လေးလက်ဆောင်
Vol. 98 Ch. 1464
“အစ်ကိုယန်... ဆူဇီမိုသည် စိုးရိမ်ပူပန်စွာဖြင့် ယန်ပေးချန်ဘေးသို့ လှစ်ခနဲရောက်ရှိလာပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ဆေးလုံးအချို့ကို ထုတ်ယူကာ ယန်ပေးချန်၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်၏။
ပုံပြောအဖိုးအိုက သူ၏လက်ချောင်းကို ညင်သာစွာ တောက်ထုတ်ပြီး နတ်ဘုရားဆန်ဆန် အလင်းတစ်ခုကို ယန်ပေးချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားစေ၏။
ယန်ပေးချန်၏ ဒဏ်ရာများက အလျင်အမြန်တည်ငြိမ်လာခဲ့၏။
“သူက အဆင်ပြေသွားပါပြီ... သူက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရုံပဲ... အခု သူက လက်စားချေပြီးသွားပြီဆိုတော့ သူ့စိတ်ထဲမှာရှိတဲ့ တင်းကျပ်မှုတွေက ပြေလျော့သွားပြီး အဲ့ဒါကြောင့် သူက ယာယီအားဖြင့် လဲပြိုကျသွားတာပဲ”
ပုံပြောအဖိုးအိုက ပြောလိုက်၏။
“သူ့ရဲ့မျိုးဆက်သွေးအရဆို သူက ရက်အနည်းငယ်လောက်အနားယူပြီးရင် သူ့ရဲ့ဒဏ်ရာအများစု သက်သာပျောက်ကင်းသွားလိမ့်မယ်... သူ့ကိုယ်သူ သတ်မသေသရွေ့ မိစ္ဆာဧကရာဇ်အမုန်းရဲ့ အရိုက်အရာဆက်ခံသူက အလွယ်တကူ သေမသွားနိုင်ပါဘူး”
“သူ့ရဲ့ အဓိကဒဏ်ရာတွေက အပြင်ဘက်မှာ မဟုတ်ဘူး... အတွင်းဘက်မှာပဲ”
ပုံပြောအဖိုးအိုက အဓိပ္ပါယ်ပါပါ ပြောလိုက်၏။
ဆူဇီမိုက နားလည်သဘောပေါက်သွား၏။
ယန်ပေးချန်၏ အစစ်အမှန်ဒဏ်ရာများသည် သူ၏ နှလုံးသားထဲမှာ ရှိနေလေသည်။
အစကတော့ သူသည် အလွန်တရာ မလုံမလဲနှင့် ယူကျုံးမရခံစားနေခဲ့ရ၏။ နေ့ရက်တိုင်းမှာ နာကျင်စွာဖြင့် ရှင်သန်နေရပြီး သူအသက်ရှင်နေဖို့အတွက် ထောက်ပံ့ပေးထားသည့် တစ်ခုတည်းသောအရာမှာ လက်စားချေဖို့ဖြစ်၏။
ယခု ယန်ပေးချန်သည် လက်စားချေ၍ သူ၏စွဲလမ်းမှု ဥပါဒါန်ကို လွှတ်ချနိုင်ခဲ့ပြီး သူသည် မိစ္ဆာဧကရာဇ်အမုန်းကဲ့သို့ သူ့ကိုယ်သူအဆုံးစီရင်သွားဖို့ ဖြစ်နိုင်ခြေရှိလေသည်။
“သူနဲ့အတူ ရက်အနည်းငယ်လောက် ပဟေဠိနန်းတော်မှာ ခဏတဖြုတ်နေကြဦးပေါ့”
ပုံပြောအဖိုးအိုက ပြောလိုက်၏။
“မင်းက သူနိုးလာတဲ့အချိန်မှာ သူ့ကိုဖျောင်းဖျပြောဆိုဖို့ ကြိုးစားကြည့်နိုင်တာပဲ”
“ကျေးဇူးတင်ပါတယ် စီနီယာ”
ဆူဇီမိုက အလောတကြီး ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်၏။
ယနေ့တွင် ယန်ပေးချန်သည် ပဟေဠိနန်းတော်ထဲသို့ အတင်းဝင်ရောက်ပြီး ပဟေဠိနန်းတော်မှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကိုပင် သတ်ဖြတ်ခဲ့၏။ သို့သော်လည်း ယန်ပေးချန်ကို အပြစ်တင်မည့်အစား ပုံပြောအဖိုးအိုက သူ့ကိုထိန်းသိမ်းပေးထား၏။
သူ၏ သွင်ပြင်ဟန်ပန်နှင့် သဘောထားကြီးမြတ်မှုသည် ပဟေဠိနန်းတော်မှ အခြားသောကျင့်ကြံသူများ ယှဥ်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီသည် မျက်မှောင်ကြုတ်၍ တစ်ခုခုကို ပြောချင်နေသည့်အလား ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
မျိုးနွယ်စုခေါင်းဆောင်ချင်ချန်က သူ့ကို စိုက်ကြည့်ပြီး အသာအယာ ခေါင်းခါပြလိုက်၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက ရင်တစ်ချက်ထိတ်သွားပြီး နောက်သို့ အလောတကြီး ပြန်ဆုတ်လိုက်၏။
ဆူဇီမိုသည် ယန်ပေးချန်ကို အရင်ဆုံးထူမပြီး သူ့ကို ဂရုစိုက်ပေးဖို့အတွက် မင်းကျန်ထံသို့ လွှဲပေးလိုက်၏။ သူက ပုံပြောအဖိုးအိုရှေ့သို့ ရောက်ရှိလာပြီး လေးနက်စွာ ဦးညွှတ်လိုက်၏။
“ဒီနေ့ကျုပ်က ပဟေဠိနန်းတော်ထဲကို အတင်းဝင်ရောက်ပြီး ဒီမှာရှိတဲ့ ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ကျုပ်က တကယ်ပဲရိုင်းပျခဲ့မိတယ်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါစီနီယာ”
“အဲ့ဒါက ပြောလောက်စရာ မဟုတ်ပါဘူး... အဲ့ဒါကိုလုပ်ရတာ အကြောင်းပြချက်ရှိတယ်ဆိုမှတော့ မင်းကို အပြစ်တင်လို့ ဘယ်ရပါ့မလဲ”
ပုံပြောအဖိုးအိုက သူ့ကို အပြစ်တင်ဖို့ စိတ်ကူးမရှိပေ။ ထိုအစား သူကပြုံး၍ ပြောလိုက်၏။
“နောက်ပြီး... မင်းက ကောင်းကင်နဲ့မြေကြီး တောင်ကြားတိုက်ပွဲနဲ့စာရင် မင်းကိုယ်မင်း တော်တော်လေး ထိန်းချုပ်ထားတာပဲ”
တကယ်တော့... တိုက်ပွဲ၏ ဤနေရာအရောက်တွင် အမှန်တကယ်သေဆုံးခဲ့သောလူ များစွာမရှိပေ။
ပဟေဠိနန်းတော်မှ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအချို့ပင်လျှင် သူတို့၏ ခန္ဓာကိုယ်များကိုသာ ဆုံးရှုံးခဲ့ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ရှင်သန်နိုင်ခဲ့၏။
ဆူဇီမို၏ အစွမ်းအစအရ သူ့အနေဖြင့် သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို သတ်ဖြတ်ဖို့က အရမ်းကို လွယ်ကူခဲ့လေသည်။
ပုံပြောအဖိုးအိုသည် ထိုစဥ်တုန်းက ဤနေရာမှာ မရှိခဲ့သော်လည်း အရာရာတိုင်းကို ထွင်းဖောက်မြင်နေပုံရ၏။
ဆူဇီမိုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို အမှန်တကယ် စတင်ခဲ့မည်ဆိုလျှင် ပဟေဠိနန်းတော်ရှေ့မှာ သွေးမြစ်များစီးနေမည်ဖြစ်ကြောင်း သူက ကောင်းကောင်းသိထား၏။
ဆူဇီမိုက ဓမ္မဖြိုခွင်းလေးကို ထုတ်ပေးလိုက်လေသည်။
“ဒါက... ပဟေဠိနန်းတော်ရဲ့ ရတနာတစ်ခုပဲ... ဒီနေ့ကိစ္စက ပြေလည်သွားပြီဆိုမှတော့ ကျုပ်က ဒါကိုပြန်ပေးပါရစေ”
ပုံပြောအဖိုးအိုက ဂရုမထားဟန်ဖြင့် အဲ့ဒါကိုတစ်ချက်ကြည့်ပြီးနောက် ပြောလိုက်၏။
“အဲ့ဒါက မင်းလက်ထဲကို ရောက်နေပြီဆိုမှတော့.. ယူထားလိုက်တော့”
“အာ...”
ဆူဇီမိုက. ခဏမျှကြောင်အ,မှက်တက်သွား၏။
ဤဓမ္မဖြိုခွင်းလေးသည် ရှေးဟောင်းအတုမရှိရတနာများထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏ ကြောက်စရာကောင်းသော စွမ်းပကားကို စောစောကတင် ပြသခဲ့ပြီးလေပြီ။
သူ၏လက်ထဲတွင် ၎င်း၏ စွမ်းအားက ပို၍ပင်ကြောက်စရာကောင်းလာခဲ့၏။
ပုံပြောအဖိုးအိုက ဤကဲ့သို့သော မဟာရတနာတစ်ခုကို သူ့အား အလွယ်တကူပေးနေလေသည်။
“အဲ့လိုလုပ်လို့ ဘယ်ရပါ့မလဲ”
နောက်ဆုံးမှာတော့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက မနေနိုင်တော့ပဲ ဝင်ရောက်ပြောဆိုလိုက်၏။
“ဒီဓမ္မဖြိုခွင်းလေးက ရှေးဟောင်းအတုမရှိရတနာတစ်ခုပဲ... အဲ့ဒါက ပဟေဠိနန်းတော်ရဲ့ မဟာရတနာတွေထဲကတစ်ခုပဲ... ကျုပ်တို့က အဲ့ဒါကို အပြင်လူတစ်ယောက်ဆီ အလွယ်တကူဘယ်လိုလုပ်ပြီး ပေးပစ်နိုင်ပါ့မလဲ”
“မင်းအဲ့ဒီစကားကို မျက်နှာပြောင်တိုက်ပြီး ပြောနိုင်သေးတယ်ပေါ့”
ပုံပြောအဖိုးအိုက လှောင်ရယ်လိုက်၏။
“မင်းက... ဒီဓမ္မဖြိုခွင်းလေးကို မကာကွယ်နိုင်ပဲ တခြားလူတစ်ယောက် လုယူသွားတာကို ခံခဲ့ရတယ်ဆိုမှတော့... ဒီလက်နက်က မင်းနဲ့ မထိုက်တန်ဘူးဆိုတာကို သက်သေပြလိုက်တာပဲ... အခုနေမင်းကို ပြန်ပေးလိုက်ရင်တောင် အဲ့ဒါကို အခြားတစ်ယောက်ယောက်က နောင်တစ်ချိန် လုယူသွားဦးမှာပဲ”
“အဲ့ဒါကို တခြားသူတွေကို ပေးရမယ်ဆိုရင်တောင် အထီးကျန်သိုင်းသခင်ကိုတော့ မပေးနိုင်ဘူး”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီသည် ငြင်းဆန်ရင်း သူ၏ မျက်နှာက နီမြန်းလာ၏။
“အထီးကျန်သိုင်းသခင်က စောစောကတင် ကျုပ်တို့နန်းတော်က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်ပြီး မျိုးနွယ်စုဘိုးဘေး အတော်များများကို ဒဏ်ရာရရှိစေခဲ့တယ်... ကျုပ်တို့က သူ့ကို ဒီဓမ္မဖြိုခွင်းလေး ပေးလိုက်မယ်ဆိုရင် နန်းတော်မှာရှိတဲ့ကျင့်ကြံသူတွေက ယုံကြည်မှုပျက်ပြားသွားလိမ့်မယ်”
“ယုံကြည်မှုပျက်ပြားသွားမယ်... ဟုတ်လား”
ပုံပြောအဖိုးအိုက နောက်တစ်ဖန် လှောင်ရယ်လိုက်၏။
“အမှားအမှန်ကို မခွဲခြားနိုင်တဲ့ အသုံးမကျတဲ့ နန်းတော်အရှင်တစ်ယောက်ကို ပိုင်ဆိုင်ထားရတာထက် ပိုပြီးတော့ ယုံကြည်မှုပျက်ပြားစရာကောင်းတာ ရှိပါဦးမလား”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက ဆတ်ခနဲ တုန်ယင်သွား၏။
ပုံပြောအဖိုးအို၏ အကြည့်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီနှင့် အခြားသူများပေါ်သို့ ဆင်းသက်လာပြီး အေးစက်စွာဖြင့် ပြောလိုက်၏။
“မင်းတို့တွေက တကယ့်ကို ဆရာကြီးတွေပဲကွ... မင်းတို့တွေ ဆွေးနွေးတိုင်ပင်လို့ ရလာတဲ့အဖြေက ကမ္ဘာဦးမျိုးနွယ်တွေနဲ့ ပူးပေါင်းဖို့တဲ့လား... အဲ့ဒါက ကျားပါးစပ်ထဲကို လက်သွားထည့်ပေးလိုက်တာ မဟုတ်ဘူးလား”
“ကမ္ဘာဦးတဗူးတစ်ကောင်က မင်းတို့တွေ ကမ္ဘာဦးမျိုးနွယ်တွေနဲ့ ပူးပေါင်းဖို့အတွက် အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့တာပဲ”
“မင်းတို့တွေက မင်းတို့ရဲ့ မူလဇာစ်မြစ်ကို တကယ်ကို မေ့လျော့ကုန်ကြပြီပဲ... သေလိုက်ကြပါတော့ကွာ”
ပုံပြောအဖိုးအို၏ လေသံက အလွန်တရာတင်းမာခက်ထန်လာပြီး သူ၏ အကြည့်က နောက်ဆုံးမှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီပေါ်သို့ ကျဆင်းသွား၏။
“ချင်ဇီ... မင်းက အသုံးမကျတဲ့ကောင်ပဲ... မင်းက အမှားအမှန်နဲ့ အကျိုးအကြောင်းကို မခွဲခြားနိုင်ဘူး... ဒီနေ့ကစပြီး နန်းတော်အရှင်အဖြစ် မင်းရဲ့ရာထူးကို ရုပ်သိမ်းပြီး မင်းရဲ့အမှားတွေကို သံဝေဂရဆင်ခြင်ရမယ်... ငါ့ရဲ့အမိန့်မရှိပဲ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်မလာခဲ့နဲ့”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။
ဤတိုက်ပွဲကြောင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီ၏ ပဟေဠိနန်းတော်အရှင်ရာထူးသည် ရုပ်သိမ်းခြင်းခံလိုက်ရမည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
ထိုအပြစ်ပေးမှုက အရမ်းကို ပြင်းထန်လွန်းလေသည်။
“ဒီအပြစ်ဒဏ်က နည်းနည်းတော့ မများလွန်းဘူးလား”
မျိုးနွယ်စုခေါင်းဆောင်ချင်ချန်က မျက်မှောင်အနည်းငယ်ကြုတ်၍ ခပ်တိုးတိုးပြောလိုက်၏။
“ကျုပ်တို့က ဒီကိစ္စမှာ တာအိုရောင်းရင်းချင်ဇီကိုပဲ အပြစ်တင်လို့ မရဘူး”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချန်ထျန်းက ရှေ့သို့ထွက်ရပ်လာပြီး ပုံပြောအဖိုးအိုကို ကြည့်လိုက်၏။
“ခင်ဗျားက... ပဟေဠိနန်းတော်ရဲ့ ဒီဘက်မျိုးဆက် ပုံပြောသူဖြစ်ပြီး တစ်မူထူးခြားတဲ့အဆင့်အတန်းကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ ခင်ဗျားစိတ်ရှိတိုင်းတော့ ဆုံးဖြတ်လို့ မရဘူးမလား”
ဆူဇီမိုက ရင်ထဲမှာ လှုပ်ခတ်သွား၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချန်ထျန်း၏ လေသံအရ ပုံပြောသူတစ်ယောက်၏ အဆင့်အတန်းသည် အတော်လေး မရိုးရှင်းသည့်ပုံပင်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးကလည်း ခေါင်းညိတ်လိုက်၏။
“အထီးကျန်သိုင်းသခင်နဲ့ တခြားသူတွေက ဒီနေ့မှာ ကျုပ်တို့ဂိုဏ်းကို ဝင်ရောက်တိုက်ခိုက်ပြီး ကျုပ်တို့ရဲ့သခင်လေးကို တောင်းဆိုခဲ့ကြတယ်... ကျုပ်တို့က တခြားရွေးချယ်စရာမရှိပဲ တိုက်ခိုက်ခဲ့ရတယ်... ဘာပဲဖြစ်ဖြစ် အထီးကျန်သိုင်းသခင်နဲ့ တခြားသူတွေက အရင်ဆုံးစပြီး ရိုင်းပျတာပဲ”
“ဟဲဟဲ..”
ပုံပြောအဖိုးအိုက လှောင်ရယ်လိုက်၏။
“ငါက မော်တယ်လောကမှာ ကျင်လည်ကျက်စားနေခဲ့လို့ နန်းတော်ကိုပြန်မလာဖြစ်တာ အတော်ကြာသွားခဲ့ပြီ... ဒီတစ်ခေါက်ကိစ္စမှာ အထီးကျန်သိုင်းသခင်ကို ကျေးဇူးတင်ရမှာပဲ.. သူတို့ကြောင့်သာ မဟုတ်ရင် ပဟေဠိနန်းတော်က ဒီလိုအခြေအနေထိ ကျဆင်းနေပြီးဆိုတာကို ငါသိဦးမှာ မဟုတ်ဘူး”
“အခုဆိုရင် ပဟေဠိနန်းတော်က တကယ့်ကို သောင်းပြောင်းထွေလာနေရာတစ်ခုဖြစ်နေတာပဲ... ဒီတိုက်ပွဲမှာပဲ မင်းတို့လို ပြဿနာရှာမယ့်ကောင်တွေက အလျှိုလျှိုထွက်ပေါ်လာကြပြီ”
ပုံပြောအဖိုးအို၏လေသံတွင် အေးစက်စက်သတ်ဖြတ်လိုစိတ်တစ်ခုပါဝင်နေ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချန်ထျန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးသည် စိတ်ထဲမှာ မလုံမလဲခံစားလာရပြီး သူတို့၏အကြည့်များက မတည်မငြိမ်ဖြစ်လာကြ၏။
သူတို့သည် ဆက်လက်၍ မငြင်းဆန်ရဲတော်ဘဲ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
“ဒါတွေတင် မကဘူး... “
ပုံပြောအဖိုးအို၏ အမူအရာက အေးစက်လာပြီး စောစောကလို ပေါ့ပါးသည့်ဟန်ပန်မျိုး ဆက်လက်၍ မရှိတော့ပဲ ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒီမိန်းကလေးက... မူလတည်ထောင်သူသခင်မလင်းလုံရဲ့ အရိုက်အရာဆက်ခံသူပဲ... ငါတောင်မှ သူမကို ထိခိုက်အောင် မလုပ်နိုင်ဘူး... ဒါတောင် မင်းတို့တွေက သူမကို သတ်ဖြတ်ဖို့ကြိုးစားခဲ့သေးတယ်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ ၊ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးလီဟန်နှင့် အခြားသူများသည် သူတို့၏ ခေါင်းများကိုငုံပြီး စကားပြောဆိုရဲခြင်း မရှိကြပေ။
သူတို့သည် ဤကိစ္စမှာ တကယ်ပင် မှားယွင်းခဲ့ကြလေသည်။
နတ်မိမယ်လင်းလုံ၏ အမွေအနှစ်ကို ဆက်ခံရရှိပြီးနောက် နတ်ဆိုးမကျိ၏ အဆင့်အတန်းသည် ပဟေဠိနန်းတော်၏ နန်းတော်အရှင်ထက်ပင် ပို၍မြင့်မြတ်လာခဲ့ပြီဖြစ်၏။ ပဟေဠိနန်းတော်ရှိ မည်သူကမှ သူမကို ထိခိုက်အောင် မလုပ်နိုင်ပေ။
သူတို့၏ တိုက်ခိုက်မှုသည် မူလတည်ထောင်သူသခင်မလင်းလုံကို အကြီးမားဆုံး မရိုမသေပြုမူခြင်းနှင့် တူညီလေသည်။
နဆ်ဆိုးမကျိသည် နောက်ဆုံးမှာတော့ သူမရင်ထဲရှိ အမျက်ဒေါသကို ဖြေဖျောက်နိုင်သွားလေပြီ။ သူမသည် ပုံပြောအဖိုးအို၏ စကားများကိုကြားသောအခါ သူမ၏ အမျက်ဒေါသက ချက်ချင်းပင်ပြေပျောက်သွားပြီး သူမက ရယ်မောလိုက်၏။ သူမက ပုံပြောအဖိုးအိုကို ဦးညွှတ်ပြီး ပြောလိုက်လေသည်။
“စီနီယာ... ကျွန်မကို အခုလိုနှစ်သိမ့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ရပါတယ်”
ပုံပြောအဖိုးအိုက လက်ကာပြလိုက်၏။
“စီနီယာ... ကျွန်မက အဆင်ပြေပါတယ်... ဒီနေ့ကိစ္စကို ဒီနေရာမှာပဲ မေ့ပျောက်လိုက်ကြရအောင်”
နတ်ဆိုးမကျိသည် ဤကိစ္စအတွက်နှင့် ပဟေဠိနန်းတော်မှ ပညာရှင်အများစုနှင့် အငြိုးအတေးမဖြစ်ပွားလိုပေ။
“ဘာမှမပူနဲ့”
ပုံပြောအဖိုးအိုကခေါင်းခါပြလိုက်၏။
“ဒီနေ့ကိစ္စကို ဒီမှာပဲပြီးသွားလို့ မရသေးဘူး”
ပုံပြောအဖိုးအို၏ အကြည့်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချန်ထျန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးအပေါ်သို့ ဆင်းသက်လာပြီး သူက အေးစက်စွာဖြင့်မေးလိုက်၏။
“မင်းတို့တွေက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ဘယ်အချိန်တုန်းက သင်ယူခဲ့ကြတာလဲ... ဟမ့်”