← Chapters

ရှစ်မျက်နှာကို ခုတ်ထွင်မည့်ဓား။

Vol. 45 Ch. 624

ရှစ်မျက်နှာကို ခုတ်ထွင်မည့်ဓား။

Vol. 45 Ch. 624

ဘာသာပြန်- The Fate

ဓားစွမ်းအားက ကောင်းကင်ကိုခါယမ်းစေခဲ့ပြီး မြေပြင်ကို ကွဲအက်စေခဲ့သည်။

ဤတစ်ကြိမ်တွင် မရဏမျိုးနွယ်စုစွမ်းအားရှင် ထုတ်ဖော်လိုက်သောဓားသိုင်းကွက်သည် ယခင်ဓားသိုင်းကွက်ထက်ပို၍ အားကောင်းနေခဲ့ကာ ရှိနေကြသောလူများကို ထိတ်လန့် တုန်ယင်သွားစေခဲ့၏။

ပြိုင်ဖက်ကင်းသောဓားသည် သူတို့ကို ချိန်ရွယ်ထားခြင်းမဟုတ်သော်လည်း သူတို့အားလုံးဟာ သေမင်းနဲ့ နီးကပ်စွာတည်ရှိသည့်အလား ခံစားလိုက်ကြရ၏။

" ဘုန်း.......! "

ဓားသိုင်းကွက်၏ တစ်ဝက်နီးပါးခန့်တွင် အင်အားပြင်းထန်သော လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာခဲ့ကာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားလျက် ပတ်ပတ်လည်ရှိ အရာအားလုံးကို ဖျက်စီးလိုက်သည်။

ပေါက်ကွဲမှုသည် အထက်ကောင်းကင်ယံ၌ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သော်လည်း မြေပြင်သည် ပြင်းထန်စွာ ခါယမ်းသွားပြီး ပြိုကျပျက်စီးသွားခဲ့ရသည်။

မီးခိုးများနဲ့မြူခိုးများသည် ကောင်းကင်၌ ပြည့်နှက်နေခဲ့ပြီး ဓားရောင်ခြည်များက အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ကာ လေထုကို အက်ကွဲကြောင်းများအဖြစ် ဖျက်စီးပစ်လိုက်သည်။ ဤမြင်ကွင်းက ရှိနေကြသောသူများအားလုံးအပေါ် သက်ရောက်မှုကြီးကြီးမားမားရှိခဲ့၏။

လူအများ၏စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် လီပိုင်၏ပုံရိပ်က တဖြည်းဖြည်းပေါ်ပေါက်လာခဲ့သည်။ လီပိုင်ကို တွေ့မြင်လိုက်ရသည့်အခါ မရဏမျိုးနွယ်စု၏ သန်မာသောဧကရာဇ်စွမ်းအားရှင်ပင်ဖြစ်စေ၊ ရှိနေကြသောလူများအားလုံးပင်ဖြစ်စေ၊ အံ့သြထိတ်လန့်သွားကြပြီး မျက်ဝန်းသူငယ်အိမ်များ တုန်လှုပ်သွားကြသည်။

" ဒါ.....ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

မရဏမျိုးနွယ်စုဧကရာဇ်စွမ်းအားရှင်၏ပါးစပ်သည် ဟောင်းလောင်းပွင့်နေပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။ ဤအချိန်တွင်တောင် လီပိုင်က အေးဆေးတည်ကြည်စွာ ရှိနေခဲ့ပြီး သူထုတ်ဖော်ခဲ့သော ဓားသိုင်းကွက်က လီပိုင်အပေါ် သက်ရောက်မှုမရှိခဲ့ပါ။

လီပိုင်၏လက်ချောင်းများဖြင့် အသာအယာဖော်ထုတ်ခဲ့သော ဓားသိုင်းသည် မရဏမျိုးနွယ်စု၏ ပြင်းထန်သောဓားသိုင်းကွက်ကို အပြည့်အဝ ဖျက်စီးလိုက်လေသည်။

" မင်းလို သန်မာတဲ့လူတစ်ယောက်က မွန်မြတ်ဘုံလောကမှာ ဘယ်လိုလုပ် ရှိနေရတာလဲ။ "

ဧကရာဇ်စွမ်းအားရှင်၏ နှလုံးအိမ်အတွင်း၌ အကြောက်တရားများ ကိန်းဝပ်လာခဲ့ပြီး အံ့သြတသင့် ပြောဆိုလိုက်သည်။

စောနကတိုက်ကွက်ကို သူဟာ အားကုန်သုံး၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အသန်မာဆုံးသောဂုဏ်ထူးဆောင်ဧကရာဇ်စွမ်းအားရှင်ကတောင် လွယ်လင့်တကူ ချေပနိုင်မှာ မဟုတ်ပါ။ ဖြစ်နိုင်တာက ရှန်ရှန်ကျုံဂိုဏ်းမှာ ကြယ်စင်ဧကရာဇ်အဆင့်စွမ်းအားရှင် ရှိနေတာလား။

ဧကရာဇ်စွမ်းအားရှင်၏စကားများကို ကြားလိုက်ရသောအခါ လီပိုင်က ပြုံးလိုက်သော်လည်း ဘာကိုမှ ပြန်မဖြေခဲ့ပါ။ နောက်တဒင်္ဂတွင် သူ၏အမူအရာက အေးစက်သွားခဲ့ပြီး သူ၏ကိုယ်ခန္ဓာကလည်း မြန်ဆန်သောနှုန်းထားဖြင့် ရွေ့လျားသွားခဲ့သည်။

ခြေတစ်လှမ်းတိုင်းစီတွင် အေးစက်ပြင်းထန်သောဓားစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာလောကကြီးသည် ဓားများဖြင့် ပြည့်နှက်သွားခဲ့သည်။

အနန္တဓားစွမ်းအားများသည် ဝန်းကျင်တစ်ခွင် ပျံ့လွင့်နေခဲ့ပြီး လီပိုင်၏လက်ဝှေ့ရမ်းမှုနဲ့အတူ မရဏမျိုးနွယ်စု စွမ်းအားရှင်ထံ ပြေးဝင်သွားခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော ဓားမုန်တိုင်းက ဘေးပတ်ဝန်းကျင်ကို ပြိုကျသွားစေခဲ့သည်။

" ဘုန်း.....! "

ထိတ်လန့်စရာကောင်းသောဓားစွမ်းအားကို အာရုံခံမိလိုက်သည့်အခါ မရဏမျိုးနွယ်စု၏ ဧကရာဇ်စွမ်းအားရှင်သည် အံကို တင်းတင်းကြိတ်လျက် အားကုန်သုံးကာ လီပိုင်၏တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားခဲ့သည်။

သို့သော်လည်း သူ၏ခွန်အားက လီပိုင်၏ဓားမိုးအောက်တွင် မထင်မရှားဖြစ်နေခဲ့ရပြီး လုံးဝမရင်ဆိုင်နိုင်ခဲ့ပါ။ အထိအတွေ့တစ်ချက်မျှဖြင့် သူဖော်ထုတ်ခဲ့သောခုခံမှုသည် တစစီပျက်ပြယ်သွားခဲ့ရသည်။

ပြင်းထန်သောဓားများသည် တစ်ချောင်းပြီးတစ်ချောင်းကျဆင်းလာခဲ့ကာ မြေပြင်ကို ထက်ခြမ်းပိုင်းပစ်ခဲ့သည်။ ထိုနေရာတစ်ဝိုက်ရှိမြေပြင်သည် အသူရာချောက်နက်ကြီးကဲ့သို့ ပြိုကျသွားခဲ့ရချေသည်။

" မဟုတ်ဘူး.......! "

မရဏမျိုးနွယ်စု၏ဧကရာဇ်စွမ်းအားရှင်သည် သူ့ထံသို့ မုန်တိုင်းမိုးကဲ့သို့ သက်ကြွေလာခဲ့သော အနန္တဓားများကို စိုက်ကြည့်နေခဲ့သည်။ သူဟာ စိတ်ပျက်အားလျော့စွာ ဟစ်ကြွေးလိုက်မိချေသည်။

အဆိုပါအော်ဟစ်သံကြီးသည် အင်မတန်မှစူးရှလာကာ မရဏမျိုးနွယ်စုစွမ်းအားရှင်များအားလုံးကို တုန်ယင်သွားစေခဲ့သည်။

" ဘုန်း.....! "

ကောင်းကင်ကြီးတစ်ခုလုံး၌ မီးခိုးများ၊ ဖုန့်မှုန့်များဖြင့် ပြည့်နှက်နေခဲ့သည်။ လူတိုင်းဟာလည်း သက်ပြင်းမောများရှိုက်နေခဲ့ကြရသည်။ ကျဆင်းလာသောဓားများကို ရှောင်ရှားရန် ကျရှုံးခဲ့သည့် မရဏမျိုးနွယ်စုဝင်များအားလုံးသည် နေရာမှာတင် သတ်ဖြတ်ခံခဲ့ရသည်။

အသက်ရှူတစ်ရှိုက်ခန့်ကာလတွင် ပြင်းထန်သောဓားစွမ်းအားများကလည်း ပျက်ပြယ်သွားခဲ့ကာ မီးခိုးများကလည်း တဖြည်းဖြည်း ပြေလွင့်သွားပေသည်။ သို့သော်လည်း မရဏမျိုးနွယ်စု၏ဧကရာဇ်စွမ်းအားရှင်ကိုတော့ ဘယ်မှာမှ မတွေ့မြင်နိုင်တော့ပါ။ သူဟာ ခန္ဓာကိုယ်တောင် မကျန်တော့သည်အထိ အမှုန့်ချေခံခဲ့ရလေသည်။

လေထုအထက်၌ လီပိုင်သည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့သည်။ သူ၏ နှင်းဖြူရောင်ဝတ်ရုံသည် လေအဟုန်၌ ဝဲလွင့်နေခဲ့ချေသည်။ သူဟာ ဘယ်အရှိအဝါမှ ဖော်ထုတ်မနေခဲ့သော်လည်း ရှိနေကြသောသူများအားလုံးအပေါ် ပြင်းထန်သောဖိအားကို သတ်စွမ်းစေခဲ့သည်။ သူ၏အကြည့်တစ်ချက်ကတောင် လူအများ၏ဝိညာဥ်ကို တုန်ယင်စေနိုင်၏။

" ဟူး....! "

ဝူရှောင်းနှင့်မီးလျှံစစ်တပ်၏ စစ်သည်တော်များအားလုံးသည် သက်ပြင်းမောချလိုက်မိကြသည်။ လီပိုင်က ဒီလောက်တောင်အစွမ်းထက်နေလိမ့်မည်ဟု သူတို့ထင်မထားခဲ့ပါ။

ရှန်ရှန်ကျုံဂိုဏ်းကို အရှင်မင်းမြတ်က အလေးပေးပြီး တတ်နိုင်သလောက်မိတ်ဆွေဖွဲ့နေတာ အံ့သြစရာ မဟုတ်တော့ပါဘူး။

မင်ယောင်နဲ့အခြားသူများကတော့ ထိတ်လန့်နေကြကာ ခေါင်းများကို နှိမ့်ချထားကြပြီး လီပိုင်ကို မော့မကြည့်ရဲတော့ပါ။ ချွေးအေးများကလဲ သူတို့၏နဖူးပြင်၌ စိုစွတ်နေခဲ့ကြသည်။

(မူရင်းမှာကိုက မင်ယုကနေ မင်ယောင်ဖြစ်သွားတာပါ)

" ဘုန်း........! "

" ငါတို့ရဲ့ ဧကရာဇ်စွမ်းအားရှင်ကို သတ်ဖြတ်ရဲတယ်လား။ မင်း...သေသင့်တယ် ! "

တစပြင်အလား တိတ်ဆိတ်နေသည့် အခါသမယတွင် အစွမ်းထက်သောအရှိန်အဝါတစ်ခုသည် လေထုအထက်မှ ပေါက်ဖွားလာခဲ့ကာ ကောင်းကင်ပြင်ကို တုန်လှုပ်စေခဲ့သည်။ ၎င်းအရှိန်အဝါနဲ့အတူ ကြောက်လန့်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးလည်း ထွက်ပေါ်လာခဲ့၏။

မုန်တိုင်းထန်သောအသံလှိုင်းများသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ကာ လေထုသည် အဆက်မပြတ် ခါယမ်းလာခဲ့သည်။

အဆိုပါထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဟုန်ကြောင့် စိတ်သက်သာရာရခါစဖြစ်သော ဝူရှောင်းတို့အားလုံးသည် တဖန်ပြန်၍ ခဲတောင့်သွားကြကာ လေထုတစ်နေရာသို့ စူးစိုက်ကြည့်မိလိုက်ကြသည်။ မရဏမျိုးနွယ်စုမှာ နောက်ထပ်အစွယ်အပွားတွေ ရှိနေသေးတာလား။

ဒီရှန်ရှန်ကျုံဂိုဏ်းရဲ့စွမ်းအားရှင်က မရဏမျိုးနွယ်စုရဲ့ ဝှက်ဖဲတွေကိုရော တိုက်ခိုက်နိုင်မှာလား။

သူတို့မီးလျှံစစ်တပ်တွင် စစ်သည်တော်ပေါင်းသန်းချီရှိသော်လည်း ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များ၏ ရှေ့မှောက်တွင်တော့ ပုရွက်ဆိတ်များအလား သေးနှုတ်နေခဲ့ရသည်။ ရှန်ရှန်ကျုံဂိုဏ်း၏စွမ်းအားရှင်ကသာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်တော့သည်။

မင်ယောင်နှင့်အခြားသူများသည် ထိတ်လန့်နေသောမျက်နှာများမှ တဖြည်းဖြည်း ပြေလျော့သွားကြသည်။ မွန်မြတ်ဘုံလောကထဲမှာ မရဏမျိုးနွယ်စုကို ကူညီပေးနေတဲ့ စွမ်းအားရှင်က ထိုသူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သူတို့ မေ့သွားတယ် !

ရှန်ရှန်ကျုံဂိုဏ်းက ဒါဇင်ကျော်တဲ့ဧကရာဇ်စွမ်းအားရှင်တွေကိုရော ရင်ဆိုင်နိုင်ဦးမှာလား။ သူကတော့ မယုံပါဘူးနော်။

လီပိုင်၏မျက်ဝန်းများမှာ မှေးကျဥ်းသွားခဲ့သည်။ သူ၏အမူအရာဟာ ပြောင်းလဲခြင်း မရှိခဲ့ပါ။ သူဟာ လေပြေအေးကဲ့သို့ တည်ကြည်သော မျက်နှာသွင်ပြင်ကို ထိမ်းသိန်းထားဆဲ ဖြစ်သည်။ ရှီကန်းတန်နဲ့ အခြားသူများကတော့ ရောက်လာသောပုဂ္ဂိုလ်ကို အကြည့်တစ်ချက်တောင် မစွ့န်ကြဲဘဲ အထင်အမြင်သေးစွာဖြင့် နှာမှုတ်လိုက်ကြသည်။

" ဘုန်း......! "

လူတိုင်း၏အကြည့်များအောက်တွင် လူ(12)ယောက်သည် လေထုအတွင်းမှ ထွက်ပေါ်လာခဲ့ကာ သူတို့ထံမှ ထွက်ပေါ်နေသော စွမ်းအားကြီးသည့်အရှိန်အဝါများသည် ကောင်းကင်ကြီးတစ်ခုလုံးကို လှုပ်ခါပစ်လိုက်သည်။

ထိုလူတစ်စုကို ဦးဆောင်လာသူမှာ မရဏမျိုးနွယ်စုမှ (3)ယောက် ဖြစ်လေသည်။သူတို့(3)ယောက်၏အရှိန်အဝါများသည် ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ သူတို့က လီပိုင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည့်အခါ သတ်ဖြတ်လိုသောစိတ်ဆန္ဒများကလည်း လေထုအတွင်း ပျံ့လွင့်လာခဲ့ရသည် !

All Chapters