← Chapters

နဂါးကြီး၏ဒေါသတကြီးဟိန်းဟောက်သံ

Vol. 8 Ch. 109

နဂါးကြီး၏ဒေါသတကြီးဟိန်းဟောက်သံ

Vol. 8 Ch. 109

အခန်း (၁၀၉) နဂါးကြီး၏ဒေါသတကြီးဟိန်းဟောက်သံ

သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုမှာ သူ့ရှေ့မှ (၈)ယောက်မြောက်တပည့်ကို တအံ့တသြဖြင့် ကြည့်လိုက်သည်။

အဖြစ်အပျက်က… သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။

ဆိုင်ရှင်မှာ လူသေများကို ကန်တော့သလို ကန်တော့ခံလိုက်ရလေရာ… သေပြီးမြေကြီးထဲဝင်ရတော့မလိုလို အူကြောင်ကြောင် ခံစားလိုက်ရသည်။

တပည့်များအားလုံးကလည်း (၈)ယောက်မြောက်တပည့်ကို စိတ်ရှုတ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။

ထို့နောက်… ချက်ချင်းပင် ရယ်ချင်စိတ်ပေါက်သွားကြလေ၏။ သို့သော်… သေရည်ဆိုင်ပိုင်ရှင် ဒေါသထွက်သွားမည်ကို စိုးရိမ်သောကြောင့် မည်သူမှ ရယ်မောခြင်း မပြုရဲကြပေ။

စက္ကန့်ပိုင်းအတွင်း… ထိုတပည့် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။

သို့သော်… သူ ဘာလုပ်မိသည်ကို သိရှိသွားသည့်အခါ ချက်ချင်းပင် မျက်နှာပျက်သွားလေ၏။

သူက ချက်ချင်းပင် အဘိုးအိုကို တောင်းပန်လိုက်သည်။

"အာ… အဘိုး… ကျွန်တော်… ကျွန်တော်… ကျွန်တော် မရည်ရွယ်ပါဘူး…"

သူ့အပြုအမူကြောင့် ဆိုင်ရှင်အဘိုးအိုက သူ့ကို သတ်ပစ်လေမည်လားဟု စိုးရိမ်ထိတ်လန့်သွားသည်။

သို့သော်… ဆိုင်ရှင်အဘိုးအိုက ထိုတပည့်ကို အရေးမစိုက်ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"နောက်တစ်ယောက်…"

ပြီးနောက်… အဘိုးအိုက တောင်းပန်နေသည့်တပည့်ကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။

ထိုသူမှာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ချက်ချင်းခေါင်းငုံ့လိုက်ပြီး ဘေးဘက်သို့ အလျှင်အမြန် လစ်လေတော့သည်။

သေရည်ဆိုင်ပိုင်ရှင်၏ မျက်နှာအမူအရာအရ သူ့အပေါ် စိတ်ဆိုးဒေါသထွက်ခြင်း မရှိကြောင်း သိရတော့မှ ထိုတပည့်လည်း စိတ်သက်သာရာ ရသွားသည်။

ထို့နောက်… ကျန်းလန်က စားပွဲခုံရှိရာသို့ လျှောက်သွားပြီး ဝင်ထိုင်လိုက်သည်။

ကျန်တပည့်များက ကျန်းလန်ကို ကြည့်နေကြလေသည်။

နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုရော စမ်းသပ်မှုအောင်မြင်နိုင်မည်လားဟု သူတို့ သိချင်နေကြသည်။

နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုက ကျင့်ကြံခြင်းအဆင့် မြင့်မားလေရာ စမ်းသပ်မှု အောင်မြင်နိုင်ချေရှိသည်ဟု အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

သို့သော်… တကယ်တမ်းတွင် စမ်းသပ်မှုက ကျင့်ကြံခြင်းအဆင့်နှင့် မဆိုင်လှပေ။

ဤစမ်းသပ်မှုက ဘာကိုစမ်းသပ်မှန်းပင် သူတို့အားလုံး နားလည်နိုင်ခြင်း မရှိကြပေ။

ကျန်းလန် ထိုင်ခုံတွင်ထိုင်လိုက်သည်နှင့် သေရည်ဆိုင်ရှင်အဘိုးအိုက အကြမ်းပန်းကန်ထဲသို့ လက်ဖက်ရည်ကြမ်းများ ငှဲ့ထည့်ပေးလိုက်သည်။

ထို့နောက်… သေရည်ဆိုင်ပိုင်ရှင်က ကျန်းလန်ကို ကြည့်လိုက်ရင်း…

"သောက်ပါ…"

ကျန်းလန်လည်း လက်ဖက်ရည်ကြမ်းကို သောက်နိုင်ပါမည်လားဟု အဘိုးအို သိချင်နေမိသည်။

ကျန်းလန်က ထူးခြားသူတစ်ယောက်ဖြစ်ကြောင်း သူ ရိပ်မိလေသည်။ ဒီကောင်လေးသာ သူ့တပည့်ဖြစ်မည်ဆိုပါက သူ နေ့တိုင်း အိပ်ရေး၀၀ အိမ်ပျော်နိုင်မည် ဖြစ်သည်။

မော့ကျန်းသုန့်ကတော့ အတော်လေး ကံကောင်းပေတာပဲဟု သူ တွေးလိုက်မိ၏။

ကျန်းလန်က ခေါင်းညိတ်လိုက်ပြီး စားပွဲထက်မှ အကြမ်းပန်းကို တစ်ချက်ကြည့်လိုက်သည်။

အကြမ်းပန်းကန်တွင် မည်သည့်ထူးခြားချက်ကိုမှ ကျန်းလန် အာရုံခံနိုင်ခြင်း မရှိခဲ့ပေ။

ကျန်းလန် အများကြီးမစဉ်းစားတော့ဘဲ အကြမ်းပန်းရှိရာသို့ လက်လှမ်းလိုက်သည်။ လူတိုင်းလည်း အကြမ်းပန်းကန်ကို ဤသို့ပင် လက်လှမ်းခဲ့သည်ချည်း ဖြစ်သည်။

ကျန်းလန် အကြမ်းပန်းကန်ကို ကိုင်လိုက်သည်နှင့် သူ့စိတ်ထဲတွင် မရေမတွက်နိုင်သည့် မြင်ကွင်းများ တဖျတ်ဖျတ်ပေါ်လာလေသည်။

ပထမဆုံး သူမြင်တွေ့ရသည်က… နဝမတောင်ထွတ်တွင် အထီးကျန်စွာ တစ်ယောက်တည်း ကျင့်ကြံနေခဲ့သည့် နေ့ရက်များ ဖြစ်သည်။

ထို့ပြင်… သူ့ဘဝ၏ ပျော်ရွှင်ဖွယ်ရာ သို့မဟုတ် ကြောက်မက်ဖွယ်ရာအဖြစ်အပျက်များက သူ့စိတ်အာရုံထဲတွင် သိသာထင်ရှားစွာ ထွက်ပေါ်လာသည်။

အန္တရာယ်များသည့် ရန်သူများနှင့် ရင်ဆိုင်ရသည့် အချိန်များလည်း ပါဝင်လေသည်။

သို့သော်… ထိုအတိတ်ပုံရိပ်များက သူ၏ စိတ်အာရုံကို မည်မျှပင် တိုက်ခိုက်ပါစေ ကျန်းလန်က အေးဆေးစွာဖြင့် စောင့်ကြည့်နေခဲ့သည်။

ဖုန်းကျီကို သတ်ဖြတ်ခြင်း ၊ မြောက်ရှိုးနှင့်တိုက်ခိုက်ခြင်း ၊ ကျောက်စိမ်းရေကန်ဖွင့်ပွဲ…။

မြင်ကွင်းများက တစ်ခုပြီးတစ်ခု ရုပ်ရှင်ပြကွက်များလို စိတ်အာရုံထဲတွင် ထွက်ပေါ်လာသည်။

သို့သော်… ကျန်းလန်ကို အံ့သြသွားစေသည့်အချက်မှာ… ကျောက်စိမ်းရေကန်တွင် လုန်ယွိနှင့် တွေ့ဆုံခဲ့သည့်အဖြစ်အပျက်များက အခြားပုံရိပ်များထက်ပိုပြီး ထင်ထင်ရှားရှား ရှိနေခြင်း ဖြစ်၏။

လုန်ယွိက တောက်ပသည့်အလင်းတန်းတစ်ခုပမာ ကျန်းလန်၏ စိတ်အာရုံကို လွှမ်းမိုးရန် ကြိုးစားနေလေသည်။

ဤသို့ဖြစ်ရသည်မှာ သူမက ချောမောလှပလွန်းသည့် အလှဧကရီတစ်ပါး ဖြစ်သောကြောင့် ဖြစ်ပေလိမ့်မည်။

ကျန်းလန်တွေ့ဖူးသမျှ မိန်းကလေးများထဲတွင် လုန်ယွိက အလှဆုံး ဖြစ်လေ၏။

ကျန်းလန် စကားပြောဖူးသည့်မိန်းကလေးဆို၍ မှတ်မှတ်ရရ (၃)ယောက်ခန့်သာ ရှိလေသည်။

ထိုမိန်းကလေး (၃)ယောက်ထဲတွင် လုန်ယွိက အချောဆုံး ၊ အလှဆုံး ဖြစ်သည်မှာ ငြင်းမရနိုင်သည့် ကိစ္စပင်…။

ထို့နောက်… လွန်ခဲ့သည့်  ဆယ်စုနှစ် ၊ ရာစုနှစ်များဆီက အတိတ်အဖြစ်အပျက်များကို ကျန်းလန် စိတ်အာရုံထဲတွင် ဆက်လက်တွေ့မြင်နေရသည်။

ဤနှစ်ပိုင်းအတွင်း သူ့ဘဝက အတော်လေး ရိုးရှင်းသည်။

သူက နဝမတောင်ထွတ်တွင် တစ်ယောက်တည်းကျင့်ကြံလိုက် ၊ နဝမတောင်ထွတ်ကို သန့်ရှင်းရေးလုပ်ပေးလိုက်ဖြင့် ဘဝက အေးအေးဆေးဆေး ရှိနေခဲ့သည်။

ရံဖန်ရံခါ… တောင်အောက်ဆင်းပြီး တိုက်ပွဲများရင်ဆိုင်ရသည်ကတော့ ချွင်းချက်ဖြစ်၏။

နောက်ထပ်မြင်ကွင်းတစ်ခုက… သူ တောင်ပေါ်ရောက်သည်မှာ (၁၀)နှစ်ပြည့်သည့်နှစ်တွင် ဆရာဖြစ်သူက သူ့ကို ဒူးထောက်ဂါရဝပြုစေပြီး ဆက်ခံသူတပည့်အဖြစ် သတ်မှတ်ခဲ့သည့်အချိန် ဖြစ်သည်။

ထိုအချိန်က… သူ အလွန်ပျော်ရွှင်ခဲ့လေသည်။

နဝမတောင်ထွတ်၏ ဆက်ခံသူတပည့်ဖြစ်ရသောကြောင့် ပျော်ရွှင်ခြင်းမျိုး မဟုတ်ဘဲ သူ့ရင်ထဲတွင် ထူးဆန်းစွာဖြင့် အလိုလိုပျော်ရွှင်မိခြင်း ဖြစ်သည်။

ဆရာဖြစ်သူက သူ့ကို သေရည်ဆိုင်တွင် သေရည်သွားဝယ်ခိုင်းပြီး ပြန်ရောက်သည့်အချိန်တွင် ရုတ်တရက် ဒူးထောက်ဂါရဝပြုခိုင်းခဲ့သည်။ ထိုအဖြစ်အပျက်များက မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သည့်အလား အမှတ်ထင်နေဆဲ ဖြစ်သည်။

သို့သော်… ထိုခံစားချက်များကို ပြန်လည်ခံစားရခြင်းက ကျန်းလန်၏ စိတ်အာရုံကို တုန်လှုပ်စေခြင်း မရှိပေ။

သေရည်ဆိုင်ပိုင်ရှင်က ကျန်းလန်ကို အကဲခတ်နေလေသည်။ အကြမ်းပန်းကန်ကိုကိုင်ထားသည့် ကျန်းလန်၏ လက်များက တည်ငြိမ်နေဆဲ ဖြစ်သည်။

ထို့နောက်…

ကျန်းလန် စနစ်ကို စတင်ထုတ်ဖော်အသုံးပြုနိုင်သည့် အတိတ်အချိန်သို့ ရောက်ရှိသွားသည်။

ဤသည်ကလည်း ပျော်ရွှင်စရာ အခြေအနေတစ်ခုပဲ ဖြစ်သည်။

သို့သော်… ကျန်းလန်ကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။

ပျော်ရွှင်ရသည့်ခံစားချက်များက ကျန်းလန်အပေါ် များစွာ သက်ရောက်မှု မရှိခဲ့ပေ။

အချိန်များက တဖြည်းဖြည်း နောက်ပြန်ဆုတ်နေလေသည်။

ပျက်သုဉ်းတစပြင်လောကကြီးသို့ ကျန်းလန်ရောက်ရှိလာပြီး ခက်ခက်ခဲခဲ ဖြတ်သန်းရသည့် သာမန်ဘဝများကို ပြန်မြင်နေရသည်။

ထို့နောက်… ယခင်ဘဝမှ အကြောင်းအရာများကို သူ… စတင်တွေ့မြင်လာရသည်။

အချိန်များစွာဖြတ်သန်းသွားပြီးနောက်… ကျန်းလန် အသံတစ်သံကို ကြားလိုက်ရသည်။

"ကျန်းလန်… မနက်ဖန်ကျောင်းတက်ရတော့မယ်နော်…"

ထိုအသံကိုကြားသည်နှင့် ကျန်းလန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

အရင်ဘဝက အချိန်များသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရသော်လည်း ကျန်းလန် တည်ငြိမ်နေဆဲ ဖြစ်သည်။

မနက်ဖန် သူကျောင်းတက်ရတော့မည်…။

ရက်ရှည်ကျောင်းပိတ်ရက် ကုန်ဆုံးသွားပြီးနောက် ကျောင်းပြန်ဖွင့်မည့်အချိန်များကို ကျန်းလန်က အမြဲတမ်း စောင့်မျှော်နေတတ်ခဲ့သူ ဖြစ်သည်။

မကြာမီ… ရင်းနှီးနေသည့်အသံတစ်သံ ထပ်မံထွက်ပေါ်လာပြန်သည်။

"မင်းရဲ့ အိမ်စာတွေ ပြီးသွားပြီလား… ကျန်းလန်…"

ထိုအသံကြားရသည်နှင့်… ကျန်းလန်၏ လက်များတုန်တုန်ယင်ယင် ဖြစ်သွားသည်။

အကြမ်းပန်းကန်ထဲမှ လက်ဖက်ရည်ကြမ်းများ မှောက်ကျတော့မလိုပင် ဖြစ်သွားရသည်။

တပည့်များအားလုံးက စိတ်လှုပ်ရှားစွာဖြင့် မြင်ကွင်းကို ကြည့်နေကြသည်။

သူတို့က ကျန်းလန် ကျရှုံးတော့မည်ဟု ထင်လိုက်ကြသည်။

သေရည်ဆိုင်ပိုင်ရှင်ကတော့ အနည်းငယ်အံ့အားသင့်ဟန်ဖြင့် ကျန်းလန်ကို ကြည့်နေ၏။

ကျန်းလန်က အနည်းငယ်သာ တုန်ယင်သွားခြင်းဖြစ်ပြီး ပန်းကန်ထဲမှ လက်ဖက်ရည်ကြမ်းများ ဖိတ်ဆင်သွားခြင်း မရှိပေ။

လူတစ်ယောက်တွင် စိတ်ခံစားချက်တစ်ခု ဝင်ရောက်လာပြီဆိုလျှင် ထိုခံစားချက်ကို ဖိနှိပ်ထားရန်မှာ ခက်ခဲလွန်းလှသည်။

စိတ်စွမ်းအားကောင်းသူများကတော့ အနည်းနှင့်အများ လက်ဖက်ရည်ကြမ်း၏ဒဏ်ကို ခံနိုင်ရည် ရှိကြသည်။

သို့သော်… လက်ဖက်ရည်ကြမ်းပန်းကန်ကို ကိုင်ထားသူတစ်ယောက်က ခံစားချက်တစ်ခု၏ သက်ရောက်မှုကြောင့်တုန်လှုပ်သွားပါက မည်မျှပင် စိတ်စွမ်းအားကောင်းမွန်ပါစေ အသုံးဝင်တော့မည် မဟုတ်ပေ။

ယခု… ကျန်းလန်ကတော့ ခံစားချက်ကြောင့် တုန်လှုပ်သွားသည့်တိုင် တည်ငြိမ်အောင် ဆက်ထိန်းထားနိုင်သည်မှာ ထူခြားသည်ဟုဆိုရပေမည်။

"သူ့လက်တွေ တုန်သွားရလောက်အောင် ဘယ်လိုအမှတ်တရမျိုးတွေကိုများ ပြန်သတိရနေမိလို့လဲ…"

သေရည်ဆိုင်ပိုင်ရှင် တွေးလိုက်မိသည်။

ထိုအချိန်ခဏမှာပင်… ကျန်းလန်က အရင်ဘ၀ မှတ်ဉာဏ်များအားလုံးကို ပြန်လည်ကြည့်ရှုပြီးသွားပြီ ဖြစ်သည်။

သူ အားပေးသည့်အသင်းရှုံးနိမ့်ခဲ့သည့် ဘောလုံးဖိုင်နယ်ပွဲ…

သူစားချင်နေသည့်အစားအသောက်က နောက်ဆုံးတစ်ခုသာကျန်ရှိတော့သည့်အချိန် သူ့ရှေ့မှာပင် တခြားလူက ဝယ်ယူသွား၍ ကြေကွဲခဲ့ရခြင်း…

အရေးကြီးသည့်စာမေးပွဲ မဖြေနိုင်ခြင်း…

ဘွဲ့ယူသည့်နေ့တွင် အတန်းဖော်များကို နှုတ်ဆက်ရန်ပင် သူ့မှာ အချိန်မရခဲ့သည့်အဖြစ်အပျက်…

စသည့်အမှတ်တရ အဖြစ်အပျက်များကို ကျန်းလန် ပြန်မြင်ခဲ့ရလေသည်။

ထို့ပြင်… ကလေးဘဝက လက်တွင် လက်ပတ်နာရီပုံစံ အရုပ်ရေးပြီး ဆော့ကစားဖူးခဲ့သည်ကိုလည်း ပြန်မြင်ခဲ့သည်။

ထိုအချိန်များက သူ့ဘဝ၏ အကောင်းဆုံးအချိန်ကာလများ ဖြစ်ခဲ့သည်။

အတိတ်အကြောင်းအရာများ အားလုံးကို ပြန်လည်တွေ့မြင်ခဲ့ပြီးနောက် ကျန်းလန် တည်တည်ငြိမ်ငြိမ် ဖြစ်သွားလေသည်။

ပြုတ်ကျသွားခြင်းမရှိသည့် သူ့လက်ထဲမှ အကြမ်းပန်းကန်ကို ကျန်းလန် ကြည့်လိုက်သည်။

သူ့ရင်ထဲမှ ခံစားချက်များကတော့ အနည်းငယ် လှုပ်ခတ်နေဆဲ ဖြစ်သည်။

အရင်ဘဝတုန်းက… သူ့ဘဝက အနည်းငယ် ကြမ်းတမ်းခဲ့သည့်တိုင် နောင်တရစရာများ သိပ်မရှိခဲ့ပေ။

ဒီဘဝတွင်လည်း နောင်တရစရာ မရှိခဲ့ပေ။ သို့သော်… ယခုဘဝက အရင်ဘဝထက် များစွာပိုမိုခက်ခဲ ကြမ်းတမ်းလေသည်။

သို့သော်… သူကတော့ အခက်အခဲများကို ရင်ဆိုင်ရမည်ပဲ ဖြစ်သည်။

ကျန်းလန် လက်ထဲတွင်ကိုင်ထားသည့် အကြမ်းပန်းကန်ကို မော့သောက်လိုက်သည်။

လက်ဖက်ရည်ကြမ်းအရသာက ချိုသလိုလို ခါးသလိုလိုနှင့် ဖြစ်သည်။

သို့သော်… လက်ဖက်ရည်ကြမ်းကို သောက်လိုက်သည့်ခဏတွင် သူ့စိတ်ဝိညာဉ်တစ်ခုလုံး လန်းဆန်းသွားပြီး သူ့စိတ်ထဲတွင် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။

အချိန်က တစ်ခဏမျှသာဖြစ်သော်လည်း နှစ်ထောင်ပေါင်းများစွာကို ဖြတ်သန်းသွားရသည့်အလား ခံစားလိုက်ရသည်။

ဤလောကမှ အရာများ ချက်ချင်းပျောက်ကွယ်သွားပြီး ပင်လယ်ပြာနှင့် လယ်ကွင်းစိမ်းများ အဆက်မပြတ် အသစ်အသစ် ဖြစ်တည်လာသည်ကို ကျန်းလန်တွေ့မြင်နေရသည်။

ကျန်းလန် လက်ဖက်ရည်ကြမ်းကို သောက်လိုက်သည်ကို တပည့်များအားလုံး မြင်တွေ့လိုက်ကြရသည်။

ကျန်းလန် မည်သို့သောအကြောင်းအရာများကို ကြုံတွေ့ခဲ့ရကြောင်း သူတို့ မသိရှိကြသည့်တိုင် လက်ဖက်ရည်ကြမ်းကို သောက်နိုင်ခဲ့သည့်အတွက် သူတို့ အံ့သြသွားကြသည်။

ထိုစဉ်မှာပင်…

မျှော်လင့်မထားသည့် အဖြစ်အပျက်တစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာသည်။

ပတ်ဝန်းကျင်တစ်ခုလုံး အဆုံးမဲ့ တိတ်ဆိတ်ငြိမ်သက်သွားခြင်း ဖြစ်၏။

ထိုသို့တိတ်ဆိတ်သွားခြင်းက တပည့်များအားလုံးကို သက်ရောက်စေခဲ့သည်။

သူတို့အားလုံး၏ မျက်ဝန်းများထဲတွင် သူတို့ဘဝ၏ အတိတ်ကာလအကြောင်းအရာများကို ချက်ချင်းပင် ပြန်လည်မြင်ယောင်လာကြသည်။

ထို့နောက်… သူတို့၏ စိတ်အတွင်းပိုင်းမှ ဉာဏ်အလင်းပွင့်လင်းခြင်းကို ခံစားလိုက်ကြရသည်။

ကံကောင်းခြင်းတရားနှင့် စိတ်ဝိညာဉ်လန်းဆန်းခြင်းများကို တစ်ခဏအတွင်း သူတို့အားလုံး ခံစားလိုက်ကြရလေတော့၏။

………………

ရှောင်ယွိ သေရည်ဆိုင်ရှိရာသို့ လမ်းလျှောက်လာလေသည်။

ကျန်းလန် သေရည်ဆိုင်သို့ ရောက်နေသည်ဆိုလျှင် သူမ တွေ့ဆုံချင်မိသည်။

သို့သော်… လမ်းတစ်ဝက်အရောက်တွင် ခွန်လွန်တောင်မှ နဂါးဟိန်းသံကြီးတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ရှောင်ယွိ တအံ့တသြဖြင့် ခွန်လွန်တောင်ရှိရာသို့ လှမ်းကြည့်လိုက်ရင်း…

"ဘာတွေများ ဖြစ်နေတာလဲ…"

ထိုနဂါးဟိန်းသံကြီး၏ အဓိပ္ပါယ်ကို သူမ သေသေချာချာ နားလည်လေသည်။

"မင်းတို့ကောင်တွေက လုပ်ရဲသလား…"

ဟု အဓိပ္ပါယ်ရသည့် နဂါးဟိန်းသံကြီး ဖြစ်လေ၏။

နဂါးဟိန်းသံကြီးထွက်ပေါ်လာပြီးသည်နှင့် တောင်ပေါ်တွင် ဓားရောင်တစ်ချက် လင်းလက်သွားသည်ကို တွေ့လိုက်ရသည်။

ပြင်းထန်လှသည့် ဓားဝိညာဉ်က မိုးနှင့်မြေကို တုန်လှုပ်သွားစေသည်။

ရှောင်ယွိ အံ့သြတုန်လှုပ်သွားသည်။

"သူတို့ တိုက်ခိုက်နေကြတာလား…"

နဂါးမျိုးနွယ်များနှင့် ခွန်လွန်တောင် တိုက်ပွဲစတင်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

ထို့နောက်… နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။

"မင်းတို့တွေ ကျုပ်ကို သတ်ရဲသလား…"

လူသားဘာသာစကားဖြင့် ပြောလိုက်သည့်စကားသံကိုပါ ကြားလိုက်ရသည်။

နဂါးကြီး အတော်လေး ဒေါသထွက်နေဟန် ရှိ၏။

ထို့နောက်… အသံများ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။

ရှောင်ယွိ ခွန်လွန်တောင်ရှိရာသို့ စိတ်ရှုတ်ထွေးစွာဖြင့် လှမ်းမျှော်ကြည့်လိုက်သည်။ သူမ စိုးရိမ်နေမိသော်လည်း အနားသို့သွားပြီး မကြည့်ရဲပေ။

ကျန်းလန်ကို ပေးစရာရှိသည့်ပစ္စည်းများ ပေးပြီးမှသာ မည်သည့်ပြဿနာများဖြစ်ပျက်သည်ကို စုံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက်… ရှောင်ယွိ သေရည်ဆိုင်ရှိရာသို့ ဆက်လျှောက်လာခဲ့လေသည်။

မကြာမီ… သေရည်ဆိုင်အိုကြီးရှိရာသို့ ရှောင်ယွိ ရောက်ရှိလာသည်။

သူမ သေရည်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် အလွန်အမင်း အံ့အားသင့်သွားရသည်။

သေရည်ဆိုင်ထဲတွင် ဉာဏ်အလင်းပွင့်သည့်အငွေ့အသက်များကို သူမ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ထို့ပြင်… ဆိုင်ထဲတွင် လူ (၉)ယောက် ရှိနေလေသည်။

တစ်ယောက်က စားပွဲငယ်တစ်ခုတွင်ထိုင်ပြီး လက်ဖက်ရည်ကြမ်းကို မော့သောက်နေသည်။ သို့သော်… မော့သောက်နေရင်းတန်းလန်းဖြင့် ရုပ်တုတစ်ခုအလား ငြိမ်သက်လျှက် ရှိလေ၏။

ထိုသူသည်ကား ရှောင်ယွိ ရှာဖွေနေသည့် ကျန်းလန်ပင် ဖြစ်သည်။

ကျန်လူ (၈)ယောက်ကတော့ ဘေးဘက်တွင် မတ်တတ်ရပ်ရင်း ငြိမ်သက်လျှက် ရှိကြ၏။

ထိုစဉ်မှာပင်…

"ဘာလဲ… မင်းလည်း စမ်းကြည့်ချင်လို့လား…"

သေရည်ဆိုင်ပိုင်ရှင်က ရှောင်ယွိ အနားသို့ ရောက်လာပြီး မေးမြန်းလိုက်လေတော့၏။

All Chapters