ဘိုးဘေးအဆင့်
Vol. 98 Ch. 1456
ထိုနတ်နဂါး၏ အော်ရာသည် အရမ်းကို သန်မာအားကောင်းနေ၏။
လုံရန်နှင့် အခြားသူများထံမှပင် ဆူဇီမိုသည် ဤကဲ့သို့သော ဖိအားကို မခံစားရပေ။
တကယ်တော့... အဓိကအကြောင်းအရင်းမှာ လုံရန်သည် ဆူဇီမို၏ ရှေ့တွင် သူ၏အစစ်အမှန်နဂါးပုံစံကို မပြောင်းလဲခဲ့သောကြောင့်လည်း ဖြစ်နိုင်လေသည်။
သို့သော်လည်း သူ့ရှေ့ရှိ နတ်နဂါးက သူ၏ပကတိနဂါးသွင်ပြင်မှာရှိနေ၏။ ဆူဇီမိုသည် ထိုနတ်နဂါး၏ ကျင့်ကြံမှုအဆင့်ကို မပြောနိုင်ပေ။
သို့သော်လည်း ထိုနတ်နဂါးသည် အနည်းဆုံး ဘိုးဘေးအဆင့်မှာရှိမည်ဟု သူက ခန့်မှန်းမိ၏။
ထိုနတ်နဂါးက ဘယ်လောက်ကြာကြာ ရှင်သန်နေထိုင်ခဲ့ပြီလဲ သူမသိပေ။
နှစ်တစ်သောင်းလား...
နှစ်တစ်သိန်းလား...
ထိုထက်ပိုကြာတာလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ နဂါးများသည် လူသားမျိုးနွယ်ထက် များစွာသာလွန်သော ရှည်လျားသည့် ဘဝသက်တမ်းကို ပိုင်ဆိုင်ထားကြ၏။ ဘိုးဘေးအဆင့် နတ်နဂါးတစ်ကောင်အနေဖြင့် နှစ်ပေါင်းသိန်းချီ ရှင်သန်နေထိုင်နိုင်သည်မှာ သာမန်သာဖြစ်၏။
နတ်နဂါးသည် ရှေးကျသောအော်ရာတစ်ခုကို ဖြာထုတ်ပေးပြီး အလွန်တရာ ရှည်လျားသော မုတ်ဆိတ်မွေးများရှိလေသည်။
သို့သော်လည်း ဤနဂါးအိုကြီး ပေါ်ထွက်လာသည့်အချိန်မှာပင် လောကက တိတ်ဆိတ်ငြိမ်သက်သွား၏။
ပေတစ်ထောင်ကျော်ရှည်လျားသော နဂါးအိုကြီး၏ ခန္ဓာကိုယ်သည် မြေကြီးထဲကနေ ရုန်းထွက်လာပြီး အပေါ်သို့နွယ်တက်ကာ ပဟေဠိနန်းတော်ရှေ့ရှိ ကျင့်ကြံသူများကို တောက်လောင်နေသော အကြည့်နှင့်အတူ စောင့်ကြည့်နေ၏။
ထိုအကြည့်သည် ပုရွက်ဆိတ်တစ်အုပ်စုကို ကြည့်နေခြင်းနှင့် တူလေသည်။
အဲ့ဒါထက် ဤနဂါးအိုကြီးက အသက်ပြင်းပြင်းရှုထုတ်လိုက်မည်ဆိုလျှင်တောင် ပဟေဠိနန်းတော်ရှေ့ရှိ ကျင့်ကြံသူများအားလုံးသည် ပြာအဖြစ်ပြောင်းလဲသွားပေလိမ့်မည်။
လူတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
အဆူရာယန်ပေးချန်ပင်လျှင် နဂါးအိုကြီး၏ ဖိအားအောက်၌ ရွေးချယ်စရာမရှိတော့ပေ။ သူသည် နဂါးအိုကြီး၏ သိပ်သည်းပြင်းထန်သော စွမ်းပကားကို ခုခံရင်း သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေ၏။
ပဟေဠိနန်းတော်ဝန်းကျင်တွင် ဘိုးဘေးအဆင့်နတ်နဂါးတစ်ကောင်က အိမ်မောကျနေလိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း။
သူက ပဟေဠိနန်းတော်၏ လျှို့ဝှက်အစောင့်အရှောက်တောကောင်ဖြစ်လေသည်။
အဲ့ဒါသည် ပဟေဠိနန်းတော်၏ အခြေခံအုတ်မြစ်လည်းဖြစ်၏။
လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါသည် ပထမဆုံး ခံစစ်စည်းတစ်ခုမျှသာဖြစ်၏။
ဒုတိယခံစစ်စည်းသည် ဘိုးဘေးအဆင့် ဤနဂါးအိုကြီးဖြစ်လေသည်။
ရုတ်တရက် ဆူဇီမိုသည် မြောက်ပိုင်းဒေသ၏ နဂါးအရိုးတောင်ကြားမှာ လင်းရွှမ်ကျီနှင့် တွေ့ကြုံဖြတ်ကျော်ခဲ့ပုံကို ပြန်လည်အမှတ်ရလိုက်၏။
ယခု... ထိုအကြောင်းကို ပြန်တွေးကြည့်သောအခါ လင်းရွှမ်ကျီသည် နဂါးအရိုးတောင်ကြားသို့ ရောက်ရှိလာသည်မှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်နိုင်ပေ။
ဆူဇီမို၏ အစစ်အမှန်ခန္ဓာများထဲမှ တစ်ခုသည် နဂါးမျိုးနွယ်ကြားတွင် ရောက်ရှိနေ၏။
သူသည် နဂါးမျိုးနွယ်၏ စိတ်နေစရိုက်ကို ကောင်းကောင်းသိထားလေသည်။
နဂါးများက ဂုဏ်ယူဝံ့ကြွားသော မာန်မာနရှိကြ၏။ ဘိုးဘေးအဆင့် နတ်နဂါးတစ်ကောင်က ဤနေရာကို စိတ်လိုလက်ရ စောင့်ရှောက်ပေးနေစေဖို့အတွက် အတိတ်ကာလတုန်းက ပဟေဠိနန်းတော်ကနေ ဘယ်လိုအံ့မခန်းပုဂ္ဂိုလ်တစ်ယောက်ကို မွေးထုတ်ပေးခဲ့သလဲ ဆူဇီမို မသိရှိပေ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသာ ဤနေရာမှာရှိနေမည်ဆိုလျှင် လက်ရှိအခြေအနေက ကိစ္စကြီးတစ်ရပ် မဟုတ်နိုင်တော့ပေ။
ဤနဂါးအိုကြီးကို ပဟေဠိနန်းတော်က ပိုင်ဆိုင်သည်ဆိုလျှင်တောင် သူသည် နောက်ဆုံးမှ နဂါးတစ်ကောင်သာဖြစ်ပြီး မည်သို့ပင်ဆိုစေ တဗူးနဂါးဖီးနစ်ကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကတော့ ကွဲပြားခြားနားလေသည်။
ဘိုးဘေးအဆင့် နဂါးအိုကြီး၏ မျက်လုံးထဲတွင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အခြားပုရွက်ဆိတ်များနှင့် ကွာခြားမှုမရှိပေ။
“မင်းတို့က ငါ့ကိုဘာလို့ နှိုးလိုက်တာလဲ”
နဂါးအိုကြီး၏ အသံက ထွက်ပေါ်လာပြီး ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးမှာ ပျံ့နှံ့သွားကာ လူတိုင်းကို တုန်လှုပ်သွားစေ၏။
“စီနီယာနတ်နဂါး... ကျုပ်တို့ရဲ့ဂိုဏ်းက မဟာရန်သူတော်တစ်ယောက်နဲ့ ရင်ဆိုင်နေရတယ်... ကျေးဇူးပြုပြီး သူတို့လေးယောက်ကို သတ်ပေးပါ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက နတ်နဂါးကြီးအပေါ် ရိုသေလေးစား၍ ယဥ်ကျေးမှုရှိလေသည်။ ဦးညွှတ်ပြီးနောက် သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဟမ့်...”
နဂါးအိုကြီးက အေးစက်စွာနှာတစ်ချက်မှုတ်ပြီး နေရာတစ်ခုလုံးကို တုန်ခါသွားစေ၏။
“ပဟေဠိနန်းတော်က တကယ့်ကို အခြေအနေဆိုးဝါးလာတာပဲ... ပေါင်းစည်းခန္ဓာအဆင့် ကောင်စုတ်လေး လေးကောင် ရောက်လာတာနဲ့တင် မင်းတို့က လုံးဝကူကယ်ရာ မဲ့နေရပြီလား”
နဂါးအိုကြီးက စကားပြောရင်း သူ၏ နဂါးလက်သည်းကိုဆန့်ထုတ်ကာ ဆူဇီမိုတို့လေးယောက်အုပ်စုကို ဖမ်းဆွဲလိုက်၏။
နဂါးလက်သည်းက အပေါ်ကနေ အုပ်မိုးလာပြီး ၎င်း၏ ထက်ရှသော လက်သည်းချွန်များက ဆူဇီမိုတို့လေးယောက်အုပ်စု၏ ဦးခေါင်းများကို အမှားအယွင်းမရှိ ချိန်ရွယ်လိုက်၏။
ကြောက်စရာကောင်းသောအချက်မှာ ဆူဇီမိုလေးယောက်အုပ်စုသည် နဂါးလက်သည်း၏ လွှမ်းခြုံမှုအောက်တွင် လုံးဝလှုပ်ရှားနိုင်ခြင်း မရှိကြတော့ပေ။ သူတို့သည် မမြင်ရသောအားတစ်ခုဖြင့် ချုပ်နှောင်ခံထားရသည့်အလားပင်။
ဤနဂါးအိုကြီးက အရမ်းကိုသန်မာလေသည်။
သူ၏ အသက်အရွယ်၌ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ မရေမတွက်နိုင်သော အပြောင်းအလဲများနှင့် သွေးလွှမ်းတိုက်ပွဲများကို တွေ့မြင်ခဲ့ဖူးလေသည်။
ဆူဇီမိုတို့လေးယောက်အုပ်စုကို သတ်ဖြတ်ရခြင်းက ပုရွက်ဆိတ်လေးကောင်ကို ဖိချေရခြင်းကဲ့သို့ ရိုးရှင်းလေသည်။
လေထဲတွင်...
ယန်ပေးချန်၏ မျက်လုံးများသည် အဆုံးမဲ့သော မုန်းတီးမှုများဖြင့် ပြည့်နှက်နေ၏။
သူက မကျေမချမ်းဖြစ်နေလေသည်။
ကောင်းကင်ဘုံလျို့ဝှက်ချက်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက ခိုတွဲလာ၏။
ယန်ပေးချန်က ပို၍စိတ်တိုဒေါသထွက်လေလေ သူက ပို၍ကျေနပ်ရလေလေဖြစ်၏။
“အဆူရာ... မင်းရှုံးသွားပြီ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ညင်သာစွာ ပြုံး၍ ခေါင်းဖြတ်သည့် လက်ဟန်အမူအရာတစ်ခု ပြုလုပ်ပြလိုက်၏။
“ကောင်းကင်ဘုံ.. လျှို့ဝှက်ချက်”
ယန်ပေးချန်သည် ဒေါသူပုန်ထနေသော အမူအရာတစ်ခုရှိပြီး သူ၏ခန္ဓာကိုယ်က တုန်ယင်နေ၏။
အမုန်းမိစ္တာဆေဘာက တဇီဇီအော်မြည်၍ တုန်ခါလာသော်လည်း သူသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အချုပ်အနှောင်ကနေ ရုန်းထွက်လာနိုင်ခြင်း မရှိပေ။
ရုတ်တရက်ဆိုသလို...
နဂါးလက်သည်းသည် လေထဲမှာ ရပ်တန့်သွားပြီး ဆက်လက်၍ ကျဆင်းမလာတော့ပေ။
နဂါးအိုကြီး၏ မျက်လုံးထဲတွင် တွေဝေရှုပ်ထွေးမှုအရိပ်အယောင်တစ်ခု ဖြတ်သန်းလာပြီး သူက မျက်မှောင်အနည်းငယ်ကြုတ်ကာ တွေဝေတုံ့ဆိုင်းနေ၏။
အဲ့ဒီနောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီနှင့် အခြားသူများ၏ အကြည့်အောက်မှာပင် နဂါးအိုကြီးက သူ၏နဂါးလက်သည်းကို ဖြည်းဖြည်းချင်း ရုပ်သိမ်းလိုက်၏။
ဆူဇီမိုတို့လေးယောက်အပေါ်ရှိ အချုပ်အနှောင်များကလည်း တဖြည်းဖြည်းပျက်ပြယ်သွား၏။
“ဟမ်...”
ဆူဇီမိုက စိတ်ထဲကနေ တွေးဆလိုက်၏။
ဤနဂါးအိုကြီး၏စိတ်ကို ပြောင်းလဲစေဖို့အတွက် ထိုအချိန်တိုအတွင်း ဘာဖြစ်ခဲ့သလဲ သူမရှိပေ။
“စီနီယာ နတ်နဂါး... ဘာများဖြစ်လို့လဲ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီက အလောတကြီးပြောလိုက်၏။
“သူတို့လေးယောက်က ပဟေဠိနန်းတော်ထဲကို အတင်းဝင်ရောက်လာပြီး ဂိတ်တံခါးကျောက်စာတိုင်ကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်... ပဟေဠိနန်းတော်က စွမ်းအားကြီးပုဂ္ဂိုလ်အချို့ကို သတ်ဖြတ်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေကိုလည်း အပြင်းအထန် ဒဏ်ရာရရှိစေခဲ့တယ်... နတ်နဂါး ကျေးဇူးပြုပြီး သူတို့လေးယောက်ကို သတ်ပေးပါ”
“ဒီကိစ္စမှာ ငါထပ်ပြီး ဝင်ပါမှာ မဟုတ်တော့ဘူး”
နဂါးအိုကြီးက မရေမရာပြောဆို၍ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လိုက်၏။ သူ၏နဂါးမျက်လုံးများကိုမှိတ်ပြီး လှုပ်ရှားမှုမရှိပဲ ငြိမ်သက်သွား၏။
“နတ်နဂါး.... ခင်ဗျားဘာလို့ ဒီလိုလုပ်ရတာလဲ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက ပူပန်ကြောင့်ကြနေပြီး ညည်းတွားပြောဆိုလိုက်၏။
နဂါးအိုကြီးက သူ၏မျက်လုံးများကိုပင် ဖွင့်မကြည့်ပဲ ဂရုမထားဟန်ဖြင့် ပြောလိုက်၏။
“မင်းငါ့ကို စကားဆက်ပြောနေမယ်ဆိုရင်... မင်းကိုငါ အရင်ဆုံးဝါးမျိုလိုက်မယ်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက တုန်လှုပ်သွား၏။
ဤနဂါးအိုကြီးသည် ပဟေဠိနန်းတော်၏ လျှို့ဝှက်အစောင့်အရှောက် ဂမ္ဘီရတောကောင်ဖြစ်သော်လည်း သူ့ကို ဂိုဏ်းစည်းမျဥ်းစည်းကမ်းများဖြင့် ကန့်သတ်ထားခြင်း မရှိပေ။
နဂါးအိုကြီးက သူ့ကို အရှင်လတ်လတ်ဝါးမျိုလာမည်ဆိုလျှင် သူလုပ်နိုင်တာ ဘာမှမရှိပေ။
အခြားသူများကို မပြောနှင့် ပဟေဠိနန်းတော်၏ နန်းတော်အရှင်ပင်လျှင် ဖြစ်ပျက်နေသည့်အရာများကို နားမလည်နိုင်ပေ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်ကသာလျှင် အတွေးနက်စွာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
နဂါးအိုကြီးသည် မြေပြင်ပေါ်မှာ ဝပ်တွား၍ သူ၏ခေါင်းကို ရုတ်တရက်ခါလိုက်၏။ လေစီးကြောင်းတစ်ခုက သူ၏နှာခေါင်းပေါက်ကနေ လျှံထွက်လာပြီး ဖုန်မှုန့်များကို တထောင်းထောင်းထသွားစေ၏။
နဂါးအိုကြီး၏ လည်ဆံမွေးများကြားတွင် ပုန်းရှောင်နေသော ခိုးချောင်ခိုးဝှက်လူသုံးယောက်သည် လွင့်စင်ထွက်လုနီးပါးဖြစ်သွားသည်ကို မည်သူကမှ သတိမထားမိခဲ့ကြပေ။
သူတို့သုံးယောက်သည် နဂါးအိုကြီး၏ မုတ်ဆိတ်တစ်မျှင်လောက်ပင် တုတ်ခိုင်မှုမရှိပဲ သူတို့ပုန်းကွယ်နေကြသည်ကို မည်သူကမှ သတိမထားမိခဲ့ကြပေ။
သူတို့သုံးယောက်သည် မြေအောက်ကနေ လွတ်မြောက်လာခဲ့သော လင်းရွှမ်ကျီ ၊ ဖက်တီးလေးနှင့် ရှစ်ကျန့်တို့ ဖြစ်ကြ၏။
“ကျေးဇူးတင်ပါတယ်... စီနီယာနတ်နဂါး”
လင်းရွှမ်ကျီက တီးတိုးပြောဆိုလိုက်၏။
နတ်နဂါးကြီးက တုံ့ပြန်သည့်အနေဖြင့် နှာတစ်ချက်မှုတ်လိုက်၏။
နဂါးအိုကြီးသည် စောစောက အချိန်မီရပ်တန့်ခဲ့သည့်အကြောင်းရင်းမှာ လင်းရွှမ်ကျီ၏ ဖျောင်းဖျပြောဆိုမှုကြောင့်ဖြစ်၏။
ပဟေဠိနန်းတော်တွင် ဤနဂါးအိုကြီးနှင့် သိကျွမ်းသော ကျင့်ကြံသူဆယ်ယောက်ထက်ပိုမရှိပဲ လင်းရွှမ်ကျီက သူတို့ထဲမှတစ်ယောက်ဖြစ်၏။
“လင်းရွှမ်ကျီ... ခင်ဗျားက တကယ့်ဆရာကြီးပဲ”
ဖက်တီးလေးက နဂါးအိုကြီး၏ မုတ်ဆိတ်မွေးကြားမှာ ပုန်းကွယ်ရင်း လိပ်ပြာလွင့်မတတ်ကြောက်လန့်နေ၏။ ယခု... သူက တုန်လှုပ်မှုကနေ နိုးထလာပြီး မနေနိုင်ပဲ ပြောလိုက်၏။
“ဒီနတ်နဂါးကြီးကို အကူအညီတောင်းပြီး အဲ့ဒီကလိမ်ကကျစ်ကောင် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို တိုက်ခိုက်သတ်ဖြတ်ခိုင်းလိုက်ပါလား”
“အဲ့ဒီကောင်းကင်ဘုံလျှို့ဝှက်ချက်က အမြဲတမ်းပြုံးစိစိနဲ့.. သူက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ ငါပြောနိုင်တယ်”
“မင်းမေကြီးကို သတ်ရမှာလား”
လင်းရွှမ်ကျီက မျက်လုံးစွေကြည့်လိုက်၏။
“စီနီယာနတ်နဂါးက ဒီကိစ္စမှာ ဝင်မပါတာနဲ့တင် ငါတို့ကို မျက်နှာသာကောင်းကောင်းပေးထားပြီးပြီ... သူက ပဟေဠိနန်းတော်က လူတစ်ယောက်ကို ဘယ်လိုလုပ်တိုက်ခိုက်နိုင်ပါ့မလဲ”
“အဲ့ဒါက ကောင်းကင်ဘုံလျှို့ဝှက်ချက်ပဲဆိုရင် တော်သေးတယ်... ဒီကိစ္စမှာ ထောက်ပံ့ပေးနေတဲ့ တခြားသူတွေပါသေးတယ်လို့ ငါထင်တယ်”
လင်းရွှမ်ကျီ၏ အကြည့်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းတို့ပေါ် ရောက်ရှိသွား၏။
“လက်ရှိအခြေအနေအရဆို ငါက အဖိုးကြီးကို ပြန်လှမ်းခေါ်ရတော့မှာပဲ... မဟုတ်ရင် ညီကိုဆူနဲ့ တခြားသူတွေက ဒီနေရာမှာ သေသွားရလိမ့်မယ်”
သူက ထပ်မံ၍ တီးတိုးရေရွတ်လိုက်၏။