← Chapters

မျိုးနွယ်စုခေါင်းဆောင်၏ ဦးညွှတ်မှု

Vol. 98 Ch. 1459

မျိုးနွယ်စုခေါင်းဆောင်၏ ဦးညွှတ်မှု

Vol. 98 Ch. 1459

လင်းရွှမ်ကျီ၏ မျက်ရည်များသည် ကမ္ဘာတုန်လောက်ပြီး အကြောင်းအရင်းမသိရှိသည့်သူများဆိုလျှင် ဆိုးဆိုးဝါးဝါးတစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်ဟု တွေးထင်မိကြပေလိမ့်မည်။

ပုံပြောအဖိုးအို၏ မျက်နှာက ညိုမည်းသွား၏။ လင်းရွှမ်ကျီ ရောက်ရှိလာသည့်အချိန်မှာပင် သူက သူ၏​ခြေထောက်ကိုမြှောက်ပြီး ထိုသူ၏ နောက်ကျောကို ကုန်ထုတ်လိုက်၏။

ဤပြုမူလှုပ်ရှားမှုသည် ပညာရှင်တစ်ယောက်၏ သွင်ပြင်ဟန်ပန်နည်းနည်းလေးမှ ရှိမနေပဲ စျေးထဲရှိမော်တယ်များကြား တိုက်ခိုက်နေခြင်းနှင့် တူလေသည်။

မည်သို့ပင်ဆိုစေ ပုံပြောအဖိုးအိုနှင့်ပတ်သက်ပြီး ထပ်မံ၍ထူးဆန်းတာ ဘာမှမရှိနိုင်တော့ပေ။

ထိုကန်ချက်က ဖက်တီးလေးနှင့် ရှစ်ကျန့်ကို တုန်လှုပ်သွားစေ၏။

“လခွမ်းပဲ”

လင်းရွှမ်ကျီက ထိုကန်ချက်ကြောင့် ဒယီးဒယိုင်ဖြစ်သွားပြီး လေထဲကနေ ပြုတ်ကျလုနီးပါးဖြစ်သွား၏။ သူက မကျေမနပ်ဖြင့် အော်ပြောလိုက်လေသည်။

“အဖိုးကြီး... ခင်ဗျားဘာလို့ ကျုပ်ကိုကန်တာလဲ”

ပုံပြောအဖိုးအိုက သူ၏နှုတ်ခမ်းကို စုဝိုင်းလိုက်၏။ သူက လင်းရွှမ်ကျီ၏ ညံ့ဖျင်းသော သရုပ်ဆောင်အတတ်ကို ရှင်းလင်းစွာမြင်နေရ၏။

ရှက်ကိုးရှက်ကန်းအမူအရာနှင့်ပင် လင်းရွှမ်ကျီက သူ့မျက်နှာပေါ်ရှိ မျက်ရည်စက်များကို သုတ်ပြီး ညင်သာစွာ ချောင်းဟန့်လိုက်၏။

“ဒီမျက်ရည်တွေက အတုအယောင်တွေဆိုပေမဲ့ ခင်ဗျားကို ကျုပ်တမ်းတနေတာက တကယ်ကိုကောင်းကင်နှင့် မြေကြီးအနက်ပိုင်းထဲထိ ဖြန့်ကြက်နိုင်လောက်တယ်”

“ဟွန့်...”

ပုံပြောအဖိုးအိုက လှောင်ရယ်၍ လင်းရွှမ်ကျီကို မျက်စောင်းတစ်ချက်ထိုးကာ အထင်သေးစွာဖြင့် ပြောလိုက်၏။

“မင်းရဲ့ ပုံစံကိုကြည့်ရတာ ဗေဒင်တွက်ကြည့်စရာတောင် မလိုဘူး... မင်းရဲ့ဆိုးဝါးတဲ့အခြေအနေက တခြားသူတွေရဲ့ ထောင်ဖမ်းတာကို ခံလိုက်ရလို့ဆိုတာ ငါ့ရဲ့ဖင်နဲ့စဥ်းစားကြည့်ရင်တောင် ပြောနိုင်တယ်”

ဖက်တီးလေးနှင့် ရှစ်ကျန့်သည် ဘေးကနေ ကြောင်အ,မှင်တက်သွားကြ၏။

“ဒီအဖိုးကြီးက စကားပြောတဲ့နေရာမှာ တကယ်ကို စည်းမရှိဘူးပဲ... လင်းရွှမ်ကျီထက်တောင် ပိုပြီးတော့အရှက်မဲ့သေးတယ်... သူက သူရဲ့ဦးနှောက်ကိုတောင် သူ့ရဲ့ဖင်နဲ့ နှိုင်းယှဥ်လိုက်သေးတယ်”

“လင်းရွှမ်ကျီ အကူအညီတောင်းလိုက်တာက ဒီအဖိုးကြီးလား... ငါတော့ အဲ့ဒါကိုဘယ်လိုပဲ ကြည့်ကြည့် သူကပညာရှင်တစ်ယောက်နဲ့ ဘယ်လိုမှ တူမနေဘူး”

သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ပြီး တိတ်တဆိတ် ရေရွတ်လိုက်ကြ၏။

“မင်းကိုယ်မင်း ကြည့်စမ်း”

ပုံပြောအဖိုးအိုက ကိစ္စများကို လွှတ်ချပေးလိုစိတ်မရှိပဲ ဆက်လက်၍ ဆူပူငေါက်ငမ်းလိုက်၏။

“မင်းက ငါသင်ပေးခဲ့တဲ့အရာတွေအကုန်လုံးကို မေ့ကုန်တာလား”

“မင်းဘာမှမသိတော့ဘူး... မင်းသိတာက မင်းအနိုင်ကျင့်ခံရမယ်ဆိုရင် ငါ့ကို ပြန်လာဖို့လှမ်းခေါ်မယ်... ပြီးရင် မင်းရဲ့အရှုပ်တွေကို ရှင်းခိုင်းမယ် ဒါပဲ... မင်းအစား ငါတောင်မှရှက်မိတယ်”

လင်းရွှမ်ကျီသည် ဘယ်လောက်ပင်အရေထူထူ သူသည် ပုံပြောအဖိုးအို၏ ဆုံးမဩဝါဒများကို ခံနိုင်ရည်မရှိတော့ပဲ သူ၏မျက်နှာက နီမြန်းလာခဲ့၏။

“အဖိုးကြီး... တော်ပါတော့ဗျာ”

လင်းရွှမ်ကျီ၏ လည်ပင်းပေါ်ရှိ သွေးကြောများက ဖောင်းပွလာပြီး သူက ငြင်းဆန်ပြောဆိုလိုက်လေသည်။

“ကျုပ်က နှစ်ပေါင်းများစွာ ချုပ်နှောင်ခံထားရတာတောင်မှ ခင်ဗျားကိုအကူညီတောင်းဖို့ စိတ်ကူးမရှိခဲ့ဘူး... ဒီကိစ္စက အရမ်းကိုအရေးကြီးနေလို့သာ မဟုတ်ရင် ကျုပ်က ခင်ဗျားကို ပြန်လှမ်းခေါ်နေမှာ မဟုတ်ဘူး”

“အို... ဘုရားရေ... မင်းငါ့ကို ဘယ်လိုတောင်ပြန်ပြောရဲနေတာလဲ”

သူသည် လင်းရွှမ်ကျီပြောသည့် အရေးကြီးသည်ဆိုသည့်ကိစ္စကို လျစ်လျူရှုထားပြီး ပုံပြောအဖိုးအိုက ဆက်လက်၍ လှောင်ပြောင်သရော်လိုက်၏။

“မင်းက... တခြားသူတွေရဲ့ထောင်ဖမ်းတာကို ခံရပြီး နှစ်ပေါင်းများစွာကြာအောင် ချုပ်နှောင်ခံခဲ့ရတာနဲ့တင် သေလောက်အောင်ရှက်ဖို့ကောင်းနေပြီ”

“သေစမ်းကွာ”

လင်းရွှမ်ကျီသည် မျက်စိပျက်မျက်နှာပျက်ဖြစ်လာပြီး သူက တွင်းတစ်တွင်းတူး၍ ဝင်ပုန်းချင်စိတ်သာ ရှိနေတော့လေသည်။ လက်ရှိ မည်သည့်ကျင့်ကြံသူကမှ ဝင်ရောက်ပြောဆိုရဲခြင်း မရှိပေ။

ဤအဖိုးအိုသည် ကြည့်ရသည်မှာ မည်သည့်အထင်ကြီးစရာမှ ရှိမနေပေ။

သို့သော်လည်း အဖိုးအိုပေါ်ထွက်လာပြီးနောက် သူသည် သာမန်ကာလျှံကာ နှာတစ်ချက်မှုတ်လိုက်ရုံဖြင့် မျိုးနွယ်စုခေါင်းဆောင်ချင်ချန်၏ တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးလိုက်သည်ကို လူတိုင်းက ရှင်းလင်းစွာမြင်တွေ့ခဲ့ရ၏။

ဒါ့အပြင် အဖိုးအိုသည် ပေါက်တတ်ကရစကားများကို ပြောဆိုနေသော်လည်း မျိုးနွယ်စုခေါင်းဆောင်ချင်ချန်သည် မည်သည့်တစ်စုံတစ်ရာကိုမှ ထုတ်ဖော်ပြသရဲခြင်းမရှိပေ။ ဤကဲ့သို့သော အခြေအနေမှာ ဝင်ရောက်ပြောဆိုရအောင် မည်သူကမှ မမိုက်မဲကြပေ။

အစကတော့ ပဟေဠိနန်းတော်ရှေ့မှာ တင်းမာသောအခြေအနေတစ်ခုရှိနေခဲ့၏။

ပုံပြောအဖိုးအိုပေါ်ထွက်လာပြီးနောက် သူသည် အဆက်မပြတ်စကားတွဲလုံးများဖြင့် လင်းရွှမ်ကျီကို ဆူပူငေါက်ငမ်းနေရင်း လေထဲရှိတင်းမာမှုက သိသိသာသာလျော့ကျသွား၏။

လင်းရွှမ်ကျီက မျက်မှောင်ကြုတ်၍ ဒေါသဖြင့် တဆတ်ဆတ်တုန်ယင်နေ၏။

သူသည် ယခုအချိန်မှာ ခွန်းတုံ့ပြန်ရဲခြင်းပင် မရှိတော့ပေ။

သူက စကားတစ်ခွန်းပြန်ပြောမည်ဆိုလျှင် ပုံပြောအဖိုးအိုထံမှ သူ့ကိုယ်ထိုးနှက်မည့် စကားဆယ်ခွန်းလောက် ပြန်လည်ထွက်ကျလာပေလိမ့်မည်။

နတ်ဆိုးမကျိက သူမ၏ပါးစပ်ကိုအုပ်ပြီး ရယ်မောနေ၏။ သူမက ဆက်လက်၍ မနေနိုင်တော့ပဲ ဝင်ပြောလိုက်လေသည်။

“စီနီယာ... ဒီမှာစောင့်ကြည့်နေတဲ့လူတွေ အများကြီးပဲရှိနေတယ်... ကျေးဇူးပြုပြီး သူ့ကိုမျက်နှာသာတချို့ ပေးလိုက်ပါဦး”

နတ်ဆိုးမကျိ၏ စကားလုံးများသည် လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းပေးရန် ပုံပြောအဖိုးအိုကို သတိပေးလိုက်ခြင်းလည်းဖြစ်၏။

“ဟမ့်...”

ပုံပြောအဖိုးအိုက နှာတစ်ချက်မှုတ်၍ ဝန်လေးစွာဖြင့် ပြောလိုက်၏။

“မူလတည်ထောင်သူသခင်မလင်းလုံရဲ့ အရိုက်အရာဆက်ခံသူက ဝင်ပြီးပြောပေးနေမှတော့ လောလောဆယ်ငါမင်းကို ခွင့်လွှတ်ပေးလိုက်မယ်”

“အို... ကျုပ်ရဲ့ချစ်လှစွာသော ကျေးဇူးရှင်ရယ်”

လင်းရွှမ်ကျီသည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသွားသည့်အလား ခံစားရ၏။

ဤတစ်ကြိမ်မှာတော့ သူ၏မျက်နှာပေါ်တွင် မျက်ရည်များက အမှန်တကယ်စီးကျလာခဲ့၏။ သူသည် နတ်ဆိုးမကျိထံသို့ ပြေးသွားပြီး သူမကို ဦးချချင်စိတ်ပင်ပေါက်နေ၏။

ဆူဇီမိုကလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ပြီးခဲ့သည့်အချိန်တိုအတွင်း သူ၏ဦးခေါင်းက တဆစ်ဆစ်နာကျင်ခဲ့၏။

“နှုတ်ဆက်ပါတယ်စီနီယာ... ကျုပ်က အထီးကျန်သိုင်းသခင်ပါ”

ဆူဇီမိုက ပုံပြောအဖိုးအိုရှေ့သို့ ကပျာကယာတက်လှမ်းပြီး ဦးညွှတ်လိုက်၏။

“ဟဲဟဲ... ငါတို့ထပ်တွေ့ကြပြန်ပြီ”

စောစောကတင် ပုံပြောအဖိုးအိုသည် လင်းရွှမ်ကျီအပေါ် အထင်အမြင်သေးသော အမူအရာတစ်ခုရှိနေခဲ့၏။ သို့သော်လည်း တစ်ခဏချင်းမှာပင် သူ၏အမူအရာကပြောင်းလဲသွားပြီး စိတ်လိုလက်ရရှိသော အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုကိုခေါင်းညိတ်ပြလိုက်၏။

ကျွိ... ကျွိ...

လင်းရွှမ်ကျီသည် သူ၏လက်သီးနှစ်ဖက်ကိုတင်းတင်းဆုပ်ပြီး သူ၏သွားများကိုကြိတ်နေ၏။

ဆူဇီမိုအပေါ် ပုံပြောအဖိုးအို၏ စိတ်နေသဘောထားသည် ပဟေဠိနန်းတော်မှ လူတိုင်းကို ရင်ထိတ်သွားစေ၏။

တစ်ပိုင်းမျိုးနွယ်စု ချန်ထျန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးသည် ပျက်ယွင်းသော အမူအရာများရှိလာပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို မသိမသာလှမ်းကြည့်လိုက်ကြ၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်က အမူအရာကင်းမဲ့နေ၏။

အဲ့ဒီနောက်... မျိုးနွယ်စုခေါင်းဆောင်ချင်ချန်သည် ပုံပြောအဖိုးအိုရှေ့သို့တက်လှမ်းပြီး ဦးညွှတ်လိုက်သည့်အတွက် အခြားသူများကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေ၏။

အပြင်လူများကို မပြောနှင့် ပဟေဠိနန်းတော်မှာပင် ပုံပြောအဖိုးအို၏ သရုပ်သကန်ကို သိရှိသည့်သူများစွာမရှိပေ။

သို့သော် ယခုအခါ မျိုးနွယ်စုခေါင်းဆောင်ချင်ချန်ပင်လျှင် ဦးညွှတ်နေရသည့်အတွက် ဤပုံပြောအဖိုးအိုက ဘယ်သူပါလိမ့်။

အဲ့ဒါထက်... သူ့ရဲ့ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ။

သူက ဧကရာဇ်တစ်ပါးဖြစ်နိုင်မလား...

ဆူဇီမိုသည်လည်း တိတ်တဆိတ် ထိတ်လန့်သွား၏။

သူသည် ပုံပြောအဖိုးအိုနှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးသော်လည်း ထိုသူက ဤမျှထိစွမ်းအားကြီးမားသည့် နောက်ခံတစ်ခုရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

“နှုတ်ဆက်ပါတယ်....”

မျိုးနွယ်စုခေါင်းဆောင်ချင်ချန်က စကားပြောလိုက်သည့်ခဏမှာပင် ပုံပြောအဖိုးအိုက လက်ကာပြပြီး ဖြတ်ပြောလိုက်၏။

“ထ”

ပုံပြောအဖိုးအိုသည် လင်းရွှမ်ကျီအပေါ် အထင်အမြင်သေးသော အမူအရာပြခဲ့ပြီး ဆူဇီမိုအပေါ် ကျေနပ်နှစ်ခြိုက်သောအမူအရာပြသခဲ့၏။ ယခု... သူက မျိုးနွယ်စုခေါင်းဆောင်ချင်ချန်နှင့် မျက်နှာချင်းဆိုင်နေရသောအခါ သူ့ထံတွင် အမူအရာအသစ်တစ်ခု ထပ်မံပေါ်ထွက်လာ၏။

“စောစောက သူ့ရဲ့ကျင့်ကြံမှုကို ဖျက်​ဆီးပစ်ချင်တာ မင်းလား”

ပုံပြောအဖိုးအိုက တည်ငြိမ်နေသောလေသံဖြင့်ပင် မေးလိုက်ပြီး မည်သူကမှ သူ၏စိတ်ခံစားချက်ကို မခန့်မှန်းနိုင်ကြပေ။

“ဟုတ်ပါတယ်”

ပုံပြောအဖိုးအို၏ ရှေ့တွင် မျိုးနွယ်စုခေါင်းဆောင်ချင်ချန်က အနည်းငယ်ရှိန်နေသည်မှာသိသာပြီး စောစောက သူ၏လွှမ်းမိုးခြယ်လှယ်မှုတို့ ဆက်လက်၍ မရှိတော့ပေ။

“ဒီအထီးကျန်သိုင်းသခင်က... ပဟေဠိနန်းတော်ရှေ့မှာ တိုက်ခိုက်ခဲ့...”

“သူက အထီးကျန်သိုင်းသခင်ဆိုတာ မင်းသိတယ်ပေါ့”

သူ့စကားမဆုံးသေးခင်မှာပင် ပုံပြောအဖိုးအို၏မေးခွန်းထုတ်သံက ဖြတ်ဝင်လာ၏။

မျိုးနွယ်စုခေါင်းဆောင်ချင်ချန်သည် နှစ်ကြိမ်ဆင့်၍ ဖြတ်ပြောခံလိုက်ရသော်လည်း သူ၏မျက်နှာပေါ်တွင် မည်သည့်စိတ်မကျေနပ်မှုမှ ရှိမနေပေ။

“ကျုပ်သိပါတယ်”

မျိုးနွယ်စုခေါင်းဆောင်ချင်ချန်က ရိုးသားစွာဖြင့် ပြန်ဖြေလိုက်၏။

“အထီးကျန်သိုင်းသခင်က ပဟေဠိနန်းတော်ရှေ့မှာ ဘာလုပ်ခဲ့သလဲ ငါစိတ်မဝင်စားဘူး”

ပုံပြောအဖိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“သူက တစ်ခါတုန်းက သိုင်းတာအိုကိုတည်ထောင်ပြီး သက်ရှိတွေအားလုံးကို သိုင်းပညာသင်ကြားပေးခဲ့တယ်... သူက လောကမှာရှိတဲ့လူတိုင်းကို ကျင့်ကြံစေနိုင်ပြီး လောကအတွက် ကောင်းချီးမင်္ဂလာတွေ ဆောင်ကျဉ်းပေးခဲ့တယ်... ဒီလိုမျိုး အကျိုးဆောင်မှုလုပ်ထားတဲ့ တစ်စုံတစ်ယောက်ကို ထိခိုက်အောင်လုပ်တဲ့အတွက် မင်းကိုကောင်းကင်ဘုံက အပြစ်ပေးမှာကို မကြောက်ဘူးလား”

ပုံပြောအဖိုးအို၏ လေသံက ပို၍ပင် တင်းမာလာပြီး အဆုံးသတ်မှာတော့ သူက ဩဝါဒခြွေလာခဲ့လေပြီ။

မျိုးနွယ်စုခေါင်းဆောင်ချင်ချန်သည် ပျက်ယွင်းသောအမူအရာနှင့်အတူ သူ၏ခေါင်းကိုအနည်းငယ်ငုံ့ထား၏။

သူက လင်းရွှမ်ကျီနှင့် မတူပေ။

သူသည် ဘာပဲပြောပြော မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်၏။

သူ့အနေဖြင့် အများသူငါရှေ့မှာ ဤကဲ့သို့ ဆူပူငေါက်ငမ်းခံရသည့်အတွက် တကယ်ကို အရှက်ရလေသည်။

“တကယ်တော့... အဲ့ဒါက မျိုးနွယ်စုခေါင်းဆောင်ချင်ချန်ရဲ့ အမှားတော့လည်းမဟုတ်ပါဘူး”

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က မနေနိုင်တော့ပဲ ဝင်ရောက်ပြောဆိုလိုက်၏။

“အထီးကျန်သိုင်းသခင်နဲ့ အခြားသူတွေက တကယ့်ကို လွန်ကျူးခဲ့ကြတာ... သူတို့က ပဟေဠိနန်းတော်ရဲ့ဝင်ပေါက်ဝကိုရောက်လာပြီး လူသားဧကရာဇ်ရဲ့ လက်ရေးမူကျောက်စာတိုင်ကို ဖျက်ဆီးပစ်ခဲ့တယ်... စွမ်းအားကြီးပုဂ္ဂိုလ်အချို့ကို သတ်ဖြတ်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေကိုလည်း ထိခိုက်ဒဏ်ရာရရှိစေခဲ့တယ်... သူတို့က ကျုပ်တို့ပဟေဠိနန်းတော်ရဲ့သခင်လေးကို သတ်ဖြတ်ချင်တယ်လို့တောင် ထုတ်ဖော်ကြေညာခဲ့တယ်”

“မျိုးနွယ်စုခေါင်းဆောင်ချင်ချန်က မတိုက်ခိုက်ပဲ အထီးကျန်သိုင်းသခင်နဲ့တခြားသူတွေကို ပဟေဠိနန်းတော်ထဲ ဝင်ရောက်ခွင့်ပေးလိုက်မယ်ဆိုရင် သူတို့ရဲ့စိတ်နေစရိုက်အရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့ကြလိမ့်မယ်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချန်ထျန်းက အလောတကြီးထပ်ပြောလိုက်၏။

“နန်းတော်အရှင်ပြောတာ အမှန်ပါပဲ... မျိုးနွယ်စုခေါင်းဆောင်ချင်ချန်က အထီးကျန်သိုင်းသခင်ကို နောက်ဆုတ်ဖို့အတွက် အခွင့်အရေးတစ်ခုပေးခဲ့ပြီးသား... ဒါပေမဲ့ သူက ခေါင်းမာလွန်းနေခဲ့တာ အဲ့ဒါကြောင့် မျိုးနွယ်စုခေါင်းဆောင်က ရွေးချယ်စရာမရှိတော့ပဲ သူ့ရဲ့ကျင့်ကြံမှုကို ဖျက်ဆီးဖို့လုပ်ခဲ့ရတာ”

“အဓိပ္ပါယ်မရှိတာ... ကျွန်မတို့က ပဟေဠိနန်းတော်နဲ့ ရန်သူတွေ မဖြစ်ချင်ဘူးလို့ ပြောခဲ့ပြီးသား ကျွန်မတို့ဒီကိုရောက်လာတာက ကောင်းကင်ဘုံလျို့ဝှက်ချက်နဲ့ စာရင်းရှင်းဖို့ပဲ”

နတ်ဆိုးမကျိက ပြန်လည်ငြင်းဆန်ပြောဆိုလိုက်၏။

“ဟမ့်... ကောင်းကင်ဘုံလျှို့ဝှက်ချက်က ကျုပ်တို့ပဟေဠိနန်းတော်ရဲ့သခင်လေးပဲ... သူက ခင်ဗျားတို့တွေ ရန်စစော်ကားနိုင်တဲ့တစ်စုံတစ်ယောက်မဟုတ်ဘူး”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက လှောင်ရယ်လိုက်၏။

“ပဟေဠိနန်းတော်ရဲ့သခင်လေးတဲ့လား”

ပုံပြောအဖိုးအိုက မျက်ခုံးပင့်လိုက်ပြီး သူ၏အကြည့်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ထံသို့ တဖြည်းဖြည်း ရွေ့လျားသွား​ကာ မေးလိုက်လေသည်။

“မင်းက ဘယ်အချိန်တုန်းကများ ပဟေဠိနန်းတော်ရဲ့သခင်လေးဖြစ်သွားတာလဲ”

All Chapters