နဂါးမျိုးနွယ်ရောက်ရှိလာခြင်း
Vol. 9 Ch. 113
အခန်း (၁၁၃) နဂါးမျိုးနွယ်ရောက်ရှိလာခြင်း
"ဘုန်း…"
ကျိုးစူးက ကောင်တာကို လက်ဝါးဖြင့် ရိုက်လိုက်သည်။
သူ အတော်လေး ဒေါသထွက်နေပြီ ဖြစ်သည်။
"ကောင်မလေး… မင်း ဘာဖြစ်နေတာလဲ…"
လူငယ်၏ ထုရိုက်မှုကြောင့် ကောင်တာပင် တုန်သွားလေသည်။
ကျန်းလန်က ပြုတ်ကျခါနီး အကြမ်းပန်းကန်တစ်ခုကို လှမ်းဖမ်းလိုက်ပြီး မူလနေရာတွင် ပြန်ထားလိုက်သည်။
လုန်ယွိကတော့ ကျင့်ကြံသူလူငယ် (၂)ယောက်ကို မော့ကြည့်လိုက်ပြီး အေးဆေးသည့်လေသံဖြင့်…
"စောစောက ကျွန်မပြောတာ မရှင်းလို့လား…"
သူမက အခြားရည်ရွယ်ချက်ဖြင့် မေးလိုက်ခြင်း မဟုတ်ပေ။
စောစောက သူမရှင်းပြသည်ကို အမှန်တကယ် မရှင်းလင်းပါက နောက်တစ်ခေါက် ထပ်ရှင်းပြရန်အတွက် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ထိုသူ (၂)ယောက်က သူမ ပြောသည့်စကားကို နားလည်သည်ဆိုလျှင်တော့ သူမက ထပ်ပြီး ရှင်းပြနေမည်မဟုတ်ပေ။
ဤဂိုဏ်းတူအစ်မလေးက ဧည့်သည်များကို ရန်စနေသည်လားဟု ကျန်းလန် တွေးလိုက်သည်။ သို့သော် တကယ်တမ်း ရှောင်ယွိစိတ်ထဲ မည်သို့ရှိမည်ကို ကျန်းလန်လည်း မသိရှိနိုင်ပေ။
ဧည့်သည် (၂)ယောက်ကတော့ ဒေါသများထွက်နေကြပြီ ဖြစ်သည်။
သူဝင်ပြောမှ ဖြစ်တော့မည်ဟု ကျန်းလန် နားလည်လိုက်သည်။
ထို့ကြောင့်… ကျန်းလန် စကားဝင်ပြောလိုက်၏။
"မင်းတို့က ခွန်လွန်တောင်က တပည့်အသစ်လေးတွေ မဟုတ်လား… ဒီသေရည်ဆိုင်ကိုမလာခင် ဒီဆိုင်အကြောင်း မစုံစမ်းခဲ့ကြဘူးလား…"
"…………………"
မေးသာမေးလိုက်ရသည် ၊ သူ ပထမဆုံး သေရည်ဆိုင်သို့ လာရောက်စဉ်ကလည်း သေရည်ဆိုင်အကြောင်း မစုံစမ်းဘဲ ရောက်လာခဲ့သည်ပင်။
မည်သို့ပင်ဖြစ်စေ သူ စကားဝင်ပြောလိုက်သည်က အကြောင်းမရှိဘဲ ပြဿနာမတက်လိုသောကြောင့် ဖြစ်သည်။
ကျန်းလန်က ထိုသူ (၂)ယောက်ဆီမှ အဖြေကို တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေသည်။
တပည့်အသစ်များအနေဖြင့် ကိုယ့်အကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိသွားအောင် ပြုလုပ်ရပေမည်။
ကျင့်ကြံသူလူငယ် (၂)ယောက်က ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။
ကျန်းလန်က ရှောင်ယွိဘက်သို့လှည့်ကာ ခပ်တိုးတိုးလေသံဖြင့်…
"ဂိုဏ်းတူအစ်မရှောင်ယွိ… မင်းရဲ့ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်မထားတာတောင်မှ ဒီနှစ်ယောက်က လုံး၀ မကြောက်ကြဘူးနော် ၊ ကြည့်ရတာ… ဆိုင်ရှင်ကိုယ်တိုင်ပြန်လာမှ ကြောက်ကြမယ်ထင်တယ်…"
ရှောင်ယွိ ခေါင်းညိတ်ပြလိုက်သည်။ သူမက ထိုကိစ္စကို ခေါင်းထဲ သိပ်မထားပေ။
ဆိုင်ရှင်သာ ပြန်ရောက်လာပါက ဤလူငယ် (၂)ယောက် မည်မျှသတ္တိကောင်းပါစေ စကားပင် ကျယ်ကျယ်ပြောရဲကြမည် မဟုတ်ပေ။
ထို့နောက် ကျင့်ကြံသူလူငယ် (၂)ယောက်က စကားပြန်မပြောသောကြောင့် ကျန်းလန်က ကောင်တာမှ ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းနေလိုက်သည်။
ရှောင်ယွိကတော့ ခေါင်းငုံ့ပြီး စာရင်းစာအုပ်တစ်အုပ်ကို ဖတ်နေ၏။
ထိုစဉ် သူမ၏နားထဲတွင် ကျန်းလန်၏ အသံကို ကြားလိုက်ရသည်။
"ဂိုဏ်းတူအစ်မ… မင်းရဲ့ ညာဘက်က ဒုတိယမြောက်ပန်းကန် ပြုတ်ကျတော့မယ်… ဖမ်းထားပေးပါဦး…"
ကျန်းလန်စကားကြောင့် ရှောင်ယွိ အနည်းငယ် အံ့အားသင့်သွားသည်။
သူမ ပန်းကန်များထားရာသို့ ကြည့်လိုက်သည့်အခါ ပန်းကန်က အမှန်တကယ်ပင် ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။
ပန်းကန်ပြုတ်ကျမည်ကို သူမ အဘယ့်ကြောင့် သတိမထားမိရပါသနည်း။ သူမ သတိလက်လွတ်များ ဖြစ်သွားမိလေသလား။
ရှောင်ယွိ သိပ်မစဉ်းစားတော့ဘဲ ပန်းကန်ကို ဖမ်းယူလိုက်ပြီး သူ့နေရာသူ ပြန်ထားလိုက်သည်။ ထို့နောက် စာရင်းစာအုပ်ကို ဆက်ဖတ်နေလေသည်။
ထိုအချိန် ကျိုးစူးနှင့် လုချန်က ကျန်းလန် ဝိညာဉ်ကျောက်တုံးများ သိမ်းဆည်းနေသည် လှမ်းကြည့်လိုက်ကြသည်။
နောက်ဆုံးတော့ သူတို့ပြောသည့်စကားကို လူလိုသူလိုနားလည်သူတစ်ယောက်နှင့်တွေ့ပြီဟု တွေးထင်လိုက်ကြသည်။
ကျိုးစူးက စောစောက ရှောင်ယွိကို ပေးထားသည့် ဝိညာဉ်ကျောက်တုံးလေးကို ကျန်းလန်ရှိရာသို့ တိုးပေးလိုက်ရင်း…
"ညီငယ်လေး… အကောင်းစားသေရည်က ဈေးဘယ်လောက်ရှိလဲ… ၊ ကြိုက်တဲ့ဈေးသာပြောပါ… ကျုပ်တို့ ပေးဖို့ အဆင်သင့်ပဲ…"
မိန်းကလေးလုချန်ကလည်း ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
ကျန်းလန်က ခေါင်းခါရမ်းလိုက်ပြီး ဝိညာဉ်ကျောက်တုံးလေးကို ကျိုးစူးရှိရာသို့ ယဉ်ကျေးစွာပင် ပြန်တိုးပေးလိုက်သည်။
"ဒီသေရည်ဆိုင်ရဲ့ လုပ်ငန်းစဉ်ကို မင်းတို့တွေ မသိဘူးထင်တယ်…"
"ဘာ…"
ကျိုးစူး မျက်မှောင်ကြုတ်လိုက်သည်။
သူပေးသည့် ဘောက်ဆူးက နည်းနေသောကြောင့် တစ်ဖက်လူက ပိုလိုချင်သည့်အတွက် ရစ်နေသည်ဟု ခံစားလိုက်ရသည်။
ကျန်းလန်က…
"တကယ်တော့… အကောင်းစားသေရည်တွေကို ဒီဆိုင်မှာ ဆိုင်ရှင်တစ်ယောက်ကပဲ ပြုလုပ်ပေးနိုင်တာပါ… ၊ ဆိုင်ရှင်က မနက်ပိုင်းအပြင်မသွားခင် မနေ့က ကြိုတင်မှာယူခဲ့တဲ့သူတွေအတွက်ပဲ အကောင်းစားသေရည်တွေ ပြုလုပ်ပေးသွားခဲ့တာပါ…"
ခဏနားပြီးမှ ကျန်းလန်က ဆက်ပြောသည်။
"ဒါကြောင်… အကောင်းစားသေရည်ကို ဒီနေ့လိုချင်တယ်ဆိုရင် ဆိုင်ရှင်ပြန်လာတဲ့အထိ စောင့်ရလိမ့်မယ်… ၊ ဆိုင်ရှင်ပြန်ရောက်လာမှ ကိုယ်တိုင် အကောင်းစားသေရည် ပြုလုပ်ပေးလိမ့်မယ် ၊ ဆိုင်ရှင်ကလွဲပြီး အကောင်းစားသေရည်ကို ဘယ်သူမှ ပြုလုပ်ပေးလို့ မရပါဘူး…"
"ဒါကြောင့် မင်းတို့ကို အကောင်းစားသေရည်မရောင်းတာက သေရည်ဆိုင်ရဲ့ စည်းကမ်းကြောင့် မဟုတ်ပါဘူး… ၊ ဆိုင်ရှင်တစ်ယောက်တည်းကသာ အကောင်းစားသေရည်ကို ပြုလုပ်ပေးနိုင်လို့ပါ… ၊ ဒီတော့ ဧည့်သည်များ ခွင့်လွှတ်ပေးကြစေလိုပါတယ်…"
ကျန်းလန်က ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေးပင် ပြောလိုက်သည်။
သူ့လေသံက နှိမ့်ချခြင်းလည်းမရှိသလို မောက်မာခြင်းလည်း မရှိပေ။
ကျန်းလန်ရှင်းပြလိုက်တော့မှ ကျိုးစူးနှင့် လုချန် အခြေအနေကို နားလည်သွားကြသည်။
သူတို့ မည်မျှပင် ပိုက်ဆံပုံအောပေးပါစေ အကောင်းစားသေရည်ကို ဝယ်ယူနိုင်မည်မဟုတ်ပေ။
လုချန်က…
"ဒါဖြင့် တခြားလူတွေ ကြိုမှာထားတဲ့ အကောင်းစားသေရည်တွေတော့ ရှိမှာပေါ့နော်…"
ကျန်းလန်က သီးသန့်ဖယ်ထားသည့် အကောင်းစားသေရည်တစ်အိုးကို လှမ်းကြည့်လိုက်ပြီး…
"တစ်အိုးပဲရှိပါတယ်…"
ကျိုးစူးက…
"ဒါဖြင့် ကျုပ်တို့က တန်ဖိုးနှစ်ဆပေးမယ်လေ… ၊ အဲဒီ သေရည်တစ်အိုးကို ကျုပ်တို့ကို ရောင်းလိုက်ပါလား… ၊ မှာထားတဲ့သူ လာဝယ်တော့ သူ့ကို စောင့်ခိုင်းလိုက်ပေါ့… မရဘူးလား…"
ဤသို့ဆိုလျှင်… ပြဿနာက ပြေလည်သွားမည် ဖြစ်သည်။
ကျန်းလန်က…
"ဒါဖြင့်… သေချာလား..."
လုချန်က…
"ဘာကို မသေချာစရာရှိလဲ… ၊ သေရည်သာ ယူခဲ့ပါ…"
သူတို့ အတော်လေး အလျင်လိုနေပြီ ဖြစ်သည်။
ကျန်းလန်က အကောင်းစားသေရည်အိုးလေးတစ်အိုးကို ကောင်တာပေါ်သို့ တင်လိုက်၏။
ကျိုးစူးနှင့် လုချန်က သေရည်အိုးကို ယူတော့မည်ဟန်ပြင်လိုက်စဉ်မှာပင် ကျန်းလန်က သတိပေးစကား ပြောလိုက်သည်။
"ဒီသေရည်အိုးကို ကြိုမှာထားတဲ့သူက အဋ္ဌမတောင်ထွတ်က လုကျန်းပါ…"
"………………"
ကျန်းလန်၏စကားကိုကြားသည်နှင့် သေရည်အိုးကိုလက်လှမ်းနေသည့် ကျိုးစူး၏လက်က လေထဲတွင် ရပ်တန့်သွားသည်။
သူ သေရည်အိုးကို မထိရဲတော့ပေ။
ယခုတာ့ ကျန်းလန်က "သေချာလား" ဟု မေးသည့်အဓိပ္ပါယ်ကို နားလည်သွားပြီ ဖြစ်သည်။
လုကျန်းဆိုသည်က ဘယ်သူများလဲ။
လုကျန်းဆိုသည်က အဋ္ဌမတောင်ထွတ်၏တောင်သခင် ဂုဏ်အယူရဆုံး တပည့်တစ်ယောက်ဖြစ်ပြီး နတ်လူသားမျိုးနွယ်များကို တစ်ယောက်တည်း စိန်ခေါ်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။
လုကျန်း၏ အောင်မြင်မှုများက မှတ်တမ်းတင်ထိုက်သည့် အောင်မြင်မှုများဖြစ်သည်။
ခွန်လွန်တောင်မှ တပည့်များအတွက် လုကျန်းဆိုသည်က ဒဏ္ဍာရီဆန်လွန်းလှသည့် သူရဲကောင်းတစ်ယောက် ဖြစ်သည်။
မည်သူက လုကျန်းမှာထားသည့်သေရည်ကို ထိရဲပါမည်နည်း။
ကျိုးစူးနှင့် လုကျန်းဆိုသည်က အဆင့်ချင်း ကမ္ဘာခြားလျှက် ရှိသည်။
သူ့တွင် ယခုထက် သတ္တိ (၁၀) ဆ ပိုကောင်းလျှင်တောင်မှ လုကျန်းမှာထားသည့် သေရည်ကို မထိဝံ့ပါပေ။
တစ်ဆက်တည်းမှာပင် အခြေအနေအရပ်ရပ်ကို ကျိုးစူး နားလည်သွားသည်။
လုကျန်းကဲ့သို့ တပည့်မျိုးပင်လျှင် သေရည်ဆိုင်၏ စည်းကမ်းအတိုင်းလိုက်နာပြီး အကောင်းစားသေရည်ကို ကြိုတင်မှာယူရသည်ဆိုလျှင် သူတို့လို တပည့်အသစ်များအတွက် ပြောနေစရာပင် မလိုတော့ပေ။
သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မျှဖြင့် ဤနေရာတွင်လာပြီး လေကျယ်နေခဲ့မိသည်။ သူ့လုပ်ရပ်များက အတော်လေး ကျိုးကြောင်းမဆီလျော်ခဲ့သည်ပဲ။
ကျိုးစူး သူပေးထားသည့် ဝိညာဉ်ကျောက်တုံးကို ခေါင်းငုံ့ပြီး ပြန်ယူလိုက်သည်။
"မင်းတို့ကို နှောက်ယှက်မိတာ တောင်းပန်ပါတယ်… ကျုပ်တို့ကို ခွင့်ပြုပါဦး…"
ကျိုးစူး၏အပြုအမူကြောင့် လုချန်က စိတ်ရှုတ်ထွေးသွားဟန်ဖြင့်…
"သွားတော့မလို့လား… လုကျန်းက ဘယ်သူမို့လို့ သူမှာထားတဲ့ သေရည်ကို မယူရတာလဲ…"
"သွားကြစို့… ကိုယ့်အရှက်ကိုယ် ခွဲမနေနဲ့တော့…"
ပြောပြီးသည်နှင့် ကျိုးစူးက သူ၏ ဂိုဏ်းတူညီမငယ်ကိုခေါ်ကာ ထွက်ခွာသွားလေတော့သည်။
ကျန်းလန်က သူတို့ (၂)ယောက် ပြန်သွားသည်ကို ကြည့်ရင်း ကောင်တာပေါ်မှ အကောင်းစားသေရည်အိုးကို ပြန်သိမ်းလိုက်သည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေးက ဘာလို့ စကားတွေအများကြီးပြောပြီး ဒီလောက်တောင် ရှင်းပြနေရတာလဲ…"
သူမက တမင်သက်သက် မေးမြန်းခြင်းမဟုတ်ပေ။ တကယ်တမ်း သိချင်သောကြောင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ကျန်းလန်က…
"သြော်… ဂိုဏ်းတူအစ်မရယ်… သူတို့ကလည်း ကျုပ်တို့ကို မသိသလို ကျုပ်တို့ကလည်း သူတို့ကို မသိဘူးလေဗျာ… ၊ ဒီတော့ သူတို့ကို မချေမငံပြောစရာ အကြောင်းမှ မရှိတာ… သေသေချာချာ လက်ခံအောင် ရှင်းပြရတာပေါ့ ၊ ပြဿနာတွေကိုသာ ရှောင်လွှဲနိုင်ရင် တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေ ဖြစ်မလာတော့ဘူး မဟုတ်လား…"
ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ရင်း ဆက်ပြောလိုက်သည်။
"ဂိုဏ်းတူအစ်မ စကားပြောတဲ့ပုံနဲ့ဆိုရင်တော့ လွယ်လွယ်နဲ့ ရန်သူတွေ ဖြစ်ကုန်မှာပေါ့…"
ကျန်းလန်က အခြားသူများနှင့် ပြဿနာတက်ရသည်ကို သဘောမကျပေ။
ထို့ကြောင့် သူတတ်နိုင်သည့်နည်းလမ်းဖြင့် ပြဿနာကို ဖြေရှင်းပေးလိုက်ခြင်း ဖြစ်သည်။ ပြဿနာကို မဖြေရှင်းနိုင်သည့်အဆုံးမှသာ ပြဿနာရှာသူကို ဖြေရှင်းရမည် ဖြစ်သည်။
ဥပမာပြောရလျှင် "နတ်လူသားမျိုးနွယ်များ" ဖြစ်၏။
နတ်လူသားမျိုးနွယ်များ သူ့ကို သတ်ဖြတ်ရန်ကြံစည်နေသည့် ပြဿနာကို ကျန်းလန် မဖြေရှင်းနိုင်ပေ။ ထို့ကြောင့် ပြဿနာရှာသူ ရင်းမြစ်များဖြစ်သည့် နတ်လူသားမျိုးနွယ်များကို သုတ်သင်ပစ်ရမည် ဖြစ်သည်။
ရှောင်ယွိက ကျန်းလန်ကို ကြည့်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေးကိုကြည့်ရတာ… ဘယ်ကိစ္စမဆို အတော်လေး သတိထားတဲ့ပုံပဲ…"
ပြီးမှ ရှောင်ယွိက ခဏမျှ စဉ်းစားလိုက်ရင်း…
"ကျွန်မသိတာတော့… ရှင်က နဝမတောင်ထွတ်ရဲ့ တစ်ဦးတည်းသောတပည့်ဖြစ်သလို ဆက်ခံသူတပည့်လည်း ဖြစ်တယ်ဆို… ၊ ရှင်က နောင်တစ်ချိန်မှာ နဝမတောင်ထွတ်ရဲ့ တောင်သခင် ဖြစ်လာမယ့်သူပဲလေ… ၊ ရှင့်ရဲ့အဆင့်အတန်း ဒီလောက်မြင့်မားတာ အခုလို သတိထားနေဖို့ လိုလို့လား…"
ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ရင်း…
"အဲဒီလိုတွေ ဖြစ်နေတာကကို ကျုပ်အတွက် အတော်လေး အန္တရယ်များနေတာ…"
ကျန်းလန် အများကြီး ရှင်းပြမနေတော့ပေ။
ဤဂိုဏ်းတူအစ်မလေး၏ဘဝက သူ့ဘဝနှင့် တူညီသည် မဟုတ်ပေ။ ထို့ကြောင့်… သူ့ဘဝနှင့် သူ့အတွေးများကို နားလည်ပေးနိုင်မည် မဟုတ်ပေ။
ဆက်ခံသူတပည့်တစ်ယောက်အဖြစ် အဆင့်အတန်းမြင့်မားခြင်းက အရေးပါသည့်ကိစ္စ မဟုတ်ပေ။ ခွန်လွန်တောင်တွင် ပါရမီရှင်တစ်ယောက်ဖြစ်မှာသာ အရေးပါလေသည်။
ကျန်းလန်က အစကတည်းက ပါရမီရှင်တစ်ယောက် မဟုတ်သောကြောင့် ဝေဖန်ခြင်းများစွာကို ခံခဲ့ရသူ ဖြစ်သည်။
သူ တောင်ပေါ်ရောက်စကသာ စောစောက ကျင့်ကြံသူလူငယ် (၂)ယောက်လို စွာကျယ်စွာကျယ်လုပ်မိပါက ခွန်လွန်တောင်မှာပင် သေချာပေါက် အသတ်ခံရမည် ဖြစ်သည်။
ထို့ကြောင့် သူက အခြားသူများနှင့် အပေါင်းအသင်း မပြုလုပ်လိုခြင်း ဖြစ်သည်။ သူ့အတွက်လည်း အပေါင်းအသင်းများစွာ မလိုအပ်ပေ။
သူ့ကို သိသူနည်းလေး ပြဿနာလည်းနည်းလေ ဖြစ်သည်။
နဝမတောင်ထွတ်တွင် ဂူအောင်းနေခြင်းက သူ့အတွက် အန္တရယ်အကင်းဆုံး ဖြစ်သည်။
ဤသည်က ယခုနှစ်များတစ်လျှောက် သူကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှ ရရှိခဲ့သည့် သင်ခန်းစာဖြစ်သည်။ သူ နဝမတောင်ထွတ်မှ ထွက်ခွာလာမိတိုင်း ပြဿနာက တစ်ခုမဟုတ်တစ်ခု ရင်ဆိုင်ရစမြဲ ဖြစ်သည်။
ရှောင်ယွိက ကျန်းလန်ကို မကြည့်တော့ဘဲ စာရင်းစာအုပ်များကို ဆက်ဖတ်နေသည်။
အတန်ကြာမှ သူမက လေသံတိုးတိုးဖြင့်…
"ကျွန်မကလည်း အကြောင်းမရှိဘဲ ပြဿနာ ရှာချင်တာ မဟုတ်ပါဘူး…"
သူမစကားကြောင့် ကျန်းလန် အံ့အားသင့်သွားသည်။
ရှောင်ယွိက သူ့ကို ဖြေရှင်းချက် ပေးနေသည်လား။
ကျန်းလန် ဘာပြန်ပြောရမှန်းမသိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့ (၂)ယောက် စကားမပြောဖြစ်ကြတော့ပေ။
ခဏကြာတော့ ကျန်းလန် ကောင်တာမှ ပြေးထွက်သွားပြီး ကောင်တာအပြင်ဘက်ရှိ ပြုတ်ကျခါနီးရေနွေးကြမ်းအိုးတစ်အိုးကို ပြေးဖမ်းလိုက်သည်။
ရေနွေးကြမ်းအိုးကို သူ့နေရာသူ ပြန်ထားပြီးနောက် ကျန်းလန်က ကောင်တာကို ပြန်သွားပြီး မျက်လုံးများကို မှိတ်ကာ ကျင့်ကြံရန် ဟန်ပြင်လိုက်သည်။
သေရည်ဆိုင်က လူရှင်းသည့်အတွက် ဧည့်သည်မရှိလျှင် ကျင့်ကြံခြင်း ပြုလုပ်နိုင်လေသည်။
သို့သော်…
"ဂရား…"
နဂါးဟိန်းသံကြီးတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
မနေ့က ခွန်လွန်တောင်သို့ ရောက်လာပြီး တောင်သခင်များနှင့် အငြင်းပွားခဲ့သည့် နဂါးကြီး၏အသံ ဖြစ်လေသည်။
ကျန်းလန်က ဆိုင်အပြင်သို့ လှမ်းကြည့်လိုက်ရင်း…
"ဟို နဂါးကြီး ပြန်သွားပြီထင်တယ်…"
ဟု တွေးလိုက်၏။
ထိုနဂါးကြီးကို ကျန်းလန် သိပ်မကျေနပ်ပေ။
ထိုနဂါးကြီးသာ ခွန်လွန်တောင်သို့ရောက်မလာခဲ့လျှင် သူသည်လည်း နဂါးမင်းသမီးလေးနှင့် စေ့စပ်ရမည် မဟုတ်ပေ။
ယခုတော့ ထိုနဂါးကြီးမွှေသည့်အတွက် သူ့မှာ မငြင်းနိုင်သည့် လက်ထပ်မင်္ဂလာပွဲကို သဘောတူခဲ့ရပြီ ဖြစ်သည်။
ထိုမင်္ဂလာပွဲက သူ့ဘဝအနာဂတ်ကို မည်သို့သက်ရောက်မည်လဲ မသိနိုုင်သေးပေ။
သို့သော် နဂါးမျိုးနွယ်များက အင်အားကြီးမားလွန်းလေရာ သူ့အနေဖြင့် မကျေနပ်လျှင်တောင်မှ ပြဿနာသွားရှာနိုင်မည် မဟုတ်ဘဲ အောင့်အည်းသည်းခံရမည်သာ ဖြစ်သည်။
ထိုစဉ်…
"ဘုန်း…"
ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာ၏။
သေရည်ဆိုင်ရှေ့သို့ ကြီးမားသည့် တစ်စုံတစ်ခု ပြုတ်ကျလာသည့်အလား ထင်မှတ်ရသည်။
အမှန်တော့ သေရည်ဆိုင်ရှေ့သို့ ကောင်းကင်ထက်မှ နဂါးကြီး ဆင်းသက်လာခြင်း ဖြစ်၏။
ကျန်းလန် အနည်းငယ် စိတ်ရှုတ်ထွေးသွားသည်။
သူက နဂါးကြီးကို မကျေမနပ်ဖြစ်နေစဉ် နဂါးကြီးက ဆိုင်ရှေ့ရောက်လာခဲ့လေပြီ။ သူ မကျေနပ်သည်ကို သိရှိသွားသောကြောင့် ရောက်လာခြင်းများလား။
နဂါးကြီးဆင်းလာသံကိုကြားသည်နှင့် ကောင်တာတွင်ရှိနေသည့်ရှောင်ယွိက ချက်ချင်းပင် သူမ၏ခြေထောက်အောက်တွင် ခုထားသည့် ခုံပုလေးကို ဖယ်ရှားပစ်လိုက်သည်။
ကောင်တာတွင် သူမ၏ ဦးခေါင်းအစွန်းလေးကိုသာ တွေ့မြင်ရလေတော့သည်။
သူမ ခေါင်းကိုတွင်တွင်ငုံ့ထားပြီး နဂါးကြီး သူမကို တွေ့မြင်ခြင်းမရှိအောင် ပုန်းအောင်းလျှက် ရှိလေတော့သည်။