းကြံစည်မှုက ဒီအနုပညာကုမ္ပဏီရဲ့ အမြတ်ထုတ်တာကြောင့်ပဲ]
ထိုအကြောင်းအရာများက ဝိုင်ဗိုင်းရပ်စ် ကူးစက်ခြင်း ခံရသည့် ကွန်ပျူတာများနှင့် website များ၌ ပေါ်လာသည်။ ၎င်းသည် အတင်း အဓမ္မ ဖော်ပြခြင်း ဖြစ်လေသည်။ ချက်ချင်းဆိုသလိုပင် ကိုရီးယားနိုင်ငံမှ လူတော်တော်များများက ထိုအကြောင်း သိသွားကြသည်။
[လခွမ်း၊ ဒါက အရမ်း ရွံဖို့ကောင်းတယ်]
[မြတ်စွာဘုရား၊ ငါကတော့ မသိဘဲ ကင်ဟျွန်းမင်ကို သဘောကျနေခဲ့တာ၊ ဒါက ရွံစရာပဲ]
[ဒီအနုပညာ ကုမ္ပဏီက ယုတ်မာလွန်းတယ်၊ အမှိုက်တွေ]
[ဆိုတော့ ကင်ဟျွန်းမင်က တရုတ်မှာ တကယ် အဲ့သလို ရိုင်းခဲ့တာပဲ၊ ဒီရွံစရာကောင်က ပြန်လာပြီး သနားကမား လုပ်ပြရဲတယ်တဲ့လား]
[ချီးပဲ၊ ငါတို့ ကင်ဟျွန်းမင် အသုံးချတာကို ခံလိုက်ရတာပဲ၊ ဒါက ဟက်ကာဝိုင်ကို ဒေါသထွက်စေခဲ့တဲ့ အရာပဲ၊ ဒါ သက်သက်မဲ့ ဒုက္ခရောက်ရတာ]
[ငါတို့ကို ဒီလိုဖြစ်အောင်လုပ်တာ ကင်ဟျွန်းမင်ပဲ၊ ဆုံးရှုံးမှုတွေအားလုံးက သူ့ကြောင့် ဖြစ်ရတာ၊ ယီးပဲ … အဲ့တိရစ္ဆာန်ကောင်]
[ဆိုတော့ကာ ဒါတွေအားလုံးက ကင်ဟျွန်းမင်ကြောင့်ပဲ၊ အဲ့အနုပညာကုမ္ပဏီကလဲ ဆိုးရွားလွန်းတယ်၊ သူတို့ကများ လူထုကို လိမ်ရဲတယ်လား၊ အရှက်ကိုမရှိဘူး]
ချက်ချင်းဆိုသလိုပင် ပစ်မှတ်က ပြောင်းလဲသွားသည်။ ကိုရီးယားနိုင်ငံ၏ လူထုသည် ထွက်ပေါက်ကို ရှာတွေ့သွားပြီး ပြဿနာ၏ အစကို နားလည်သွားကြသည်။ ကင်ဟျွန်းမင်နှင့် အနုပညာ ကုမ္ပဏီတို့သည် လူထုရန်သူအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားလေသည်။
သူတို့ ပွဲသိမ်းသွားသည်မှာ သေချာလှသည်။ သူတို့၏ ပုဂ္ဂိုလ်ရေး ပြဿနာများကြောင့် ကိုရီးယားနိုင်ငံက ထိုသို့ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူတို့အား မသတ်လျင်ပင် ကံကောင်းပြီဟု ဆိုရပေမည်။ သို့သော် သူတို့၏ ကံဆိုးမှုက ဖြစ်လုဆဲဆဲပင်။
ထိုသတင်းက တရုတ်နိုင်ငံသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ ကင်ဟျွန်းမင်၏ အမာခံ ပရိသတ်များ ချက်ချင်း ကြက်သေ သေသွားကြသည်။ သူတို့သည် ကင်ဟျွန်းမင်၏ မကောင်းသော လျှို့ဝှက်ချက်များကို မယုံနိုင်စွာ ကြည့်ရင်း ကျောချမ်းလာကာ ရွံ့ရှာသော ခံစားချက် ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် သူတို့၏ ဦးနှောက်များက ပုံမှန် ပြန်ဖြစ်သွားလေပြီ။ သူတို့၏ အတိတ်ကို ပြန်တွေးကြည့်ပြီး သူတို့ ဘယ်လောက်တောင် ရူးမိုက်ခဲ့သလဲ ဆိုသည်ကို သတိပြုမိသွားကြသည်။
နေ့လယ်ခင်း၌ …
တရုတ်လူမျိုးများသည် လုံလုံလောက်လောက် မပျော်ရသေးသဖြင့် ဟက်ကာဝိုင်၏ နောက်ဆုတ်ပေးခြင်းကို မကျေမနပ် ဖြစ်နေကြသည်။ သို့သော် ထိုအကြောင်းအရာက ရေပန်းစားနေဆဲပင်။
ထိုသို့သောအချိန်၌ နိုင်ငံတကာ ကွန်ပျူတာဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်လာပြီး ဝိုင်ဗိုင်းရပ်စ်၏ လက်ချက်ကြောင့် ကိုရီးယားနိုင်ငံ၏ ဆုံးရှုံးမှုများကို ဖော်ပြလာသည်။
ကိုရီးယားနိုင်ငံသည် သူတို့ကိုယ်တိုင် ကြေညာရမည်ကို ရှက်ရွံ့လွန်းနေခဲ့သည်။ သို့သော် သူတို့သည် ထိုအကြောင်းအရာကို မဖုံးထားနိုင်သဖြင့် နောက်ဆုံး၌ အများသိအောင် လုပ်ရလေသည်။
ကြောက်စရာကောင်းသော ပျက်စီးမှုနှင့် ဆုံးရှုံးမှု မှတ်တမ်းကို ကြည့်ပြီး လူတိုင်း ရင်တုန်လာကြသည်။ ၎င်းကို ကြည့်ရုံနှင့်တင် သူတို့၏ မျက်လုံးများ နာကျင်လာသလို ခံစားလာရသည်။
ကိုရီးယားနိုင်ငံ၏ ကြီးကြီးမားမား ဆုံးရှုံးမှုတစ်ခု ခံစားခဲ့ရကြောင်း လူတိုင်း ခံစားမိသည်။ တစ်ချို့က ၎င်းသည် ရိုးရှင်းသော ဗိုင်းရပ်စ်လေးတစ်ခုဟု ထင်မှတ်ကြသည်။ ယင်းက ရင်ဆိုင်ရခက်သော်လည်း ပျက်စီးမှု ကြီးလွန်းမည်ဟု ထင်နေကြသည်။ သို့သော် ဤမှတ်တမ်းက လူပေါင်းများစွာကို အလွန်အမင်း ထိတ်လန့် တုန်လှုပ်စေခဲ့သည်။