ရန်တိုက်ပေးခြင်း
Vol. 9 Ch. 114
အခန်း (၁၁၄) ရန်တိုက်ပေးခြင်း
သေရည်ဆိုင်သို့ နဂါးကြီး ရုတ်တရက် ရောက်လာသည့်အတွက် ကျန်းလန် စိုးရိမ်ပူပန်သွားမိသည်။
နဂါးကြီးက သူ မကျေမနပ်ဖြစ်နေသည်ကို အာရုံခံမိသောကြောင့်များ ကောင်းကင်ထက်မှ ဆင်းသက်လာခြင်းလေလား။
မည်သည့်နည်းနှင့်မှမဖြစ်နိုင်ပေ။
သို့တည်းမဟုတ် သူက နဂါးမင်းသမီးလေးနှင့် လက်ဆက်ရမည့်အိမ်ထောက်ဖက်ဖြစ်သည်ကို သိရှိသောကြောင့်များ အခြေအနေစုံစမ်းစစ်ဆေးရန် ရောက်ရှိလာခြင်းလား။
မည်သို့သောအကြောင်းများကြောင့် နဂါးကြီး သေရည်ဆိုင်သို့ ရောက်လာရကြောင်း ကျန်းလန် မသိရှိပေ။
သို့သော် နဂါးမျိုးနွယ်ဝင်တစ်ယောက်ကို ကျန်းလန် နည်းနည်းလေးပင် မလေးမစား မပြုဝံ့ပေ။ အနည်းငယ် မလေးမစားပြုမိသည်နှင့် နဂါးမျိုးနွယ်ဝင်က သူ့ကို စော်ကားသည်ဟု အထင်ရောက်သွားနိုင်သည်။
ထို့နောက် သေရည်ဆိုင်ထဲသို့ သက်လတ်ပိုင်းလူရွယ်တစ်ယောက် ဝင်လာလေ၏။
ထိုသူ၏ ဦးခေါင်းထက်တွင် နဂါးဦးချိုများထွက်ပေါ်နေပြီး ခန္ဓာကိုယ်မှ စွမ်းအားမြင့်မားသည့်ရောင်ဝါများလည်း ထွက်ပေါ်လျှက် ရှိသည်။
နဂါးမျိုးနွယ်…
ပျက်သုဉ်းတစပြင်လောကကြီးတွင် နဂါးမျိုးနွယ်များကို မည်သူမှ မဆန့်ကျင်ရဲကြပေ။
နဂါးဦးချိုပါရှိသည့်လူတစ်ယောက်နှင့်ဆုံတွေ့သည့်အခါ မလေးမစားလုပ်ဝံ့သူဆို၍ အနည်းငယ်သာ ရှိသည်။
နဂါးတစ်ကောင်ကို ခွန်လွန်တောင်မှ တောင်သခင်များက အရေးစိုက်ကြမည်မဟုတ်သော်လည်း ကျန်းလန်ကတော့ တောင်သခင်တစ်ပါး မဟုတ်ပေ။
တောင်သခင်တစ်ပါး ဖြစ်လာသည့်တစ်နေ့တွင်လည်း သူ့အနေဖြင့် နဂါးမျိုးနွယ်များကို လျှော့မတွက်မိစေရန် သတိချပ်ရမည် ဖြစ်သည်။
"အကြီးအကဲ… ဘာများလိုအပ်ပါသလဲ…"
လူရွယ်ဆိုင်ထဲဝင်လာသည်နှင့် ကျန်းလန်က ကြိုဆိုရင်း မေးမြန်းလိုက်သည်။
ရှောင်ယွိကတော့ ခေါင်းကို တွင်တွင်ငုံ့ထားပြီး ကောင်တာနောက်တွင် ဘာလုပ်နေမှန်း မသိပေ။
နဂါးအကြီးအကဲ၏နာမည်က လုန်ရဲ့ ဖြစ်၏။
လုန်ရဲ့က…
"သေရည်နဲ့ အသားပေးစမ်း…"
ပြောပြီးသည်နှင့် လုန်ရဲ့က စားပွဲတစ်ခုတွင် ထိုင်လိုက်သည်။
"ဟုတ်ကဲ့… ခဏစောင့်ပါ အကြီးအကဲ…"
ကျန်းလန် ချက်ချင်းပင် ပြန်ပြောလိုက်သည်။
စကားပြောနေစဉ်မှာပင် နဂါးကြီးထံမှ ပြောမပြနိုင်အောင် ပြင်းထန်လှသည့် ဖိအားကြီးတစ်ခု ထွက်ပေါ်နေလေရာ အလွန်မှ စွမ်းအားကြီးမားသည်မှာ သိသာလှသည်။
နဂါးကြီးက သူ ယခင်က ရင်ဆိုင်ခဲ့ရသည့် ရန်သူများနှင့် လားလားမှ တူညီခြင်း မရှိပေ။ အရွယ်ရောက်ပြီး နဂါးများဆိုသည်က အင်မော်တယ်များပင် ဖြစ်သည်မဟုတ်ပါလား။
ထို့နောက် ကျန်းလန်က နဂါးကြီးအတွက် သေရည်တစ်အိုးနှင့် အသားခြောက်များကို ယူလာပြီး စားပွဲထက်သို့ ချပေးလိုက်သည်။
ထို့နောက် စကားတစ်ခွန်းမှမပြောဘဲ တိတ်ဆိတ်စွာပင် နဂါးကြီးအနားမှ ထွက်လာခဲ့သည်။ စကားနည်းမှ အမှားနည်းမည် မဟုတ်ပါလား။
"ဂွမ်း…"
ကျန်းလန် ခပ်ဝေးဝေးသို့အရောက်တွင် သေရည်အိုးကျကွဲသံကို ကြားလိုက်ရသည်။
ထို့နောက် နဂါးကြီး၏ ဒေါသတကြီးအော်ဟစ်သံက နောက်မှ လိုက်လာ၏။
"ဖီ… ဒါသေရည်လား… ၊ မြင်းသေးတွေကျနေတာပဲ…"
လုန်ရဲ့က သေရည်အိုးကို ပေါက်ခွဲပစ်လိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
"မြင်းသေးလို့ပြောရအောင် အကြီးအကဲက မြင်းသေးသောက်ဖူးလို့လား…"
ထိုစကားက ကျန်းလန်စိတ်ထဲမှ ပြောလိုက်မိသည့် စကားဖြစ်သည်။
လက်ရှိတွင် နဂါးတစ်ကောင်၏ဒေါသနှင့် ရင်ဆိုင်နေရလေရာ ထိုသို့သောစကားမျိုးကို အဘယ်မှာ ထုတ်ဖော်ပြောရဲပါမည်နည်း။
ကျန်းလန်အနေဖြင့် နဂါးကြီး ခိုင်းသမျှသာ လုပ်ပေးရန်သာ ရှိသည်။
"အကောင်းစားသေရည်ပေးစမ်း… ကျုပ်ကို အကောင်းစားသေရည်ပေးစမ်း…"
လုန်ရဲ့ အော်ဟစ်လိုက်သည်။
ကျန်းလန်သာ သူ့ကို အကောင်းစားသေရည်မပေးပါက သေရည်ဆိုင်ကိုပင် ဖြိုချပစ်မည့်အနေအထားရှိသည်။
နဂါးမျိုးနွယ်တစ်ယောက်က သေရည်ဆိုင်တွင် လာရောက်အာဏာပြနေသည်ကိုတွေ့လိုက်ရသည့်အခါ ရှောင်ယွိ အနည်းငယ် ဒေါသထွက်သွားသည်။
သူမက ကောင်တာနောက်မှ ခြေဖျားလေးများထောက်ပြီး လုန်ရဲ့ကို လှမ်းကြည့်လိုက်သည်။
သူမက လုန်ရဲ့ကို အကောင်းစားသေရည် မရရှိနိုင်ကြောင်း ပြောပြရန် ဟန်ပြင်လိုက်လေသည်။
သို့သော် ရှောင်ယွိ ခြေဖျားလေးများထောက်ပြီး ကြည့်လိုက်သည်နှင့် ကျန်းလန်က သူမရှိရာသို့ လှည့်ကြည့်လာသည်။ ထို့နောက် နှုတ်ခမ်းထက်သို့ လက်ညှိုးကိုထိကပ်ပြီး "ရှူး တိတ်တိတ်နေ" ဆိုသည့် အမူအရာမျိုး လုပ်ပြလေ၏။
ကျန်းလန်၏အမူအရာကြောင့် ရှောင်ယွိ ပြောချင်နေသည့်စကားများကို ပြန်မြိုချလိုက်သည်။
မဟုတ်ပါက သူမက အကြောင်းမရှိဘဲ ရန်ရှာချင်သူတစ်ယောက်ဟု ကျန်းလန်က တွေးထင်သွားဦးမည် ဖြစ်သည်။
ဟုတ်ပေ၏။ ကျန်းလန်သည်လည်း တကယ်တမ်း ထိုသို့ တွေနေခဲ့ခြင်း ဖြစ်သည်။ ရှောင်ယွိ၏ ပြောပုံဆိုပုံနှင့်သာဆိုလျှင် နဂါးကြီး သေချာပေါက် ဒေါသအိုးပေါက်ကွဲသွားနိုင်သည်။
ယခု သူတို့ရင်ဆိုင်နေရသည်က နဂါးမျိုးနွယ်ဖြစ်နေလေရာ ပြဿနာသွားမရှာမိသည်က သူတို့အတွက် အကောင်းဆုံဖြစ်သည် မဟုတ်ပါလား။
အမှန်တော့ နဂါးကြီး ဒေါသထွက်နေရသည်ကလည်း အကြောင်းရှိသည်။
သူက ခွန်လွန်တောင်တွင် ခံဘက်ဖြင့် အလျှော့ပေးလာခဲ့ရသူ ဖြစ်သည်။
ခွန်လွန်တောင်မှ တောင်သခင်များ၏တောင်းဆိုမှုအတိုင်း နဂါးမင်းသမီးလေး၏ မင်္ဂလာပွဲကို သဘောတူခဲ့ရသည်။ ထိုအချက်က သူ့ကို အတော်လေး မကျေမနပ် ဖြစ်စေသည်။
ကျန်းလန်က…
"အကြီးအကဲ… ခဏလောက်စောင့်ပါ… ကျွန်တော် အကောင်းစားသေရည် သွားယူပေးပါ့မယ်…"
လုန်ရဲ့က…
"အေး… တစ်အိုး အမြန်ပေးစမ်း…"
ကျန်းလန်က…
"ကောင်းပါပြီ…"
အစပိုင်းတွင် ကျန်းလန်က လုကျန်းမှာထားသည့် အကောင်းစားသေရည်ကို ပေးလိုက်လျှင် ကောင်းမည်လားဟု တွေးမိသည်။
သို့သော် သူ့ခေါင်းထဲသို့ နောက်ထပ်အကြံတစ်ခုဝင်လာသဖြင့် ထိုသို့မလုပ်တော့ရန် ဆုံးဖြတ်လိုက်၏။
ယခုကိစ္စက အရေးပေါ်အခြေအနေဖြစ်လေသည်။
သေရည်ဆိုင်သို့ ရောက်လာသည့်နဂါးကြီးက အလွန်ဒေါကြီးလွန်းသည်။
ထို့ကြောင့် နဂါးကြီးနှင့် ပြဿနာတက်ခြင်းထက် လုကျန်းနှင့်ပြဿနာတက်ရသည်က တော်သေးသည်ဟု ကျန်းလန် တွေးမိသည်။
နဂါးကြီးကို သေရည်အကောင်းစားပေးလိုက်ပြီး နောက်ပိုင်းမှ လုကျန်းကို အဖြစ်အပျက်များ သေသေချာချာ ရှင်းပြတောင်းပန်လိုက်လျှင် အဆင်ပြေနိုင်သည်။
သူ၏ဂိုဏ်းတူအစ်ကို လုကျန်းကလည်း သူ့အပေါ် အာဃာတထားမည် မဟုတ်ပေ။
သို့သော်… ယခုတော့ ထိုနဂါးကြီးအား ဂိုဏ်းတူအစ်ကိုလုကျန်း၏ သေရည်ကို မပေးတော့ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းလန် ချက်ချင်းပင် ဆိုင်အနောက်ဘက်သို့ ထွက်သွားလေသည်။
ရှောင်ယွိက ကျန်းလန်ထွက်သွားသည်ကို အံ့အားသင့်စွာဖြင့် ကြည့်ရင်း ကျန်ရစ်ခဲ့သည်။
အကောင်းစားသေရည်များကို ဆိုင်အနောက်ဘက်တွင် သိမ်းထားလေသလား။ သူမ ထိုအချက်ကို အဘယ့်ကြောင့် မသိရပါသနည်း။
ဟုတ်ပေ၏။
ဆိုင်အနောက်ဘက်တွင် အဘယ်မှာ အကောင်းစားသေရည်ရှိပါမည်နည်း။ အမှိုက်စားသည့် ဖီရှိုးသတ္တဝါသာ ရှိပေ၏။
ကျန်းလန်က နဂါးမျိုးနွယ်မှအကြီးအကဲကို မလေးမစားပြုကာ ရန်မစဝံ့ပေ။ သို့သော် ဖီရှိုးသတ္တဝါနှင့် နဂါးကြီးကို ရန်တိုက်ပေးလိုက်လျှင် ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
ကျန်းလန် ဖီရှိုးသတ္တဝါအနားသို့ ရောက်လာသည်။
သူက ထိုသတ္တဝါကို ဝိညာဉ်ကျောက်တုံးတစ်တုံး ပစ်ပေးလိုက်၏။
ဖီရှိုးသတ္တဝါက ဝိညာဉ်ကျောက်တုံးကို ကိုက်ချီလိုက်ပြီး ချက်ချင်းပင် ဝါးစားပစ်လိုက်သည်။
ထို့နောက် အမှိုက်ထုပ်စားရမည်လားဆိုသည့်အကြည့်ဖြင့် ကျန်းလန်ကို ကြည့်နေ၏။
ကျန်းလန်က…
"ဆရာကြီး… ဆိုင်ထဲမှာ နဂါးတစ်ကောင်ရောက်နေတာ သိတယ်မဟုတ်လား…"
ဖီရှိုးသတ္တဝါက ခေါင်းညိတ်ပြလိုက်၏။
"ဆရာကြီး သူ့ကို တိုက်ခိုက်နိုင်စွမ်း ရှိသလား…"
ဖီရှိုးသတ္တဝါက မည်သည့်တုန့်ပြန်မှုမှ မပြုဘဲ ငြိမ်သက်နေသည်။
ကျန်းလန် သဘောပေါက်သွားပြီး နောက်ထပ် ဝိညာဉ်ကျောက်တုံးတစ်တုံးကိုထုတ်ယူကာ ဖီရှိုးသတ္တဝါကိုပေးလိုက်သည်။
ဝိညာဉ်ကျောက်တုံးကို ဝါးစားလိုက်ပြီးနောက် ထိုသတ္တဝါက ကျန်းလန်ကို ခေါင်းညိတ်ပြလိုက်သည်။
ကျန်းလန်က နောက်ထပ် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ဖီရှိုးသတ္တဝါကိုပေးလိုက်ပြီး…
"ဆရာကြီး… အဲဒီနဂါးကို သွားပြီး တိုက်ခိုက်ပေးနိုင်မလား…"
ခဏနားပြီးမှ ကျန်းလန်က ဆက်ပြေလိုက်သည်။
"ဒါပေမဲ့… ဆရာကြီး အဲဒီနဂါးကိုသွားပြီးတိုက်ခိုက်တာ ကျွန်တော်က ဘာမှ မသိတဲ့ပုံစံမျိုး ၊ ကျွန်တော်နဲ့ မဆိုင်တဲ့ပုံမျိုး သရုပ်ဆောင်ပေးပါလား… ၊ အဲဒီလို လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ…"
ဖီရှိုးသတ္တဝါက လုံးဝမလှုပ်ရှားဘဲ ကျန်းလန်ကို စိုက်ကြည့်နေသည်။
ကျန်းလန်က နောက်ထပ် ဝိညာဉ်ကျောက်တုံးတစ်တုံး ထုပ်ယူကာ ဖီရှိုးသတ္တဝါကို ပေးလိုက်ပြန်သည်။
ထိုသတ္တဝါကကျန်းလန်ပေးသည့် ဝိညာဉ်ကျောက်တုံးကို စားပြီးသည်နှင့် ကျန်းလန်ကို ဦးခေါင်းဖြင့် ဝှေ့ပစ်လိုက်လေ၏။
"ဝုန်း…"
ပြင်းထန်လှသည့် စွမ်းအားကြီးဖြင့် တိုက်ခိုက်ခံလိုက်ရသောကြောင့် ကျန်းလန် လွင့်ထွက်သွားသည်။
ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသောကြောင့် ကျန်းလန် အံ့အားသင့်သွားပြီး သူ့ကိုယ်သူကာကွယ်ရန် အသင့်ပြင်လိုက်သည်။
သို့သော် အရာမထင်ပေ။
"ဘန်း…"
ဖီရှိုးသတ္တဝါက ကျန်းလန်ကို ထပ်မံ တိုက်ခိုက်လိုက်ရာ ကျန်းလန်မှာ သေရည်ဆိုင်ကောင်တာအထိ လွင့်စင်ထွက်သွားသည်။
ပြင်းထန်လှသည့် စွမ်းအားကြီးတစ်ခုကို ခံစားလိုက်ရသောကြောင့် ရှောင်ယွိရော လုန်ရဲ့ပါ သတိအနေအထား ဖြစ်သွားကြသည်။
"ဒီကောင် ငါ့ဆီက ဝိညာဉ်ကျောက်တုံးတွေစားပြီး ငါ့ကို ပ ထုတ်လိုက်တာများလား…"
ကျန်းလန် တွေးလိုက်သည်။
သို့သော် သူ့အတွေးမှားသွားပြီဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်ရသည်။
ဖီရှိုးသတ္တဝါက သေရည်ဆိုင်ထဲသို့ ခပ်တည်တည်ဖြင့်ဝင်လာပြီး လုန်ရဲ့ ထိုင်နေသည့်စားပွဲသို့ လမ်းလျှောက်သွားသည်။
ထို့နောက် လုန်ရဲ့၏ မျက်နှာတည့်တည့်သို့ တံတွေးဖြင့် လှမ်းထွေးလိုက်၏။
နဂါးကြီး ရုတ်တရက် အံ့အားသင့်သွားလေသည်။
ထို့နောက် ဒေါသချောင်ချောင်းထွက်လာပြီး ကြုံးဝါးသံကြီးတစ်ချက်ပြုလိုက်ကာ ဖီရှိုးသတ္တဝါကို ချက်ချင်းပင် ဝင်ရောက်တိုက်ခိုက်လိုက်သည်။
"ဂရား…"
မိုးမြေတစ်ခုလုံး တုန်လှုပ်သွားစေသည့် နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် လုန်ရဲ့က နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလိုက်၏။
နဂါးကြီး၏ ဒေါသကို စွပြီးသည်နှင့် ဖီရှိုးသတ္တဝါက ဆိုင်အပြင်ဘက်သို့ ထွက်ပြေးလေတော့သည်။
လုန်ရဲ့ကတော့ ဒေါသတကြီးဖြင့် ဖီရှိုးသတ္တဝါနောက်သို့ လိုက်ပါသွားလေတော့သည်။
နဂါးကြီးနှင့် ဖီရှိုးသတ္တဝါတို့ ပြေးလွှားထွက်ခွာသွားကြသည့်အတွက် သေရည်ဆိုင်တစ်ခုလုံးရှိ စားပွဲများ ၊ ထိုင်ခုံများ လေထဲလွင့်ပျံကုန်ကြကာ ဆိုင်တစ်ခုလုံး ရှုတ်ပွသွားလေသည်။
ကျန်းလန်က လဲကျနေရင်းဖြင့်ပင် အဖြစ်အပျက်များအားလုံးကို ကြည့်နေမိသည်။
သူ ဖီရှိုးသတ္တဝါကို လျှော့တွက်ခဲ့မိသည်ပဲ။
ထိုသတ္တဝါက စွမ်းအားကြီးမားရုံသာမက အံ့သြစရာကောင်းလောက်အောင် ဉာဏ်ရည်မြင့်မားလွန်းသည်။
သူ့ကိုလည်း အတော်လေး နာကျင်အောင် တိုက်ခိုက်သွားသေး၏။
နဂါးကြီးနှင့် ဖီရှိုးသတ္တဝါတို့ သေရည်ဆိုင်နှင့် အတော်ဝေးဝေးသို့ ရောက်ရှိသွားမှ ကျန်းလန် လဲကျနေရာမှ ထ လိုက်သည်။
သေရည်ဆိုင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လည်သန့်ရှင်းရေးလုပ်ရပေဦးမည်။
ရှောင်ယွိက ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။ သူမစိတ်ထဲမှ အတွေးများကို ကျန်းလန် ခန့်မှန်းနိုင်ခြင်း မရှိပေ။
"ဂိုဏ်းတူအစ်မ… ကောင်တာပေါ်က သေရည်အိုး ပြုတ်ကျတော့မယ်…"
ကျန်းလန်က ရှောင်ယွိကို လှမ်းသတိပေးလိုက်သည်။
ကျန်းလန်စကားကြောင့် ရှောင်ယွိ အံ့အားသင့်သွားပြီး ကောင်တာပေါ်သို့ လှမ်းကြည့်လိုက်သည်။
အမှန်တကယ်ပင် ကောင်တာပေါ်မှ သေရည်အိုးက ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။ ကောင်တာရှေ့ရပ်နေသည့် သူမပင် သတိမထားမိသည့်ကိစ္စကို ကျန်းလန်က မည်သို့ သတိထားမိရပါသနည်း။
တွေးရင်း ရှောင်ယွိ အံ့သြနေမိသည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး… ဒဏ်ရာကပြင်းထန်သလား…"
ရှောင်ယွိက ပြုတ်ကျလာသည့် သေရည်အိုးကို နေရာတွင် ပြန်ထားလိုက်ရင်း မေးလိုက်သည်။
သူမ စကားသံက ခံဏားချက်ကင်းမဲ့ပြီး ပုံမှန်အတိုင်းပင် ကျန်းလန်ကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"မပြင်းထန်ပါဘူး… နည်းနည်းပါးပါးပါ…"
ကျန်းလန်က ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်ပြီး စားပွဲများနှင့် ထိုင်ခုံများကို နေရာတကျ ပြန်ထားရန် ထွက်ခွာသွားသည်။
ရှောင်ယွိက စကားပြောရန် ပါးစပ်ကိုဟလိုက်ပြီးမှ ဆက်မပြောဖြစ်တော့ပေ။
ကျန်းလန်ကိုပေးရန်ဟန်ပြင်ထားသည့် ပြဒါးဆေးလုံးကို သူမ ပြန်သိမ်းလိုက်သည်။ ဒဏ်ရာက မပြင်းထန်ဘူးဆိုလျှင် သူမအနေဖြင့် ဆေးလုံးပေးစရာ မလိုအပ်တော့ပေ။
ထို့နောက် သူမက ကျန်းလန်ကို ကူညီပြီး ဆိုင်သန့်ရှင်းရေးလုပ်ပေးရန် ကောင်တာနောက်မှထွက်ရန် ဟန်ပြင်လိုက်၏။
ထိုစဉ်မှာပင် ကျန်းလန်က…
"ဂိုဏ်းတူအစ်မ… စောစောက နဂါးကြီးကို ပေးလိုက်တဲ့ သေရည်ကို စာရင်းမှတ်ပေးပါဦး ၊ ဆိုင်ရှင်က အဲဒီသေရည်ရဲ့ ဈေးနှုန်းကို ရေးမထားဘူး ၊ ကြည့်ရတာ ရောင်းဖို့ မဟုတ်ဘူးထင်တယ်…"
ကောင်တာနောက်မှ ထွက်လာရန်ဟန်ပြင်နေသည့် လုန်ယွိ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
"ကောင်းပြီ…"
ထို့နောက် ကျန်းလန်က စားပွဲနှင့်ထိုင်ခုံများကို သပ်သပ်ရပ်ရပ် နေရာတကျ ပြန်ထားလိုက်ပြီး ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်လိုက်သည်။
ဖီရှိုးသတ္တဝါကြောင့် ဒဏ်ရာအနည်းငယ်ရခဲ့သည့်တိုင် ပြဿနာကတော့ အဆင်ပြေသွားခဲ့သည်။
နဂါးကြီး ထွက်ခွာသွားပြီဖြစ်ပြီး သေရည်ဆိုင်သို့ နောက်တစ်ခေါက် ပြန်လာတော့မည် မဟုတ်ပေ။
သို့သော် နဂါးကြီးက မျက်နှာပျက်အရှက်ရသည်ဟု ခံစားရကာ သေရည်ဆိုင်မှ မည်သူ့ကိုမှ အလွတ်မပေးဘဲ လာရောက်တိုက်ခိုက်မည်ကို ကျန်းလန် စိတ်ပူမိသည်။
ကျန်းလန် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
သူ့အတွက် နဝမတောင်ထွတ်တွင် နေထိုင်ခြင်းကတော့ အန္တရယ်အကင်းဆုံး ဖြစ်လေသည်။
သန့်ရှင်းရေးလုပ်ပြီးနောက် ကျန်းလန် ကောင်တာနောက်သို့ ဝင်လာပြီး အနားယူရန် ဟန်ပြင်လိုက်သည်။
ထိုအချိန် စကားသံများ ဆူညံစွာဖြင့် သေရည်ဆိုင်ထဲသို့ လူတစ်အုပ်ဝင်ရောက်လာလေသည်။
"ကြားပြီးပြီလား… ခွန်လွန်တောင်နားကို နတ်မိစ္ဆာတွေ ရောက်လာကြတဲ့ သတင်းလေ ၊ သူတို့က ခွန်လွန်တောင် နယ်နိမိတ်ထဲဝင်လာကြတာမဟုတ်ပေမယ့် ခွန်လွန်တောင်နဲ့ သိပ်မဝေးတော့ဘူးတဲ့…"
"ကျုပ်ကြားတာတော့… နတ်လူသားမျိုးနွယ်တွေလည်း ခွန်လွန်တောင်ပတ်ဝန်းကျင်မှာ ခြေရှုတ်နေတယ်ဆိုပဲ… ၊ ကြားတာတော့ သူတို့မျိုးနွယ်ဝင်တွေ အသတ်ခံရတဲ့ကိစ္စ လာစုံစမ်းတာလို့ ပြောတယ်…"
"နတ်လူသားမျိုးနွယ်ဝင်တွေ အသတ်ခံရတာ ဟုတ်လား… ၊ အဲဒါက ကြာလှပြီပဲ… အခုမှဘာလို့ လာစုံစမ်းနေရတာလဲ မသိဘူး ၊ ပြီးတော့ နတ်မိစ္ဆာတွေရောက်လာတာလည်း ထူးဆန်းတယ်ကွ…"
"နတ်မိစ္ဆာတွေကတော့ သူတို့ရဲ့ လျှို့ဝှက်မှော်ဝင်ပစ္စည်းပျောက်သွားလို့ လာရှာဖွေကြတယ် ဆိုလားပဲ… ၊ ဒါပေမဲ့ အဲဒီနတ်မိစ္ဆာတွေက သိပ်ပြီး တန်ခိုးစွမ်းအား မမြင့်မားပါဘူး… ၊ ပြီးတော့ သူတို့က ခွန်လွန်တောင်ပတ်ဝန်းကျင်မှာ လာရှာဖွေဖို့ တောင်သခင်တွေကိုလည်း ကြိုပြီး အကြောင်းကြားထားတယ်တဲ့…"
ထိုသူများက ခွန်လွန်တောင်မှ တပည့်များဖြစ်ကြပြီး သူတို့ကြားခဲ့ရသည့်သတင်းများကို ပြောဆိုရင်း သေရည်ဆိုင်ထဲသို့ ဝင်ရောက်လာကြခြင်း ဖြစ်လေတော့သည်။