လူသားမျိုးနွယ်၏ ကံကြမ္မာ
Vol. 98 Ch. 1467
လူတိုင်းသည် လင်းရွှမ်ကျီကို လှည့်ကြည့်လိုက်ကြ၏။
အဘိုးအို၏ စကားအရ နောက်မျိုးဆက်၏ ပုံပြောသူ နေရာကို လင်းရွှမ်ကျီက ဆက်ခံရဖို့များလေသည်။
“အဘိုးကြီး.. ခင်ဗျားက အလတ်ကြီး ရှိသေးတာပဲ.. ဒီလိုကိစ္စတွေ ကျုပ်ကို အလောတကြီး ပြောနေစရာမလိုဘူး”
လင်းရွှမ်ကျီက မကျေမနပ် ရေရွတ်ပြောဆိုလိုက်၏။
“ကျုပ်က အခုမှ ငယ်ငယ်လေး ရှိသေးတယ်… ဒီလိုမျိုး ကြီးမားတဲ့ တာဝန်တစ်ခုကို မယူနိုင်သေးဘူး”
ပုံပြောအဘိုးအိုက ပြောလိုက်၏။
“လူတိုင်းမှာ သူ့အခက်အခဲနဲ့သူ ရှိကြတယ်.. ငါက အရာရာတိုင်းကို ဗေဒင်တွက်ချက်နိုင်ပေမဲ့ ငါဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲဆိုတာကို မတွက်ချက်နိုင်ဘူး”
“တချို့အရာတွေကို ကြိုတင်ပြောထားတာက ပိုကောင်းတယ်”
“အဘိုးကြီး.. တော်ပါတော့ဗျာ.. ခင်ဗျားရဲ့ စကားတွေက နိမိတ်မရှိ နမာမရှိနဲ့”
လင်းရွှမ်ကျီက ထပ်မံ၍ မျက်မှောင်ကြုတ်လိုက်၏။
သူသည် အမြဲတမ်း ပုံပြောအဘိုးအိုအပေါ် နောက်တီးနောက်တောက် အမူအရာရှိပြီး လေးစားသည့်ပုံ မရှိသော်လည်း သူ၏ နှလုံးသားထဲမှာ ထိုသူက သူ၏ ဆွေမျိုး ဖြစ်လေသည်။
ပုံပြောအဘိုးအိုက ပြုံး၍ ပြန်ပြောင်းစဉ်းစားလိုက်၏။
“ငါက ငါ့ရဲ့ ဘဝမှာ တပည့်လေးယောက် လက်ခံပြီး မင်းတို့တွေကို ထန်၊ သီ၊ ရွှမ်၊ ဟွမ် ဆိုပြီးတော့ အစဉ်လိုက်စီထားခဲ့တယ်… ကောင်းကင်ဘုံလျှို့ဝှက်ချက်က မင်းတို့ရဲ့ အကြီးဆုံး စီနီယာအစ်ကိုပဲ”
“ကောင်းကင်ဘုံလျှို့ဝှက်ချက်က အထူးချွန်ဆုံးနဲ့ ကျင့်ကြံမှုအမြန်ဆုံးပဲ… တိုက်ခိုက်ရည်ခွန်အားမှာပဲ ဖြစ်ဖြစ်.. ဉာဏ်ရည်ဉာဏ်သွေးမှာပဲ ဖြစ်ဖြစ်.. သူက မင်းတို့တွေကထက် အများကြီးသာတယ်”
လင်းရွှမ်ကျီက ခေါင်းညိတ်လိုက်၏။
“စီနီယာအစ်ကိုက တကယ်ပဲ ကျုပ်ထက် သန်မာတယ်”
“မင်းတို့လေးယောက်ရဲ့ စိတ်နေစရိုက်တွေကလည်း မတူကြဘူး… ကောင်းကင်ဘုံလျှို့ဝှက်ချက်က တည်ငြိမ်တဲ့ စိတ်နေစရိုက်ရှိပြီး ရင့်ကျက်မှု ရှိတယ်.. သီကျီကတော့ နည်းနည်းလေး ရှေးဆန်ပြီး ဘယ်လို အလိုက်အလိုက်နေရမလဲ နားမလည်ဘူး.. ဟွမ်ကျီကတော့ ရိုးသားပြီး ကြင်နာတတ်တယ်… မင်းကတော့…”
ပုံပြောအဘိုးအိုက လင်းရွှမ်ကျီကို ကြည့်ပြီး ခဏမျှ ရပ်တန့်လိုက်၏။
“မင်းရဲ့ စိတ်နေစရိုက်က ငါနဲ့ အတူဆုံးပဲ… နေချင်သလို နေတတ်ပြီး ကရော်ကမယ်နိုင်တယ်”
“ပုံမှန်အားဖြင့်ဆိုရင်.. ပုံပြောသူနေရာကို ဆက်ခံဖို့အတွက် အသင့်လျော်ဆုံး အရိုက်အရာဆက်ခံသူက ကောင်းကင်ဘုံလျှို့ဝှက်ချက်ပဲ ဖြစ်ရမှာ”
“ကံဆိုးစွာနဲ့ပဲ.. ငါမရှိတဲ့ အချိန်မှာ သူက လမ်းမှားပေါ်ကို သွေဖယ်သွားပြီး ပြန်မလာနိုင်တော့တဲ့ အခြေအနေထိ ရောက်ရှိသွားတယ်”
ကောင်းကင်ဘုံလျှို့ဝှက်ချက်အကြောင်း ပြောချိန်တွင် ပုံပြောအဘိုးအို၏ မျက်လုံးထဲမှာ ပူဆွေးဝမ်းနည်းမှု တစ်စွန်းတစ်စ ရှိနေဆဲဖြစ်၏။
မည်သို့ပင်ဆိုစေ… ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏ တပည့်ကြီးဖြစ်ပြီး ထိုသူ၏ ဉာဏ်ရည်ဉာဏ်သွေး၊ စိတ်နေစရိုက်၊ ပါရမီအရည်အချင်းနှင့် တိုက်ခိုက်ရည်ခွန်အားတို့သည် လင်းရွှမ်ကျီနှင့် အခြားနှစ်ယောက်ထက် များစွာသာလွန်လေသည်။
ပုံပြောအဘိုးအိုသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်အပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိခဲ့လေသည်။
မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံဖို့အတွက်နှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် လောကရှိ ပညာရှင်များ အားလုံးကို အကောက်ကြံပြီး ကောင်းကင်နှင်မြေကြီးတောင်ကြား တိုက်ပွဲမှာ သွေးမြစ်စီးစေခဲ့လေသည်။
“စီနီယာ.. ဒီနှစ်တွေထဲမှာ ကမ္ဘာဦးမျိုးနွယ်တွေရဲ့ ခြေရာလက်ရာတွေက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ပေါ်လာခဲ့ပြီ… သူတို့က အငြိမ်မနေကြတော့ဘူး.. ကျင့်ကြံရေးလောကက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတာ ကောင်းလိမ့်မယ် ထင်တယ်”
ဆူဇီမိုက မနေနိုင်ဘဲ ပြောလိုက်၏။
ပုံပြောအဘိုးအိုက ပြန်ဖြေခြင်း မရှိဘဲ သူ့ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်၏။
“မင်းက ကျင့်ကြံရေးလောကရဲ့ ထိပ်သီးဂိုဏ်းကြီးတွေနဲ့ အဖွဲ့အစည်းကြီးတွေနဲ့ ပတ်သက်ပြီး အရမ်းကို စိတ်ပျက်နေမယ်ဆိုတာ ငါသိပါတယ်”
ဆူဇီမိုသည် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသော်လည်း သူက တိတ်တဆိတ်ဖြင့် ဝန်ခံလိုက်၏။
သူသည် ဤနှစ်များအတွင်း ကိစ္စများစွာကို တွေ့ကြုံခဲ့ရ၏။ လက်ရှိကျင့်ကြံသူများသည် ကမ္ဘာဦးမျိုးနွယ်များအပေါ် ခိုင်မာသော ရပ်တည်ချက် ဆက်လက်၍ မရှိကြတော့ပေ။ ထိုအစား သူတို့က အကြောက်တရားများဖြင့် ပြည့်နှက်နေကြလေပြီ။
တောင်ပိုင်းဒေသ၏ တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းကို သွေးနွယ်ပင်မျိုးနွယ်က ဖျက်ဆီးပစ်လိုက်သော်လည်း မည်သည့်ထိပ်သီးဂိုဏ်းကြီးကမှ ပေါ်ထွက်မလာကြပေ။
ကိုယ်တိုင်မထိခိုက်သရွေ့.. မည်သူကမှ ပါဝင်ပတ်သက်ခြင်း မရှိလိုကြပေ။
သို့သော်လည်း ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများသည် တူညီသော စိတ်နေသဘောထားအတိုင်း ဆက်လက်၍ ရှိနေကြမည်ဆိုလျှင် ကမ္ဘာဦးမျိုးနွယ်များသည် သူတို့၏ တားမြစ်ကုန်းမြေများကနေ ထွက်ခွာလာပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကျူးကျော်သတ်ဖြတ်မှုများကို စတင်လာပေတော့မည်။ ထိုအချိန်ကျလျှင် ဘယ်သူကများ ဘယ်လောက်ထိကြာကြာ ရှောင်လွှဲနိုင်မှာလဲ။
အသိုက်က မှောက်ကျသွားမည်ဆိုလျှင် မည်သည့် ဥကမှ အကောင်းအတိုင်း မကျန်ရှိနိုင်တော့ပေ။
“တကယ်တော့.. အဲဒါက သူတို့ရဲ့ အပြစ်လည်း မဟုတ်ဘူး”
ပုံပြောအဘိုးအိုက ပြောလိုက်၏။
“ပထမတစ်ချက်… လူသားမျိုးနွယ်က သမိုင်းတစ်လျှောက် ခြိမ်းခြောက်မခံရတော့တာ အတော်ကြာသွားခဲ့ပြီ.. ဒီလိုမျိုး ပတ်ဝန်းကျင်မှာ ရှင်သန်လာခဲ့ပြီးတဲ့နောက်… သူတို့က တိုက်ပွဲကို ရှိန်နေကြပြီ”
“ဒုတိယတစ်ချက်… လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအခွင့်အလမ်းက ဒီဘက်မျိုးဆက်မှာ တကယ်ပဲ ကျဆင်းလာခဲ့ပြီ.. မဟာယာနမျိုးနွယ်စုခေါင်းဆောင်ပဲဖြစ်ဖြစ်.. ဧကရာဇ်တွေပဲဖြစ်ဖြစ်… သူတို့ရဲ့ အရေအတွက်က ရှေးဟောင်းခေတ်ကထက် အများကြီး လျော့ကျသွားခဲ့ပြီ”
“တချို့ဂိုဏ်းတွေမှာဆို.. နောက်ခံပေးထားတဲ့ ဧကရာဇ်တွေတောင် မရှိကြတော့ဘူး.. သူတို့က ကမ္ဘာဦးမျိုးနွယ်တွေနဲ့ ဘယ်လိုမှ ထိပ်တိုက်ရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ဒီပင်္ကရာကျောင်းတော်ကလည်း ထိုဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်၏။
ပုံပြောအဘိုးအိုက ဆက်ပြောလိုက်၏။
“တတိယတစ်ချက်… အဲဒါကတော့ အရေးကြီးဆုံးပဲ.. လက်ရှိကျင့်ကြံရေးလောကက လူသားမျိုးနွယ်ကို ဦးဆောင်နိုင်မယ့် အန္တိမပညာရှင်တစ်ယောက်ကို လိုအပ်နေတယ်”
“ရှေးဟောင်းခေတ်တုန်းက လူသားဧကရာဇ်လို အန္တိမပညာရှင်တစ်ယောက် ပေါ်ထွက်လာခဲ့တယ်.. သူက တခြား ဧကရာဇ်တွေကို စုစည်းဖို့ အမိန့်ပေးလိုက်တဲ့အခါ ဘယ်သူကမှ သူ့အမိန့်ကို မနာခံဘဲ မနေရဲကြဘူး”
“ဒါပေမဲ့ အခုတော့ လူသားမျိုးနွယ်မှာ အဲ့လိုမျိုး ပညာရှင်တစ်ယောက် လစ်လပ်နေတယ်”
ဆူဇီမိုက တဖြည်းဖြည်း နားလည်သဘောပေါက်သွား၏။
ကမ္ဘာဦးမျိုးနွယ်များနှင့် တိုက်ခိုက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ လောက၏ ဧကရာဇ်များကို အတူတကွ စုစည်းနိုင်ဖို့ ဖြစ်၏။
သို့သော်လည်း ဧကရာဇ်များဆိုတာ မည်သို့သော ပုဂ္ဂိုလ်များပါလဲ..။
သူတို့အားလုံးသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ထိပ်ဆုံးအဆင့် တည်ရှိမှုများ ဖြစ်ကြ၏။
တစ်လောကလုံးကို ဖိနှိမ်၍ အမိန့်ပေးနိုင်သည့် အန္တိမပညာရှင်တစ်ယောက် ပေါ်ထွက်မလာသရွေ့… ဘယ်သူကများ အခြားတစ်ယောက်ကို ဦးညွှတ်နိုင်ပါ့လဲ။
“စီနီယာ.. ခင်ဗျားတောင်မှ အဲဒါကို မလုပ်နိုင်ဘူးလား”
ဆူဇီမိုက မေးလိုက်၏။
“မလုပ်နိုင်ဘူး”
ပုံပြောအဘိုးအိုက ခေါင်းခါပြလိုက်၏။
“နာမည်ဂုဏ်သတင်းမှာပဲဖြစ်ဖြစ်.. တိုက်ခိုက်ရည်ခွန်အားမှာပဲဖြစ်ဖြစ်.. ငါက အဲဒီအဆင့်ကို ရောက်ဖို့ အဝေးကြီးလိုသေးတယ်”
“ပဟေဠိနန်းတော်ရဲ့ ပုံပြောသူအနေနဲ့ ငါက ဧကရာဇ်တချို့ကို စုစည်းကောင်း စုစည်းနိုင်လိမ့်မယ်.. ဒါပေမဲ့ အဲဒီ အင်အားအစုအဖွဲ့လောက်နဲ့ ကမ္ဘာဦးမျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်မယ်ဆိုရင် ငါတို့က သေကြေပျက်သုဉ်းရလိမ့်မယ်”
ဆူဇီမိုက စိတ်ထဲမှာ လေးလံလာပြီး လေးနက်စွာ မျက်မှောင်ကြုတ်လိုက်၏။
ထိုသို့ဆိုလျှင် ကမ္ဘာဦးမျိုးနွယ်များသည် အတူပူးပေါင်း၍ လူသားမျိုးနွယ်အပေါ် ကျူးကျော်စစ် ဆင်နွှဲလာသည်နှင့် လူသားမျိုးနွယ်က အပြတ်အသတ် ဖိနှိမ်ခံရဖို့ အခွင့်များလေသည်။
ထိုအချိန်ကျလျှင် ကမ္ဘာဦးမျိုးနွယ်များသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ပြန်လည်ထိန်းချုပ်နိုင်ပေတော့မည်။
ကမ္ဘာဦးခေတ်နှင့် ဆင်တူစွာ.. လူသားမျိုးနွယ်များသည် ကျွန်ပြုခံရပြီး အခြားမျိုးနွယ်များ၏ အစာအဖြစ် သတ်မှတ်ခြင်းခံရပေတော့မည်။
ပုံပြောအဘိုးအိုက ခဏမျှ တွေးတောပြီး ဆက်ပြောလိုက်၏။
“တကယ်တော့.. မင်းတို့တွေက အရမ်းလည်း စိတ်ဓာတ်ကျနေစရာ မလိုဘူး”
“ဘာပဲပြောပြော.. ဒီဘက်မျိုးဆက်မှာ ပြောင်းလဲနိုင်ချေတချို့ ရှိနေသေးတယ်”
ထိုသို့ပြောရင်း.. သူက ဆူဇီမိုကို ပြုံး၍ လှည့်ကြည့်လိုက်၏။
“ကျုပ်လား”
ဆူဇီမိုက ခဏမျှ မှင်တက်သွား၏။
ပုံပြောအဘိုးအိုက ခေါင်းညိတ်ပြလိုက်၏။
“ပထမတစ်ချက်… မင်းက နဂါးမျိုးနွယ်မှာ ကျင့်ကြံနေတဲ့ ကိုယ်ပွားတစ်ခု ရှိတယ်… သူက နဂါးမျိုးနွယ်ရဲ့ သခင်လေးအဖြစ် မြင့်မြတ်တဲ့ ဂုဏ်အဆင့်အတန်းကို ပိုင်ဆိုင်ထားတယ်”
“မင်းရဲ့ စိတ်နေစရိုက်အရဆို… လူသားမျိုးနွယ် ဒုက္ခရောက်တဲ့အခါ.. မင်းရဲ့ နဂါးဖီးနစ်ခန္ဓာက ဒီတိုင်း သေချာပေါက် ကြည့်နေမှာ မဟုတ်ဘူးလို့ ငါယုံတယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
လူသားမျိုးနွယ်က တကယ်တမ်း ဒုက္ခရောက်မည်ဆိုလျှင်.. နဂါးဖီးနစ်ခန္ဓာသည် လူသားမျိုးနွယ်ကို ကူညီဖို့အတွက် နဂါးမျိုးနွယ်ကို အတတ်နိုင်ဆုံး ဖျောင်းဖျပေလိမ့်မည်။
ပုံပြောအဘိုးအိုက ဆက်ပြောလိုက်၏။
“နောက်တစ်ခုက တဗူးတွေရဲ့ မွေးဖွားပေါ်ထွက်လာမှုပဲ”
“ကမ္ဘာဦးခေတ်ရဲ့ မဟာတဗူး သုံးမျိုးထဲမှာ နှစ်မျိုးက ပေါ်ထွက်လာခဲ့ပြီ… ဒါ့အပြင် အခုချိန်မှာ သူတို့နှစ်ယောက်က လူသားမျိုးနွယ်ရဲ့ဘက်မှာ ရှိနေတဲ့ပုံပဲ.. သူတို့ရဲ့ တစ်ခုတည်းသော အားနည်းချက်က အခုချိန်ထိ ကောင်းကောင်းကြီးထွားမလာသေးတာပဲ”
ဆူဇီမိုက ပြန်မဖြေဖြစ်ပေ။
တကယ်တော့.. ဒီဘက်မျိုးဆက်မှာ ကမ္ဘာဦးတဗူး သုံးမျိုး ဆုံစည်းမိသည့် မကြုံစဖူး အံ့မခန်း အခြေအနေတစ်ခု ဖြစ်လာဖို့ အခွင့်များလေသည်။
သူတို့မှာ လုံလောက်သည့် အချိန်ရှိပြီး ကမ္ဘာဦးတဗူး သုံးမျိုးက ကြီးထွားလာမည်ဆိုလျှင် ကမ္ဘာဦးမျိုးနွယ်များသည် အနိုင်ရရှိဖို့ အခွင့်အရေး သေချောပေါက် ရှိတော့မည် မဟုတ်ပေ။
ကံဆိုးစွာနှင့်ပင်… ကမ္ဘာဦးမျိုးနွယ်များက သူတို့ကို လုံလောက်သည့်အချိန် ပေးတော့မည် မဟုတ်ပေ။
“အဲဒီမှာ တတိယမြောက် ပြောင်းလဲနိုင်ချေတစ်ခုလည်း ရှိတယ်”
ပုံပြောအဘိုးအိုက ဆူဇီမိုကို ကြည့်ပြီး ခဏမျှ ရပ်တန့်လိုက်၏။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
ပုံပြောအဘိုးအိုသည် သိုင်းတာအို ပင်မခန္ဓာ၏ တည်ရှိမှုကို ဗေဒင်တွက်ချက်နိုင်သွားတာလား..။
တကယ်တော့ သိုင်းတာအို ပင်မခန္ဓာသည် အကြီးမားဆုံး ပြောင်းလဲနိုင်ချေ ဖြစ်၏။
ခဏမျှ ရပ်တန့်ပြီးနောက်.. သူက ဆက်ပြောလိုက်၏။
“တတိယမြောက် ပြောင်းလဲနိုင်ချေကတော့ မင်းပဲ… ဒီဘက်မျိုးဆက်မှာ လူသားမျိုးနွယ်က တစ်လောကလုံးကို အမိန့်ပေးနိုင်မယ့် အန္တိမပညာရှင်တစ်ယောက်ကို လိုအပ်နေတယ်”
“မင်းရဲ့ ခန္ဓာကိုယ်က ဖန်တီးခြင်းကြာပဒုမ္မာနဲ့ ပြီးပြည့်စုံစွာ ပေါင်းစည်းထားပြီး မင်းရဲ့ အနာဂတ် အောင်မြင်ထွန်းပေါက်မှုက ခန့်မှန်းလို့ မရနိုင်အောင်ပဲ”
ထိုနေရာအရောက်တွင်… ပုံပြောအဘိုးအိုသည် သူ၏ ဂမ္ဘီရစွမ်းအားများနှင့်ပင် သိုင်းတာအို ပင်မခန္ဓာ၏ တည်ရှိမှုကို မသိရှိသေးကြောင်း ဆူဇီမို သေချာသွားလေသည်။
“စီနီယာ… ခင်ဗျားက အများကြီး မျှော်လင့်နေတာပဲ”
ဆူဇီမိုက ခါးသီးစွာ ရယ်မောလိုက်၏။
“ကျုပ်က လောကကို အမိန့်ပေးပြီး ဧကရာဇ်တွေကို အညံ့ခံစေဖို့နေနေသာ.. ကျုပ်က ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်ကာစပဲ ရှိသေးတယ်.. တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်ကိုတောင် မဝင်ရောက်နိုင်သေးဘူး”
“အဲဒါကြောင့်လည်း အဲဒါကို ပြောင်းလဲနိုင်ချေတစ်ခုလို့ ပြောတာပေါ့”
ပုံပြောအဘိုးအိုက ပြောလိုက်၏။
“ကမ္ဘာဦးမျိုးနွယ်တွေနဲ့ လူသားတွေအကြား တိုက်ပွဲက ဒီဘက်မျိုးဆက်မှာ မလွဲမသွေ ဖြစ်လာတော့မှာ.. မင်းက အဲဒါမတိုင်ခင် အနှိုင်းမဲ့ပညာရှင်တစ်ယောက်အဖြစ် ကြီးထွားလာမယ်ဆိုရင် လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက အဲဒါကြောင့် ပြောင်းလဲသွားရလိမ့်မယ်”
“မင်းက သက်ရှိအားလုံးရဲ့ ကံကြမ္မာကို တစ်ခါပြောင်းလဲပေးခဲ့ပြီးပြီပဲ.. မင်းက လူသားမျိုးနွယ်အတွက် တူညီတဲ့ ပုံစံမျိုး ထပ်ပြီး လုပ်ပြနိုင်မယ်လို့ ငါမျှော်လင့်မိတယ်”