တာအိုလက်တွဲဖော်ရှာဖို့များ မစဉ်းစားမိဘူးလား
Vol. 8 Ch. 110
အခန်း (၁၁၀) တာအိုလက်တွဲဖော်ရှာဖို့များ မစဉ်းစားမိဘူးလား
ကျန်းလန် ပြန်လည်သတိဝင်လာသည့်အခါ ဆည်းဆာနေရောင်ခြည်ပင် ဆိုင်ထဲသို့ ဖြာကျနေပြီ ဖြစ်သည်။
ညနေခင်းအချိန်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။
ကျန်းလန်က သူ့လက်ထဲမှ အကြမ်းပန်းကန်ကို ငုံ့ကြည့်လိုက်ပြီး စားပွဲပေါ်သို့ ဖြည်းညင်းစွာ ပြန်တင်လိုက်သည်။
ညနေအချိန်ရောက်နေသည့်အတွက် သူ စိတ်အနှောက်အယှက် မဖြစ်မိပေ။
ယခုပင်… ဉာဏ်အလင်းပွင့်ခဲ့ပြီး နှစ်ထောင်ပေါင်းများစွာကို ရှင်သန်ဖြတ်သန်းခဲ့ရသည့်အလား ခံစားခဲ့ရသည် မဟုတ်ပါလား။
သို့သော်… သူ တောင်ပေါ်သို့ ပြန်ရဦးမည် ဖြစ်သည်။
ကျန်းလန် ပတ်ဝန်းကျင်သို့ တစ်ချက်ဝေ့ကြည့်လိုက်သည့်အခါ မည်သူမှ သေရည်ဆိုင်ထဲတွင် ရှိမနေကြတော့ကြောင်း တွေ့လိုက်ရသည်။ တပည့်များအားလုံး ပြန်သွားကြပြီ ဖြစ်၏။
"မင်း သတိရလာပြီလား…"
ကျန်းလန်၏ နောက်ကျောဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံက သေရည်ဆိုင်ပိုင်ရှင်၏ အသံဖြစ်၏။
ကျန်းလန်က လှည့်ကြည့်လိုက်ပြီး အဘိုးအိုကို ရိုသေစွာ ဦးညွှတ်ဂါရဝပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ်… အဘိုး…"
သူ ဉာဏ်အလင်းပွင့်ခဲ့သည်က ဆိုင်ရှင်တိုက်သည့် လက်ဖက်ရည်ကြမ်းနှင့် ဆက်စပ်နေသည် မဟုတ်ပါလား။
ထို့ပြင်… သူ၏ ကျင့်ကြံခြင်းအဆင့်လည်း အနည်းငယ် တိုးတက်လာခဲ့သည်။
ဒါတင်မက… သူ၏ ကျင့်စဉ်လမ်းသည်လည်း ယခင်ကထက် ပိုမိုချောမွေ့ပြီး လျှင်မြန်လာသည်ဟု ခံစားရလေသည်။ သူ… အင်မော်တယ်တစ်ပါးဖြစ်လာရန် ပိုမိုနီးကပ်လာပြီ မဟုတ်ပါလား။
"တကယ်တော့ လက်ဖက်ရည်ကြမ်းက ဒီလောက် ကြီးမားတဲ့အစွမ်း မရှိလှပါဘူး… ၊ အတိတ်ကို ပြန်မြင်ယောင်တဲ့အချိန်မှာ မင်းရဲ့စိတ်ကို ထိန်းချုပ်နိုင်ခဲ့လို့ ဒီလိုမျိုး အကျိုးကျေးဇူးတွေ ရရှိစေတာပါ… ၊ အင်းပေါ့… ဒီနေ့လူရွေးပွဲမှာ ပါဝင်တဲ့လူတွေအားလုံး အကျိုးရှိသွားတာပေါ့ကွာ ၊ ကံကောင်းတယ်ပဲ ပြောရမှာပေါ့…"
စကားပြောရင်းဖြင့် သေရည်ဆိုင်ပိုင်ရှင်က စားပွဲပေါ်မှ အကြမ်းပန်းကန်များကို ယူဆောင်ကာ ကောင်တာဆီသို့ ထွက်ခွာသွားသည်။
စားပွဲပေါ်တွင် သူ သောက်လိုက်သည့်အကြမ်းပန်းကန်အပြင် နောက်ထပ် အကြမ်းပန်းကန် အပိုတစ်ခု ရောက်နေသည်ကို ကျန်းလန် တွေ့လိုက်ရသည်။
သို့သော်… ကျန်းလန် အမှုမဲ့အမှတ်မဲ့ပင် နေလိုက်မိ၏။
သေရည်ဆိုင်ပိုင်ရှင်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"မနက်ဖန် စောစောလာခဲ့ဖို့ မမေ့နဲ့... ၊ အချိန်တန်ရင် မင်းတို့ ဘာလုပ်ရမလဲဆိုတာ ကျုပ်ပြောပြမယ်..."
သေရည်ဆိုင်ပိုင်ရှင်က ကျန်းလန်ကို ပြောလိုက်သည်။
"မင်းတို့... ဟုတ်လား..."
သူ့အပြင် အခြား မည်သူ့ကို အလုပ်ခန့်ထားသေးပါသနည်း…။ ကျန်းလန် သိချင်သွားမိသည်။
စမ်းသပ်မှုကို အောင်မြင်သူက သူတစ်ယောက်တည်း မဟုတ်ဘူးလား...။
ဆိုင်ရှင်အဘိုးအိုက နောက်ထပ်လူတစ်ယောက်ကို ထပ်မံ ရွေးခြယ်လိုက်သည်လား…။
"ကျုပ်က အစကတည်းက လူနှစ်ယောက် ရှာနေတာလေ..."
အဘိုးအိုက ပုံမှန်လေသံဖြင့်ပြောလိုက်သည်။
ကျန်းလန် ထပ်ပြီး မေးမြန်းခြင်း မပြုတော့ပေ။
ထို့နောက်… ဆရာဖြစ်သူကို သေရည်ဖြင့် ဂါရဝပြုရန် သတိရသွားပြီး…
"အဘိုး... အကောင်းစားသေရည် တစ်အိုးလောက်ရဦးမလား..."
"ဒုန်း..."
သေရည်ဆိုင်ရှင်က သေရည်အိုးငယ်တစ်လုံးကို စားပွဲပေါ်ချလိုက်သည်။
ထို့နောက်… သေရည်အိုးကို ကျန်းလန်ရှေ့သို့ တိုးပေးလိုက်ရင်း…
"ဒါကို မင်းအတွက် ကြိုတင်ထုတ်ပေးလိုက်တဲ့ လုပ်အားခအဖြစ် သတ်မှတ်လိုက်…"
"ကောင်းပါပြီ..."
ကျန်းလန်က သေရည်အိုးကိုယူလိုက်ပြီး ပြန်ရန် ဟန်ပြင်လိုက်သည်။
မပြန်ခင်… ခါတိုင်းတွေ့နေကျ ကလေးငယ်ကို တွေ့ရမည်လားဟု တစ်ချက်အကဲခတ်ကြည့်လိုက်သည်။ သို့သော်… ကလေးငယ်ကို တွေ့ရခြင်း မရှိပေ။
ထို့ကြောင့်… သူ့ကို မြေပဲထုပ်လက်ဆောင်ပေးမည့်သူ မရှိတော့ပေ။
ကောင်လေး မည်သည့်နေရာရောက်ရှိသွားသည်လဲ ကျန်းလန် မသိရှိပေ။
တာအိုလက်တွဲဖော်နှင့်ပတ်သက်သည့်မေးခွန်းကို ကျန်းလန်ကို နောက်ဆုံး မေးမြန်းခဲ့ပြီးနောက် ယခုကဲ့သို့ ပျောက်ကွယ်သွားခြင်း ဖြစ်၏။
ထို့နောက်… ကျန်းလန် သေရည်ဆိုင်မှ ထွက်ခွာလာခဲ့သည်။
သေရည်ဆိုင်ပိုင်ရှင်က ကျန်းလန်ထွက်ခွာသွားသည်ကိုကြည့်ရင်း ခံစားချင်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဟိုကောင်လေးတော့ နဝမတောင်ထွတ်ကတပည့်ကို ဘယ်လိုမှ အမီလိုက်နိုင်မှာ မဟုတ်ဘူး… ၊ အမှန်အတိုင်းသာ သိသွားလို့ကတော့ကွာ ဟိုကောင် အော်ငိုမလားတောင် မသိဘူး…"
အဘိုးအိုက ထိုသို့တွေးလိုက်သည့်တိုင် သူ၏ မျက်ဝန်းများတွင်တော့ ပြုံးရိပ်လွှမ်းလျှက် ရှိလေသည်။
............
ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။
သူက ဆရာဖြစ်သူကို ဂါရဝပြုရန်အတွက် နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။
သူက တောင်အောက်မဆင်းသည်မှာ ကြာပြီဖြစ်လေရာ ဆရာဖြစ်သူကို သေရည်ဖြင့် ဂါရဝမပြုရသည်မှာလည်း ကြာပြီ ဖြစ်၏။
သူက အပြင်ထွက်တိုင်း ဆရာဖြစ်သူအတွက် အမြဲတမ်း လက်ဆောင်ဝယ်ပေးချင်မိသည်။
ဆရာဖြစ်သူတွင် ပြဿနာတစ်စုံတစ်ခုရှိလျှင်လည်း သူက တတ်နိုင်သည့်ဘက်က ကူညီဖြေရှင်းပေးချင်မိသည်။
တကယ်တော့… သူက ဆရာဖြစ်သူကို စိတ်ချမ်းသာစေချင်လေသည်။
မကြာမီ... နဝမတောင်ထွတ်အစွန်းသို့ ကျန်းလန် ရောက်ရှိလာသည်။
မော့ကျန်းသုန့်က အရင်ကအတိုင်းပင် တောင်အစွန်းတွင် မတ်တတ်ရပ်လျှက် ရှိ၏။
"ဆရာ..."
ကျန်းလန်က ဆရာဖြစ်သူကို နှုတ်ဆက်လိုက်သည်။
ထို့နောက်… သေရည်အိုးငယ်ကို ဆရာဖြစ်သူထံ ကမ်းပေးလိုက်ရင်း…
"ဆရာ့ကို တပည့်ဂါရဝပြုတာပါ…"
မော့ကျန်းသုန့်က သေရည်အိုးငယ်ကို ကြည့်လိုက်ရင်း...
"ဘယ်လိုလဲ… မင်း သေရည်ဆိုင်မှာ အလုပ်ရခဲ့တယ် မဟုတ်လား…"
သူက အမြဲတမ်း တပည့်ဖြစ်သူအပေါ် ယုံကြည်သူ ဖြစ်သည်။
"ဟုတ်ကဲ့..."
ကျန်းလန်က ပြန်ဖြေလိုက်သည်။
အခြားအကြောင်းမရှိတော့လျှင် ကျန်းလန်က မရဏဂူသို့ပြန်ကာ ကျင့်ကြံခြင်း ပြုလုပ်ချင်နေပြီ ဖြစ်သည်။
ယနေ့… သေရည်ဆိုင်တွင် ဉာဏ်အလင်းပွင့်သွားခြင်းက သူ့ကို များစွာသောအကျိုးကျေးဇူးရရှိစေခဲ့သည်။ ထို့ကြောင့်… အလျှင်အမြန်ပြန်ကာကျင့်ကြံလိုခြင်း ဖြစ်သည်။
ထို့ပြင်... ယနေ့ စနစ်တွင်လည်း မှတ်ပုံမတင်ရသေးလေရာ မရဏဂူသို့ပြန်ပြီး မှတ်ပုံတင်ချင်နေပြီ ဖြစ်သည်။
နဝမတောင်ထွတ်တစ်ခုလုံးတွင် မရဏဂူမှလွဲပြီး သူ နေ့စဉ်မှတ်ပုံတင်နိုင်သည့်နေရာ တစ်နေရာမှ မရှိပေ။
သို့သော်... မော့ကျန်းသုန့်က ကျန်းလန်ကို ထွက်ခွာသွားခွင့် မပြုခဲ့ပေ။
သူက…
"ဆရာ မင်းကို ပြောစရာရှိတယ်..."
"ဘာကိစ္စများလဲ ဆရာ..."
ဆရာဖြစ်သူ၏ မျက်နှာက တည်ကြည်လေးနက်နေကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
ယခုပြောမည့်ကိစ္စက ပေါ့သေးသေးကိစ္စတော့ မဖြစ်နိုင်ပေ။
နဂါးမျိုးနွယ်တွေနဲ့များ ပတ်သက်နေလေသလား…။
ထိုအတွေးကို ကျန်းလန် ရုတ်တရက် တွေးလိုက်မိသည်။ နဂါးမျိုးနွယ်များ ရောက်လာသည့်အကြောင်းကို ဆရာဖြစ်သူက သူ့ကို ပြောချင်ဟန် ရှိလေသည်။
မော့ကျန်းသုန့်က…
"ဒီနေ့ နဂါးမျိုးနွယ်တွေဘက်က ကိုယ်စားလှယ်တစ်ယောက်ရောက်လာတယ်… ၊ သူတို့ဘက်က တောင်းဆိုမှု အချို့ ပြုလုပ်တယ်ပေါ့… ၊ နဂါးမျိုးနွယ်တွေဆိုတာက ပျက်သုဉ်းတစပြင်လောကကြီးက ပင်လယ် (၄)ခုကို အုပ်ဆိုးတဲ့ စွမ်းအားကြီးမားသူတွေပဲ… ၊ သူတို့ရဲ့ တန်ခိုးစွမ်းအားတွေကလည်း အရမ်းနက်နဲလွန်းတယ်…"
ခဏနားပြီးမှ မော့ကျန်းသုန့်က ဆက်ပြောသည်။
"အရွယ်ရောက်ပြီးတဲ့ နဂါးတိုင်းက လူသားနတ်ဘုရားတစ်ပါးနဲ့ အဆင့်တူညီတယ်… ဒီတော့ သူတို့ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ မင်းစဉ်းစားသာ ကြည့်တော့… ၊ အင်း… ပြီးတော့… ကျုပ်တို့ခွန်လွန်တောင်ကလည်း နဂါးမျိုးနွယ်တွေနဲ့ ဆက်နွယ်မှုအချို့ ရှိတယ်လေ…"
မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်လိုက်ရင်း…
"ဒီနေ့ နဂါးမျိုးနွယ်က ကိုယ်စားလှယ်နဲ့ ဆရာတို့ ခွန်လွန်တောင်ဘက်က တောင်သခင်တွေ အငြင်းပွားမှု နည်းနည်းပါးပါး ဖြစ်ခဲ့ကြပေမယ့်… အခုတော့ အဆင်ပြေသွားကြပါပြီ…"
နဂါးမျိုးနွယ်တွေနဲ့ ခွန်လွန်တောင်ကြားက ဆက်နွယ်မှုတွေ… တဲ့…။
ကျန်းလန် ပဟေဠိဖြစ်သွားသည်။
ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်များက မည်သို့သော မဟာမိတ်ဆက်နွယ်မှုမျိုး ရှိနေပါသနည်း။
ထို့နောက်... သူ… လုန်ယွိအကြောင်း စဉ်းစားလိုက်မိသည်။ လုန်ယွိက နဂါးမျိုးနွယ်ဖြစ်လေသည်။
ဤသည်က… ထူးခြားသည့်အခြေအနေတစ်ခုပင် ဖြစ်သည်။
ပိုပြီးထူးခြားသည်မှာ လုန်ယွိက ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်လာခြင်းပင် ဖြစ်သည်။ ဤအကြောင်းက ခွန်လွန်တာင်နှင့် နဂါးမျိုးနွယ်များအကြား ပြဿနာ ရှိလာနိုင်လေသည်။
ခွန်လွန်တောင်တွင် ကျောက်စိမ်းရေကန်နတ်ဘုရားမ ထွက်ပေါ်မလာသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယခု… ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်သူက နဂါးမျိုးနွယ်တစ်ယောက် ဖြစ်နေခဲ့သည်။
ထို့ကြောင့်… နဂါးမျိုးနွယ်များဘက်က အကျိုးအမြတ်ရယူလိုသည့်အနေဖြင့် ခွန်လွန်တောင်ကို တပည့်များ ထပ်မံပို့ဆောင်လိုခြင်းများလား…။
သို့တည်းမဟုတ်… နဂါးမျိုးနွယ်တစ်ယောက်က ခွန်လွန်တောင်တွင် ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်လာသည့်အတွက် နဂါးမျိုးနွယ်များက တစ်စုံတစ်ခု တောင်းဆိုမှု ပြုလုပ်လိုခြင်းများလား…။
ကျန်းလန် အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်သည်။ သူ့ခန့်မှန်းချက် မှားသည်လား မှန်သည်လားတော့ ကျန်းလန်လည်း မသိရှိပေ။
ဘာပဲဖြစ်ဖြစ်… ဤပြဿနာက သူနှင့်တော့ မသက်ဆိုင်ဘူး မဟုတ်လား…။
နောက်တစ်ချက် စဉ်းစားမိသည်မှာ… အရင်တုန်းက သူက လုန်ယွိကို ကူညီပေးခဲ့ဖူးသည်။
ယခု… ခွန်လွန်တာင်နှင့် နဂါးမျိုးနွယ် ပြဿနာတက်ကြသည့်အခါ နဂါးမျိုးနွယ်ကို ကူညီပေးခဲ့သည့်အတွက် ခွန်လွန်တောင်က သူ့ကိုများ အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်လေသလား…။
နောက်ဆုံးတော့… ကျန်းလန် စိတ်ထဲတွင် လိပ်ခဲတည်းလည်း အဖြစ်မခံတော့ပေ။
ပွင့်ပွင့်လင်းလင်းပင် ဖွင့်မေးရန် ဆုံးဖြတ်လိုက်သည်။ သူက စိတ်မပူပန်ရဘဲ အေးအေးဆေးဆေး နေချင်သူ ဖြစ်သည်။
"ဆရာ… အဲဒီကိစ္စက ကျွန်တော်နဲ့ ဘယ်လိုများပတ်သက်နေလဲ…"
ကျန်းလန်မေးသည့် မေးခွန်းကို မော့ကျန်းသုန့်က ပြန်မဖြေပေ။
ထိုအစား… မဆီမဆိုင်မေးခွန်းတစ်ခုကို မေးလိုက်၏။
"မင်း တောင်ပေါ်ရောက်တာ ဘယ်လောက်ကြပြီလဲ…"
"နှစ်ပေါင်း (၁၄၀)လောက်တော့ ရှိပြီလေ… ဆရာ…"
"နှစ်ပေါင်း (၁၄၀)… အင်း… နည်းနည်းတော့ ငယ်နေသေးတယ်… ၊ ဒါပေမဲ့ လူအသက်နဲ့မတွက်ဘဲ ကျင့်ကြံသူအသက်နဲ့တွက်မယ်ဆိုရင် အရွယ်ရောက်ပြီလို့တော့ ပြောလို့ရတယ်… ၊ မင်း တာအိုလက်တွဲဖော်ရှာဖို့များ မစဉ်းစားမိဘူးလား…"
"တစ်ခါမှတောင် မစဉ်းစားမိဘူး…"
ဆရာဖြစ်သူက ရုတ်တရက် ဤသို့သောမေးခွန်းမျိုး အဘယ့်ကြောင့် မေးရပါသနည်း။
ကျန်းလန် နားမလည်နိုင်ဖြစ်သွားမိသည်။
သို့သော်… တာအိုလက်တွဲဖော်ရှာဖွေရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးသည်မှာ အမှန်ပင် ဖြစ်၏။
သူက နဝမတောင်ထွတ်တွင် နေထိုင်သူ ဖြစ်သည်။ နဝမတောင်ထွတ်ဆိုသည်က သာမန်ကျင့်ကြံသူများ နေထိုင်နိုင်သည့် နေရာတစ်ခု မဟုတ်ပေ။
တာအိုလက်တွဲဖော်ရှာမိလျှင် သူနှင့်အတူ နဝမတာင်ထွတ်တွင် လိုက်နေနိုင်မည့်သူ ရှိနိုင်မည် မဟုတ်ပေ။
ထို့ပြင်… သူက အင်မော်တယ်တစ်ပါးဖြစ်ချင်လေသည်။
တာအိုလက်တွဲဖော်ရှာဖွေမိပါက သူ့အတွက် သေချာပေါက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပေလိမ့်မည်။
အနာဂတ်တွင်တော့… တာအိုလက်တွဲဖော်ရှိလာမည်လား မပြောနိုင်ပေ။
သို့သော်… အနာဂတ်တွင်လည်း မျှော်လင့်ချက်သိပ်မရှိပေ။ အဘယ်ကြောင့်ဆိုသော်… ခွန်လွန်တောင်မှ တောင်သခင်အများစုက လူပျိုလူလွတ်များသာ ဖြစ်ကြသည်။
သူ့ဆရာ မော့ကျန်းသုန့်သည်လည်း တာအိုလက်တွဲဖော်မရှိသည့် ဂေါ်မစွံကြီးသာ ဖြစ်သည်။
ကျန်းလန်၏ ရည်မှန်းချက်က ခွန်လွန်တောင်မှ တောင်သခင်များအားလုံးကို ကျော်တက်ပြီး ခွန်လွန်တောင်တွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လိုခြင်းပင်…။
ထိုမျှမက… ပျက်သုဉ်းတစပြင်လောကကြီးတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်ချင်မိသည်။
ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာရန်မှလွဲပြီးသူ့တွင် အခြား ရည်မှန်းချက်မရှိပေ။
မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်လိုက်ရင်း…
"တာအိုလက်တွဲဖော်လေး ဘာလေးများ မင်း… မလိုချင်ဘူးလား…"
"……………"
ကျန်းလန် တိတ်ဆိတ်သွားသည်။
ယခုအချိန်တွင် တာအိုလက်တွဲဖော်ရှာဖွေရန် တကယ်ပဲ မတွေးချင်သေးပေ။
သို့သော်… ဆရာက သူ့ဘဝအထီးကျန်မည်စိုးသောကြောင့် ဤစကားများပြောနေခြင်း မဟုတ်တန်ရာပေ။
"ဆရာ… ကျွန်တော့်ကို ဒီလိုပြောနေတာ… နဂါးမျိုးနွယ်တွေနဲ့များ ပတ်သက်နေသလား…"
ဤမေးခွန်းက ကိုယ့်ကိုယ်ကိုယ် အထင်ရောက်လွန်းသည့် မေးခွန်းဖြစ်သော်လည်း ကျန်းလန် မေးမြန်းလိုက်မိသည်။
ဆရာဖြစ်သူက နဂါးမျိုးနွယ်များအကြောင်း ရုတ်တရက် ပြောပြလာပြီး ချက်ချင်းကြီး မဆီမဆိုင် တာအိုလက်တွဲဖော်အကြောင်း မေးမြန်းလာသည်။
ထို့ကြောင့်… ဤကိစ္စ (၂)ခုက သေချာပေါက် ဆက်စပ်နေမည်ဟု ကျန်းလန် တွေးလိုက်၏။
မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်လိုက်ပြီး…
"မင်းသိလား… နဂါးမျိုးနွယ်တွေရဲ့ ကိုယ်စားလှယ်ရောက်လာပြီး အခု ခွန်လွန်တောင်နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေကြတယ်… ၊ ညှိနှိုင်းမှုတွေပြီးသွားရင် အားလုံးကို မင်းသိခွင့်ရမယ်ဆိုပေမယ့်… လောလောဆယ်မှာ ဆရာကလည်း မင်းသိသင့်တာလေးတွေ ပြောပြထားဖို့ ရှိနေတယ်…"
မော့ကျန်းသုန့်က ခဏနားပြီးမှ စကားဆက်ပြောလိုက်သည်။
"နေမဝင်ခင် တောင်သခင် (၃)ပါးနဲ့ နဂါးမျိုးနွယ်ကကိုယ်စားလှယ်တို့ရဲ့ ဆွေးနွေးပွဲ ပြီးဆုံးသွားလိမ့်မယ်… ၊ ပြီးရင်တော့… မင်းနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ စေ့စပ်ပွဲပြုလုပ်ရလိမ့်မယ်…"
ကျန်းလန် အံ့သြလွန်းသဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားရသည်။
စိတ်စွမ်းအားကောင်းလွန်းသူတစ်ယောက် ဖြစ်သည့်တိုင် ဤသတင်းကိုကြားလိုက်ရသည့်အခါ များစွာ တုန်လှုပ်သွားမိလေတော့၏။
ကျန်းလန် ငြင်းဆန်ရန်အတွက် ပါးစပ်ကို ဟလိုက်သည်။
သို့သော်… စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။
နောက်ဆုံးတော့… ကျန်းလန် ခေါင်းကိုငုံ့လိုက်ရင်း…
"ဟုတ်ကဲ့… ဆရာ…"
ဟုသာ ပြောလိုက်လေတော့၏။
ချစ်ကြည်ရေးထိမ်းမြားမင်္ဂလာပွဲ…
ထိုစကားလုံးကို ကျန်းလန် စဉ်းစားလိုက်မိသောကြောင့် ဖြစ်သည်။
ခွန်လွန်တောင်က အခြားမျိုးနွယ်စုများနှင့် ချစ်ကြည်ရေးထိမ်းမြားမင်္ဂလာပွဲ ပြုလုပ်လိမ့်မည်ဟု သူ တစ်ခါမှ တွေးမထားခဲ့ဖူးပေ။
ယခုတော့… ချစ်ကြည်ရေးထိမ်းမြားမင်္ဂလာပွဲအတွက် သူက စတေးခံ ဖြစ်ရလေပြီ…။
သူ ငြင်းပယ်နိုင်မည်တဲ့လား…
ပုံမှန်ဆိုလျှင်တော့ သူ ငြင်းပယ်မိမည် ဖြစ်လေ၏။