တာအိုအမွေအနှစ်
Vol. 98 Ch. 1466
“သွားကြရအောင်… နန်းတော်ထဲကို ငါ့နောက်က လိုက်ခဲ့”
ပုံပြောအဘိုးအိုက ဆူဇီမိုနှင့် အခြားသူများကို ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
“ဒီကိစ္စ ပြီးသွားပြီဆိုရင်.. ကျုပ် အခုပဲ ပြန်သွားတော့မယ်”
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်က ပုံပြောအဘိုးအိုကို ဦးညွှတ်ပြီး တရိုတသေ ပြောလိုက်၏။
“အင်း… မင်းပြန်လို့ရပြီ”
ပုံပြောအဘိုးအိုက လက်ကာပြလိုက်၏။
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်သည် သူ၏ ခေါင်းကို မော့ပြီး ဆူဇီမိုကို သာမန်ကာလျှံကာ ပုံစံဖြင့် တစ်ချက်ကြည့်ပြီးမှ လှည့်ထွက်သွား၏။ သူသည် လေဟာနယ်ကို သူ၏ လက်ဖဝါးဖြင့် ဆွဲဖြဲပြီး ဧရာမ အက်ကွဲကြောင်းတစ်ခုကို ဖန်တီးလိုက်၏။
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်သည် အက်ကွဲကြောင်းထဲသို့ လှစ်ခနဲ ခုန်ဝင်ပြီး ပျောက်ကွယ်သွား၏။
တစ်ခဏအတွင်းမှာပင်.. အက်ကွဲကြောင်းက တဖြည်းဖြည်း ပြန်လည်ပိတ်ဆို့ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
“လေဟာနယ်ကို အလွယ်တကူ ဆုတ်ဖြဲတာက မဟာယာနအဆင့်ရဲ့ စွမ်းအားတစ်ခုပဲ”
ပုံပြောအဘိုးအိုက ရှင်းပြလိုက်၏။
“လူတစ်ယောက်က မဟာယာနအဆင့်ကို တက်လှမ်းပြီး မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်မယ်ဆိုရင် သူတို့က လေဟာနယ်ကို အချိန်မရွေး ဆုတ်ဖြဲပြီး ကီလိုမီတာ ငါးထောင် အကွာအဝေးကို ခုန်ကူးနိုင်တယ်”
ဆူဇီမိုက မျိုးနွယ်စုခေါင်းဆောင် ချင်ချန် ထွက်မသွားခင်.. သူ့ကို ကြည့်ခဲ့သည့် အကြည့်ကို ပြန်လည်စဉ်းစားနေဆဲဖြစ်ပြီး ခေါင်းညိတ်ပြလိုက်၏။
ထိုအကြည့်မှာ ရန်လိုမှု တစ်စွန်းတစ်စ ပါဝင်နေခဲ့၏။
ဆူဇီမိုကြောင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် နန်းတော်အရှင်ရာထူးက ဖြုတ်ချခံခဲ့ရ၏။
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်ပင်လျှင် ပုံပြောအဘိုးအို၏ ဆုံးမဩဝါဒပေးခြင်းကို ခံခဲ့ရပြီး သူ၏ ဂုဏ်သိက္ခာကို ဆုံးရှုံးခဲ့ရ၏။ သူသည် ဘာကိုမှ ထုတ်မပြောခဲ့သော်လည်း သူ၏ ရင်ထဲမှာ သေချာပေါက် မကျေမနပ် ဖြစ်နေပေလိမ့်မည်။
ဆူဇီမိုက ပုံပြောအဘိုးအိုကို တစ်ဖန်ကြည့်လိုက်၏။
မဟာကျိုးမြို့တော်မှာတုန်းက.. ဤအဘိုးအိုနှင့် သူက တွေ့ဆုံခဲ့ဖူးလေသည်။ သို့သော်လည်း သာမန်ပုံစံနှင့် ဤအဘိုးအိုသည် ဤကဲ့သို့ စွမ်းအားကြီးမားသည့် နောက်ခံနှင့် ဂုဏ်အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ဘယ်သူက တွေးမိပါ့မလဲ။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် သူ့ရှေ့မှာ ဦးညွှတ်ရလေသည်။
“စီနီယာ.. ခင်ဗျားက ဧကရာဇ်တစ်ပါးလား”
ဆူဇီမိုသည် သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ထုတ်မေးလိုက်လေသည်။
ပုံပြောအဘိုးအိုက ပြုံးပြလိုက်၏။
“အင်း..”
ရိုးရှင်းသော ထိုစကားသံက ဆူဇီမိုနှင့် အခြားသူများကို ရင်တစ်ချက်ထိတ်သွားစေ၏။
သူတို့သည် ထိုသို့ ထင်မြင်နေမိသော်လည်း ပုံပြောအဘိုးအိုက အဲဒါကို တကယ်တမ်း ဝန်ခံလိုက်သည့်အခါ ဖြစ်ပေါ်လာသော ခံစားချက်က လုံးဝ ကွဲပြားလေသည်။ ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးက သူတို့၏ ရှေ့မှောက်မှာ မတ်တတ်ရပ်နေ၏။
နတ်ဆိုးမ ကျိက သူမ၏ မျက်လုံးကို ပုတ်ခတ်၍ မေးလိုက်၏။
“စီနီယာ… ရှင့်ရဲ့ ဘွဲ့က ဘာဘွဲ့လဲ”
ပုံမှန်အားဖြင့် ဧကရာဇ်များမှာ ထူးခြားသော ဘွဲ့များ ရှိကြ၏။
ဥပမာအားဖြင့်.. လူသားဧကရာဇ်၊ ဆေဘာဧကရာဇ်နှင့် မိုးကြိုးဧကရာဇ် စသည်ဖြင့်..။
“ငါ့ရဲ့ ဘွဲ့က ဂမ္ဘီရ..”
ပုံပြောအဘိုးအိုက ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။
ဂမ္ဘီရ ဧကရာဇ်..
ဆူဇီမိုသည် ခဏမျှ တွေးတောပြီး ထပ်မေးလိုက်၏။
“ပုံပြောသူတစ်ယောက် ဖြစ်လာရတာက ဘယ်လောက်ထိ အရေးပါသလဲ”
“ပုံပြောသူက ပဟေဠိနန်းတော်ရဲ့ ကန့်သတ်ချုပ်နှောင်မှုကနေ လွတ်ထွက်နေတဲ့ ပဟေဠိနန်းတော်ရဲ့ ထူးခြားတဲ့ တည်ရှိမှုတစ်ခုပဲ”
ပုံပြောအဘိုးအိုက ပြောလိုက်၏။
“အဲဒီ တည်ရှိမှုကို ဖန်တီးခဲ့တာက.. ရှေးဟောင်းခေတ်ရဲ့ ခြေရာကို ပြန်ကောက်နိုင်ဖို့ပဲ… မူလတည်ထောင်သူ သခင်မ လင်းလုံရဲ့ တပည့်က ပထမဆုံးမျိုးဆက်ရဲ့ ပုံပြောသူ ဖြစ်ခဲ့တယ်”
“မျိုးဆက်တိုင်းမှာ ပုံပြောသူတစ်ယောက်ပဲ ရှိတယ်.. ပုံပြောသူတစ်ယောက်ရဲ့ တာဝန်ဝတ္တရားက လောကတစ်ခွင် လှည့်လည်ပြီး နေရာတိုင်းမှာ ပုံပြင်ဇာတ်လမ်းတွေကို ဖြန့်ဝေပေးဖို့ပဲ”
ပုံပြောအဘိုးအို ဟောပြောပို့ချနေသည်ကို ဆူဇီမိုက ကိုယ်တိုင်တွေ့မြင်ခဲ့ဖူးလေသည်။ တကယ်ပင် ထိုသူက ဇာတ်ကြောင်းပြောဆိုရာမှာ အလွန်တရာ ကျွမ်းကျင်ပိုင်နိုင်ပြီး သူပြောသည့် ဇာတ်လမ်းအများစုသည် မိစ္ဆာများနှင့် နတ်ဆိုးများ၏ ထူးဆန်းသော ပုံပြင်ဇာတ်လမ်းများ ဖြစ်လေသည်။
ယခင်က သူသည် ခရီးသွားဟန်လွှဲပုံစံဖြင့် အဲဒါကို ကြားခဲ့ရပြီး အမှန်တကယ်ပင် စိတ်ဝင်စားမိခဲ့လေသည်။
ပုံပြောအဘိုးအိုသည် အရာရာတိုင်းကို အမှန်တကယ် ဖြစ်ပျက်နေသည့်အလား ပြောဆိုနိုင်၏။ အဲဒါကို သူပြောသည့်အခါ သူက အဖြစ်အပျက်များ၏ အလယ်မှာ ရောက်ရှိသွားသည့်အလား လူတိုင်းကလည်း ထိုအထဲမှာ နစ်မျောသွားကြ၏။
သို့သော်လည်း… ပဟေဠိနန်းတော်မှ ပုံပြောသူ၏ မြင့်မားသော အဆင့်အတန်းအရ သူတို့ အမှန်တကယ် ယူထားရသည့် တာဝန်သည် လောကတစ်ခွင် လှည့်လည်ပြီး ပုံပြင်ဇာတ်လမ်းများကို ပြောဆိုရခြင်းဆိုသည်မှာ တကယ့်ကို ယုံဖို့ခက်လေသည်။
“ပဟေဠိနန်းတော်က အဲ့လိုမျိုး တည်ရှိမှုတစ်ခုကို ဘာကြောင့် သတ်မှတ်ခဲ့ရတာလဲ”
နတ်ဆိုးမ ကျိက တွေဝေရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
“နတ်မိမယ် လင်းလုံက ပဟေဠိနန်းတော်ကို ဘာကြောင့် တည်ထောင်ခဲ့တာလဲ မင်းတို့တွေ သိလား”
ပုံပြောအဘိုးအိုက ပြန်မဖြေဘဲ ပြန်မေးလိုက်၏။
ဆူဇီမိုနှင့် အခြားသူများက ခေါင်းခါပြလိုက်၏။
ပုံပြောအဘိုးအိုက ပြောလေသည်။
“ရှေးဟောင်းခေတ် ပညာရှိတွေက ထာဝရတည်တံ့စေမယ့် တန်ဖိုးသုံးခုနဲ့ ပတ်သက်ပြီး ဆိုရိုးစကားတစ်ခု ထားခဲ့ကြတယ်… ပထမတစ်ခုက စင်ကြယ်တဲ့ အကျင့်သီလကို တည်ဆောက်ဖို့ပဲ… ဒုတိယတစ်ခုက လူအများ ချီးကျူးထိုက်တဲ့ အောင်မြင်မှုတွေကို ရရှိဖို့ပဲ… တတိယတစ်ခုကတော့ သင်ကြားပြသပေးဖို့ပဲ”
“စင်ကြယ်တဲ့ အကျင့်သီလ… ချီးကျူးထိုက်တဲ့ အောင်မြင်မှုနဲ့ သင်ကြားပြသမှုတဲ့လား”
ဆူဇီမိုက လေးနက်စွာ တွေးတော၍ တီးတိုးရေရွတ်လိုက်၏။
ပုံပြောအဘိုးအိုက ဆက်ပြောလိုက်၏။
“ပဟေဠိနန်းတော်ကို တည်ထောင်ထားတာက သင်ကြားပြသမှုကို တည်ဆောက်ဖို့အတွက်ပဲ.. အဲဒီရည်ရွယ်ချက်အရ ငါတို့က သမိုင်းတွေကို မှတ်တမ်းတင်ရတယ်.. အကျိုးဆောင်မှုတွေကို ဆက်လက်ဖန်တီးရတယ်… သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖြန့်ဝေပေးပြီး တာအိုကို အမွေပေးရတယ်”
“အချိန်ကြာလာတာနဲ့အမျှ.. အဲဒီမှာ လူတွေ တဖြည်းဖြည့် မေ့လျော့သွားမယ့် အချက်တွေ အများကြီး ရှိတယ်.. ဒါပေမဲ့ ပဟေဠိနန်းတော်က အဲဒါကို မေ့လျော့မှာ မဟုတ်ဘူး.. ငါတို့က အဲဒါတွေကို မှတ်တမ်းတင်ပြီး လက်ဆင့်ကမ်း ဖြန့်ဝေပေးရတယ်”
“ငါက လူ့လောကမှာ နှစ်ပေါင်းသောင်းချီကြာအောင် လှည့်လည်သွားလာနေပြီး ကမ္ဘာဦးခေတ်က လူသားမျိုးနွယ်ရဲ့ ဝမ်းနည်းစရာကောင်းတဲ့ ခေတ်ကာလတစ်ခုကို ပြန်ပြောပြခဲ့တယ်… ငါက ရှေးဟောင်းခေတ် စစ်ပွဲနဲ့ ဧကရာဇ်တွေရဲ့ အမွေအနှစ်သမိုင်းကြောင်း အတ္ထုပ္ပတ္တိတွေကို ပြန်ပြောပြခဲ့တယ်”
“ဖြစ်ပျက်ခဲ့တဲ့ အရာရာတိုင်းက အစစ်အမှန်တွေဖြစ်ပြီး ပဟေဠိနန်းတော်မှာ အဲဒါတွေကို မှတ်တမ်းတင်ထားတယ်.. အဲဒါက ငါတို့ လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်ပဲ”
ဆူဇီမိုနှင့် အခြားသူများသည် တုန်လှုပ်စွာဖြင့် ကြောင်အ,မှင်တက်သွားကြ၏။
လောကတစ်ခွင် လှည့်လည်၍ ပုံပြောအဘိုးအို ဟောပြောနေသည့် ပုံပြင်ဇာတ်လမ်းများသည် စိတ်ကူးယဉ်ထားခြင်း မဟုတ်ဘဲ အဲဒါတွေက သမိုင်း၏ စစ်မှန်သော အစိတ်အပိုင်းများ ဖြစ်နေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
အဲဒါထက်.. ပဟေဠိနန်းတော်ကို တည်ထောင်ထားခြင်းသည် ဓမ္မပညာရပ်များနှင့် လျှို့ဝှက်အတတ်များကို သင်ကြားပေးဖို့အတွက် မဟုတ်ဘဲ လူသားမျိုးနွယ်၏ စိတ်ဝိညာဉ်နှင့် သမိုင်းကြောင်း ယဉ်ကျေးမှုကို ထိန်းသိမ်းထားဖို့ ဖြစ်နေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
အဲဒါသည် ပဟေဠိနန်းတော်ကို တည်ထောင်ခဲ့သော နတ်မိမယ် လင်းလုံ၏ အစစ်အမှန် ရည်ရွယ်ချက် ဖြစ်လေသည်။
ပုံပြောအဘိုးအိုက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး အဝေးတစ်နေရာသို့ ငေးမျှော်ကြည့်ကာ ညည်းတွားရေရွတ်လိုက်၏။
“လောကက အမြဲတမ်း ပြောင်းလဲနေတယ်.. ဘယ်မျိုးနွယ်ကမှ ထာဝရ အုပ်စိုးနိုင်မှာ မဟုတ်ဘူး.. မူလတည်ထောင်သူ သခင်မ လင်းလုံကလည်း လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက တစ်နေ့မှာ ကျဆင်းလာမယ်ဆိုတာကို မျှော်လင့်ထားခဲ့တယ်”
“လူသားမျိုးနွယ်က မဟာကပ်ဆိုးတွေနဲ့ ဆင်းရဲဒုက္ခတွေကို တွေ့ကြုံကောင်း တွေ့ကြုံရလိမ့်မယ်.. ဒါပေမဲ့ ပဟေဠိနန်းတော် တည်ရှိနေသမျှ လူသားတွေရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု အမွေအနှစ်က ဆက်လက်တည်တံ့နေလိမ့်မယ်”
“သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု အမွေအနှစ် ဖျက်ဆီးမခံရသရွေ့ လူသားမျိုးနွယ်က တစ်နေ့မှာ တစ်ဖန်ပြန်လည် ဦမော့လာလိမ့်မယ်… တစ်နေ့မှာ လူသားမျိုးနွယ်က ဧကရာဇ်တွေများစွာ ပေါ်ထွက်ခဲ့တဲ့ ရှေးဟောင်းခေတ်ရဲ့ ဂုဏ်ကျက်သရေထွန်းတောက်တဲ့ ခေတ်ကာလမျိုးကို ပြန်လည်ရောက်ရှိလာလိမ့်မယ်”
ထိုနေရာအရောက်တွင်… ဆူဇီမိုဖြစ်စေ.. နတ်ဆိုးမ ကျိဖြစ်စေ… မင်းကျန် ဖြစ်စေ.. သူတို့အားလုံးသည် ပဟေဠိနန်းတော် ရှိရာဘက်သို့ ကြည်ညိုလေးစားစွာဖြင့် လှည့်ကြည့်လိုက်ကြ၏။
ချက်ချင်းပင်.. လူတိုင်းသည် အချိန်စီးဆင်းမှုကို ဆန့်ကျင်သွားပုံရပြီး ဤကုန်းမြေတွင် ရပ်တည်ခဲ့သည့် ရှေးဟောင်းခေတ်က ပြိုင်စံရှား ထိုအမျိုးသမီးကို မြင်ယောင်မိလာကြ၏။ နတ်မိမယ် လင်းလုံသည် ဧကရာဇ်တစ်ပါး မဖြစ်ခဲ့သော်လည်း သူမက ထာဝရ ချီးကျူးဂုဏ်ပြုမှုနှင့် ထိုက်တန်လေသည်။
အတန်ကြာပြီးနောက်.. နတ်ဆိုးမ ကျိက ထပ်မေးလိုက်၏။
“စီနီယာ… ပဟေဠိနန်းတော်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ အချက်အလက်တွေ များစွာကို မှတ်တမ်းတင်ထားတယ်လို့ ဆိုလိုတာလား”
“ဟုတ်တာပေါ့”
ပုံပြောအဘိုးအိုက အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ပြလိုက်၏။
“စီနီယာ… ဧကရာဇ်တွေရဲ့ အတ္ထုပ္ပတ္တိဆိုတာ ဘာကို ဆိုလိုတာလဲ”
ပုံပြောအဘိုးအိုက ပြုံးလိုက်၏။
“ဧကရာဇ်တစ်ပါးဖြစ်လာတဲ့ ဘယ်သူမဆို.. ပဟေဠိနန်းတော်က သူတို့အတွက် ကိုယ်ရေးအတ္ထုပ္ပတ္တိတစ်ခုကို တည်ဆောက်ပေးပြီး သူ့ရဲ့ သမိုင်းကြောင်းဒဏ္ဍာရီကို မှတ်တမ်းတင် ထိန်းသိမ်းထားပေးလိမ့်မယ်”
“ဝိုး…”
နတ်ဆိုးမ ကျိက အံ့အားတသင့် ရေရွတ်ပြီး အားကျစွာဖြင့် ဆက်ပြောလိုက်၏။
“အဲဒါက လူတစ်ယောက်ရဲ့ အမှတ်အသားကို သမိုင်းတစ်လျှောက် ချန်ရစ်ခဲ့နိုင်တာလို့ တကယ်ကို သတ်မှတ်နိုင်တာပဲ”
အဲဒါက ကြီးမားစွာ ဂုဏ်ပြုခံရမှု ဖြစ်၏။
ကျင့်ကြံရေးလောကတွင် ဧကရာဇ်များ၏ ဒဏ္ဍာရီသမိုင်းကြောင်းများသည် ပျံ့နှံ့နေခဲ့သည်မှာ ပဟေဠိနန်းတော်ကြောင့်ပင် ဖြစ်၏။
ထိုနေရာအရောက်တွင် ပုံပြောအဘိုးအိုက သူ့မျက်လုံးထဲရှိ လေးနက်သော မျှော်လင့်စောင့်စားမှုနှင့်အတူ ဆူဇီမိုကို လှည့်ကြည့်လိုက်၏။
“အထီးကျန်သိုင်းသခင်… ပဟေဠိနန်းတော်က မင်းအတွက် အတ္ထုပ္ပတ္တိတစ်ခုကို မှတ်တမ်းတင်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီ”
“အား..”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး အလိုလိုမေးလိုက်၏။
“ဧကရာဇ်တွေကပဲ အတ္ထုပ္ပတ္တိတစ်ခု ချန်ထားရစ်ခဲ့ဖို့ အဆင့်မီတယ်လို့ ခင်ဗျား မပြောခဲ့ဘူးလား”
“မင်းအတွက် အတ္ထုပ္ပတ္တိတစ်ခု တည်ဆောက်ပေးတာက ဧကရာဇ်တစ်ပါးရဲ့ အဆင့်အတန်းနဲ့ ဘာမှ မပတ်သက်ဘူး.. အဲဒါက မင်းက အထီးကျန်သိုင်းသခင် ဖြစ်နေလို့ပဲ… မင်းက သိုင်းတာအိုကို တည်ဆောက်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးခဲ့တယ်”
ပုံပြောအဘိုးအိုက ပြောလိုက်၏။
“ရှေးဟောင်းခေတ် ဧကရာဇ်တွေတောင် အဲ့လိုမျိုး အကျိုးဆောင်မှုကို မပြုလုပ်နိုင်ခဲ့ဘူး.. အဲဒါ တစ်ခုတည်းကတင် သမိုင်းတစ်လျှောက် တည်တံ့စေမယ့် အတ္ထုပ္ပတ္တိတစ်ခုကို တည်ဆောက်ပေးဖို့ ထိုက်တန်နေပြီ”
သမိုင်းတစ်လျှောက်တွင် ဆူဇီမိုကသာလျှင် ဧကရာဇ်တစ်ပါး မဖြစ်သေးသော်လည်း ပဟေဠိနန်းတော်က ဖန်တီးပေးမည့် အတ္ထုပ္ပတ္တိတစ်ခု ရှိလာသည့်သူ ဖြစ်ပေလိမ့်မည်။
ပုံပြောအဘိုးအိုက ဆက်ပြောလိုက်၏။
“မင်းရဲ့ အနာဂတ်အောင်မြင်ထွန်းပေါက်မှုက ဘယ်လောက်ထိ ရောက်မယ်ဆိုတာကို ငါမသိတဲ့အတွက် ငါက အဲဒီအတ္ထုပ္ပတ္တိရဲ့ အမည်ကို နာမည်မပေးရသေးဘူး… ဧကရာဇ်တစ်ပါး ဖြစ်လာတာက မင်းရဲ့ အဆုံးမှတ် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်”
“ငါ့ရဲ့ ဘဝမှာ ဒီအတ္ထုပ္ပတ္တိကို ပြီးမြောက်အောင် ရေးနိုင်ဖို့ မျှော်လင့်မိတယ်.. ငါ မလုပ်နိုင်ဘူးဆိုရင် နောက်မျိုးဆက်ရဲ့ ပုံပြောသူက အဲဒါကို ဆက်ပြီး ပြုလုပ်ရလိမ့်မယ်”
ထိုသို့ပြောရင်း ပုံပြောအဘိုးအိုသည် သူ့ဘေးတွင်ရှိသော လင်းရွှမ်ကျီကို တစ်ချက်ကြည့်လိုက်၏။