← Chapters

ကိုယ်တော်တာမင်း၏ ဇစ်မြစ်

Vol. 98 Ch. 1469

ကိုယ်တော်တာမင်း၏ ဇစ်မြစ်

Vol. 98 Ch. 1469

စာကြည့်တိုက်ရှေ့မှာ ရပ်နေရင်း ဆူဇီမိုက တစ်စုံတစ်ရာကို ရုတ်တရက် အမှတ်ရသွား၏။

ဤကိစ္စသည် ကိုယ်တော်တာမင်း၏ သရုပ်သကန်နှင့် ပတ်သက်၍ သူခန့်မှန်းခဲ့သည့် ခန့်မှန်းချက်နှင့် ဆက်စပ်နေ၏။

ပုံပြောအဘိုးအို ပြောသကဲ့သို့ ဤစာကြည့်တိုက်မှာ သမိုင်းကြောင်းများနှင့် အခြားသော အချက်အလက်များစွာကို မှတ်တမ်းတင်ထားသည့် စာအုပ်များစွာ အမှန်တကယ် ရှိနေမည်ဆိုလျှင် စာကြည့်တိုက်ထဲရှိ ရှေးဟောင်းစာအုပ်များထဲမှ တစ်အုပ်ထဲတွင် သူ အတည်ပြုချင်သည့် အချက်အလက်တစ်ခုကို ရရှိနိုင်လောက်လေသည်။

“စီနီယာ… ကျုပ်က စာကြည့်တိုက်ထဲကို တစ်ချက်ဝင်ကြည့်လို့ ရနိုင်မလား”

ဆူဇီမိုက ပြောလိုက်၏။

“ကျုပ်က ပဟေဠိနန်းတော်ရဲ့ ကျင့်ကြံရေးနည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေကို မကြည့်ပါဘူး… ကျုပ်က လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းကျော်က သမိုင်းမှတ်တမ်း တချို့ကို ရှာဖွေပြီး အချက်အလက် တချို့ကို အတည်ပြုချင်ရုံပါပဲ”

“ဘယ်လိုလုပ် ရပါ့မလဲ”

ပုံပြောအဘိုးအိုက ပြန်မဖြေခင်မှာပင် သီကျီက ဆူဇီမိုကို စိုက်ကြည့်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ခင်ဗျားရဲ့ သရုပ်သကန်နဲ့ အဆင့်အတန်းက ဘာလဲ… ဒီစာကြည့်တိုက်က အရေးကြီးတဲ့​ နေရာတစ်ခုပဲ.. အဲဒါက ခင်ဗျားလို အပြင်လူတစ်ယောက် အလွယ်တကူ ဝင်ရောက်နိုင်တဲ့ နေရာမဟုတ်ဘူး”

လင်းရွှမ်ကျီက နှုတ်ခမ်းစူလိုက်၏။

“စီနီယာအစ်ကို… ပြောမနေပါနဲ့တော့.. စောစောကတင် အပြင်လူတစ်ယောက်က စာကြည့်တိုက်ထဲကို ဝင်ပြီး ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကိုတောင် ခိုးယူသွားခဲ့တယ်မလား”

“ပဟေဠိနန်းတော်က တခြားသူတွေသာ အဲဒီအကြောင်းကို သိသွားမယ်ဆိုရင်.. သေချာပေါက် အုံးအုံးကျက်ကျက် ဖြစ်လာလိမ့်မယ်”

သီကျီသည် လင်းရွှမ်ကျီ၏ စကားကြောင့် သူ၏မျက်နှာက နီမြန်းသွားသော်လည်း သူက ခါးကို မတ်မတ်ဆန့်ပြီး ပြန်လည်ငြင်းဆန်လိုက်၏။

“အဲဒါက မတူဘူးလေ.. ငါတို့က အမှားတစ်ခုကို ပြုလုပ်ခဲ့ပြီးပြီဆိုမှတော့ နောက်ထပ် ဘယ်အမှားကိုမှ ဆက်ပြီး ခွင့်မပြုနိုင်တော့ဘူး”

“တော်လောက်ပြီ”

ပုံပြောအဘိုးအိုက လက်ကာပြ၍ ဆူဇီမိုကို ခေါင်းညိတ်ပြလိုက်၏။

“ဒါပေါ့.. မင်းက အဲဒီထဲကို ဝင်ကြည့်ဖို့ အဆင့်မီတာပေါ့.. ဒါပေမဲ့ စာကြည့်တိုက်ထဲမှာ စာအုပ်တွေက အများကြီးပဲ.. အဲဒီမှာ သမိုင်းမှတ်တမ်းတွေချည်းပဲ မရေမတွက်နိုင်အောင် ရှိတယ်.. မင်းက ဘယ်နှစ်အပိုင်းအခြားကို ကြည့်ချင်တာလဲ.. အဲဒါကို မင်းပြောကြည့်လိုက်လေ… လင်းရွှမ်ကျီက မင်းကို အဲဒီနေရာထိ တည့်တည့်ခေါ်သွားပေလိမ့်မယ်.. အဲဒါဆိုရင် မင်းက တကူးတက အချိန်ကုန်ခံပြီး လိုက်ရှာနေစရာ မလိုတော့ဘူး”

“လွန်ခဲ့တဲ့ နှစ်သုံးသောင်းနဲ့ နှစ်လေးသောင်းဝန်းကျင်လောက်”

ဆူဇီမိုက မရေမရာ ပြန်ဖြေလိုက်၏။

“ဟုတ်ပြီလေ”

ပုံပြောအဘိုးအိုက လင်းရွှမ်ကျီကို ကြည့်လိုက်၏။

“အထီးကျန်သိုင်းသခင်ကို ခေါ်သွားပေးလိုက်”

သူသည် ဘေးသို့ တစ်ချက်စောင်းငဲ့ကြည့်ပြီး နတ်ဆိုးမကျိ၏ စူးစမ်းလိုသော အမူအရာကို တွေ့မြင်သောအခါ ပြုံးပြလိုက်၏။

“မင်းက စူးစမ်းချင်နေတယ်ဆိုရင်လဲ သူတို့နဲ့ အထဲကို လိုက်သွားလေ”

“ဆရာ… အဲ့လိုလုပ်လို့ မရဘူးလေ”

သီကျီက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့တစ်ဖန်တက်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ဆရာ ခင်ဗျားက ခြွင်းချက်တစ်ခု ထားလိုက်တယ်ဆိုရင် အဆင်ပြေသေးတယ်.. ဒါပေမဲ့ ခင်ဗျား အဲဒါကို ထပ်ခါတလဲလဲ လုပ်နေလို့ မရဘူးလေ… အဲဒါဆိုရင် ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘယ်နေရာမှာ သွားထားရမလဲ”

“သူက မူလတည်ထောင်သူ သခင်မ လင်းလုံရဲ့ အရိုက်အရာဆက်ခံသူပဲ.. အဲဒါဆိုရင် သူက အဆင့်မီတယ်လို့ မင်းထင်လား”

ပုံပြောအဘိုးအိုက သီကျီကို စိုက်ကြည့်ပြီး မေးလိုက်လေသည်။

သီကျီက မှင်တက်သွားသော အမူအရာနှင့်အတူ တီးတိုးရေရွတ်လိုက်၏။

“အဲ.. အဲဒါဆိုရင်တော့ သူက အဆင့်မီပါတယ်”

“ကောင်လေး.. မင်းက ကောင်းကင်ဘုံကို တက်လှမ်းဖို့ ကြိုးစားနေတာလား.. ဟမ်”

ပုံပြောအဘိုးအိုက သီကျီ၏ နှာခေါင်းကို လက်ညိုးထိုး​ပြီး ထိုသူကို နာရင်းတစ်ချက် အုပ်ကာ ဆူပူကြိမ်းမောင်းလိုက်၏။

“ငါလုပ်နေတဲ့ ကိစ္စအပေါ်မှာတောင် မင်းက ငါ့ကို ဆရာကြီး လာလုပ်ရဲနေပြီပေါ့… မင်းက ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေ အကြောင်းတောင် ငါ့ကို ပြောချင်သေးတာလား”

အခြားတစ်ဖက်မှာတော့.. လင်းရွှမ်ကျီသည် ဆူဇီမိုနှင့် နတ်ဆိုးမကျိကို လက်ပြလိုက်၏။

“သွားကြရအောင်.. ခင်ဗျားတို့တွေကို ကျုပ်ခေါ်သွားပေးမယ်”

ပုံပြောအဘိုးအို၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီးနောက်.. သီကျီက ဇက်ပုသွားကာ အသက်ပြင်းပြင်းရှူရဲခြင်း မရှိတော့ပေ။

ပုံပြောအဘိုးအိုကတော့ ဆူဇီမိုနှင့် အခြားနှစ်ယောက်၏ နောက်ကျောများကို ကြည့်ပြီး သူ၏မုတ်ဆိတ်ကို သပ်ကာ တီးတိုးရေရွတ်လိုက်၏။

“လွန်ခဲ့တဲ့ နှစ်သုံးသောင်းနဲ့ နှစ်လေးသောင်းဝန်းကျင်က ကြီးကြီးမားမားဖြစ်ခဲ့တဲ့ တစ်စုံတစ်ရာဆိုရင်.. သွေးမိစ္ဆာနဲ့ ကိုယ်တော်တာမင်းကြားက တိုက်ပွဲများလား”

စာကြည့်တိုက်ထဲတွင်…

အဲဒီမှာ အလွန်ကြီးမားတုတ်ခိုင်သည့် ကောင်းကင်ထိုးဖောက် ကျောက်တိုင်ကြီးတစ်တိုင် ရှိနေ၏။ ၎င်းကို ခန်းမ၏ အလယ်မှာ စိုက်ထူထားပြီး စာကြည့်တိုက်တစ်ခုလုံးကို ချိတ်ဆက်ပေးထား၏။

ကျောက်တိုင်၏ ဘေးပတ်လည်တွင် ရှေးဟောင်းကျမ်းစာအုပ်များစွာ ရှိနေ၏။

ခန်းမပတ်လည်ရှိ နံရံများပေါ်တွင် ပို၍ပင် များပြားသော ရှေးဟောင်းကျမ်းစာအုပ်များနှင့် ဝါးစာလိပ်များ ရှိနေ၏။

လင်းရွှမ်ကျီက ဤနေရာနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်မှုရှိပြီး ဆူဇီမိုနှင့် နတ်ဆိုးမကျိကို အထဲသို့ ခေါ်ဆောင်သွား၏။ သူတို့က လှေကားထစ်ပေါင်းများစွာ တက်လှမ်းပြီးမှ ရပ်တန့်လိုက်ကြ၏။

“လွန်ခဲ့တဲ့ နှစ်သုံးသောင်းနဲ့ နှစ်လေးသောင်းဝန်းကျင်က ဖြစ်ခဲ့တဲ့ အရာရာတိုင်းကို ဒီရှေးဟောင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတယ်.. တစ်ချက်ကြည့်ကြည့်လိုက်”

လင်းရွှမ်ကျီက နံရံပေါ်ရှိ စာအုပ်အတန်းတစ်တန်းကို လက်ညိုးထိုးပြလိုက်၏။

“ကျေးဇူးပဲ”

ဆူဇီမိုက ကျေးဇူးတင်ကြောင်းပြောပြီး ရှေ့သို့တက်ကာ ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်ကို ကောက်ကိုင်၍ ဖတ်ရှုလိုက်၏။

နတ်ဆိုးမကျိကလည်း လိုက်ပါလာပြီး စာအုပ်တစ်အုပ်ကို ကောက်ယူဖတ်လိုက်၏။

အတန်ကြာပြီးနောက်.. နတ်ဆိုးမကျိသည် စိတ်မရှည်နိုင်ဖြစ်လာ၏။ အစကတော့ သူမသည် စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုဖို့အတွက် လိုက်ပါလာခဲ့၏။ သို့သော် စာအုပ်ထဲရှိ အကြောင်းအရာများသည် အလွန်တရာ ငြီးငွေ့ဖွယ်ကောင်း​ပြီး တစ်ချက် နှစ်ချက် ကြည့်ရှုပြီးနောက်.. သူမ၏ စိတ်ဝင်စားမှုက ပျောက်ဆုံးသွားရ၏။

သို့သော်လည်း.. ဆူဇီမိုက တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား ဆက်လက်ဖတ်ရှုနေ၏။

နတ်ဆိုးမကျိသည် ထွက်သွားခြင်းလည်း မရှိဘဲ ဘေးကနေ တိတ်တဆိတ် အဖော်ပြုကာ နောက်ထပ် ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်၏။ ဆူဇီမိုကလည်း နောက်ထပ် ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကောက်ယူပြီး စာမျက်နှာ အနည်းငယ်လှန်ပြီးနောက်… ရုတ်တရက် ရပ်တန့်လိုက်၏။

ဤစာအုပ်သည် လွန်ခဲ့သည့် နှစ်လေးသောင်းက တာအိုအရှင် သွေးမိစ္ဆာနှင့် ကိုယ်တော်တာမင်းအကြား တိုက်ပွဲကို မှတ်တမ်းတင်ပေးထား၏။

ထိုတိုက်ပွဲ၏ မှတ်တမ်းသည် ကိုယ်တော်ယွမ်ပေ ပြောခဲ့သည့် အကြောင်းအရာများနှင့် အတော်လေး ဆင်တူလေသည်။

သူတို့နှစ်ယောက်သည် သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ကြသော်လည်း ရှင်းလင်းသည့် အနိုင်ရလဒ် ထွက်ပေါ်မလာခဲ့ပေ။

နောက်ဆုံးတိုက်ပွဲအပြီး၌ သူတို့နှစ်ယောက်စလုံး ပျောက်ဆုံးသွားပြီး သူတို့၏ ကံကြမ္မာများကို မသိရတော့ပေ။ သူတို့သည် ယခုအချိန်ထိ ပြန်လည်ပေါ်ထွက်မလာတော့ဘဲ သူတို့က သေသွားကြလောက်လေပြီ။

ဆူဇီမို သိချင်သည့်အရာမှာ ဤတိုက်ပွဲအကြောင်း မဟုတ်ပေ။

သူသည် ကိုယ်တော်တာမင်း၏ ဇစ်မြစ်နှင့် ပတ်သက်၍ သိလိုခြင်းဖြစ်၏။

ရှေးဟောင်းစာအုပ်ထဲမှာ မှတ်ချက်တစ်ခုကို မှတ်တမ်းတင်ထားလေသည်။

“ကိုယ်တော်တာမင်းက လူသား မဟုတ်ဘဲ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ အဆက်အနွယ် ကပြားတစ်ယောက် ဖြစ်လေသည်။ သူ့ကို ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က စွန့်ပယ်ခဲ့ပြီး နောက်ပိုင်းတွင် တာမင်းကျောင်းတော်က သူ့ကို လက်ခံမွေးစားခဲ့၏။

ထင်မှတ်ထားသည့်အတိုင်းပင်။

ထိုဖော်ပြချက်သည် ကြယ်ခြောက်စင်းတောင်ပေါ်မှာ ထွက်ပေါ်ခဲ့သည့် ဆူဇီမို၏ ထင်မြင်ယူဆချက်ကို အတည်ပြုပေးလိုက်၏။

ကိုယ်တော်တာမင်းသည် လူသားတစ်ယောက် မဟုတ်ပေ။ သူက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က တစ်စုံတစ်ယောက် ဖြစ်၏။

သူသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာ ကိုယ်တော်တာမင်းနှင့် ပထမဆုံး တွေ့ဆုံစဉ်က ထိုသူ၏ နှာရောင်ပေါ်တွင် သွေးရောင် အမာရွတ်တစ်ခု ရှိနေသည်ကို ဆူဇီမိုက ရိုးတိုးရိပ်တိပ် မြင်မိခဲ့၏။

သို့သော်လည်း.. ထိုအမာရွတ်ကို ကိုယ်တော်တာမင်းက သူ၏ ဆံပင်ရှည်များဖြင့် ဖုံးအုပ်ထားပြီး သိသာထင်ရှားမှု မရှိခဲ့ပေ။

ဤတစ်ခေါက် ကြယ်ခြောက်စင်းတောင်ပေါ်မှာ ကိုယ်တော်တာမင်းသည် သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများနှင့် တိုက်ခိုက်ခဲ့သည့် အချိန်မှသာလျှင် ဆူဇီမိုက အဲဒါကို သေချာရှင်းလင်းစွာ မြင်တွေ့ခဲ့ရလေသည်။

ထိုအမာရွတ်သည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ကောင်းကင်ဘုံမျက်လုံးနှင့် အတော်လေး ဆင်တူလေသည်။

ထိုကြောင့်ပင်လျှင်.. ထိုအမာရွတ်သည် အစိမ်းရောင်ကြာပန်းဓားနှင့် သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကို ခုခံနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အကြောင်းမှာ.. ကောင်းကင်ဘုံမျက်လုံးသည် အစကတည်းက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ အသန်မာဆုံး နည်းစနစ်တစ်ခု ဖြစ်နေသောကြောင့်ပင်။

ထိုသို့ဆိုလျှင်တောင် ကိုယ်တော်တာမင်းသည် သူ၏ ကောင်းကင်ဘုံမျက်လုံး ဝှက်ဖဲကို အပြည့်အဝ ထုတ်ဖော်အသုံးပြုခဲ့ခြင်း မရှိပေ။

သူသည် သူ၏ ကောင်းကင်ဘုံမျက်လုံးကို ခုခံဖို့အတွက်သာ အသုံးပြုခဲ့ခြင်းဖြစ်၏။

သူသည် သူ၏ ကောင်းကင်ဘုံမျက်လုံးနှင့် တိုက်ခိုက်ခဲ့မည်ဆိုလျှင် ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မြင်ကွင်းမျိုး ပေါ်ထွက်လာမလဲ စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။

တစ်ချိန်တည်းမှာပင်.. ဆူဇီမို၏ စိတ်ထဲရှိ နောက်ထပ် သံသယတစ်ခုက ပြေပျောက်သွား၏။

မြေအောက်အနက်ပိုင်း.. ကျောက်သားခေါင်းတလားထဲရှိ အရိုးစုသည် ကိုယ်တော်တာမင်းဖြစ်၏။

သို့သော်လည်း ကိုယ်တော်တာမင်းသည် လွန်ခဲ့သည့် နှစ်လေးသောင်းက တစ်စုံတစ်ယောက်ဖြစ်၏။

သူသည် မြေအောက်ကျောက်သားခေါင်းတလားထဲမှာ နှစ်လေးသောင်းကြာအောင် ပိတ်မိနေခဲ့၏။ သူသည် လူသားတစ်ယောက်ဖြစ်ပါက နှစ်နှစ်သောင်း ဘဝသက်တမ်းရှိသော ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် နှစ်လေးသောင်းမတိုင်ခင် အချိန်အတန်ကြာကတည်းက သေဆုံးသွားခဲ့ပေလိမ့်မည်။

သို့သော်လည်း ကိုယ်တော်တာမင်းသည် သေဆုံးသွားခြင်း မရှိခဲ့ပေ။ ထိုအစား သူက ဒီဘက်မျိုးဆက်မှာ ပြန်လည်ပေါ်ထွက်လာခဲ့၏။

အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ မင်းဝမ်ဆုတောင်းပုတီးကြောင့် ဖြစ်သော်လည်း ကိုယ်တော်တာမင်းသည် လူသားတစ်ယောက်ဖြစ်ပါက ဘယ်လိုနည်းနဲ့မှ နှစ်လေးသောင်းကျော်ကြာအောင် ရှင်သန်နေထိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ယနေ့မှာတော့ ဆူဇီမိုက နောက်ဆုံး နားလည်သဘောပေါက်သွားခဲ့၏။

အကြောင်းမှာ ကိုယ်တော်တာမင်းသည် အစကတည်းက လူသားတစ်ယောက် မဟုတ်ဘဲ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ တစ်စုံတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

သူသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ အဆက်အနွယ် ကပြားတစ်ယောက် ဖြစ်လျှင်တောင် ဓမ္မဝိသေသအဆင့်မှာ ရှိသည့် သူ၏ ဘဝသက်တမ်းသည် လူသားမျိုးနွယ်ထက် များစွာရှည်လျား​ပြီး ထို့ကြောင့်ပင်လျှင် သူက ကျောက်သားခေါင်းတလားထဲမှာ နှစ်လေးသောင်းကြာအောင် ရှင်သန်နေထိုင်နိုင်ခဲ့ခြင်း ဖြစ်၏။

ထိုသံသယကို ပြေလည်သွားစေပြီးနောက်… ဆူဇီမိုက ထွက်ခွာဖို့ ပြင်ဆင်လိုက်၏။

ထိုစဉ်မှာပင်.. သူ၏ အကြည့်သည် နတ်ဆိုးမကျိ၏ လက်ထဲရှိ ရှေးဟောင်းစာအုပ်ပေါ်ကို ကျရောက်သွား၏။ သူက အမှတ်တမဲ့ဖြင့် မေးလိုက်လေသည်။

“မင်းလက်ထဲက အဲဒီရှေးဟောင်းစာအုပ်ထဲမှာ ဘာတွေ ရေးထားတာလဲ”

“ဘာရယ်မဟုတ်ပါဘူး.. အဲဒါက လွန်ခဲ့တဲ့ နှစ်နှစ်သောင်းက မိစ္ဆာဂိုဏ်းတွေရဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ”

နတ်ဆိုးမကျိက သာမန်ကာလျှံကာ ပုံစံဖြင့်​ သူမ၏ ပခုံးကို တွန့်ပြလိုက်၏။

“လွန်ခဲ့တဲ့ နှစ်နှစ်သောင်းကလား…”

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။

“ငါ တစ်ချက်လောက် ကြည့်ပါရစေ”

အချိန်ကာလကို အခြေခံပြီး ပြောရလျှင် လွန်ခဲ့သည့် နှစ်သုံးသောင်းက သားရဲတစ်ထောင်ကပ်ဘေးက ဖြစ်ပေါ်ခဲ့၏။

လွန်ခဲ့သည့် နှစ်တစ်သောင်းက မဟာချွမ်ဧကရာဇ်စစ်ပွဲ ဖြစ်ပွားခဲ့၏။

ထိုသို့ဆိုလျှင် လွန်ခဲ့သည့် နှစ်နှစ်သောင်းကလည်း ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်ခဲ့နိုင်လေသည်။

All Chapters