အနိုင်ယူ၍မရနိုင်သော ။
Vol. 45 Ch. 625
ဘာသာပြန်- The Fate
" ဘုန်း....! "
မရဏမျိုးနွယ်စု၏ သန်မာသောဧကရာဇ်စွမ်းအားရှင်များစွာနဲ့ ရင်ဆိုင်လိုက်ရသည့်အခါ လီပိုင်သည် ဘာစကားမှမပြောဘဲ ကောင်းကင်ယံထိတိုင် ပျံ့လွင့်တက်သွားသော ပြင်းထန်သည့်ဓားသိုင်းကွက်ကို ပေါက်ကွဲထုတ်ဖော်ခဲ့သည်။
အဆုံးအစမဲ့သောဓားစွမ်းအားသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းသွားခဲ့ကာ ပတ်ဝန်းကျင်လေထုကို ကွဲအက်စေခဲ့သည်။ အဆိုပါထိတ်လန့်ဖွယ်ကောင်းသောဓားသိုင်းကွက်သည် ရှိနေကြသောလူများကို တုန်ယင်စေခဲ့၏။
" မြင့်မြတ်သောဓားစွမ်းအင်မြစ်သည် ကောင်းကင်ယံထက်မှ မြစ်ဖျားခံလာပြီ ! "
လီပိုင်၏တိုးညှင်းသောရေရွက်သံနဲ့အတူ မိုးကောင်းကင်ကြီးသည် မှိန်ဖျော့သွားခဲ့ပြီး တိုက်ပွဲမြေပြင်အတွင်း၌ ကြီးမားသောသင်္ကေတကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဗိုလ်ကျခြယ်လှယ်နိုင်သောဓားစွမ်းအားသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ကာ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်အောက် စွမ်းအားရှင်များအားလုံးကို ဖိနှိပ်ပစ်လိုက်ချေသည်။
ဤဓားစွမ်းအား၏အောက်တွင် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်တချို့ကတောင် တဆက်ဆက်တုန်ယင်နေကြကာ အချိန်မရွေးပြိုလဲတော့မည်ကဲ့သို့ ခံစားနေခဲ့ရသည် !
လီပိုင်ရဲ့ထိတ်လန့်ဖွယ်ကောင်းသော ဓားသိုင်းကွက်အောက်တွင် မူလက တည်ငြိမ်နေသော မရဏမျိုးနွယ်စုဧကရာဇ်စွမ်းအားရှင်များ၏အမူအရာများသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ကာ မျက်ဝန်းများက တုန်လှုပ်သွားကြ၏။
" ဘုန်း.....! "
ဓားရှည်ကို ဝှေ့ရမ်းလိုက်ခြင်းနဲ့အတူ မကောင်းဆိုးဝါးဆန်သော ဓားမြစ်ကြီးသည် သက်ဆင်းကျလာခဲ့ကာ ကမ္ဘာလောကကြီးသည် ဓားစွမ်းအင်နယ်မြေအဖြစ် ပြောင်းလဲသွားခဲ့သည့်အလား ပေါက်ကွဲသွားခဲ့လေသည်။ ရှိရှိသမျှအရာအားလုံးသည် ဖျက်စီးခံခဲ့ရပြီး နေရာ၌ ဓားအလင်းတန်းများသာ ကြွင်းကျန်ရစ်တော့သည်။
" အတူတူတိုက်မယ် ! "
မရဏမျိုးနွယ်စုဖက်မှ စွမ်းအားရှင်များ၏မျက်ဝန်းသူငယ်အိမ်များသည် လှုပ်ရှားသွားခဲ့ပြီး ရုတ်တရက် အော်ဟစ်ပြောဆိုလိုက်သည်။
ခမ်းနားသောစွမ်းအားများသည် ထွက်ပေါ်လာခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသောဓားသိုင်းကွက်ကြောင့် သူတို့အားလုံးဟာ အနည်းငယ်တောင် ခွန်အားထိန်ချန်မထားဝံ့ဘဲ အရူးအမူး တိုက်ခိုက်လိုက်ကြ၏။
စွမ်းအားများသည် သမုဒ္ဒရာကဲ့သို့ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ ဧကရာဇ်စွမ်းအားရှင်(12)ပါး၏ ပေါင်းစုစွမ်းအားများသည် ဧရာမဒိုင်းကာကြီးအဖြစ် ပြောင်းလဲသွားခဲ့ကာ သူတို့အားလုံးကို ကာကွယ်ပေးနေခဲ့သည်။
ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်(3)ယောက်ဦးဆောင်ပြီး တော်ဝင်ဧကရာဇ်(9)ယောက်အားဖြည့်ထားသောအုပ်စု၏ ပေါင်းစုခွန်အားသည် ဧရာမဒိုင်းကာကြီးကို ကောင်းချီးပေးနေခဲ့သည်။
ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေသော မရဏမျိုးနွယ်စု၏ အကြီးအကဲများအားလုံးကလည်း ကြီးမားသောခွန်အားများကို ပေါက်ကွဲထုတ်ဖော်လျက် အကာအကွယ်ဒိုင်းကာကြီးကို အားဖြည့်ပေးနေခဲ့ပြန်သည်။
ဒီမြင်ကွင်းကြောင့် ရှိနေကြသောလူများအားလုံး တုန်ယင်သွားကြ၏။
လီပိုင်က အရမ်းကြောက်လန့်ဖို့ကောင်းနေပြီ။ သူ့တစ်ယောက်တည်းကတောင် ရန်သူတစ်စုကို အပြင်းအထန်အကြပ်တွေ့စေလိမ့်မည်ဟု ဘယ်သူကမှ တွေးထင်မထားခဲ့ပါ။
ဝူရှောင်းနှင့်မီးလျှံစစ်တပ်၏ စစ်သည်တော်များအားလုံးသည် တွေဝေမှိန်းမောနေခဲ့ကြသည်။ သူတို့ရော လီပိုင်လိုအဆင့်မျိုး ဘယ်တော့များမှ ရောက်နိုင်မှာလဲ။
သူ့ခွန်အားတည်းနဲ့တင် မရဏမျိုးနွယ်စုကို ထိတ်လန့်စေခဲ့တာလေ။
ဒီလိုကြီးမြတ်တဲ့ခွန်အားမျိုးက တကယ့်ကို စွဲမက်ဖွယ်ပါလား ?
" ဘုန်း .....! "
လူအများရဲ့အကြည့်များအောက်တွင် အဆုံးအစမဲ့သော ဓားစွမ်းအားမြစ်ကြီးသည် သက်ဆင်းလာခဲ့ကာ ဧရာမဒိုင်းကာကြီးနဲ့ ထိတွေ့မိသွားသည်။ ကျယ်လောင်သောပေါက်ကွဲသံကြီးများ အဆက်မပြတ်ထွက်ပေါ်လာခဲ့ကာ ပြင်းထန်သောအားများသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။ များစွာသောစွမ်းအားရှင်များအားလုံးသည် တိုက်ရိုက်လွင့်စင်ထွက်သွားကြ၏။
မြေပြင်သည် ကွဲအက်သွားပြီး လေထုဟာ ထက်ခြမ်းဖြစ်သွားခဲ့သည်။ နေရာတိုင်း၌ မယှဥ်သာသော ဓားအလင်းတန်းများ တောက်ပလျက်ရှိကာ ကောင်းကင်နှင့်ကမ္ဘာမြေပြင်ကြီးသည် ပြိုကျတော့မည်ကဲ့သို့ ဖြစ်နေခဲ့၏။
ဤကဲ့သို့ ပြင်းထန်သောဖိအားကြောင့် မရဏမျိုးနွယ်စုစွမ်းအားရှင်များ ရပ်တည်နေခဲ့သော ဖိအားကြီးတစ်ခုလုံးသည် တိုက်ရိုက်ပြိုကျသွားခဲ့ကာ အဆုံးအစမရှိသော အနက်ရောင်တွင်းပေါက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကမ္ဘာကြီးဟာ ၎င်းတွင်းပေါက်ကြီး၏ စုပ်ယူခံရတော့မလို ဖြစ်နေခဲ့လေသည်။
တိုက်ပွဲမြေပြင်ကြီးတစ်ခုလုံးသည် ခြေမွခံခဲ့ရကာ မီးလျှံစစ်သည်တော်များနှင့် မရဏမျိုးနွယ်စုရဲ့စစ်သည်တော်များအားလုံးသည် အရပ်လေးမျက်နှာသို့ တကွဲတပြားစီ လွင့်စင်သွားကြ၏။
" ဘုန်း..... !"
" ဘုန်း.....! "
ပေါက်ကွဲသံကြီးများအဆက်မပြတ်ထွက်ပေါ်လာခြင်းနဲ့အတူ စွမ်းအားရှင်ကြီးများကလည်း တစ်ယောက်ပြီးတစ်ယောက် လွင့်စင်ထွက်သွားကာ မီးခိုးလုံးများနှင့် သွေးများသည် လေထုအတွင်း ပျံ့ကြဲလျက် ရှိချေသည်။ အဆိုပါလွင့်စင်ထွက်သွားကြသူများသည် မရဏမျိုးနွယ်စု၏ ဧကရာဇ်စွမ်းအားရှင်များပင် ဖြစ်တော့သည်။
ဤအချိန်တွင် သူတို့အားလုံးသည် သနားစရာဖြစ်နေခဲ့ပြီး ခန္ဓာကိုယ်ပေါ်၌ ဓားဒဏ်ရာများရှိနေခဲ့ကြကာ သွေးများဖြင့် ခြင်းခြင်းနီနေခဲ့သည်။ သူတို့၏ခန္ဓာကိုယ်များကလည်း တိုက်ပွဲမြေပြင်နဲ့ ပြင်းထန်စွာရိုက်ခတ်မိသွားခဲ့သည်။
အနည်းငယ်အခြေအနေကောင်းနေသေးသူဟူ၍ မရဏမျိုးနွယ်စုဖက်မှ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်(3)ယောက်သာ ရှိလေသည်။
သို့သော်လည်း ဤအချိန်၌ သူတို့၏အမူအရာများသည် ထိတ်ထိတ်ပျာပျာဖြစ်နေခဲ့ကာ လီပိုင်ကို မျက်လုံးကြီးပြူးလျက် ကြည့်နေမိကြသည်။ လူတစ်ယောက်တည်းက သူတို့အားလုံးရဲ့ ပေါင်းစုခွန်အားကို ဖျက်စီးပစ်လိုက်တယ်။ သူတို့ကိုတောင် ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်။ ဒါက ဘယ်လိုစွမ်းအားမျိုးလဲ။
ဤကဲ့သိုစွမ်းအားမျိုးသည် သူတို့၏စိတ်ကူးများထက်တောင် ကျော်လွန်နေခဲ့ပြီး ဖြစ်သည်။
ဤအချိန်တွင် မရဏမျိုးနွယ်စု၏စွမ်းအားရှင်များအားလုံးသည် တုန်ယင်သွားကြကာ စိတ်ဝိညာဥ်များကပါ လွင့်ပျံ့လုမတတ် ဖြစ်နေခဲ့သည်။ ရှန်ရှန်ကျုံဂိုဏ်းရဲ့စွမ်းအားရှင်က ဘာလို့ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။ အရှင်သခင်ကန်းက သူတို့ကို ဒီလိုစွမ်းအားရှင်မျိုးနဲ့ ရင်ဆိုင်ခိုင်းလိုက်တာလား။ အရှင်သခင်က သူတို့အပေါ် အရမ်းမျှော်လင့်လွန်းနေတာ မဟုတ်ဘူးလား။
" ဘုန်း....! "
လီပိုင်သည် လက်တစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့ကာ မရဏမျိုးနွယ်စုစွမ်းအားရှင်များ၏ အကြောက်တရားများကို လျစ်လျူရှူထားခဲ့သည်။ သူ့ထံမှ ထိတ်လန့်ဖွယ်ကောင်းသောဓားစွမ်းအားတစ်ခု ထပ်မံ၍ ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်ကိုခါရမ်းစေခဲ့ကာ မရဏမျိုးနွယ်စုကို ထိတ်လန့်စေခဲ့ပြန်သည်။
" သတ်....! "
သို့သော်လည်း မရဏမျိုးနွယ်စု၏စွမ်းအားရှင်များသည် နောက်ပြန်ဆုတ်ရန် မဖြစ်တော့လေရာ အံကိုသာတင်းတင်းကြိတ်လျက် ရှေ့သို့ ပြေးတက်လာကြသည်။ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်(3)ယောက်၏ဦးဆောင်မှုအောက်တွင် များစွာသောမရဏမျိုးနွယ်စုစွမ်းအားရှင်များသည် လီပိုင်ထံ ထပ်မံ၍ ပြေးဝင်လာကြသည်။
" ဘုန်း.....! "
ပွတ်တိုက်သံများသည် ကျယ်လောင်သောပေါက်ကွဲသံကြီးများကို ဖြစ်ပေါ်စေခဲ့ကာ အစွမ်းထက်သောခွန်အားများက အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။ မရဏမျိုးနွယ်စု၏စွမ်းအားရှင်များအားလုံးသည် ရူးသွားလုမတတ် ဖြစ်နေကြသည်။ သူတို့အကောင်းဆုံးကြိုးစားရင်တောင် သေရမယ်ဆိုတာကို သူတို့သိထားကြသည်။
အချို့သော ဂုဏ်ထူးဆောင်ဧကရာဇ်စွမ်းအားရှင်များက စိတ်ပျက်အားလျော့စွာဖြင့် ကိုယ်တွင်းရှိသွေးကြောများကို ဖောက်ခွဲလိုက်ကာ သန်မာသောစွမ်းအားများကို ချေးဌားယူနေကြသည်။
သူတို့အားလုံး၏အရူးအမူးတိုက်ခိုက်မှုများက လီပိုင်နဲ့တောင် ရင်ဘောင်တန်းနိုင်လုနီးပါး ဖြစ်လာခဲ့သည်။ ဟုတ်ပါပေသည်။ ဤကဲ့သို့အခြေအနေသည် များစွာကြာမြင့်မည် မဟုတ်ပါ။ သူတို့၏သွေးကြောများမှစွမ်းအင်များ ကုန်ဆုံးသွားသည်နဲ့တပြိုင်နက် သူတို့အားလုံး သေဆုံးရမှာ ဖြစ်ချေသည်။
...................
မြင့်မြတ်သောမြို့တော်၏ တော်ဝင်မြို့တော် အထက်ကောင်းကင်ယံတွင် မဟာနတ်ဆိုးရွှမ်ရှသည် ဆိုးယုတ်သောနတ်ဆိုးစွမ်းအားများကို ဖောက်ခွဲထုတ်ဖော်လျက် ရှိချေသည်။ သူဟာ နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့ကာ မင်းသားလန်လဲ့ကို ရင်ဆိုင်တိုက်ခိုက်နေခဲ့သည်။ မွန်မြတ်မြို့တော် အထက်ကောင်းကင်ယံသည် ရေနွေးအိုးကြီးကဲ့သို့ ပွက်ပွက်ဆူနေခဲ့ကာ လေထုသည်လည်း အရူးအမူးတုန်ခါနေခဲ့သည်။
ပြင်းထန်သောတိုက်ခိုက်မှုများ၏အောက်တွင် နန်းဆောင်ကြီးများသည် တစ်ခုပြီးတစ်ခု ပြိုကျလာခဲ့သည်။ မူလက ခမ်းနားထည်ဝါစွာရှိနေသော မြို့တော်ကြီးသည် ဤတစ်ကြိမ်၌တော့ အပျက်အစီးနေရာကြီးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
အချိန်တိုကလေးအတွင်း၌ မဟာနတ်ဆိုးရွှမ်ရှသည် လူတို့၏စိတ်ဝိညာဥ်များကို တစ်ကြိမ်ပြီးတစ်ကြိမ် ထိတွေ့ခဲ့သည်။
တော်ဝင်ဦးရီးတော်များကတောင် မဟာနတ်ဆိုးရွှမ်ရှဖော်ထုတ်ခဲ့သော စွမ်းအားကြောင့် ထိတ်လန့်တုန်လှုပ်နေကြရသည်။
ဟုတ်ပါပေသည်။ သူတိုလို ဧကရာဇ်နှလုံးသားအထွတ်အထိပ်ရှိစွမ်းအားရှင်များကတောင် မဟာနတ်ဆိုးရွှမ်ရှ၏စွမ်းအားကို ကြောက်လန့်နေကြရသည်။
မဟာနတ်ဆိုးရွှမ်ရှသည် လန်လဲ့၏အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ အကြိမ်ပေါင်းများစွာ မြေပြင်နှင့် ရိုက်ခတ်မိခဲ့သည်။ သို့သော်လည်း သူဟာ ပြန်လည်၍ ကုန်းရုန်းထလာပြီး လန်လဲ့ကို အရူးအမူးတိုက်ခိုက်ပြန်သည်။
ထို့နောက် သူဟာ ပြန်လည်၍ လွင့်စင်ထွက်သွားကာ ပြန်လည်၍ ပြေးထွက်လာပြန်လေသည်။ တိုက်ပွဲသံသရာသည် ဤကဲ့သို့ လည်ပတ်လျက် ရှိချေသည်။ သူဟာ မင်းသားလန်လဲ့၏ပြိုင်ဖက် ကျိန်းသေပေါက်မဟုတ်သော်လည်း မသေနိုင်၊ ဒဏ်ရာမရနိုင်ဖြစ်နေခဲ့ကာ ပိုးဟပ်တစ်ကောင်ကဲ့သို့ အသက်ပြင်းပြင်းဖြင့် ဆက်လက်တိုက်ခိုက်နေခဲ့သည်။
အဆိုပါပုံရိပ်က မွန်မြတ်မြို့တော်အတွင်းရှိ ကျင့်ကြံသူများအားလုံးကို ရူးသွပ်လုမတတ် ထိတ်လန့်သွားစေခဲ့သည်။