လေဟာနယ်ကို ဖြိုခွင်းခြင်း
Vol. 45 Ch. 669
“ဒါဆိုရင်တော့ ကျွန်တော် နည်းပြချုပ်ချင်ကို ကျေးဇူးတင်ပါတယ်၊ ဆေးဝါးကို မြန်နိုင်သမျှ မြန်မြန် အဆင်သင့် ဖြစ်အောင် ကျွန်တော် သေချာပေါက် လုပ်ဆောင်ပါ့မယ်”
ရဲ့လင်းချန်က အပြုံးနှင့် ပြောလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။
“တကယ်တော့ ဇာတ်လမ်းတွဲအတွက် ကျွန်တော် ဇာတ်ညွှန်းကို ပြင်ဆင်ပြီးပါပြီ၊ နည်းပြချုပ်ချင် စိတ်ဝင်စားတယ် ဆိုရင် ကြည့်ကြည့်လို့ ရပါတယ်”
“ဇာတ်ညွှန်းက အသင့်ဖြစ်နေပြီလား”
ချင်ပိုင်ချွမ်းက ရဲ့လင်းချန်ကို တအံ့တဩ ပြော၍ ကြည့်လာသည်။
ဇာတ်လမ်းတွဲက သူ လာရောက်ရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ သို့သော် ယင်းက အသေးအမွှား ကိစ္စလေးသာ ဖြစ်သည်။ သူ၏ လာရောက် လည်ပတ်ခြင်းက မတော်တဆ တိုက်ဆိုင်မှုသာ ဖြစ်ပြီး ရဲ့လင်းချန်က ပြီးအောင် လုပ်ပြီးသွားလိမ့်မည်ဟု သူ ထင်မထားမိပေ။ ယခု လာရောက်ခြင်းက သူ့ကို သတိပေးရန်မျှသာ ဖြစ်လေသည်။
ရဲ့လင်းချန်က ဇာတ်ညွှန်းပြီးအောင် ရေးထားပြီးလိမ့်မည်ဟု သူ မျှော်လင့်မထားမိပါ။
“ဟုတ်ပါတယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီး ချင်ပိုင်ချွမ်းအား ယာယီအိမ်သို့ လမ်းပြလာလိုက်သည်။
လမ်းတစ်လျှောက်တွင် ချင်ပိုင်ချွမ်းနှင့် လင်းထျန်းရှုံးတို့ အမြင်များ ဆန်းသစ်လာရသည်။ အဖိုးတန် သစ်များမဆိုထားနှင့် ဥယျာဉ်ထဲမှ ဆေးပင်များသည်လည်း ကောင်းမွန်လွန်းစွာ ရှင်သန်နေ၏။ နှစ်တစ်ရာ သက်တမ်းရှိသော ဂျင်ဆင်းပင်လျင် တွေ့နေကြအရာသဖွယ် ဖြစ်နေလေသည်။
ဤကျွန်းပေါ်မှ စိတ်ဝိညာဉ် စွမ်းအင်သည် ပေါကြွယ်ဝ၍ သိပ်သည်းပြီး ဆေးပင်များ ကြီးထွားမှုအတွက် သင့်တော်လှသည်။ ထို့အပြင် ၎င်းတို့ထဲမှ အများစုမှာ ရဲ့လင်းချန် အခြားဒေသများမှ ပြောင်းရွှေ့ စိုက်ပျိုးထားခြင်း ဖြစ်သည်။
တစ်ခဏမျှ အံ့ဩနေပြီးနောက် သူတို့နှစ်ယောက်လုံး ကိုယ်စီ အတွေးထဲ နစ်မျောသွားကြသည်။
“စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး”
ချင်ပိုင်ချွမ်းသည် ခေါင်းစဉ်ကို ကြည့်ပြီး ချက်ချင်း မျက်လုံးများ တောက်ပသွားသည်။
“ကောင်းလိုက်တဲ့ နာမည်၊ မင်းက ဓားကိုင်ဆွဲတဲ့ စိတ်ဝိညာဉ်နဲ့ ပတ်သက်ပြီးတော့လဲ သိတာပဲလား”
ရဲ့လင်းချန် ပြုံးလိုက်သည်။
“ရှေးခေတ် ဓားသမားတွေက သူတို့ ပြိုင်ဘက်နဲ့ တွေ့တဲ့အခါကျရင် ပြိုင်ဘက်က ဘယ်လောက် သန်မာနေပါစေ သူတို့ ဓားကို ဆွဲထုတ်ကြတာပဲ၊ အဲ့ဒီလူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဓားသမား ဖြစ်နေခဲ့ရင်တောင်မှပေါ့၊ သူတို့ မနိုင်နိုင်မှန်း သိတောင်မှ ဓားကို ဆွဲကြတာပဲ၊ ပြိုင်ဘက်ရဲ့ ဓားချက်အောက်ကို ရောက်ရင်တောင်မှ သူတို့ အရှုံးကို ဂုဏ်ယူပြီး လက်ခံကြတယ်၊ ဒါက ဓားကိုင်ဆွဲခြင်းရဲ့ စိတ်ဝိညာဉ်ပဲ”
“ဟုတ်တယ်”
လင်းထျန်းရှုံးက ထောက်ခံဟန်ဖြင့် ခေါင်းညိတ်သည်။
“လူအရေအတွက် သာနေတာ၊ ဒါမှမဟုတ် ထောင်ချောက်မိနေခဲ့ရင်တောင်မှ ငါတို့ရဲ့ ဓားတွေကို ငါတို့ ကိုင်ဆွဲ ထားဦးမှာပဲ၊ ငါတို့ နောက်ဆုံးကျန်ခဲ့တဲ့ လူအထိ တိုက်ရဲတယ်၊ တစ်နည်းပြောရရင် သတ္တိက အနိုင်ယူ သွားမှာပဲ၊ ဓားကိုင်ဆွဲတဲ့ စိတ်ဝိညာဉ်က ငါတို့ စစ်တပ်ရဲ့ စိတ်ဝိညာဉ်ပဲ၊ ဓားသွား ချိန်ထားတဲ့ နေရာတိုင်းမှာ အရာအားလုံး ပျက်စီးမှာပဲ”
ထို့နောက် နှစ်ဦးလုံး ဇာတ်ညွှန်းကို စိတ်အားထက်သန်စွာ ဖတ်လိုက်ကြသည်။
တုန်းမြောင်မြောင်က သူတို့နှင့် ဝင်မဖတ်ချေ။ ကျွန်းပေါ်၌ ရှိနေခဲ့သဖြင့် သူမသည် ၎င်းအား ယခင်ကတည်းက ဖတ်ပြီးသွားခဲ့သည်။ ရဲ့လင်းချန်၌ လေလုံးထွားတတ်သော အကျင့် ရှိသော်လည်း တကယ် အရည်အချင်း ရှိသည်ကိုတော့ ဝန်ခံရပေမည်။ သူမသည် ဇာတ်ညွှန်းကို အပြီးထိဖတ်ရှုရန် နှစ်နာရီ ကြာမြင့်ခဲ့ပြီး ဇာတ်ညွှန်းထဲ မျောသွားကာ လက်ကမချနိုင် ဖြစ်ခဲ့သည်။
မိန်းကလေး တစ်ဦး ဖြစ်သောကြောင့် သူမသည် စစ်တပ် နောက်ခံထားသော အရာများကို စိတ်မဝင်စားချေ။ သို့သော် ဇာတ်ညွှန်းကို ဖတ်ပြီးနောက် သူမ၏ စိတ်ခံစားချက်များက မြင့်တက်လာပြီး ၎င်း၏ ဆွဲဆောင်မှုအား မခုခံနိုင်ခဲ့ပေ။
သိုင်းပညာရှင်များ ဖြစ်သောကြောင့် ချင်ပိုင်ချွမ်းနှင့် လင်းထျန်းရှုံးတို့က ပို၍ မြန်ဆန်စွာ ဖတ်နိုင်လေသည်။ သို့သော် သူတို့၏ မျက်နှာများက နီရဲလာပြီး သူတို့၏ မျက်လုံးများ၌ စိတ်လှုပ်ရှားဟန်တို့ ကြီးထွားလာသည်။
“ကောင်းတယ်၊ ဒါက တကယ် ကောင်းတယ်”
ချင်ပိုင်ချွမ်းက ဇာတ်ညွှန်းကို ချလိုက်သည်။
“ယောက်ျားဆိုတာ ဒီလိုပဲ ဖြစ်နေရမယ်လေ၊ ဒါက ငါတို့ သိုင်းပညာရှင်တွေရဲ့ စစ်သည်တော် စိတ်ဝိညာဉ်ကို အပြည့်အဝ ဖော်ပြနိုင်လိမ့်မယ်”
“မိတ်ဆွေလေးရဲ့၊ မင်း ဒါကို ဘယ်အချိန်လောက် စရိုက်မယ်လို့ စဉ်းစားထားလဲ”
လင်းထျန်းရှုံးက ရဲ့လင်းချန်ကို ကြည့်ကာ မေးလိုက်သည်။
သူသည် ရှုပ်ထွေးသော ခံစားချက်များ ခံစားနေရသည်။ ရဲ့လင်းချန်က အံ့ဩစရာ ကောင်းကြောင်း သူ သိထားသော်လည်း ရဲ့လင်းချန်နှင့် သူ ပိုရင်းနှီးလေလေ ပိုတော်လာလေလေဟု ခံစားလာရသည်။ သူ၏ မြေးအရင်း များကို ရဲ့လင်းချန်နှင့် ယှဉ်လျင်တောင်မှ သူတို့ကို အမှိုက်များအဖြစ် သတ်မှတ်ရပေလိမ့်မည်။ မဟုတ်သေး၊ အမှိုက်တောင်မှ သူတို့အတွက် ပိုကောင်းနေပေလိမ့်ဦးမည်။ သူတို့အား ဖုန်မှုန့်များအဖြစ် သတ်မှတ်သင့်ပေသည်။
လင်းထျန်းရှုံးက စိတ်ထဲမှ တွေးနေမိသည်။ သူ၏ မြေးများသည် အလွန် ပေါ့လျော့လွန်းလှသည်။ သူတို့ကို သူ လေ့ကျင့်ရေး ပိုကောင်းကောင်းပေးရန် လိုနေလေပြီ။
အဝေးတစ်နေရာရှိ စစ်သည်တော်ဌာန၏ ဌာနခွဲတစ်ခု၌ လင်းအောင်သည် နှာချေနေသည်။ ထို့နောက် သူသည် နှာခေါင်းပွတ်၍ ကျောရိုးထဲအထိ စိမ့်နေအောင် အေးလာသည်ဟု ထူးဆန်းစွာ ခံစားလိုက်ရလေသည်။
“ကျွန်တော် ဒါကို မကြာခင် ရိုက်ကူးမှာပဲ၊ ဒါပေမဲ့ ရိုက်ကူးရေးကို ပိုတိကျအောင်လို့ စစ်သည်တော်ဌာနက သိုင်းပညာရှင်အချို့ ပံ့ပိုးပေးဖို့ လိုလိမ့်မယ်”
ရဲ့လင်းချန်က ပြောလိုက်သည်။
“ဒါပေါ့၊ ငါတို့ ဒါကို အရင်ကတည်းက သဘောတူထားပြီးပြီပဲ၊ ငါ စစ်သည်တော်ဌာနကို မနက်ဖြန် လူလွှတ်ခိုင်း လိုက်မယ်၊ ပြီးတော့ မိတ်ဆွေလေးရဲ့က သူတို့ကို လေ့ကျင့်ရေး နည်းနည်းလောက် ပေးပေးဖို့ ငါ မျှော်လင့်ပါတယ်”
ချင်ပိုင်ချွမ်းက ပြောလာသည်။ သူသည် တစ်ခဏမျှ ရပ်သွားပြီးမှ ထပ်ပြောလိုက်သည်။
“လိုအပ်မယ်ဆိုရင် လက်နက် နည်းနည်းနဲ့ သိုင်းပညာတစ်ချို့ကိုပါ ချပြလို့ရတယ်”
ရဲ့လင်းချန်၏ အကြည့်များက လေးနက်သွားသည်။ ထိုစကားများက စဉ်းစားထိုက်ပေသည်။ သူ ပင့်သက်ရှိုက် လိုက်ပြီးမှ မေးလိုက်သည်။
“နည်းပြချုပ်ချင် … သိုင်းပညာရှင်တစ်ယောက်က ဘာရည်ရွယ်ချက်အတွက် တည်ရှိတာလဲ”
“ငါတို့ရဲ့ အိမ်တွေနဲ့ နိုင်ငံကို ကာကွယ်ဖို့အတွက်ပေါ့ကွ”
“ဒါဆို … ကျွန်တော်တို့ရဲ့ ရန်သူက ဘယ်သူလဲ”
ရဲ့လင်းချန်က ဆက်၍ မေးခွန်းထုတ်သည်။
ချင်ပိုင်ချွမ်းနှင့် လင်းထျန်းရှုံးတို့ တစ်ပြိုင်တည်း ငြိမ်ကျသွားသည်။ သူတို့က အချင်းချင်း ပြန်ကြည့်လိုက်ပြီးမှ ရဲ့လင်းချန်အား အံ့ဩသော အရိပ်အယောင်များ ပါသည့် မျက်လုံးများဖြင့် ကြည့်လာကြသည်။
ချင်ပိုင်ချွမ်း မျက်မှောင်ကြုတ်သွားပြီးနောက် တုန်းမြောင်မြောင်အား တစ်ချက်ကြည့်၍ ထွက်သွားရန် မျက်ရိပ် မျက်ခြေ ပြလိုက်သည်။
ရဲ့လင်းချန်သည် အတွေးရှိထားပြီးသား ဖြစ်သဖြင့် မေးလိုက်သည်။
“နည်းပြချုပ်ချင်၊ ငရဲတံခါးက ဘာလဲ”
ထိုမေးခွန်းက သူတို့နှစ်ယောက်လုံး၏ အမူအရာကို ချက်ချင်း ပြောင်းလဲသွားစေသည်။
“မင်း ငရဲတံခါးအကြောင်း သိတာလား”
လင်းထျန်းရှုံးက တအံ့တဩ ပြောသည်။
ပြောရမည်ဆိုလျင် ထိုနာမည်က အလွန် ကလေးဆန်လွန်းလှသည်။ သို့သော် အခြားနည်း မရှိချေ။ ထိုအဖြစ်က ကလေးဆန်သော အတွေးများထက် ပို၍ မထင်မှတ်ထားစရာ ကောင်းလှသည်။
“ဒီအချက်အလက်ကို ကျွန်တော်တို့ ကိုရီးယားနိုင်ငံရဲ့ ကွန်ရက်ထဲကနေ တွေ့ခဲ့တာ၊ တကယ်ပဲ အခြားကမ္ဘာတစ်ခု တကယ် ရှိတာလား”
ရဲ့လင်းချန်၏ အမူအရာက မည်းမှောင်လာသည်။ သူ့ဘေးမှ တုန်းမြောင်မြောင်သည်လည်း စိုးရိမ်ပူပန်နေ၏။ ၎င်းကို အင်တာနက်ပေါ်မှ ဖတ်ခဲ့သော်လည်း အတည်ပြုသည့်အခါ အခြေအနေက မတူတော့ချေ။
“ငရဲတံခါး …”
ချင်ပိုင်ချွမ်းသည် တစ်ခဏမျှ စဉ်းစားနေပြီးမှ ခေါင်းညိတ်၍ ပြောလိုက်သည်။
“တကယ်ပဲ တခြားကမ္ဘာ ရှိတယ်၊ ဒါပေမဲ့ အဲ့ဒါရဲ့ တကယ့် အကြောင်းအရာကို ငါလည်း သေချာမသိဘူး”
“ခင်ဗျားတောင်မှ သေချာမသိဘူးလား”
ယခုတစ်ခေါက်၌ ရဲ့လင်းချန် အံ့ဩသွားရသည်။ ချင်ပိုင်ချွမ်းသည် နဂါး အထူးလေ့ကျင့်ရေး စခန်း၏ ခေါင်းဆောင် ဖြစ်ပြီး ဗိုလ်ချုပ်ကြီး အဆင့်၌ ရှိသူ ဖြစ်သည်။ သူတောင်မှ မသိဘူးတဲ့လား။
လင်းထျန်းရှုံးက ရဲ့လင်းချန်ကို ကြည့်နေသည်။
“အံ့ဩစရာ မလိုပါဘူး၊ လူတစ်ယောက်ရဲ့ အဆင့်က ဘာမှမဟုတ်ဘူး၊ အဲ့ဒါတွေအားလုံးက အများပြည်သူအတွက် အမြင်တစ်ခု သက်သက်ပဲ၊ စစ်သည်တော်ဌာနာကို လေ့ကျင့်ရေးနဲ့ စောင့်ကြည့်ရေး အဖွဲ့အစည်းတစ်ခုလို့ မင်း သဘောထားလို့ ရတယ်”
“လေ့ကျင့်ရေးနဲ့ စောင့်ကြည့်ရေးလား”
ရဲ့လင်းချန်သည် ထိုစကားလုံးများက အဓိပ္ပာယ်ကို စဉ်းစားနေမိသည်။ လေ့ကျင့်ရေးသည် သိုင်းပညာရှင်များ၏ လေ့ကျင့်ရေးကို ဆိုလိုခြင်း ဖြစ်သည်။ သို့သော် စောင့်ကြည့်ရေးသည် ထူးခြားသော ပါရမီရှိသည့် သိုင်းပညာရှင်များအား ရွေးထုတ်ခြင်းကို ဆိုလိုခြင်း ဖြစ်လောက်သည်။ သို့သော် ဘာကို စောင့်ကြည့်ရမည်နည်း။
ရဲ့လင်းချန်၏ မျက်နှာ အမူအရာ ပြောင်းလဲပုံကို သတိထားမိပြီး လင်းထျန်းရှုံးက ခေါင်းညိတ်၍ ပြောလိုက်သည်။
“ဟုတ်တယ်၊ အဲ့စကားလုံးတွေရဲ့ အဓိပ္ပါယ်အတိုင်းပဲ”
“ငရဲတံခါးကို ခုခံကာကွယ်ဖို့လား”
“ဟုတ်လဲ ဟုတ်တယ်၊ ဟုတ်လဲ မဟုတ်ဘူး”
ချင်ပိုင်ချွမ်း သက်ပြင်းချလေသည်။
“ငရဲတံခါးက ဘာလဲဆိုတာကို အဘိုးကြီးလင်းရော၊ ငါရော မသိဘူး၊ ဒါပေမဲ့ ဒဏ္ဍာရီအရဆို လေဟာနယ်ကို ဖြိုဖျက်ပြီး အထက်ကို တက်တာကို ပြောချင်သလိုပဲ”
“လေဟာနယ်ကို ဖြိုဖျက်တာလား”
ရဲ့လင်းချန် တုန်လှုပ်သွားပြီး ရင်ထဲ၌ တင်းကျပ်လာသည်။
အခြားအရာများအပြင် သူသည် ကျင့်ကြံခြင်းစွမ်းရည်ကိုပါ ရရှိထားသည်။ ယင်းက နောင်တစ်ချိန်၌ သူသည် လေဟာနယ်ကို ဖြိုခွင်း၍ အထက်သို့ တက်နိုင်လိမ့်မည်ဟု ဆိုလိုနေသလား။
“အဲ့ဒါက တကယ် လေဟာနယ်ကို စုတ်ဖြဲတာပဲ၊ ဒါပေမဲ့ အဲ့လို အတိအကျကြီးလဲ မဟုတ်ဘူး၊ တစ်ခါတလေ လေဟာနယ်ကို ခွင်းတာက တုန်ခါမှုကို ဖြစ်စေပြီး တစ်ချို့သော အရာတွေကို ကျလာစေတယ်၊ အဲ့ဒါက ကောင်းတဲ့ အရာလဲ ဖြစ်နိုင်သလို မကောင်းတာလဲ ဖြစ်နိုင်တယ်”
ချင်ပိုင်ချွမ်း၏ အမူအရာက လေးနက်လာသည်။ ထို့နောက် သူက ခပ်နိမ့်နိမ့်အသံဖြင့် ရှင်းပြသည်။
“လွန်ခဲ့တဲ့သုံးနှစ်က အရှေ့ဘက်မြို့တော်မှာ ပြင်းထန်တဲ့ ငလျင်နဲ့ ကြုံတွေ့ခဲ့ပြီးတော့ သေကြေပျက်စီးမှု ကြီးခဲ့တယ်၊ အဲ့ဒါက အဲ့ဒီမှာ ရှိတဲ့ ငရဲတံခါးကြောင့် ဖြစ်ရတာပဲ၊ ပြီးတော့ မနှစ်က အတ္တလန်တိတ်မှာ ဖြစ်တဲ့ ဆူနာမီကလဲ ငရဲတံခါးကြောင့် ဖြစ်တာပဲ၊ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ပျက်စီးလုနီးပါး ဖြစ်ခဲ့တဲ့ တကျိုးကျွန်းကို မင်း ကြားဖူးလောက်မှာပါ၊ အရေပြား အမည်းရောင် အကွက်တွေ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကလဲ ငရဲတံခါးက လာတာပဲ”
ရဲ့လင်းချန် ပါးစပ်အဟောင်းသား ဖြစ်ကာ ရင်ထဲ၌ တုန်လှုပ်သွားရသည်။
တကျိုးကျွန်းအား ကျွန်းဟု ခေါ်သော်လည်း ၎င်းသည် လူဦးရေ ထူထပ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ရာက ၎င်းသည် အတော်လေး စည်ပင်ဝပြောခဲ့သည်။ သို့သော် အရေပြား အမည်းရောင် အကွက်များ ပေါ်လာခြင်းကြောင့် တစ်နိုင်ငံလုံး၏ လူဦးရေက ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။ မှတ်တမ်းများအရ လူဦးရေ၏ ရှစ်ဆယ် ရာခိုင်နှုန်းကျော် သေဆုံးခဲ့ရလေသည်။
အရေပြား အမည်းရောင် အကွက်များ ပေါ်ခြင်းနှင့် ပတ်သက်၍ အင်တာနက်ပေါ်၌ သီအိုရီများစွာ ရှိသည်။ သို့သော် ဗိုင်းရပ်စ်၏ အရင်းအမြစ်အား ယနေ့အထိ ကောက်ချက်မချနိုင်သေးပေ။