စစ်တုရင် အရုပ်များ
Vol. 98 Ch. 1463
ယန်ပေးချန်သည်လည်း ကြောင်အ,မှင်တက်နေ၏။
သူပင်လျှင် သူ၏ ခုတ်ချက်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
အမုန်းမိစ္ဆာဆေဘာသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အသိစိတ်ကို ဆုတ်ဖြဲပြီး ဆေဘာပေါ်ရှိ အမုန်းမိစ္ဆာချီများက တလိပ်လိပ်တိုးဝင်လာခဲ့ပြီဖြစ်၏။ သိပ်မကြာခင်.. ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အမြုတေစိတ်ဝိညာဉ်က အမုန်းမိစ္ဆာချီဖြင့် ဝါးမျိုခြင်း ခံရပေတော့မည်။
အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ…။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်နှာက သွေးများ အလိမ်းလိမ်းဖြစ်နေပြီး သူ၏ မျက်လုံးများက တုန်လှုပ်မှုနှင့် အမျက်ဒေါသဖြင့် ပြူးကျယ်နေ၏။ သူက ထပ်တလဲလဲ တီးတိုးရေရွတ်နေ၏။
“အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
“အား…”
ပုံပြောအဘိုးအိုက သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုနှင့် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းနှင့်အတူ လေးတွဲ့စွာ သက်ပြင်းချလိုက်၏။
“ဆရာ.. အဲဒါ ဘယ်လိုဖြစ်ရတာလဲ… ကျုပ်.. ကျုပ်က… ဘယ်လိုရှုံးနိမ့်သွားတာလဲ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ပုံပြောအဘိုးအိုဘက်သို့ မယုံကြည်နိုင်စွာဖြင့် အနည်းငယ် လှည့်ကြည့်လိုက်၏။
“ကောင်းကင်ဘုံလျှို့ဝှက်ချက်.. မင်းက ဒီတိုက်ပွဲမှာ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသုံးမပြုခဲ့ဘူးဆိုရင်.. မင်းမှာ ဆင်ခြေတုံတရား ရှိနေသေးတယ်လို့ ဆိုလိုတာပဲ.. မင်းက အဲဒီ မိစ္ဆာနည်းစနစ်ကို ထုတ်ဖော်လိုက်တဲ့ အချိန်မှာပဲ ရှုံးနိမ့်သွားရပြီ”
ပုံပြောအဘိုးအိုက မချိတင်ကဲ အမူအရာဖြင့် နောက်တစ်ဖန် သက်ပြင်းချလိုက်၏။
“ဒီတစ်ခေါက်မှာတော့.. မင်းက အပြတ်အသတ်ကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားရတာပဲ”
“ဒီတစ်ခေါက်မှာလား…”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် မေးလိုက်၏။
ဆူဇီမိုကလည်း အဲဒါကို တွေးမိသွားပြီး မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
ထိုစဉ်မှာပင်.. ပုံပြောအဘိုးအိုက ထပ်ပြောလိုက်၏။
“လူတစ်ယောက်က ဒီနေရာကို ကြိုတင်ရောက်လာပြီး ဒီနေရာမှာရှိတဲ့ မျိုးဆက်သွေးတွေကို သန့်စင်စုပ်ယူသွားခဲ့ပြီ”
“ဟမ့်”
ဆူဇီမိုက တုန်လှုပ်သွား၏။
ချက်ချင်းပင် သူက နားလည်သဘောပေါက်သွားခဲ့၏။
ကိုယ်တော်တာမင်း..
စောစောက ကိုယ်တော်တာမင်းသည် ဤနေရာမှာ ရှိနေခဲ့ရပေမည်။
သို့သော်လည်း.. ပဟေဠိနန်းတော်ရှေ့မှာ သူတို့သည် တိုက်ခိုက်နေခဲ့ကြပြီး ထိုသူ့ကို မည်သူကမှ လုံးဝ သတိမထားမိခဲ့ကြပေ။
ကိုယ်တော်တာမင်းသည် ဤနေရာမှာ ပြန့်ကျဲနေသည့် မျိုးဆက်သွေးများ အားလုံးကို တိတ်တဆိတ် စုပ်ယူသွားခဲ့၏။
ထို့ကြောင့်ပင်လျှင်.. ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် မိစ္ဆာသွေးသန့်စင်ထုတ် သုတ္တန်ကို ထုတ်ဖော်လိုက်သည့် အချိန်မှာပင် ကြောင်အ,မှင်တက်သွားခြင်း ဖြစ်၏။
အကြောင်းမှာ ဤနေရာမှာ ရှိသည့် မျိုးဆက်သွေးများ အားလုံးသည် စုပ်ယူသန့်စင်ပြီးသား ဖြစ်နေသောကြောင့်ပင်။ သူက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ထုတ်ဖော်လိုက်သည့်အခါ မည်သည့် တုံ့ပြန်မှုမှ ရှိမလာတော့ပေ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ သွေးချီသည် အစကတည်းက ကုန်ခန်းနေခဲ့ပြီဖြစ်၏။ မထင်မှတ်ထားသော အခြေအနေနှင့် ရုတ်တရက် ကြုံတွေ့လိုက်ရသောအခါ သူ၏ တုံ့ပြန်မှုက နှေးကွေးသွားပြီး သူ၏ ဦးခေါင်းက ယန်ပေးချန်၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရ၏။
ပုံပြောအဘိုးအိုသည် ဤအကြောင်းကို ကြိုတင်သိရှိထားခဲ့ပြီဖြစ်၏။ အဲဒါကြောင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်က မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသုံးပြုလိုက်သည့် အချိန်မှာပင် သူက ထွက်ပေါ်လာမည့် ရလဒ်ကို သိရှိသွားခဲ့လေပြီ။
ပုံပြောအဘိုးအိုသည် ကိုယ်တော်တာမင်းကို မဖမ်းဆီးခဲ့သည့် အချက်မှာ ထိုသူသည် ပုံပြောအဘိုးအို ရောက်မလာခင်ကတည်းက တိတ်တဆိတ်ထွက်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။
ဖြစ်စဉ်တစ်ခုလုံးမှာ မည်သူကမှ သူ့ကို ရှာဖွေမဖော်ထုတ်နိုင်ခဲ့ပေ။
ပုံပြောအဘိုးအိုက အဲဒါကို ထုတ်ဖော်ပြောဆိုခြင်း မရှိလျှင် ဆူဇီမိုပင် အဲဒါကို သတိထားမိလိမ့်မည် မဟုတ်ပေ။
ရုတ်တရက်ဆိုသလို…
ဆူဇီမိုက တစ်စုံတစ်ရာကို တွေးမိသွား၏။
ကြယ်ခြောက်စင်းတောင်မှာတုန်းက သူသည် သတ်ဖြတ်ခြင်း တံဆိပ်ပြားကို ချေဖျက်ဖို့အတွက် ပဟေဠိနန်းတော်ကို သွားသင့်ကြောင်း ကိုယ်တော်တာမင်းက သူ့ကို ပြောခဲ့ဖူးလေသည်။
ဆူဇီမိုသည် ကိုယ်တော်တာမင်းကို အမြဲတမ်း စိုးရိမ်ထိတ်လန့်နေခဲ့၏။
ကိုယ်တော်တာမင်း ထိုစကားကို ပြောသောအခါ ကိုယ်တော်တာမင်းမှာ နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိနေမည်ဟု ဆူဇီမိုက ခံစားခဲ့ရ၏။
နောက်ပိုင်းမှာ ယန်ပေးချန်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို လက်စားချေဖို့အတွက် ပဟေဠိနန်းတော်ကို သွားနေပြီဖြစ်ကြောင်း ကိုယ်တော်တာမင်းက ထပ်ပြောခဲ့၏။ ထိုအခါ ဆူဇီမိုသည် များစွာ စဉ်းစားတွေးတောနိုင်ခြင်း မရှိတော့ဘဲ ပဟေဠိနန်းတော်သို့ တန်းလာခဲ့လေသည်။
အဆုံးသတ်မှာတော့ သူသည် ကိုယ်တော်တာမင်း၏ စစ်တုရင်အရုပ်တစ်ရုပ် ဖြစ်နေခဲ့သေးလေသည်။
ပို၍ အရေးကြီးသည်မှာ ကိုယ်တော်တာမင်းက သူ့ကို အသုံးချနေကြာင်း ဆူဇီမို သိရှိထားသည် ဆိုလျှင်တောင် သူက ပဟေဠိနန်းတော်သို့ လာရောက်ရမည်သာဖြစ်၏။
လင်းရွှမ်ကျီကြောင့်ဖြစ်စေ… ယန်ပေးချန်ကြောင့်ဖြစ်စေ… သူသည် ပဟေဠိနန်းတော်သို့ လာရောက်ရမည်သာ ဖြစ်၏။
သို့သော်လည်း သူက ပဟေဠိနန်းတော်သို့ ရောက်လာသည်နှင့် သူသည် ကိုယ်တော်တာမင်း၏ အသုံးချခံဖြစ်သွားပေလိမ့်မည်။
ထိုကဲ့သို့သော နည်းလမ်းများက ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ နည်းလမ်းများထက် အမှန်တကယ်ပင် အဆများစွာပို၍ ပြောင်မြောက်ကာ ပိုမို အဆင့်မြင့်လေသည်။
သို့သော်လည်း ဆူဇီမိုက တွေဝေရှုပ်ထွေးနေဆဲဖြစ်၏။
ကိုယ်တော်တာမင်းသည် မျိုးဆက်သွေးတချို့ကို စုပ်ယူသန့်စင်ချင်ရုံမျှနှင့် ပဟေဠိနန်းတော်ထဲသို့ စွန့်စားဝင်ရောက်ဖို့ တကယ်လိုအပ်ခဲ့ရဲ့လား.။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ဤကိစ္စမှာ ပါဝင်လာခဲ့၏။
ဧကရာဇ်တစ်ပါး ဖြစ်နိုင်ချေရှိသော ပုံပြောအဘိုးအိုသည်လည်း ရောက်ရှိလာခဲ့၏။ ကိုယ်တော်တာမင်း၏ လမ်းကြောင်းက ပေါက်ကြားသွားသည်နှင့် သူ့အနေဖြင့် မထိမခိုက် ထွက်ပြေးနိုင်ဖို့ ခဲယဉ်းသွားပေလိမ့်မည်။
ဒါ့အပြင်… ဤတိုက်ပွဲမှာ သေဆုံးခဲ့သော ကျင့်ကြံသူ အရေအတွက် အမှန်တကယ်ပင် များစွာ မရှိပေ။ သူတို့ထဲမှ အများစုသည် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ရုံမျှသာ ဖြစ်၏။ ထိုသို့ဖြင့် ဤနေရာမှာ မျိုးဆက်သွေးများစွာ ယိုစိမ့်မနေခဲ့ပေ။
ကိုယ်တော်တာမင်းက အရမ်းကို သတိကြီးကြီးထားတတ်လေသည်။
သူက မျိုးဆက်သွေး အနည်းငယ်ကို စုပ်ယူသန့်စင်ဖို့အတွက်နှင့် ဤကဲ့သို့သော ထောင်ချောက်ကို ခင်းကျင်းခဲ့တာ ဟုတ်နိုင်ပါ့မလား…။
“အဲဒါ သူပဲ”
ထိုစဉ်မှာပင်.. ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ရူးသွပ်သွားသည့် ပုံစံဖြင့် ရုတ်တရက် ဟိန်းဟောက်လိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်နှာပေါ်မှာ သွေးများက စီးကျလာနေဆဲဖြစ်၏။ ထိုအသံကို ကြားသောအခါ သူ၏မျက်နှာသည် ကြောက်စရာကောင်းသော အမူအရာတစ်ခုနှင့်အတူ ရှုံ့မဲ့သွားလေသည်။
ဆူဇီမိုသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ကြည့်ရင်း စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
ပုံပြောအဘိုးအို၏ တပည့်အနေဖြင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် အရာရာတိုင်းကို အကွက်ချကြံစည်ပြီး ဟာကွက်ကင်းမဲ့လုနီးပါးဖြင့် နည်းဗျူဟာများကို ချမှတ်ခဲ့လေသည်။
ကံဆိုးစွာနှင့်ပင်.. ကြောက်စရာကောင်းသော တိုက်ဆိုင်မှုအချို့ဖြင့် ဆူဇီမိုနှင့် တခြားသူများသည် ဒီဘက်မျိုးဆက်မှာ ကိုယ်တော်တာမင်းကို လွှတ်ပေးခဲ့မိလေသည်။
(ကျောက်သားခေါင်းတလားထဲမှာ ပိတ်မိနေသည့် ကိုယ်တော်တာမင်း(အရိုးစု)ကို ဆူဇီမိုနှင့် နတ်ဆိုးမကျိတို့အုပ်စုက မတော်တဆ ထုတ်ပေးခဲ့မိခြင်းဖြစ်၏။)
ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲမှာတုန်းက ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ကိုယ်တော်တာမင်းအတွက် လမ်းဖောက်ပေးခဲ့ရပြီး သူက နောက်ဆုံးမှာ အကျိုးအမြတ်အားလုံးကို သိမ်းပိုက်သွားခဲ့၏။
ဤတစ်ခေါက်မှာလည်း ကောင်းကင်ဘုံလျှို့ဝှက်ချက်က နောက်တစ်ဖန် ထပ်၍ ရှုံးနိမ့်သွားရပြန်လေပြီ။
ဤတစ်ခေါက် ရှုံးနိမ့်မှုက သူ၏ အသက်ကိုပါ နှုတ်ယူသွားခဲ့လေသည်။
“ထွက်လာခဲ့စမ်းပါ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး အော်ဟစ်ပြောဆိုလိုက်၏။ သူက လုံးဝ စိတ်လွတ်သွားသည့်ပုံစံပင်။
“ထွက်လာခဲ့စမ်းပါ… မင်း ဘယ်သူလဲ.. ငါတွေ့ချင်တယ်”
ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်က အနည်းငယ် သနားစရာကောင်းနေပြီး ဝမ်းနည်းဖွယ်ရာပုံစံပေါက်နေ၏။
သူသည် ရှုံးနိမ့်သွားခဲ့ပြီး ကိုယ်တော်တာမင်းက ပေါ်ထွက်၍ပင် မလာခဲ့ပေ။
သူက နှစ်ကြိမ်ဆင့်၍ ရှုံးနိမ့်ခဲ့ရ၏။
သူသည် အပြတ်အသတ်နှင့် ဆိုးဆိုးရွားရွားကို ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်၏။
ပို၍ အရေးကြီးသည်မှာ အစကနေ ယခုအချိန်ထိ ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ ဘယ်သူ့ထံမှာ ရှုံးနိမ့်ခဲ့ရသလဲ မသိရှိရပေ။
တကယ်ဆို… သူ့ကို နှစ်ကြိမ်ဆင့်၍ အကွက်ချကြံစည်ခဲ့သည့်သူက ယောကျ်ားလား မိန်းမလား သို့မဟုတ် ဘယ်ဂိုဏ်း ဘယ်အဖွဲ့အစည်းကလဲ… သူ သို့မဟုတ် သူမက ဘယ်လိုပုံပန်းသဏ္ဌာန်ရှိသလဲပင် သူ မသိရပေ။
သူ့ကိုယ်သူ အလွန်တရာ ဉာဏ်ကောင်းပြီး အရာရာတိုင်းကို ထိန်းချုပ်နိုင်သည်ဟု မှတ်ယူထားသော တစ်စုံတစ်ယောက်အတွက် ဤကဲ့သို့သော ရိုက်ချက်က အရမ်းကို ကြီးမားပြင်းထန်လေသည်။
“သူ ထွက်သွားတာ ကြာခဲ့ပြီ”
ပုံပြောအဘိုးအိုက သူ၏ ခေါင်းကို ခါယမ်းပြီး စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်၏။
“ထွက်သွားပြီ… ထွက်သွားပြီ ဟုတ်လား”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သွားဖြီး၍ လတ်ဆတ်သော သွေးများက သူ၏ ပါးနှစ်ဖက်ပေါ်မှာ စီးကျလာ၏။ သူက စိတ်ဖောက်ပြန်သွားသော အမူအရာဖြင့် ရုတ်တရက် သွေးပျက်ချောက်ချားဖွယ်ရာ ရယ်မောလိုက်၏။
“ဟားဟားဟားဟား”
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အကြည့်က ဆူဇီမိုနှင့် အခြားသူများအပေါ် ရောက်ရှိလာပြီး မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်၏။
“စစ်တုရင် အရုပ်တွေ… မင်းတို့တွေ အားလုံးက စစ်တုရင်အရုပ်တွေပဲ.. မင်းက စွမ်းအားကြီးမားတယ်ဆိုရင်တောင် မင်းက အဲဒီလူရဲ့ စစ်တုရင် အရုပ်တစ်ရုပ်ထက် မပိုဘူး”
“သူ… ပြီးတော့ မင်း… မင်းတို့တွေ အားလုံးပဲ”
သူသည် ဆူဇီမို၊ ယန်ပေးချန်နှင့် ပုံပြောအဘိုးအိုကိုပင် လက်ညိုးထိုးပြီး ပြုံးဖြီးနေ၏။
“မင်းတို့တွေထဲ ဘယ်သူကမှ မလွတ်မြောက်နိုင်ဘူး… မင်းတို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်ခံထားရပြီးပြီ… ဟားဟားဟားဟား”
ဖောင်း…
ယန်ပေးချန်သည် ထိုစကားများကို ဆက်လက်၍ နားမထောင်နိုင်တော့ပေ။ ခဏမျှ အနားယူပြီးနောက်… သူသည် ခွန်အားတစ်ချို့ကို ပြန်လည်ရရှိလာပြီး နောက်တစ်ဖန် ခုတ်ပိုင်းကာ ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ဦးခေါင်းကို နှစ်ပိုင်းကွဲထွက်သွားစေ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ရယ်သံက ယတိပြတ် ရပ်တန့်သွား၏။
သူ၏ အမြုတေစိတ်ဝိညာဉ်သည်လည်း အမုန်းမိစ္ဆာဆေဘာကြောင့် ကြေမွပျက်စီးသွားပြီး နေရာမှာပင် ဖျက်ဆီးခံလိုက်ရ၏။
ဘုန်း…
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ရုပ်အလောင်းက သွေးအိုင်ထဲကို ပြင်းထန်စွာ လဲကျသွား၏။
သို့သော်လည်း.. သူ၏ ရယ်သံသည် လူတိုင်း၏ နားထဲမှာ အတန်ကြာသည်အထိ ပျက်ပြယ်သွားခြင်း မရှိဘဲ ပဲ့တင်ထပ်နေပုံရ၏။ ထိုအသံက ချောက်ချားစရာကောင်းပြီး သူတို့ကို ကြက်သီးမွေးညင်းများ ထလာစေ၏။
ပုံပြောအဘိုးအိုက အဲဒါကို မကြည့်ရက်သည့်ပုံဖြင့် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်၏။
မည်သို့ပင်ဆိုစေ… ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏တပည့် ဖြစ်လေသည်။ သူသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ယနေ့ ဤပုံစံဖြင့် တွေ့မြင်လိုက်ရသည့်အတွက် သူ့ကိုယ်သူ မလုံမလဲနှင့် အပြစ်တင်မိလေသည်။
လင်းရွှမ်ကျီကလည်း ခါတိုင်းလို နောက်တီးနောက်တောက် အမူအရာ မရှိတော့ဘဲ သူ၏မျက်နှာက တည်ကြည်လေးနက်လာ၏။
သူ ငယ်ရွယ်စဉ်က သူနှင့်အတူ ဆော့ကစားဖို့အတွက် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို မကြာခဏ အပူကပ်ခဲ့သည့် မြင်ကွင်းများကို ပြန်လည်မြင်ယောင်လာ၏။
ထိုအချိန်တုန်းက အရာရာတိုင်းသည် လွတ်လပ်ပေါ့ပါး၍ နွေးထွေးမှု ရှိလေသည်။
သူတို့က မည်သည့်အရာကို ယှဉ်ပြိုင်သည်ဖြစ်စေ.. ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ့ကို အမြဲတမ်း အလွယ်တကူ အနိုင်ယူနိုင်ခဲ့၏။
ကျင့်ကြံမှုအဆင့်မှာပင်.. ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ့ထက် အမြဲတမ်း သာလွန်ခဲ့ပြီး ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်သွားသည်မှာ ကြာခဲ့လေပြီ။
ပုံပြောအဘိုးအိုတွင် စုစုပေါင်း တပည့်လေးယောက် ရှိပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် မည်သည့်ရှုထောင့်မှာမဆို အထူးချွန်ဆုံး ဖြစ်ခဲ့လေသည်။
ယခု ထိုသူသည် ပဟေဠိနန်းတော်ရှေ့မှာ သေဆုံးသွားရလေပြီ။
“ဖျန်ယန်… မင်း အဲဒါကို မြင်ရဲ့လား”
ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို သတ်ဖြတ်ပြီးနောက် ယန်ပေးချန်၏ နှလုံးသားထဲရှိ မကျေမချမ်းမှုများက ချက်ချင်းပင် ပြေလျော့သွား၏။
သူက ဒူးထောက်ချပြီး ကောင်းကင်ထက်ကို မော့ကြည့်ကာ ငေးငိုင်စွာဖြင့် ပြောနေ၏။
“မင်းအသက်ကို ရန်ရှာခဲ့တဲ့ ရန်သူတွေ အားလုံးကို ငါသတ်ခဲ့ပြီးပြီ… ငါ ဘယ်သူ့ကိုမှ အလွတ်မပေးခဲ့ဘူး”
“ဖျန်ယန်.. ဘာမှမပူနဲ့.. ငါလည်း မင်းနောက်ကို အနှေးနဲ့အမြန်ဆိုသလို လိုက်လာခဲ့မယ်.. သိပ်မကြာခင်ပေါ့…”
ထိုသို့ပြောပြီးနောက် ယန်ပေးချန်သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ဘုန်းခနဲ လဲကျကာ သတိလစ်သွား၏။
သူသည် ခြေကုန်လက်ပန်းကျ၍ ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်၏။ သူသည် ယခုအချန်ထိ တောင့်ခံနိုင်နေသေးသည်မှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကြောင့် ဖြစ်၏။
ယခု ကောင်းကင်ဘုံလျှို့ဝှက်ချက်က သုတ်သင်ခံလိုက်ရပြီဖြစ်ပြီး သူကလည်း ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သတိလစ်သွားခဲ့ပြီဖြစ်၏။