← Chapters

ယောင်ရှီကျန်းမန်။

Vol. 45 Ch. 622

ယောင်ရှီကျန်းမန်။

Vol. 45 Ch. 622

ဘာသာပြန်- The Fate

"ရယ်စရာကောင်းလိုက်တာ!"

တော်ဝင်ဦးရီးတော်နှစ်ယောက်၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်လည်း မရဏမျိုးနွယ်စုစွမ်အားရှင်၏မျက်နှာဟာ အနည်းငယ်တောင် ပြောင်းလဲမသွားခဲ့ပါ။ လှောင်ပြောင်ရယ်မောသံတစ်ချက်နှင့်အတူ ခမ်းနားကြီးကျယ်သောစွမ်းအားများသည် သူ့ထံမှ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်လေထုကို ဂနာမငြိမ်ဖြစ်စေခဲ့၏။

"ဘုန်း!"

များမကြာမီတွင် သူဟာ လက်ဝါးတစ်ဖက်ကို ဆန့်တန်းလိုက်သည့်အခါ ခမ်းနားကြီးကျယ်သောစွမ်းအားများသည် ဧရာမလက်ဖဝါးရာကြီးတစ်ခုအဖြစ် အလျှင်အမြန် စုစည်းသွားကြသည်။ ၎င်းလက်ဖဝါးကြီးက နတ်ဘုရား၏လက်ဝါးကြီးကဲ့သို့ ကောင်းကင်နှင့်နေမင်းကို ဖုန်းကွယ်ထားခဲ့လေသည်!

သူဟာ အသာအယာပုတ်ခတ်လိုက်သည့်အခါ ဧရာမလက်ဖဝါးရာကြီးသည် တော်ဝင်ဦးရီးတော်နှစ်ယောက်ထံသို့ ပြိုဆင်းကျလာခဲ့ကာ ၎င်းဖြတ်သန်းသွားလာရာတစ်လျှောက်ရှိ အရာအားလုံးသည် ဖျက်စီးခံခဲ့ရသည်။

အဆိုပါလက်ဖဝါးကြီး၏ရှေ့မောက်တွင် အချိန်နှင့်အာကာပြင်သည် ခါယမ်းသွားပုံပေါ်ပြီး ကောင်းကင်ပေါ်ရှိ ကြယ်စင်များကတောင် ထိတ်လန့်တကြားပုန်းကွယ်သွားကြရ၏။

"ဘုန်း!"

တော်ဝင်ဦးရီးတော်နှစ်ယောက်၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ဤလက်ဖဝါးကြီးက သူတို့နှစ်ယောက်ကို အကြင်နာမဲ့စွာ ဖိခြေချလိုက်သည်။ သူတို့နှစ်ယောက်သည် လေးညို့မှပစ်တင်သော မြှားများကဲ့သို့ လွှင့်စင်ထွက်သွားကာ ပါးစပ်မှ သွေးများအန်ထုတ်လိုက်ရချေသည်။

"ဘုန်း!"

ဦးရီးတော်နှစ်ယောက်သည် တိုက်ပွဲမြေပြင်နှင့် ရိုက်ခတ်မိသွားကာ တိုက်ပွဲမြေပြင်ပေါ်၌ ကြီးမားသောတွင်းပေါက်ကြီးနှစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ မြေပြင်ဟာ အက်ကွဲနေပြီး လေထုအတွင်း၌လည်း မီးခိုးငွေ့များ ရစ်သိုင်းထားလျက် ရှိသည်။

ဦးရီးတော်နှစ်ယောက်၏ အော်ဟစ်သံကြီးသည် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားခဲ့ကာ ဝူရှောင်းနှင့် မီးလျှံစစ်တပ် စစ်သားများ၏နားစည်အတွင်း ရိုက်ခတ်သွားခဲ့သည်။ သူတို့အားလုံးသည် တုန်ယင်သွားကြကာ စိတ်ပျက်အားလျှော့နေသော အကြည့်များလည်း ဖြစ်ပေါ်လာကြသည်။

မရဏမျိုးနွယ်စုရဲ့စွမ်းအားရှင်က ဘယ်လောက်တောင် ကြောက်လန့်ဖို့ ကောင်းနေရတာလဲ။

တော်ဝင်ဦးရီးတော်နှစ်ယောက်သည် ဧကရာဇ်နှလုံးသားအထွတ်အထိပ်၌ ရှိကြသည်။ သို့သော်လည်း သူတို့ဟာ ထိုပုဂ္ဂိုလ်၏တိုက်ကွက်တစ်ခုကိုတောင် မရင်ဆိုင်နိုင်ခဲ့ဘဲ ချက်ချင်းကို ဒဏ်ရာရသွားခဲ့ရသည်။ သူတို့ သေသလား၊ ရှင်သလားဆိုတာကိုတောင် မသိတော့ပါ။

ဤမြင်ကွင်းက မြင့်မြတ်သောစန်းရိအင်ပါယာဘက်ရှိ ဝူရှောင်းနှင့် အခြားသူများကို ထိတ်လန့်သွားစေခဲ့ကာ သူတို့အားလုံးသည် ဖုန်မှုန့်များကဲ့သို့ ခံစားလိုက်ကြရသည်။

ဒီလိုအစွမ်းထက်တဲ့ တည်ရှိမှုကြီးတွေနဲ့ ရင်ဆိုင်နေရမှတော့ သူတို့တွေ နယ်စပ်ကိုရော စောင့်ကြပ်နိုင်ပါဦးမလား။

ဝူရှောင်းတို့က စိတ်ပျက်အားလျော့နေကြသော်လည်း မင်ယုနှင့် အခြားသူများကတော့ အပျော်လွန်ကဲနေကြသည်။ သူတို့က ရှေ့မောက်ရှိစွမ်းအားရှင်ကို တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေကြသည်!

ဒီလိုစွမ်းအားနှင့်ဆိုရင် မွန်မြတ်ဘုံလောကကြီးထဲမှာ သူ့ကို ဘယ်သူကများ တားဆီးနိုင်ဦးမှာလဲ။ ဘာကို ရှန်ရှန်ကျုံ့ဂိုဏ်း၊ ဘာကို ခုနစ်ပြည်ထောင်လဲကွ။ ငါတို့ မရဏမျိုးနွယ်စုကသာ လောကကြီးကို အုပ်စိုးကြရမှာ!

ဒါကိုတွေးမိသွားတော့ မင်ယုနှင့်အခြားသူများ၏ မျက်နှာထက်တွင် စပ်ဖြီးဖြီးအပြုံးများ ဖြစ်ပေါ်လာကြသည်။ သူတို့ဟာ မရဏမျိုးနွယ်စုနှင့် ပူးပေါင်းမျိုးနွယ်စုများက မွန်မြတ်ဘုံလောကကြီးအား လွှမ်းမိုးခြယ်လှယ်နေသည့်မြင်ကွင်းကို မြင်ယောင်လိုက်မိကြ၏!

"ဘုန်း!"

များမကြာမီတွင် ဝူရှောင်းတို့ကို ပို၍စိတ်ပျက်သွားစေသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုလူက တော်ဝင်ဦးရီးတော်နှစ်ယောက်ကို ဖိနှိပ်လိုက်ပြီး သိပ်မကြာခင်မှာပဲ မရဏမျိုးနွယ်စု၏အကြီးအကဲများစွာကလည်း တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ဘုံမှ ဆင်းသက်လာကြကာ ထိုပုဂ္ဂိုလ်၏နောက်ကျောဘက်၌ လေးလေးစားစား မတ်တပ်ရပ်နေလိုက်သည်။

အစွမ်းထက်သော ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များ အတူတကွ စုစည်းတည်ရှိနေသည်ဖြစ်ရာ ကမ္ဘာလောက၏လေထုသည် အဆက်မပြတ်ခါယမ်းနေခဲ့ပြီး ဝူရှောင်းတို့တတွေသည် ပို၍ပင်အားလျော့သွားကြရသည်။ လူတစ်ယောက်ကတောင် သူတို့မခုခံနိုင်လောက်တဲ့အထိ အစွမ်းထက်နေတာလေ။ အကြီးအကဲတွေ ထပ်ရောက်လာမှတော့ သူတို့ ဘာများလုပ်ရတော့မှာလဲ။

သူသာ စန်းရိဧကရာဇ်ဆိုရင်တောင် ဒီလိုစွမ်းအားမျိုးကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူးဟု ဝူရှောင်းက ခံစားလိုက်မိသည်။

"ဒီကလေးဆန်တဲ့ ကစားပွဲကို အဆုံးသတ်ဖို့ အချိန်ကျလာပြီ!"

"နောက်ဆုံးအခွင့်အရေးပေးမယ်။ အရှုံးပေးရင်ပေး၊ မပေးရင် သေရမယ်။"

မရဏမျိုးနွယ်စု၏ တော်ဝင်ဧကရာဇ်အဆင့်စွမ်းအားရှင်သည် ဝူရှောင်းကို ထူးမခြားနားစွာ စိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ အရှိန်အဟုန်မှာ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်ပြီး တိုက်ပွဲမြေပြင်သို့ ပြင်းစွာသောအဟုန်ဖြင့် ရိုက်ခတ်သွားခဲ့သည်။ ဝူရှောင်းနှင့် မီးလျှံစစ်တပ် စစ်သည်တော်များ၏ စိတ်ဝိညာဥ်များသည် တရစပ်တုန်ယင်နေကြရသည်။

"ငါတို့စန်းရိအင်ပါယာက ဘယ်တော့မှ အရှုံးမပေးဘူး!"

"ငါ သေဆုံးသွားရင်တောင် သရဲတစ္ဆေအဖြစ်နဲ့ မြင့်မြတ်တဲ့အင်ပါယာကြီးကို ကာကွယ်ပေးနေဦးမှာ!"

အချိန်အတော်ကလေးကြာအောင် တိတ်ဆိတ်နေလိုက်ပြီးနောက် ဝူရှောင်းက ခေါင်းမော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ပြတ်သားသောအသံကြီးက လောကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့ကာ မူလကကြောက်လန့်နေသော မီးလျှံစစ်သည်တော်များ၏ အမူအယာများကို ပြောင်းလဲသွားစေခဲ့သည်။ စစ်သည်တော်အားလုံး၏ မျက်ဝန်းများအတွင်း၌ စိတ်ပိုင်းဖြတ်မှူများ ထင်ဟပ်လျက် ရှိချေသည်။

သူတို့၏နောက်ကျောဘက်ဟာ သူတို့၏အိမ်ဖြစ်သည်။ သူတို့၏တိုင်းပြည်ဖြစ်ပြီး သူတို့၏ဆွေမျိုးများ နေထိုင်ကြသည်။ ဒီမရဏမျိုးနွယ်စုဝင်တွေ သူတို့နိုင်ငံထဲ ဝင်ရောက်သွားရင် ဘာတွေဖြစ်လာမှာလဲ။

စစ်သားများဟာ မိမိတို့၏နေရပ်ကို ကာကွယ်ပြီး နိုင်ငံတော်အတွက် အသက်ကို ပေးအပ်ရမည်။ သူတို့သေဆုံးသွားခဲ့ရင်သော်မှ ရှေ့တန်းနှင့် အိုးအိမ်များကို ကာကွယ်ကြရမည်!

အဆုံးအစမဲ့သော ယုံကြည်ချက်များသည် နှလုံးအိမ်အတွင်းမှ ပေါက်ဖွားလာခဲ့ပြီး မြင့်မြတ်သောမီးလျှံစစ်တပ်၏ အရှိန်အဟုန်များသည် ပိုမို၍ပြင်းထန်လာခဲ့သည်။

ဤကဲ့သို့ ပြတ်သားသောစိတ်ဆုံးဖြတ်ချက်က မင်ယုနှင့်အခြားသူများ၏ အမူအယာကို မှောင်မဲသွားစေခဲ့သည်။ ရန်သူ့တွင် ထိုမျှလောက်ပြင်းထန်သော စိတ်ခွန်အားမပိုင်ဆိုင်ထားပါက သူတို့မရဏမျိုးနွယ်စုသည် မွန်မြတ်ဘုံလောကကြီးတစ်ခုလုံးကို အစောကတည်းက အုပ်စိုးပြီးဖြစ်ပေလိမ့်မည်။

"ထားလိုက်တော့။ ဒီလိုဆိုမှတော့ ဒီဧကရာဇ်က ဖြည့်စည်းပေးရတော့မှာပေါ့။"

ဝူရှောင်းတို့၏အမူအယာကို တွေ့မြင်လိုက်ရသည့်အခါ စွမ်းအားရှင်သည် ခံစားချက်စိုးစင်းမျှမပါဝင်ဘဲ တီးတိုးရေရွတ်လိုက်၏။

ထိုအသံကြီးနှင့်အတူ ပင်လယ်ပြင်ကဲ့သို့ နက်ရှိုင်းသောစွမ်းအားများသည် သူ့ထံမှ စိမ့်ထွက်လာခဲ့သည်။ အဆိုပါစွမ်းအားများသည် ကောင်းကင်ယံထက်သို့ ပျံ့လွင့်သွားခဲ့ကာ တိုက်ပွဲမြေပြင်ကြီးတစ်ခုလုံးကို အုပ်မိုးနိုင်သော ဧရာမလက်ဝါးကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

လက်ဝါးကြီးသည် မိုးကောင်းကင်နှင့် နေမင်းကို ဖုံးကွယ်ထားခဲ့ပြီး ကမ္ဘာလောကအတွင်း၌ မှောင်ရိပ်သန်းလာခဲ့ရသည်။ ဧရာမလက်ဖဝါးကြီး၏အောက်တွင် လေဟာပြင်သည် တုန်ယင်လာခဲ့ရသည်။ စစ်တပ်ကြီးတစ်တပ်လုံးသည် လှုပ်ရှား၍မရနိုင်သည်အထိ ဖိနှိပ်ခံခဲ့ရပေသည်။

ဝူရှောင်းတို့တတွေ ဘယ်လောက်ပဲကြိုးစားကြပါစေ အဆိုပါပြင်းထန်သော အရှိန်အဟုန်အောက်မှ မလွတ်မြောက်နိုင်ခဲ့ကြပါ။

ဧကရာဇ်စွမ်းအားရှင်၏ရှေ့မောက်တွင် ဝူရှောင်းနှင့် သန်းချီသောမီးလျှံစစ်တပ်၏ စစ်သည်တော်များသည် ပုရွတ်ဆိတ်များကဲ့သို့ ဖြစ်နေခဲ့ကာ အနည်းငယ်သော ခုခံမှုကိုမျှ မပြုလုပ်နိုင်ခဲ့ပါ။ သူတို့သည် တရွေ့ရွေ့သက်ဆင်းလာသော ဧရာမလက်ဖဝါးကြီးကို စိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။

မင်ယုနှင့်အခြားသူများသည် ဝူရှောင်းတို့၏ အမူအယာများကို အကဲခတ်လှမ်းကြည့်ရင်း သူတို့၏မျက်ဝန်းများက အပျော်များဖြင့် ပြည့်နေခဲ့ကြသည်။

အရင်တုန်းက မရဏမျိုးနွယ်စု၏ အကြီးအကဲများစွာကို ရှန်ရှန်ကျုံ့ဂိုဏ်းက ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။ သူတို့မရဏမျိုးနွယ်စုသည် မွန်မြတ်ဘုံလောကကြီးတစ်ခုလုံး၏ အရှက်ရစရာဖြစ်ခဲ့ရသည်။ ဒီကနေ့ပြီးရင်တော့ မရဏမျိုးနွယ်စုကို ဘယ်သူကများ အထင်သေးရဲဦးမှာလဲ။

ရှန်ရှန်ကျုံ့ဂိုဏ်း စောင့်နေလိုက်စမ်းပါ။ ငါတို့ရဲ့အကြီးအကဲတွေ ရောက်ရှိလာရင် မင်းတို့ရဲ့ရှန်ရှန်ကျုံ့ဂိုဏ်း ကျိန်းသေပေါက် အမှုန့်ဖြစ်သွားစေရမယ်!

"ဘုန်း!"

ဧရာမလက်ဖဝါးကြီးသည် ဝူရှောင်းတို့ထံသို့ တရွေ့ရွေ့ပြိုဆင်းလာခဲ့သည်။ ၎င်းသက်ဆင်းလာသည့်အကြိမ်တိုင်းတွင် တိုက်ပွဲမြေပြင်ကြီးတစ်ခုလုံးက အပြင်းအထန် ခါယမ်းသွားခဲ့ကာ မြေပြင်ထက်၌ ဧရာမအက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်စေခဲ့သည်။

"သတ်ကြ!"

ဝူရှောင်း၏မျက်ဝန်းများမှာ နီရဲနေခဲ့ပြီး အော်ဟစ်ပြောဆိုလိုက်သည်။

သူဟာ မိမိ၏ကိုယ်ပိုင်သေခြင်းရှင်ခြင်းကို စိုးရိမ်ခြင်းမရှိပါ။ သို့သော်လည်း သူ၏နောက်ဘက်တွင်ရှိနေသော အင်ပါယာကြီးနှင့် ထောင်သောင်းချီသောပုဂ္ဂိုလ်များ၏ အသက်များကိုတော့ စိုးရိမ်နေရသည်။ သူတို့သာ ရှုံးနိမ့်သွားပါက မွန်မြတ်သောမြို့တော်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားပေလိမ့်မည်။

မုန်းတီးလိုက်တာ!

မရဏမျိုးနွယ်စုကလူတွေကို မခုခံနိုင်တဲ့အတွက် ငါ့ကိုယ်ငါ မုန်းတယ်! ငါ့ရဲ့အမိမြေကို ရန်သူတွေကျူးကျော်တာကနေ မတားဆီးနိုင်ခဲ့တဲ့အတွက်လည်း ငါ့ကိုယ်ငါ အပြစ်တင်တယ်။

"ချွင်!"

ကောင်းကင်ကို ဖုံးကာထားသော ဧရာမလက်ဖဝါးကြီး ကျရောက်တော့မည့်အချိန်တွင် ဓားဟိန်းသံတစ်ခုသည် အနီးအနားမှ ထွက်ပေါ်လာခဲ့ကာ တိုက်ပွဲမြေပြင်အတွင်းသို့ ပျံ့လွင့်သွားခဲ့သည်။ ယင်းနောက် တလက်လက်တောက်ပနေသော ဓားအလင်းတန်းကြီးတစ်ခုသည် အလွန်မြန်ဆန်သောအရှိန်ဖြင့် ဧရာမလက်ဖဝါးကြီးကို တစ်စစီဖျက်စီးပစ်လိုက်လေသည်။

ရှိနေကြသောလူတိုင်းသည် အဆိုပါဓားအလင်းတန်းကြောင့် ထိတ်လန့်သွားခဲ့ရသည်။ မရဏမျိုးနွယ်စုဧကရာဇ်စွမ်းအားရှင်၏ မျက်ဝန်းသူငယ်အိမ်များမှာ တုန်ယင်သွားခဲ့သည်။ လူအများသည် ရေခဲဂူကြီးအတွင်းသို့ ပြုတ်ကျသွားသလို ခံစားခဲ့ရကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေတာကို မရပ်တန့်နိုင်တော့ပါ။

All Chapters