ဓားသွားကိုင်ဆွဲသူ
Vol. 98 Ch. 1460
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် တည်ငြိမ်သောအမူအရာရှိပြီး ရိုးသေလေးစားစွာဦးညွှတ်၍ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဆရာ... လွန်ခဲ့တဲ့နှစ်အနည်းငယ်က နတ်ဘုရားမျိုးနွယ် ၊ စုန်းမျိုးနွယ်နဲ့ အခြားကမ္ဘာဦးမျိုးနွယ်တွေက ကျုပ်ကိုလာရှာပြီး ကမ္ဘာဦးတဗူးရဲ့တည်နေရာကို ဗေဒင်တွက်ချက်ပေးဖို့အတွက် ကျုပ်ကိုအကူအညီတောင်းခဲ့ကြတယ်”
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ပုံပြောအဖိုးအို၏ တပည့်တစ်ယောက်ဖြစ်နေ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်နှင့် လင်းရွှမ်ကျီ... ထိုရှုထောင့်အရ သူတို့နှစ်ယောက်သည် တပည့်သားညီကိုများ ဖြစ်ကြပေလိမ့်မည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဆက်ပြောလိုက်၏။
“တဗူးက ကြီးထွားလာပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ထကြွသောင်းကျန်းလာမှာကို ကျုပ်က စိုးရိမ်ပူပန်ခဲ့တယ်... အဲ့ဒါကြောင့် ကျုပ်က ကမ္ဘာဦးတဗူးရဲ့ တည်နေရာကို ကူညီတွက်ချက်ပေးဖို့အတွက် သဘောတူခဲ့တယ်”
“ဒါပေမဲ့... ဒီကိစ္စကို ဂျူနီယာညီလေး ရွှမ်ကျီက တားဆီးလာခဲ့တယ်”
“ဂျူနီယာညီလေးရွှမ်ကျီက အထီးကျန်သိုင်းသခင်နဲ့ ဆက်ဆံရေးကောင်းရှိပြီး ကမ္ဘာဦးတဗူးက အထီးကျန်သိုင်းသခင်ရဲ့ စိတ်ဝိညာဥ် တောကောင်လည်းဖြစ်တယ်... ဂျူနီယာရွှမ်ကျီက အဲ့ဒါကို ဘာ့ကြောင့်ကန့်ကွက်ရသလဲဆိုတာ ကျုပ်နားလည်ပေးနိုင်တယ်”
“ဒါပေမဲ့... ပဟေဠိနန်းတော်က အများလူထုအတွက် စိုးရိမ်ပူပန်ပေးရပြီး ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ဦးစားမပေးရဘူး... အဲ့ဒါကြောင့် ကျုပ်က ဒီကိစ္စကို နန်းတော်အရှင်နဲ့ တခြားအကြီးအကဲတွေဆီ ရှင်းပြပြီး သူတို့ကို ဆုံးဖြတ်ချက်ချစေခဲ့တယ်”
ထိုစကားကို ကြားသောအခါ လင်းရွှမ်ကျီက ဟက်ခနဲရယ်မော၍ လှောင်ပြောင်ထေ့ငေါ့လိုက်၏။
“အရင်တုန်းက ထျန်ဟွမ်ကုန်းတိုက်ကြီးမှာ မွှေနှောက်ဖျက်ဆီးခဲ့တဲ့သူတွေက ကမ္ဘာဦးမျိုးနွယ်တွေပဲ... ဒါတောင်ခင်ဗျားက သူတို့နဲ့ လက်တွဲလိုက်သေးတယ်... အဲ့ဒီအစား ခင်ဗျားက သူတို့ကို ဘာလို့သွားပြီးမသတ်တာလဲ”
ဂျူနီယာညီလေး... မင်းစိတ်ထဲမှာ မကျေနပ်ဘူးဆိုတာ ငါသိပါတယ်... ဒါပေမဲ့ မင်းကို အကျဥ်းချတဲ့ကိစ္စမှာ ငါ့ကိုအပြစ်တင်လို့ မရဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က တည်ငြိမ်သောအမူအရာနှင့်ပင် မှင်သေသေဖြင့် ပြောလိုက်၏။ ထိုအခိုက်အတန့်တွင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက ညင်သာစွာ ချောင်းဟန့်လိုက်၏။
“အဲ့ဒီအချိန်တုန်းက ကျုပ်က အကြီးအကဲတွေနဲ့ အဲ့ဒီကိစ္စကို ဆွေးနွေးခဲ့ပြီး တကယ်ပဲ... ကမ္ဘာဦးတဗူးရဲ့ ခြိမ်းခြောက်မှုက ကြီးမားနေခဲ့တယ်... အဲ့ဒါကြောင့် ကျုပ်ကို ကမ္ဘာဦးမျိုးနွယ်ဝင်တွေနဲ့ ယာယီအားဖြင့်ပူးပေါင်းစေပြီး အဲ့ဒီအချိန်မှာ ဟို့ကို နှိမ်နှင်းသုတ်သင်စေခဲ့တယ်”
“လင်းရွှမ်ကျီက မရမကဆက်ပြီးတော့ ကန့်ကွက်နေတဲ့အတွက် ကျုပ်တို့က သူ့ကိုယာယီအားဖြင့် အကျဥ်းချပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို သခင်လေးနေရာပေးလိုက်ရတယ်... အဲ့ဒါမှသူက ကမ္ဘာဦးမျိုးနွယ်ဝင်တွေနဲ့ ထိတွေ့ဆက်ဆံနိုင်ပြီး အဲ့ဒီကိစ္စကို စီမံနိုင်လိမ့်မယ်”
“သခင်လေးနေရာကို နန်းတော်ရဲ့ စည်းမျဥ်းစည်းကမ်းအတိုင်းသတ်မှတ်ပြီး နန်းတော်ရဲ့ အကြီးအကဲတွေကြားဆွေးနွေးပြောဆိုပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာပါ”
“အင်း”
ပုံပြောအဖိုးအိုက ခေါင်းညိတ်၍ အမူအရာကင်းမဲ့နေဆဲ ဖြစ်၏။
“သိပ်ကောင်းတယ်... ဒီကိစ္စမှာ ကြည့်ရတာတော့ ဘာပြဿနာမှ မရှိတဲ့ပုံပဲ”
ခဏမျှရပ်တန့်ပြီးနောက် သူ၏အကြည့်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ထံ ရွေ့လျားသွားပြီး မှင်သေသေဖြင့် မေးလိုက်၏။
“ဒါပေမဲ့လို့... မင်းက ဘာရည်ရွယ်ချက်နဲ့ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားရတာလဲ”
များစွာသောအကြည့်များက ကောင်းကင်ဘုံလျှို့ဝှက်ချက်ပေါ်သို့ ချက်ချင်းပင် ဆင်းသက်လာကြ၏။
များစွာသော ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။
စောစောက သူတို့သည် ဆူဇီမို၏ စကားများကို လုံးဝအတည်အတံ့မမှတ်ယူခဲ့ကြပေ။
သို့သော်... ယခုအခါ ပုံပြောအဖိုးအိုက ထိုစကားကိုပြောလာသည့်အတွက် ဤကိစ္စက မှားစရာမရှိတော့ပေ။
ပဟေဠိနန်းတော်၏ သခင်လေးသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားလေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီ ၊ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးလီဟန်နှင့် အခြားသူများပင်လျှင် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို မယုံကြည်နိုင်စွာကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကြ၏။
လူတိုင်းကြားတွင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးတို့က တုံ့ပြန်မှုများစွာမရှိပေ။ ထိုအစား သူတို့၏မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုတစ်စွန်းတစ်စက ထွက်ပေါ်လာ၏။
“ကောင်းကင်ဘုံလျှို့ဝှက်ချက်... မင်းက အဲ့ဒီမိစ္ဆာနည်းစနစ်ကို တကယ်ပဲ ကျင့်ကြံထားတာလား”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက မေးလိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။
သူသည် ဤကိစ္စကို ပုံပြောအဖိုးအိုထံကနေ ဖုံးကွယ်နိုင်မည်ဟု မျှော်လင့်မထားပေ။
သူက ပွင့်လင်းစွာဖြင့် ပြောလိုက်၏။
“ကျုပ်က... မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံခဲ့တယ်... ဒါပေမဲ့ ဒီမိစ္ဆာနည်းစနစ်မှာ တစ်ခုခုမှားယွင်းနေတယ်လို့ ကျုပ်မထင်ဘူး... အထီးကျန်သိုင်းသခင်ကလည်း ဒီမိစ္ဆာနည်းစနစ်ကို ကျင့်ကြံခဲ့တာပဲ.. ဒါပေမဲ့သူက နောက်ပိုင်းမှာ သိုင်းတာအိုကိုတည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာသင်ကြားပေးနိုင်ခဲ့တာပဲမလား”
“အဲ့ဒါအမှန်ပဲ”
ပုံပြောအဖိုးအိုက ခေါင်းညိတ်လိုက်၏။
“မိစ္ဆာနည်းစနစ်တစ်ခုကိုကျင့်ကြံတာက တကယ်ပဲမှားယွင်းမနေဘူး... အဓိကသော့ချက်က အဲ့ဒါကို ကျင့်ကြံတဲ့လူပေါ်မှာ မူတည်တာပဲ...အထီးကျန်သိုင်းသခင်က အဲ့ဒါကိုကျင့်ကြံခဲ့တုန်းက သူက အသင်္ချေနယ်မြေမြို့တော်မှာ မရေမတွက်နိုင်တဲ့ လူသားကျင့်ကြံသူတွေကို ကယ်တင်ပေးခဲ့တယ်... မင်းကရော အဲ့ဒါကို ဘာရည်ရွယ်ချက်နဲ့ ကျင့်ကြံတာလဲ”
“ဆရာ... ကျုပ်က... မကောင်းတာတစ်ခုခုပြုလုပ်ဖို့အတွက် အဲ့ဒါကို အသုံးမပြုခဲ့ဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ပုံပြောအဖိုးအို၏ မေးခွန်းထုတ်ခြင်းနှင့် ရင်ဆိုင်နေရချိန်မှာ သူ၏ သန်မာသော စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ကို ပြသပြီး ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိပဲ လေးနက်သောအသံဖြင့် ရှင်းပြလိုက်၏။
“မင်းက ချင်ဖျန်ရန် သေဆုံးမှုမှာလည်း ပါဝင်ပတ်သက်ခဲ့တယ်... ဟုတ်တယ်မလား”
ပုံပြောအဖိုးအိုက မှင်သေသေဖြင့် ထပ်မေးလိုက်၏။
ထိုစကားကိုကြားရချိန်တွင် ယန်ပေးချန်၏ ဘေးပတ်လည်မှာ အမုန်းမိစ္ဆာချီများက သိပ်သည်းစုဖွဲ့လာပြီး သူ၏ မျက်လုံးများက အဆုံးမဲ့ သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာ၏။
“ဆရာမင်ကျန့်... တာအိုအရှင်အင်မော်တယ်ဓားက ကျုပ်နဲ့ရင်းနှီးမှုရှိတယ်.. အဲ့ဒါကြောင့်ကျုပ်က သူ့ရဲ့အကူအညီတောင်းဆိုမှုကို မငြင်းဆန်နိုင်ခဲ့ဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ပြန်ဖြေလိုက်၏။
“နောက်ပြီးကျုပ်က... ချင်ဖန်ရန်ရဲ့ တည်နေရာကိုပဲ... ဗေဒင်တွက်ချက်ပေးခဲ့တာ... ကျုပ်က နောက်ပိုင်းကိစ္စတွေမှာဝင်မပါခဲ့သလို တာအိုအရှင်အင်မော်တယ်ဓားက သူမကို သတ်မှာကိုလည်း ကျုပ်က မသိခဲ့ဘူး”
“တကယ်တော့... မင်းသိခဲ့ပါတယ်”
ပုံပြောအဖိုးအိုက ပြောလိုက်၏။
“သိတဲ့အပြင် ချင်ဖန်ရန်သေဆုံးသွားပြီးရင် ယန်ပေးချန်က သေချာပေါက် မိစ္ဆာတစ်ယောက်အဖြစ်ပြောင်းလဲသွားပြီး ဒီဘက်မျိုးဆက်ရဲ့ မိစ္ဆာဧကရာဇ်အမုန်းဖြစ်လာမှာကိုလည်း မင်းစိတ်ထဲမှာ သိထားခဲ့တယ်”
“မင်းရဲ့ပစ်မှတ်က တစ်ချိန်လုံး ချင်ဖန်ရန် မဟုတ်ခဲ့ဘူး... မင်းရဲ့ပစ်မှတ်က ယန်ပေးချန်ပဲ... မင်းက စစ်မှန်တဲ့အဆူရာတစ်ယောက်ကို မွေးဖွားပေါ်ထွက်လာစေချင်ခဲ့တယ် အဲ့ဒါမှသာ သူက မင်းလက်ထဲက ပထမဆုံးဓားသွားဖြစ်လာလိမ့်မယ်”
ယန်ပေးချန်သည် ကြောင်အ,မှင်တက်နေပြီး သူ၏အမူအရာက ဝေဝါးစွာဖြင့် ပြောင်းလဲနေ၏။ မကြာမကြာဆိုသလို သူသည် မျက်မှောင်ကြုတ်လိုက်၊ သူ၏မျက်နှာက ရှုံ့မဲ့သွားလိုက်နှင့် သူက ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည့်အလားပင်။
လက်စသတ်တော့... အစကနေ ယခုအချိန်ထိ သူသည် အခြားတစ်စုံတစ်ယောက်၏ စစ်တုရင်အရုပ်တစ်ရုပ်ဖြစ်နေခဲ့၏။
ချင်ဖန်ရန်၏ သေဆုံးမှုသည် တစ်ချိန်လုံး သူ့ကြောင့်ဖြစ်ခဲ့လေသည်။
သူ၏ ကံကြမ္မာက သူ၏ ထိန်းချုပ်မှုအောက်မှာ လုံးဝရှိမနေခဲ့ပေ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က အသံတိတ်သွား၏။
ပုံပြောအဖိုးအိုက ဆက်ပြောလေသည်။
“မင်းပြောတဲ့... ထျန်ဟွမ်ကုန်းမြေတိုက်မှာ တဗူးထကြွသောင်းကျန်းမှာကို စိုးရိမ်ပူပန်တယ် ဆိုတာကလည်း အကြောင်းပြချက်တစ်ခုပဲ... နောက်ဆုံးမှာတော့ အဲ့ဒီတဗူးက မင်းလက်ထဲက ဒုတိယဓားသွားဖြစ်လာခဲ့တာပဲ”
မင်းက ညဝိညာဥ်ကို တစ်ခါတည်းသတ်ဖြတ်ရမဲ့အစား အသက်ရှင်လျက် ဖမ်းဆီးထားခဲ့တယ်ဆိုတာ မင်းမှာရည်ရွယ်ချက်တစ်ခုပဲရှိတယ်... မင်းက မင်းရဲ့တတိယမြောက်ဓားသွား အထီးကျန်သိုင်းသခင်ကို မျှားခေါ်ထုတ်ချင်လို့ပဲ”
“မင်းရဲ့စတုတ္ထမြောက်ဓားသွားကတော့ ကျင့်ကြံရေးလောကရဲ့ ထိပ်သီးဂိုဏ်းကြီးတွေနဲ့ အဖွဲ့အစည်းကြီးတွေပဲ”
မင်းရဲ့ပဉ္စမမြောက်ဓားသွားကတော့ ကမ္ဘာဦးမျိုးနွယ်ဝင်တွေပဲ”
ပုံပြောအဖိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်း.... ကောင်းကင်ဘုံလျို့ဝှက်ချက်က အဲ့ဒီကိစ္စရဲ့ နောက်ကွယ်က ဓားသွားကိုင်ဆွဲသူပဲ... မင်းလုပ်စရာရှိတာက ဓားသွားငါးခုကို ကောင်းကင်နှင့်မြေကြီး တောင်ကြားမှာ အတူတကွစုစည်းပြီး ထိန်းမနိုင်သိမ်းမရ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို ဖန်တီးဖို့ပဲ”
“အဲ့ဒီအချိန်ကျရင် ကောင်းကင်နဲ့မြေကြီးတောင်ကြားမှာ အလောင်းတွေပေါ်ထွက်ပြီး သွေးမြစ်တွေ စီးလာလိမ့်မယ်... ဘယ်ဓားသွားက ကျိုးကျိုး အဲ့ဒါက မင်းပေါ်မှာ သက်ရောက်မှုမရှိဘူး ဘာလို့လဲဆိုတော့... မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံဖို့ ကောင်းကင်နဲ့မြေကြီး တောင်ကြားက မင်းအတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်လာပြီး နောက်ဆုံး အကြီးမားဆုံး အနိုင်ရရှိသူက မင်းဖြစ်မှာမို့လို့ပဲ”
ထိုစကားလုံးများက ကမ္ဘာတုန်လောက်လေသည်။
ကျင့်ကြံသူများသည် တုန်လှုပ်မှုဖြင့် ကြောင်အ,မှင်တက်နေကြ၏။
နတ်ဆိုးမကျိ ၊ မင်းကျန်နှင့် လင်းရွှမ်ကျီပင်လျှင် မျက်လုံးပြူး၍ အံ့အားသင့်တုန်လှုပ်နေကြ၏။
သူတို့သည် ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲကို ကြားဖူးထားသော်လည်း ဤကိစ္စ၏နောက်ကွယ်မှာ လူတိုင်း၏ ကံကြမ္မာကို ထိန်းချုပ်နေသည့် ဓားသွားကိုင်ဆွဲသူရှိနေခဲ့သည်ကို သူတို့က မသိရှိခဲ့ကြပေ။
အထီးကျန်သိုင်းသခင်ပင်လျှင် သူ၏ စစ်တုရင်အရုပ်တစ်ရုပ် ဖြစ်ခဲ့ရ၏။
ဆူဇီမိုက ကြိတ်၍ သက်ပြင်းချလိုက်၏။
အစကတည်းက သူသည် ထိုကဲ့သို့ တူညီသောထင်မြင်ယူဆချက်ရှိခဲ့သော်လည်း သူသည် ကိစ္စများစွာနှင့်ပတ်သက်၍ အတည်မပြုနိုင်ခဲ့ပေ။
ယခု ပုံပြောအဖိုးအိုက ရှင်းပြလိုက်သောအခါ သူသည် အခြေအနေတစ်ရပ်လုံးကို အမှန်တကယ်ပင် နားလည်သဘောပေါက်သွား၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က တကယ့်ကိုကြောက်စရာကောင်းလွန်း၏။
ကိုယ်တော်တာမင်းကြောင့်သာ မဟုတ်လျှင် ဆူဇီမိုသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ စတေးခံစစ်တုရင်အရုပ်တစ်ရုပ် ဖြစ်ခဲ့ရပေလိမ့်မည်။
“မင်းက တကယ့်ကို အပင်ပန်းခံပြီး ကြိုးစားထားခဲ့တာပဲ”
ပုံပြောအဖိုးအိုကလည်း ခေါင်းညိတ်၍ သက်ပြင်းချလိုက်၏။
ပုံပြောအဖိုးအိုသည် အရာရာတိုင်းကို ရှင်းပြထားသည်ဆိုလျှင်တောင် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးထဲတွင် မည်သည့်စိုးရိမ်ထိတ်လန့်မှုမှ မရှိပဲ သူက ထူးမခြားနားပုံစံဖြင့် ပြုံးနေနိုင်ဆဲဖြစ်၏။ သူက ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ညင်သာစွာ ပြုံးလိုက်၏။
“ဆရာ... ခင်ဗျားပြောတာမှားနေတယ်...ကျုပ်က ကောင်းကင်နဲ့မြေကြီး တောင်ကြားမှာ ဘယ်မျိုးဆက်သွေးကိုမှ မသန့်စင်ခဲ့ဘူး”
“အဲ့ဒါအမှန်ပဲ”
ထိုစကားကိုကြားရချိန်တွင် ပုံပြောအဖိုးအိုက သူ၏ခေါင်းကို ခါယမ်းပြီး ညည်းတွားရေရွတ်လိုက်၏။
“လူသားကကြံတယ်...ဒါပေမဲ့ ဘုရားက နေရာချတယ်... မင်းက အရာရာတိုင်းကို အကွက်ချကြံစည်ခဲ့တယ်... ဒါပေမဲ့ မင်းကလည်း အခြားလူတစ်ယောက်ရဲ့ လက်ထဲက ဆဋ္ဌမမြောက်ဓားသွားဖြစ်နေခဲ့မယ်လို့ မင်းထင်မထားခဲ့ဘူးမလား”
ထိုစကားလုံးများသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်က အရှိုက်တည့်တည့်ကို ထိမှန်သွား၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် ကိစ္စတိုင်းကို ဟာကွက်ကင်းမဲ့စွာ အကွက်ချကြံစည်နိုင်ခဲ့ပြီး မည်သည့်အမှားကိုမှ မပြုလုပ်ခဲ့ပေ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွား၏။
ထိုအခိုက်အတန့်တွင် သူ၏ မျက်ဝန်းထဲမှာ အမျက်ဒေါသနှင့် မကျေမချမ်းဖြစ်မှုအရိပ်အယောင်တို့က တစ်လှည့်စီထွက်ပေါ်လာ၏။
သို့သော်လည်း ထိုအမူအရာများသည် တစ်ခဏအတွင်းမှာပင် တစ်စွန်းတစ်စမကျန်အောင် ပျောက်ကွယ်သွား၏။