စေ့စပ်ပွဲအကြောင်းကျန်းလန်ကိုဘယ်လိုပြောရပါ့
Vol. 8 Ch. 108
အခန်း (၁၀၈) စေ့စပ်ပွဲအကြောင်းကျန်းလန်ကိုဘယ်လိုပြောရပါ့
မြောင်ယွဲ့၏မေးခွန်းကြောင့် မော့ကျန်းသုန့် သက်ပြင်းချလိုက်မိသည်။
ဤကိစ္စက အလွန်ကြီးမားသည့် မဟာပြဿနာကြီး ဖြစ်၏။
ဖြစ်နိုင်မည်ဆိုလျှင်… သူ့တပည့်လေးကို လုံး၀ ပါဝင်ပတ်သက်စေလိုခြင်း မရှိပေ။
ထို့ပြင်… မင်္ဂလာကိစ္စက ကျန်းလန်အတွက် အနည်းငယ်လည်း ဖိအားဖြစ်လာနိုင်သည်။
သို့သော်… တကယ်တမ်း ခွန်လွန်တောင်၏ အရေးပေါ်အခြေအနေနှင့် ကြုံတွေ့ရသည့်အခါ မော့ကျန်းသုန့်လည်း မည်သို့မှ မတတ်နိုင်ခဲ့ပေ။
"တကယ်တော့ ကျန်းလန်က နဝမတောင်ထွတ်က ဆက်ခံသူတပည့်ပါပဲ… ၊ ကျုပ်သူ့ကို ဆက်ခံသူတပည့်အဖြစ် သေသေချာချာ ပျိုးထောင်ပေးထားတာ… ပြီးတော့… တွေ့ဖူးသမျှ တပည့်တွေထဲမှာ သူက နဝမတောင်ထွတ်ကို ဆက်ခံဖို့ အသင့်တော်ဆုံးပဲ… ၊ ဒီနှစ်တွေအတွင်း သူ့လိုလူမျိုး တစ်ယောက်မှ မတွေ့ဖူးဘူး…"
မော့ကျန်းသုန့် အခြားသူများကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း....
"ဒါပေမဲ့… သူက လက်ရှိမှာ ကျင့်ကြံခြင်းအဆင့်ကနိမ့်ပါးနေတယ်… ၊ ဒါကြောင့် နဂါးမျိုးနွယ်တွေအနေနဲ့ ဒီမင်္ဂလာကိစ္စကို သဘောတူဖို့က ခက်ခဲမှာပဲ… ၊ နောက်တစ်ချက်က နဂါးမင်းသမီးလေးကလည်း အသက်သိပ်ငယ်သေးတယ်လေ…"
တတိယတောင်ထွတ်၏တောင်သခင် ကျူးချင်က…
"အမှန်ပဲ… ၊ တကယ်တော့ လုန်ယွိက ကလေးပဲ ရှိသေးတာပါ… ၊ အရွယ်ရောက်နေတဲ့ လူသားတစ်ယောက်လိုမျိုး အသွင်ပြောင်းဖန်ဆင်းပြီး တခြားသူတွေကို လှည့်စားထားပေမယ့် နဂါးအသက်နဲ့တွက်ရင် အသက်တောင် မပြည့်သေးဘူး…"
မည်သူမှ သူမလောက် လုန်ယွိအပေါ် နားလည်နိုင်မည် မဟုတ်ပေ။
လုန်ယွိက သူမလက်ပေါ်တွင် အရွယ်ရောက်လာသည့် တပည့်လေး ဖြစ်လေသည်။
ဖုန်းယီရှောက်က...
"အခုက မင်္ဂလာကိစ္စ ကြောင်းလမ်းတာပဲ ရှိသေးတာလေ… တကယ် မင်္ဂလာဆောင်တာမှ မဟုတ်သေးတာ…"
ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်းက...
"ကျုပ်တို့ဖြစ်ချင်တာက ကျောက်စိမ်းရေကန်နတ်ဘုရားမကို နဂါးမျိုးနွယ်တွေ ပြန်ခေါ်သွားမှာကို မဖြစ်စေချင်တာလေ… ၊ အဲဒါက အဓိကပဲ… ၊ ဒါကြောင့်… လုန်ယွိကို ခွန်လွန်တောင်ရဲ့ မိသားစုဝင်ဖြစ်ဖို့ ခွန်လွန်တောင်က တပည့်နဲ့ လက်ဆက်ပေးချင်တာ… ၊ ဒါပေမဲ့ လက်မထပ်ဘဲ ကြောင်းလမ်းရုံပဲဆိုရင်တော့ ဘာမှ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူး…"
ပဉ္စမတောင်ထွက်၏ တောင်သခင်မ မြောင်ယွဲ့က...
"ကြောင်းလမ်းတယ်ဆိုရင်တော့ ကျွန်မတို့မျှော်လင့်သလောက် အကျိုးအမြတ်ရမယ် မထင်ဘူး… ၊ ဒါပေမဲ့ ဘာမှမလုပ်နိုင်တာထက်ဆာရင် တော်သေးတယ်လို့ ပြောရမှာပေါ့…"
ဖုန်းယီရှောက်က…
"အရင်ဆုံး စေ့စပ်ပွဲလုပ်ထားကြတာပေါ့… ၊ သူတို့တွေကို စေ့စပ်ပေးထားလိုက်ကြမယ်လေ… ၊ နဂါးမင်းသမီးလေးက အရမ်းငယ်သေးတယ် မဟုတ်လား… ၊ နဂါးမင်းသမီးလေး အရွယ်ရောက်လာတော့မှ လက်ထပ်ပွဲအတွက် ရက်သတ်မှတ်ကြတာပေါ့… ၊ နဝမတောင်ထွတ်ကတပည့်ကလည်း အင်မော်တယ်မဖြစ်သေးဘူးဆိုတော့ သူ့အတွက်လည်း သိပ်ပြီး ဖိအားမများတော့ဘူးပေါ့…"
မြောင်ယွဲ့က…
"လူတစ်ယောက်က ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ… ကျောက်စိမ်းရေကန်နတ်ဘုရားမလောက်တော့ ကျင့်ကြံခြင်းအဆင့်တက်တာ မမြန်နိုင်ဘူး… ၊ ဒါကြောင့်… ကျန်းလန်အနေနဲ့ နဂါးမင်းသမီးလေးလောက် ကျင့်ကြံခြင်းအဆင့်မမြင့်မားဘူးဆိုရင်လည်း ပြဿနာမရှိဘူး… ၊ တကယ်လို့… နဂါးမျိုးနွယ်တွေက ကျန်းလန် အင်မော်တယ်ဖြစ်လာမှ လက်ထပ်ပေးချင်တယ်ဆိုရင်လည်း အဲဒီအချိန်ထိ စောင့်ကြရုံပဲပေါ့ ၊ လာမယ့်ရာစုနှစ်တွေအတွင်း ကျန်းလန်လည်း အင်မော်တယ်ဖြစ်လာဖို့ အခွင့်အရေးတွေ အများကြီး ရှိလာနိုင်ပါတယ်…"
ကျိုးကျုန်းထျန်းက…
"ဒါဖြင့် မေးစရာတစ်ခုရှိတယ်… ၊ ဒီစေ့စပ်ပွဲမှာ ကျန်းလန်က နဝမတောင်ထွတ်က ဆက်ခံသူတပည့်အဖြစ် စေ့စပ်မှာလား… နဝမတောင်ထွတ်က ကျန်းလန်အဖြစ်နဲ့ပဲ စေ့စပ်မှာလား…"
ကျိုးကျုန်းထျန်းက မေးလိုက်သည်။
ကျူးချင်က...
"နဂါးမျိုးနွယ်တွေက အရူးတွေမှ မဟုတ်တာ… ၊ လုန်ယွိကို စေ့စပ်ပေးမယ်ဆိုကတည်းက နောင်တစ်ချိန် တောင်သခင်ဖြစ်လာမယ့်သူကိုပဲ လက်ခံချင်ကြမှာပေါ့…"
သူတို့ ဤကိစ္စနှင့်ပတ်သက်ပြီး အငြင်းပွားစရာ မရှိပေ။
ဖုန်းယီရှောက်က အားလုံးကို ကြည့်လိုက်ရင်း....
"ဒါဖြင့်... အခု ဒီကိစ္စက အတည်ဖြစ်ပြီလား..."
ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်းက...
"ဒါဖြင့်… နဝမတောင်ထွတ်ရဲ့ဆက်ခံသူတပည့် ကျန်းလန်ကို ကျောက်စိမ်းရေကန်နတ်ဘုရားမ နဂါးမင်းသမီးလုန်ယွိနဲ့ လက်ဆက်ပေးဖို့ နဂါးမျိုးနွယ်တွေကို ကမ်းလှမ်းလိုက်မယ်… ၊ ကန့်ကွက်မယ့်သူ ရှိပါသလား…"
ကန့်ကွက်သူမရှိ တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။
ကျူးချင်သည်လည်း မည်သည့်စကားမှ မပြောသလို မော့ကျန်းသုန့်လည်း ငြိမ်သက်လျှက် ရှိသည်။
ဤဆုံးဖြတ်ချက်ကို မည်သူမှ မငြင်းဆန်နိုင်ကြပေ။ ဤသည်က ခွန်လွန်တောင်၏ အနာဂတ်အရေးကိစ္စ ဖြစ်နေသည် မဟုတ်ပါလား။
ခွန်လွန်တောင်၏တောင်သခင်များ ဖြစ်ကြသည့်အတွက် ခွန်လွန်တောင်ကောင်းကျိုးအတွက်သာ ရည်ရွယ်ရပေလိမ့်မည်။
ခွန်လွန်တောင်မှ တပည့်များဖြစ်သည့် လုန်ယွိနှင့် ကျန်းလန် အနေဖြင့်လည်း ရွေးခြယ်စရာမရှိသလို ရွေးခြယ်ရန်လည်း အခွင့်အရေး မရှိပေ။
ဖုန်းယီရှောက်က...
"ကဲ... ဒီကိစ္စအတည်ပြုပြီဆိုရင် ဂိုဏ်းတူညီမလေးမြောင်ယွဲ့နဲ့ ကျုပ်နဲ့ နဂါးမျိုးနွယ်တွေကို သွားပြီး ညှိနှိုင်းကြမယ်…"
ဒုတိယတောင်ထွတ်၏ တောင်သခင် လျိုကျင်းက...
"ကျိုးကျုန်းထျန်းကိုပါ ခေါ်သွားလိုက်..."
ကျိုးကျုန်းထျန်းက မင်္ဂလာကိစ္စစကားပြောရန် လိုက်ပါသွားခြင်းမဟုတ်ပေ။ အင်အားပြရန်သက်သက် လိုက်ပါသွားရခြင်း ဖြစ်၏။
အားလုံးက တိတ်ဆိတ်နေကြဆဲ ဖြစ်သည်။
ဤကိစ္စက အလွန်အရေးကြီးသည့် ကိစ္စကြီးတစ်ခု ဖြစ်သည်။
နဂါးမျိုးနွယ်များနှင့် ခွန်လွန်တောင်၏ အနာဂတ်ချစ်ကြည်ရေးကိစ္စလည်း ဖြစ်သည်။
နဂါးမျိုးနွယ်များဘက်မှ မင်္ဂလာကိစ္စကို သဘောမတူလျှင် တိုက်ခိုက်ကြရမည် ဖြစ်သည်။ ထို့ပြင်… နဂါးများဘက်မှသဘောမတူလျှင် ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်များကြား အငြင်းပွားမှုများ ရှိလာပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ… ဤကိစ္စက အလွန်အရေးကြီးသလို ရှုတ်ထွေးလှလေ၏။
အစည်းအဝေးအဆုံးမသတ်မီ… မြောင်ယွဲ့က မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ရင်း…
"ဒီမင်္ဂလာကိစ္စမှာ ဂိုဏ်းတူအစ်ကိုဘက်က ပြဿနာရှိနိုင်သလား..."
သူမက ကျန်းလန်ကို ရည်ရွယ်ပြီး မေးလိုက်ခြင်းဖြစ်သည်။
မော့ကျန်းသုန့်က...
"မရှိပါဘူး..."
သူက ကျန်းလန်ကို နားလည်သူ ဖြစ်သည်။
ကျန်းလန်က မင်္ဂလာကိစ္စကို စိတ်ထဲမှ သဘောမတူသည့်တိုင် ထုတ်ဖော်ငြင်းဆန်မည့်သူမျိုး မဟုတ်ပေ။ ခေါင်းညိတ်သဘောတူလိုက်မည်ပဲ ဖြစ်သည်။
သို့သော်… မင်္ဂလာကိစ္စကြောင့် ကျန်းလန် ခံစားရမည့် စိတ်ဖိစီးမှုကတော့ များပြားပေလိမ့်မည်။
မင်္ဂလာကိစ္စစီစဉ်ပြီးနောက်ပိုင်း ကျန်းလန် ပိုပြီး သီးသန့်ဆန်သွားကာ လူအများနှင့် မဆက်သွယ်တော့မည်ကိုသာ မော့ကျန်းသုန့် စိတ်ပူနေမိသည်။
နောက်တစ်ချက်မှာ… မင်္ဂလာကိစ္စကို သူ… ကျန်းလန်ကို မည်သို့ ပြောပြရပါမည်နည်း…။
ကျန်းလန် မည်သို့တုန့်ပြန်မည်ကို အရင်ဆုံးအကဲခတ်ပြီးမှ အချိန်ကောင်းနှင့်အခွင့်ကောင်းကိုစောင့်ပြီး အသိပေးရန် ဆုံးဖြတ်လိုက်သည်။
မြောင်ယွဲ့က ကျူးချင်ကိုလှမ်းကြည့်လိုက်ရင်း…
"ဂိုဏ်းတူညီမလေး ဘက်ကရော..."
ကျူးချင်က...
"အချိန်တန်ရင်… ကျွန်မ လုန်ယွိကို ရှင်းပြလိုက်ပါ့မယ်… ၊ လုန်ယွိက ခေါင်းမာပေမယ့် နာခံတတ်တဲ့ တပည့်တစ်ယောက်ပါ..."
လုန်ယွိက အမှန်တကယ်ပင်စကားနားထောင်သည့် တပည့်တစ်ယောက် ဖြစ်သည်။
သို့သော်… သူမ၏ စရိုက်အရဆိုလျှင် မင်္ဂလာကိစ္စကို သဘောကျမည် မဟုတ်ပေ။
သူမက ရေခဲမင်းသမီးလေးတစ်ပါးပမာ ခေါင်းမာပြီး မာနကြီးက လူတိုင်းကို အေးစက်စက် ဆက်ဆံတတ်သူ ဖြစ်သည်။
ထို့ကြောင့်… သူမ စိတ်ဆန္ဒမပါသည့် မင်္ဂလာပွဲက သူမကို ဝမ်းနည်းစေမည်ဖြစ်သည်။ သို့တိုင်… သူမက ရင်ထဲမှာပင် ကြိတ်ပြီး ခံစားနေမည်ဖြစ်ပြီး ထုတ်ဖော်ငြင်းဆန်မည်တော့ မဟုတ်ပေ။
ပဉ္စမတောင်ထွတ်၏ တောင်သခင်မ မြောင်ယွဲ့က…
"ကဲ… ဒါဖြင့် ဒီကိစ္စကို နဂါးမျိုးနွယ်တွေနဲ့ သွားဆွေးနွေးကြတာပေါ့…"
…………
ခွန်လွန်တောင်တစ်နေရာ…
တောင်တစ်ခုထက်တွယ် ငယ်ရွယ်သည့် မိန်းကလေးငယ်လေးတစ်ယောက် မတ်တတ်ရပ်လျှက် ရှိသည်။
သူမက ရှောင်ယွိပင် ဖြစ်၏။
နှစ်ပေါင်း (၃၀)…
နဝမတောင်ထွတ်မှ ဂိုဏ်းတူမောင်လေး တောင်အောက်ဆင်းမလာသည်မှာ နှစ်ပေါင်း (၃၀)ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
"နှစ်ပေါင်း (၃၀) လုံးလုံး တောင်ပေါ်မှာ တစ်ယောက်တည်းနေသတဲ့လား… ၊ ခွန်လွန်တောင်မှာ တပည့်တွေဒီလောက်များတာ… ၊ အခြားတပည့်တွေနဲ့ စကားလေးဘာလေးပြောဖို့တောင် ဆင်းမလာဘူးလား မသိဘူး…"
ရှောင်ယွိ မယုံကြည်နိုင်စွာဖြင့် တွေးနေမိလေသည်။
သူမကသည်လည်း နှစ်ပေါင်း (၃၀)အတွင်း ကျန်းလန် ဘယ်တော့များ တောင်ပေါ်မှ ဆင်းလာမည်လဲဟု စောင့်ဆိုင်းနေခဲ့သည်။
သူမက တစ်ဖက်လူအပေါ် အကြွေးတင်ရသည်ကို သဘောမကျသူ ဖြစ်လေရာ ကျန်းလန်ထံမှ ယူလာခဲ့သည့် စိမ်းပြာရောင်ပုတီးစေ့လေးနှင့်အလဲအလှယ်ပြုလုပ်ရန် သင့်တော်သည့်ပစ္စည်းများ ကျန်းလန်ကို ပေးချင်သောကြောင့် ဖြစ်သည်။
သို့သော်… ကျန်းလန်က နှစ်ပေါင်း (၃၀)လုံးလုံး တောင်ပေါ်မှ ဆင်းမလာခဲ့ပေ။
သူမအနေဖြင့်လည်း နဝမတောင်ထွတ်သို့သွားပြီး ကျန်းလန်ကို ရှာဖွေရန် မဝံ့ရဲပေ။ ထို့ကြောင့်… ကျန်းလန် တောင်ပေါ်မှ ဆင်းလာမည့်အချိန်ကိုသာ စောင့်မျှော်နေခဲ့ရခြင်း ဖြစ်သည်။
သူမက ကျန်းလန်ကို အလျော်ပေးရန် မှော်ဝင်မှတ်တမ်းတင်ပစ္စည်းလေးတစ်ခု ၊ ကျင့်စဉ်တစ်ခုနှင့် မန္တန်တစ်ခု စီစဉ်ထားခဲ့သည်။
သို့သော်… ယခုအချိန်ထိ ကျန်းလန်ကို ပေးရန် အခွင့်မသာခဲ့ပေ။
"ကျုပ်ကြားတာတော့ တောင်ခြေက သေရည်ဆိုင်မှာ အလုပ်ခေါ်နေတယ်တဲ့…"
ရုတ်တရက် ထွက်ပေါ်လာသည့်အသံတစ်သံကို လုန်ယွိ ကြားလိုက်ရသည်။
သူမက နားထောင်နေခြင်းမဟုတ်သည့်တိုင် အသံက သိပ်မဝေးသောကြောင့် နားစွန်နားဖျား ကြားလိုက်ရခြင်း ဖြစ်သည်။
သူမလှမ်းကြည့်လိုက်သည့်အခါ စကားပြောရင်း လမ်းလျှောက်လာကြသည့် မိန်းကလေးတစ်ယောက်နှင့် ယောကျ်ားလေတစ်ယောက်ကို တွေ့လိုက်ရသည်။
"ဟုတ်တယ်… အဲဒီသေရည်ဆိုင်က ထူးတော့ထူးဆန်းတယ်… ၊ အဲဒီသေရည်ဆိုင်မှာ အလုပ်များလို့ လူလိုတယ်ဆိုတာနဲ့ တောင်သခင်တွေက ချက်ချင်းစီစဉ်ပေးတာပဲ… ၊ အခု သေရည်ဆိုင်မှာ ကူဖို့အတွက် တောင်ထွတ်အသီးသီးက အညံ့ဆုံးတပည့်တွေကို အဲဒီကို စေလွှတ်ထားတယ်တဲ့…"
မိန်းမပျိုက…
"အညံ့ဆုံးတပည့်တွေ ဟုတ်လား… သူတို့တွေတော့ အတော်လေး ကံဆိုးတာပဲ… ၊ ကျွန်မလည်း ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်မားပါဘူး… ၊ ဒါပေမဲ့… ကျွန်မ ကျင့်ကြံရမယ့်အချိန်တွေ ဆုံးရှုံးခံပြီး အဲဒီမှာတော့ အလုပ်သွားမလုပ်နိုင်ပါဘူး…"
ယောကျ်ားပျိုက…
"အဲဒါပြောတာပေါ့… အဲဒါကြောင့် တောင်သခင်တွေက အတော်ဆုံးတပည့်တွေကိုကျ မစေလွှတ်ကြဘူးလေ… ဟုတ်တယ်မလား…"
"ဟုတ်ပ… ဟုတ်ပ…"
မိန်းမပျိုနှင့် ယောကျ်ားပျိုတို့ စကားပြောရင်း ရယ်ကာမောကာဖြင့် ရှောင်ယွိနံဘေးမှ ဖြတ်လျှောက်သွားကြသည်။
ရှောင်ယွိ သူတို့ (၂)ယောက်ထွက်ခွာသွားသည့်နေရာကို လှမ်းကြည့်လိုက်သည်။
ထို့နောက်… သူမ တောင်ခြေရှိ သေရည်ဆိုင်သို့ ထွက်ခွာလာခဲ့လေတော့သည်။
ထိုသူ (၂)ယောက်၏ စကားအရဆိုလျှင်… ခွန်လွန်တောင်၏ တောင်ထွတ်တိုင်းက သေရည်ဆိုင်တွင်ကူညီရန် တပည့်တစ်ယောက်စီ စေလွှတ်ကြမည်မှာ သေချာသည်။
နဝမတာင်ထွတ်မှ တပည့်သည်လည်း သေရည်ဆိုင်သို့ ရောက်ရှိကောင်း ရောက်ရှိနေပေလိမ့်မည်။
နဝမတောင်ထွတ်တွင် တပည့်တစ်ယောက်သာ ရှိလေသည်။ ထိုတပည့်ကလည် သူမ စောင့်မျှော်နေသည့်သူ ဖြစ်သည်။
သိပ်တွေးမနေတော့ဘဲ ရှောင်ယွိ တောင်ပေါ်မှ ဆင်းလာခဲ့လေတော့၏။
………………
အခြားသူများ လက်ဖက်ရည်ကြမ်း သောက်ကြသည်ကို ကျန်းလန်က တိတ်ဆိတ်စွာဖြင့် ကြည့်နေလေသည်။
ယခု (၈)ယောက်မြောက်တပည့် လက်ဖက်ရည်ကြမ်းသောက်ရမည့်အလှည့်သို့ ရောက်နေပြီ ဖြစ်၏။
ရှေ့ပိုင်းတပည့် (၇)ယောက်ကတော့ တစ်ယောက်မှ လက်ဖက်ရည်ကြမ်းကို မသောက်နိုင်ဘဲ ကျရှုံးသွားခဲ့ကြပြီ ဖြစ်သည်။
အစပိုင်းတွင်… လက်ဖက်ရည်ကြမ်းသောက်ချိန်၌ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခု တွေ့ကြုံရလိမ့်မည်ဟု သူတို့အားလုံး ထင်မှတ်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော်… ပဉ္စမတောင်ထွတ်မှ ကျန်းရှီက အကြမ်းပန်းကန်ကိုကိုင်ပြီးသည်နှင့် ထိတ်လန့်တုန်လှုပ်နေခဲ့သည်ကို သူတို့ တွေ့ရှိခဲ့ကြသည် မဟုတ်ပါလား။
သို့သော်… မကြာမီပင် ထိုသို့မဟုတ်ကြောင်း သူတို့အားလုံး သိရှိခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော်…
အကြမ်းပန်းကန်ကို ကိုင်မိသည်နှင့် ဒုတိယတပည့်က မျက်ရည်များကျကာ ဝမ်းပန်းတနည်း ငိုကြွေးနေသောကြောင့် ဖြစ်သည်။
တတိယလူကတော့ တဟားဟား အော်ရယ်လေ၏။
စတုတ္ထလူကတော့ သတိလစ်သွားလေသည်။
ပဉ္စမလူကတော့ စားပွဲကို ဒေါသတကြီးဖြင့် ထုရိုက်ပစ်လိုက်၏။
တိုတိုပြောရလျှင်… တပည့်အားလုံးက မတူညီသည့် ခံစားချက်အတွေ့အကြုံများကို ပြုလုပ်ခဲ့ကြသည်။
သို့သော်… စမ်းသပ်မှု ပြီးဆုံးသွားသည့်အခါ မည်သည့်အကြောင်းအရာနှင့် ကြုံတွေ့ခဲ့ရသည်ကို သူတို့အားလုံး ပြောဆိုခြင်း မပြုခဲ့ကြပေ။
အားလုံးက အဖြစ်အပျက်များကိုပြောပြရန် ခေါင်းငုံ့မျက်နှာလွှဲကာ ရှောင်တိမ်းနေခဲ့ကြသည်။
ထို့နောက်… ကျန်လူများ မည်သို့သောအဖြစ်အပျက်များရင်ဆိုင်ရမည်ကို ဘေးနားတွင်ရပ်ကာ တိတ်တဆိတ်စောင့်ကြည့်နေခဲ့ကြသည်။
သူတို့အားလုံး ရှုံးနိမ့်ခဲ့ကြသည်ဖြစ်ရာ မည်သူအောင်မြင်မည်လဲဟု အလွန်သိချင်နေကြသည်။
ပထမ (၇)ယောက်ကတော့ မအောင်မြင်ခဲ့ကြပေ။ ယခုတော့ (၈)ယောက်မြောက်တပည့်အလှည့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
(၈)ယောက်မြောက်တပည့်လည်း မအောင်မြင်ခဲ့ဘူးဆိုလျှင် သေရည်ဆိုင်ပိုင်ရှင်အနေဖြင့် အကူအလုပ်သမား (၂)ယောက် ငှားရမ်းလိုသည့်အစီအစဉ် အောင်မြင်တော့မည် မဟုတ်ပေ။
တပည့် (၉)ယောက်တွင် (၈)ယောက်က ကျရှုံးခဲ့လျှင် နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုတစ်ယောက်သာလျှင် ကျန်ရစ်တော့မည် မဟုတ်ပါလား။
အမှန်တော့… အဖြစ်အပျက်များကိုကြည့်ပြီး ကျန်းလန်လည်း အတော်လေး အံ့အားသင့်နေမိသည်။
ဤသည်က ခါတိုင်း သူသေရည်ဆိုင်လာလျှင် သူ့စိတ်ထဲသို့ အဘိုးအိုဝင်ရောက်လာသကဲ့သို့ စိတ်စွမ်းအားကို စမ်းသပ်ခြင်း မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော်… တပည့်အားလုံးက တစ်ယောက်တစ်မျိုး မတူညီသည့်အပြုအမူများကို ပြုလုပ်ခဲ့ကြသောကြောင့် ဖြစ်သည်။
သူတို့ကိုကြည့်ရသည်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေသည်မှအပ အခြားမူမမှန်သည့် ကိစ္စများ မဖြစ်ခဲ့ကြပေ။
ဤသည်က အနည်းငယ် ထူးဆန်းသည်။
ပုံရိပ်ယောင်တစ်ခု၏ လှည့်စားခြင်းဖြစ်လျှင် ဤသို့ ပုံစံမျိုးစုံဖြင့် တုန့်ပြန်ကြလိမ့်မည် မဟုတ်ပေ။ တကယ့်အစစ်အမှန် ကိစ္စများနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ဟန်တူသည်။
ဥပမာဆိုလျှင်… တဟားဟားအော်ရယ်သည့်တပည့်ဆိုလျှင် အတော်လေး ထူးဆန်းသည်။
သူက ထိုင်ရာမှထရပ်ပြီး ဘေးဘက်တွင် သွားရပ်နေသည့်အချိန်ထိ ရယ်ချင်စိတ်ဖြင့် သူ့မျက်နှာထက်မှ ပြုံးစိစိအမူအရာက ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
သူက သေချာပေါက် ရယ်စရာကောင်းလွန်းသည့် ကိစ္စတစ်ခုနှင့် ရင်ဆိုင်ခဲ့ရဟန် ရှိသည်။
ထိုစဉ်မှာပင်…
အကြမ်းပန်းကန်ကိုကိုင်ထားသည့် (၈)ယောက်မြောက်တပည့်က ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။
ထိုသူ၏ အပြုအမူကြောင့် ကြည့်နေသူများအားလုံး စိတ်ရှုတ်ထွေးသွားကြသည်။
ထို့နောက်… (၈)ယောက်မြောက်တပည့်က လက်ဖက်ရည်ကြမ်းများကို မြေပြင်ထက်သို့ လောင်းချလိုက်ရင်း…
"ဒီသေရည်က အကြီးအကဲကို ဂါရဝပြုတာပါ… တမလွန်မှာ ငြိမ်းချမ်းစွာအနားယူပါတော့…"
"………………"
ကြည့်နေသည့်တပည့်များအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ကျန်းလန်ကတော့ တိတ်ဆိတ်နေလေ၏။
သို့သော်… (၈)ယောက်မြောက်တပည့်၏ လုပ်ရပ်က အတော်လေး အံ့အားသင့်စရာဖြစ်နေလေရာ သေရည်ဆိုင်ပိုင်ရှင်သည်ပင် အံ့သြမှင်တက်သွားရလေတော့၏။