← Chapters

ဧကရီ၏ဆုံးရှုံးမှု။

Vol. 45 Ch. 626

ဧကရီ၏ဆုံးရှုံးမှု။

Vol. 45 Ch. 626

ဘာသာပြန်- The Fate

" ဘုန်း.......! "

မဟာနတ်ဆိုးရွှမ်ရှတစ်ယောက် နောက်တစ်ကြိမ် ရိုက်ထုတ်ခံလိုက်ရပြီးသည့်နောက်တွင် နန်းတော်ကြီးအတွင်းမှ ခမ်းနားကြီးကျယ်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ဤသည်က မဟာနတ်ဆိုးရွှမ်ရှနဲ့ ဆော့ကစားနေခဲ့သော မင်းသားလန်လဲ့၏အမူအရာကို အေးစက်သွားစေခဲ့၏။

လန်လဲ့၏အေးစက်သောအကြည့်များအောက်တွင် လူပုဂ္ဂိုလ်နှစ်ယောက်ဟာ လေထုအထက်မှ ရုတ်တရက် ထွက်ပေါ်လာကြသည်။

ထိုသူများမှာ ဧကရာဇ်စန်းရိ၏ဘေးနားတွင် ရှိနေတတ်သော အဖိုးအိုနှင့် ကြင်ယာတော်ယဲ့တို့ပင် ဖြစ်ချေတော့သည် !

" လန်လဲ့ အခုရပ်လိုက်ပါတော့....မင်းမှာ အချိန်ရှိသေးတယ်။ "

ယဲ့ရှန်‌ေဖး၏ လှပသောမျက်ဝန်းကလေးများသည် အမျက်ဒေါသများဖြင့် ပြည့်နှက်နေခဲ့ပြီး လန်လဲ့ကို စူးစိုက်လျက် အော်ဟစ်ပြောဆိုလိုက်သည်။

သူမ၏ ကျက်သရေရှိသောခန္ဓာကိုယ်ကလေးထံမှ ကမ္ဘာလောကကို လှုပ်ယမ်းစေနိုင်သောအရှိန်အဝါများ ထုတ်လွှတ်နေခဲ့ကာ မင်းသားလန်လဲ့၏မျက်ဝန်းသူငယ်အိမ်များကို လှုပ်ရှားသွားစေခဲ့၏။

" ခင်များက ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်ကို ရောက်နေလိမ့်မယ်လို့ ကျုပ်ထင်မထားခဲ့ဘူး။ တကယ်ကြီး ကောင်းကောင်းဖုံးကွယ်ထားတာပဲ ! "

ယဲ့ရှန်‌ဖေး(ကြင်ယာတော်ယဲ့) ၏ အေးစက်သောအကြည့်နဲ့ ရင်ဆိုင်လိုက်ရသောအခါ မင်းသားလန်လဲ့သည် လှောင်ရယ်ပြောဆိုလိုက်သည်။

ဤအချိန်တွင် မင်းသားလန်လဲ့သည် တိတ်တဆိတ်ဝမ်းမြောက်နေမိသည်။သူ့တွင်သာ ထူးခြားဆန်းကျယ်သောဆရာသခင်မရှိပါက ရှန်ရှန်ကျုံဂိုဏ်းထွက်ပေါ်မလာရင်တောင် ရာဇပုလ္လင်ကို ဘယ်တော့မှ ရနိုင်မှာမဟုတ်ပါ !

ကြင်ယာတော်ယဲ့က ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်ကို ရောက်နေလိမ့်မယ်လို့ သူဘယ်တုန်းကမှ ထင်မထားခဲ့ချေ။

သူသာ အရင်က ရူးရူးမိုက်မိုက် ပုန်ကန်ခဲ့မိပါက ဧကရာဇ်စန်းရိက တိုက်ပွဲဝင်စွမ်းအားကို ဆုံးရှုံးသွားခဲ့ရင်တောင် ကြင်ယာတော်ယဲ့တစ်ယောက်တည်းက သူ့ကို သတ်ဖြတ်ရန် လုံလောက်ပေလိမ့်မည် !

" ရပ်လိုက် .... !"

ကြင်ယာတော်ယဲ့၏လှပသော မျက်ဝန်းကလေးများသည် အနည်းငယ်မှေးကျဥ်းသွားခဲ့ကာ ပြင်းထန်သောအရှိန်အဟုန်ကို ဖော်ထုတ်လျက် နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

ဧကရာဇ်စန်းရိ၏ ချစ်မြတ်နိုးအခံရဆုံး ကြင်ယာတော်တစ်ပါးဖြစ်သည်နှင့်အညီ သူမဟာ ဧကရာဇ်စန်းရိအပေါ် နက်နက်ရှိုင်းရှိုင်း နားလည်ပါ၏။

ကျားများကတောင် သူတို့၏ကလေးကို ပြန်လည်၍ မစားသုံးကြပါ !

လန်လဲ့က ပုန်ကန်မှုကို ပြုလုပ်ခဲ့ရင်တောင်မှ စိတ်ရင်းမှန်ဖြင့် ပြန်လည်၍တောင်းပန်လျှင် ဧကရာဇ်စန်းရိက သူ့ကို သတ်ဖြတ်နိုင်မှာ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သားအဖတွေပဲ မဟုတ်ပါလော့။

သို့ပေသိ လန်လဲ့ကသာ ဆက်လက်၍ ခေါင်းမာနေခဲ့လျှင် ဧကရာဇ်စန်းရိက သူ့ကို ကျိန်းသေပေါက် သတ်ဖြတ်ပစ်လိမ့်မည်!

နောက်ဆုံးမှာတော့ ဧကရာဇ်ဟာ ဧကရာဇ်သာ ဖြစ်လေသည် !

ကြင်ယာတော်ယဲ့က လန်လဲ့နှင့်စကားပြောဆိုနေသည့်အချိန်တွင် အဖိုးအိုက မြေပြင်ကို ဆင်းသက်သွားခဲ့ကာ မဟာနတ်ဆိုးကြီးရွှမ်ရှကို ဆွဲထူပေးလိုက်သည်။ တချိန်တည်းမှာပင် သူ၏လက်များကို မဟာနတ်ဆိုးရွှမ်ရှ၏ နောက်ကျောပေါ်သို့ ထိကပ်ထားလိုက်ပြီး စွမ်းအားများကို အဆက်မပြတ် လွှဲပြောင်းပေးနေခဲ့၏။

မဟာနတ်ဆိုးကြီးရွှမ်ရှသည် ထပ်ခါထပ်ခါ ပြန်ကုန်းထ၍ တိုက်ခိုက်ခဲ့သော်လည်း လန်လဲ့၏ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကြောင့် သူ၏ခန္ဓာကိုယ်က ဆိုးရွားသောအခြေအနေ၌ ရှိနေခဲ့သည်။ သူ၏အတွင်းအင်္ဂါရပ်ကတောင် တစ်စစီပျက်ယွင်းနေခဲ့ကာ ခန္ဓာကိုယ်အတွင်း၌လည်း အားအင်များစွာ မကျန်ရစ်တော့ပါ !

မဟာနတ်ဆိုးရွှမ်ရှကိုယ်တွင်းရှိ ထိခိုက်ဒဏ်ရာများကို ခံစားလိုက်ရသည့်အခါ အဖိုးအို၏အမူအရာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူကိုယ်၌ကတောင် ဒဏ်ရာအနာတရများကြောင့် ကြောက်လန့်သွားခဲ့ရသည်။ မဟာနတ်ဆိုးရွှမ်ရှ၏စိတ်နှလုံးက အဘယ်မျှလောက် သန်မာလိုက်ပါလဲ။ ဘယ်လိုစိတ်ထားမျိုးကြောင့် ထပ်ခါထပ်ခါ ပြန်ပြီး တိုက်ခိုက်နိုင်ခဲ့ရတာလဲ။

အဖိုးအိုဟာ မဟာနတ်ဆိုးရွှမ်ရှက မြင့်မြတ်တဲ့စန်းရိအင်ပါယာကဖြစ်လျှင် ပို၍ကောင်းလိမ့်မည်ဟုတောင် တွေးတောလိုက်မိသည်။ သူ၏စိတ်နေသဘောထားသည် တော်ဝင်ဦးရီးတော်များထက်တောင် ပို၍ ကောင်းမွန်ပါပေ၏။

" ရပ်တန့်လိုက်ရမယ် ဟုတ်လား "

" ဟား.....ဟားး...ဟားး....ဟားး...."

လေထုအထက်တွင် ကြင်ယာတော်ယဲ့၏စကားများကို ကြားလိုက်ရသောအခါ မင်းသားလန်လဲ့၏မျက်ဝန်းများသည် ရက်စက်မှုများဖြင့် ပြည့်နှက်သွားခဲ့ကာ ကောင်းကင်ကိုမော့ကြည့်လျက် အရိုင်းဆန်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူ၏ရယ်မောသံကြီးသည် မိုးခြိမ်းသံကြီးကဲ့သို့ ပဲ့တင်ထပ်သွားခဲ့ကာ မွန်မြတ်သောမြို့တော်အတွင်းရှိ ကျင့်ကြံသူများကို တုန်ယင်သွားစေခဲ့၏။

" ငါကိုယ်တော်လျှောက်လှမ်းတဲ့လမ်းမှာ ပြန်လှည့်ရိုး ထုံးစံဆိုတာ မရှိဘူး။ "

" ထိပ်ဆုံးကို ရောက်ရင်ရောက်၊ မရောက်ရင် သေဆုံးရမယ် ! "

" ငါကိုယ်တော်က ဒီအကြောင်းကို တွေးမြင်ခဲ့ပြီးပြီ။ ပြီးတော့ ဒီအတွက်လည်း နောင်တမရှိဘူး။ "

" အပိုစကားတွေပြောနေတာ ကြာပါတယ်လေ။ တိုက်စရာရှိတာ တိုက်ကြရအောင် ! "

ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီးနောက် လန်လဲ့၏မျက်နှာသွင်ပြင်သည် အေးစက်သွားခဲ့သည်။ သူ၏မျက်ဝန်းများက ဓားများအသွင်ဖြင့် ကြင်ယာတော်ယဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။

သူ၏စကားလုံးများက အိပ်ဆောင်အတွင်းတွင်ရှိနေသော ဧကရာဇ်စန်းရိ၏ခန္ဓာကိုယ်ကို ထိန်းချုပ်မရ တုန်ယင်သွားစေခဲ့သည်။ လန်လဲ့တစ်ယောက် အမှန်တရားကို သိမြင်နိုင်ပါစေလို့ သူမျှော်လင့်ခဲ့မိသည်။ ဒါပေမဲ့ အဲ့ဒီကောင်က သူ့ကို ဒေါသထွက်အောင်ပဲ လုပ်နေတာ !

အဲ့ဒီသားတော်က ကောင်းကောင်းမွန်မွန်နေထိုင်ပြရမယ့်အစား ဘာ့ကြောင့်များ ပုန်ကန်ရတာလဲ။

သူဟာ လန်လင်းကို ဧကရီရှင်မတစ်ပါး ဖြစ်စေချင်သော်လည်း ၎င်းဆုံးဖြတ်ချက်မှာ ခိုင်မာအားကောင်းသည်တော့ မဟုတ်ပါချေ။လန်လဲ့သာ ကောင်းမွန်သောအလားအလာများကို ထုတ်ဖော်ပြသပါက သူဟာ လန်လဲ့ကိုလည်း ထည့်သွင်းစဥ်းစားမှာ ဖြစ်၏။ ဒါကို ဘာလို့များ ဒီလိုလုပ်ရတာလဲကွာ ?

ကိုယ့်ရဲ့ ဖခင်တစ်ယောက်အပေါ်မှာတောင် ရက်စက်နိုင်ရတာလား ?

" သားဆိုး၊ သားမိုက်၊ လောဘက မင်းရဲ့မျက်လုံးတွေကို ကန်းစေခဲ့ပြီ။ မင်းကို ရာဇပုလ္လင်ပေးအပ်ခဲ့ရင်တောင် ကြာကြာထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး ! "

ဧကရာဇ်စန်းရိ၏မျက်ဝန်းများသည် ရဲရဲနီသွားခဲ့ကာ တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။မတရားဖိနှိပ်ထားခဲ့ရသော အဆိပ်များသည်လည်း ပြန်လည်၍ ထကြွသည့်ဟန် ပြလာခဲ့သည်။ ထို့အတွက်ကြောင့် ဧကရာဇ်စန်းရိဟာ စိတ်ဓာတ်မပျံ့လွှင့်ရဲတော့ဘဲ စွမ်းအားများကို အားကုန်သုံး၍ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်ကို ဖိနှိပ်လိုက်ရချေသည် !

" ဘုန်း.....! "

နန်းတော်ကြီးများ၏အထက်ကောင်းကင်ယံတွင် ကြင်ယာတော်ယဲ့သည် လန်လဲ့၏ခေါင်းမာမှုကို တွေ့မြင်ခဲ့ရသည်။ သူမဟာ ဘာမှ ဆက်မပြောတော့ပါ။ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်စွမ်းအားများသည် သူမ၏လှပသော ခန္ဓာကိုယ်ကလေးထံမှ ထွက်ပေါ်လာခဲ့ကာ ဘေးဘီဝဲယာရှိ လေဟာပြင်ကို အဆက်မပြတ် ခါယမ်းစေခဲ့၏ !

သူမသည် လက်တစ်ဖက်ကို ဆန့်တမ်း၍ဆုပ်ကိုင်လိုက်သည့်အခါ မိုးပြာရောင်အလင်းတန်းများတောက်ပနေသော ဓားရှည်တစ်လက်သည် သူမ၏လက်အတွင်း ရုတ်တရက် ထွက်ပေါ်လာခဲ့ရသည်။ ခမ်းနားကြီးကျယ်သောစွမ်းအင်များကလည်း ပျံ့လွှင့်လျက်ရှိကာ ဓားရှည်သည် အဆက်မပြတ် တသိမ့်သိမ့်တုန်လျက် ရှိနေချေသည်။ လူအများသည် ဓားဟိန်းသံသဲ့သဲ့ကို ကြားယောင်လိုက်ရ၏။

" ဘုန်း.......! "

ကြင်ယာတော်ယဲ့က သူမ၏ဓားကို လွှဲယမ်းလိုက်သည့်အခါ သိပ်သည်းနက်ရှိုင်းသောဓားစွမ်းအားများသည် ပျံ့လွှင့်ထွက်ပေါ်လာရသည်။ ကြီးမြတ်သောဓားစွမ်းအင်သည် နဂါးတစ်ကောင်ကဲ့သို့ မင်းသားလန်လဲ့ဖက် ဟိန်းဟောက်လိုက်ကာ မယှဥ်သာသောစွမ်းအားဖြင့် ပြေးဝင်သွားခဲ့သည်။ ကျင့်ကြံသူအများ၏စိတ်နှလုံးမှာ တုန်ယင်သွားခဲ့ရသည်။

မင်းသားလန်လဲ့သည် အေးစက်စွာ လှောင်ရယ်လိုက်ပြီး နဂါးအရှိန်အဝါကို အနည်းငယ်တောင် စောင်းငဲ့မကြည့်ခဲ့ပါ။ သူက လက်ဝါးတစ်ဖက်ကို အသာအယာ ထုတ်ဖော်လိုက်သည်။ ကောင်းကင်နှင့်ကမ္ဘာမြေအတွင်းရှိစွမ်းအားများသည် ရုတ်ချည်းစုစည်းသွားခဲ့ကာ သူ၏ရှေ့မှောက်၌ ဧရာမလက်ဖဝါးကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါလက်ဖဝါးကြီးထွက်ပေါ်လာသည့်အခါ ပတ်ဝန်းကျင်ရှိ လေထုသည် တစ်ခုပြီးတစ်ခု ပြိုပျက်သွားခဲ့ရသည်။ ကောင်းကင်နှင့်ကမ္ဘာမြေပြင်သည် ဖျက်စီးခံရလုမတတ် ဖြစ်နေခဲ့၏။ အဆုံးအစမဲ့စွမ်းအားများဖြင့် ဖုံးလွှမ်းထားသော လက်ဖဝါးကြီးသည် နဂါးပုံစံဓားစွမ်းအင်ဖက်သို့ ပြေးဝင်သွားခဲ့လေသည်။

" ဘုန်း.....! "

ကျယ်လောင်သောပေါက်ကွဲသံကြီးနဲ့အတူ ဧရာမလက်ဖဝါးကြီးသည် ဓားစွမ်းအားနဲ့ ပွတ်တိုက်မိခဲ့ကာ ပြင်းထန်သောပေါက်ကွဲအားကို ဖြစ်ပေါ်စေခဲ့သည်။ ဓားအရှိန်အဝါနဲ့ လက်ဖဝါးစွမ်းအင်တို့သည် အရပ်လေးမျက်နှာသို့ ပျံ့လွှင့်သွားခဲ့ကာ လေဟာပြင်ကို အနက်ရောင်အက်ကွဲကြောင်းများအဖြစ် ပိုင်းဖြတ်ခဲ့၏။

" အဟွတ် ! "

အစွမ်းထက်သောတန်ပြန်အားကြောင့် ကြင်ယာတော်ယဲ့၏ လှပသောမျက်နှာကလေးမှာ ဖြူဖျော့သွားခဲ့ကာ နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျလာခဲ့သည်။သူမ၏ခန္ဓာကိုယ်သည် အနောက်ဖက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာခဲ့ရသည်။ ဓားကို ကိုင်ဆောင်ထားသော သူမလက်ဟာလည်း တသိမ့်သိမ့် တုန်ယင်နေခဲ့သည်။

သူမသည် လန်လဲ့ကို အံ့အားသင့်မှုအပြည့်ဖြင့် စူးစိုက်ကြည့်မိလိုက်သည်။

လန်လဲ့နှင့်အမှန်တကယ်ရင်ဆိုင်လိုက်ရသည့်အခါ သူမဟာ လန်လဲ့၏ခွန်အားကို ကြောက်လန့်သွားမိခဲ့သည်။ အစောပိုင်းကတိုက်ကွက်သည် သူမအားကုန်သုံး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း လန်လဲ့က လက်ဖဝါးတစ်ဖက်ဖြင့် အသာအယာ ပယ်ဖျက်နိုင်ခဲ့သည်။ ဒါ့အပြင် သူမကိုတောင် ဒဏ်ရာရစေခဲ့သည်။

ကြီးမြတ်သောဧကရာဇ်စန်းရိကတောင် ဤမျှလောက်သောခွန်အားကို ဖော်ထုတ်နိုင်မှာ မဟုတ်ပါ !

သူမသည် ဧကရာဇ်စန်းရိလောက် တန်ခိုးစွမ်းအားကြီးမားခြင်းမရှိသော်လည်း သူမတို့နှစ်ယောက်ဟာ အဆင့်တူ၌သာ ဖြစ်သည်။ ဧကရာဇ်စန်းရိက သူမကို တိုက်ကွက်တစ်ကွက်ဖြင့် အပြင်းအထန်ဒဏ်ရာရစေရန်မှာ မဖြစ်နိုင်ပါ။

ဒါပေမဲ့ လန်လဲ့က လုပ်နိုင်ခဲ့တယ် !

မဟာနတ်ဆိုးရွှမ်ရှကို ကုသပေးနေသည့် မနီးမဝေးတွင်ရှိနေသော အဖိုးအိုသည် မျက်ဝန်းသူငယ်အိမ်မှား တုန်လှုပ်သွားခဲ့သည်။

" ခင်များ အဆင်ပြေရဲ့လား "

ကြင်ယာတော်ယဲ့က လန်လဲ့ကို တစ်ယောက်တည်းမတားဆီးနိုင်တော့ဘူးဆိုတာကို သိရှိလိုက်ရသည့်အတွက် အဖိုးအိုက ဘေးနားတွင်ရှိနေသော မဟာနတ်ဆိုးရွှမ်ရှကို မေးမြန်းလိုက်သည်။

" သွားစမ်းပါ...! "

" ယောကျ်ားကောင်းတွေကို အဆင်ပြေရဲ့လားလို့ မမေးရဘူးဆိုတာကို ခင်ဗျားကြီး မသိဘူးလား။ ဒီလိုဆက်မေးနေမယ်ဆိုရင် ကျုပ်က ပြေတယ်လို့ ပြန်ဖြေရမှာလား။ "

မဟာနတ်ဆိုးရွှမ်ရှသည် အဖိုးအိုကို စူးစိုက်ကြည့်လိုက်ပြီး ကျိန်ဆဲပြောဆိုလိုက်သည်။ သူဟာ ဒီအဖိုးကြီးကို ကန်ထုတ်ပစ်ဖို့ မစောင့်နိုင်တော့ပါ။

" အား.....! "

သူသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏ခန္ဓာကိုယ်က တိုက်ပွဲဝင်စွမ်းအားများဖြင့် ပြန်လည်၍ ပြည့်နှက်သွားခဲ့သည်။

ဧကရီမေသုရှားသာ သူရဲ့ပြင်းထန်တဲ့စိတ်ဆန္ဒနဲ့ ခမ်းနားကြီးကျယ်တဲ့အသွင်အပြင်ကို တွေ့မြင်လိုက်ရင် သူ့ရဲ့ခန့်ညားမှုမှာ ကျရှုံးသွားလောက်မလား ?

ဧကရီမေသုရှားက သူရဲ့ သူရဲကောင်းဆန်တဲ့ အပြုအမူကို မမြင်တွေ့နိုင်တော့တာ သနားစရာကောင်းလိုက်တာ။ ဒါက ဧကရီမေသုရှားအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ !

All Chapters