← Chapters

အခန်း (၆၃၂)

Vol. 45 Ch. 632

အခန်း (၆၃၂)

Vol. 45 Ch. 632

Translator - Hsue Htet

စင်မြင့်များကြား၌ မြင်သာသော လူအိုကြီး၅ဦးရှိသည်။

ထိုလူအိုကြီး၅ဦးသည် ကလေးမျက်နှာ၊ တောက်ပသည့်မျက်လုံးများဖြင့် တိရစ္ဆာန်သားရေထိုင်ခုံကြီး၅ခုံထက်တွင် လျှို့ဝှက်ဆန်းကြယ်သောအရှိန်အဝါများ လွှမ်းခြုံလျက် ထိုင်နေကြသည်။ ၎င်းအရှိန်အဝါသည် အင်အားတစ်ခု၏အရှိန်အဝါမဟုတ်ဘဲ ပင်ကိုစိတ်ဝိဉာဉ်နှင့်သက်ဆိုင်သည့် အရှိန်အဝါဖြစ်သည်။

သူတို့၏မျက်နှာများသည် အလွန်ထူးဆန်း၏။ နဖူးထက်တွင် အနက်ရောင်မျဉ်းကြောင်းများ ရှိနေရုံမျှမက မျက်နှာတစ်ခုလုံး၌ အနက်ရောင်မျဉ်းကြောင်းများ ရှိ‌ေနေလေရာ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

“အဲဒီ့လူကြီး၅ယောက်က လီထျန်းမျိုးနွယ်စုမှာ သက်တမ်းအရင့်ဆုံးအကြီးအကဲတွေပဲ”

“ယဇ်ကောင်တွေအားလုံးကို အဲဒီ့အကြီးအကဲ၅ယောက်က တာဝန်ယူစီစဉ်တယ်”

“သူတို့တွေက မရေမတွက်နိုင်လောက်အောင် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီးကြပြီ။ သူတို့က လီထျန်းမျိုးနွယ်စုမှာ ဩဇာအကြီးမားဆုံးတည်ရှိမှုတွေပဲ”

ဝမ်ဖုန်း၏အကြည့်ကိုမြင်သောအခါ ကျားမုမှ ရှင်းပြလာသည်။ သူ၏မျက်လုံးအစုံ၌ ယုံကြည်ကိုင်းရှိုင်းမှုအငွေ့အသက်များ ကိန်းအောင်းနေ၏။ ယဇ်ပူဇော်ရာနေရာသို့ ဝင်ရောက်ခဲ့ပြီးနောက်၌ ကျားမုသည် ယခင်ကဲ့သို့ တက်ကြွလှုပ်ရှားမနေတော့ဘဲ အနည်းငယ်ပို၍တည်ငြိမ်နေပေသည်။

ကျားမု၏စကားကြောင့် ဝမ်ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး ထိုအကြီးအကဲ၅ဦးကို ဆက်လက်ကြည့်နေသည်။

ဝမ်ဖုန်း စေ့စေ့စပ်စပ်ကြည့်ရှုလိုက်ရာ ထိုအကြီးအကဲများ၏ကျင့်ကြံဆင့်သည် ချန်ခွမ်းကပ်‌ေဘးအဆင့်သာရှိလေသည်။

အဲဒီ့ကျင့်ကြံဆင့်နဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်ထိသက်တမ်းရှည်ရတာလဲ?

အမှန်တကယ်ပင် ချန်ခွမ်းအထွတ်အမြတ်ဘုံသို့ ရောက်ရှိပြီးနောက်၌ အဆင့်အနိမ့်ဆုံးသောကျင့်ကြံသူများပင်လျှင် နှစ်ပေါင်းရာထောင်ချီ ရှင်သန်နိုင်ကြပါ၏။ သို့သော် ထိုအကြီးအကဲ၅ဦးထံ၌မူ အလွန်တရာရှေးကျသော အရှိန်အဝါကို ခံစားလာရသည်။ ထိုသို့သောအရှိန်အဝါကို ပိုင်ဆိုင်သူများသည် ရှင်သန်နေရုံမျှသာ မဟုတ်ကြပေ။ အနည်းဆုံး နှစ်ပေါင်းသန်းချီရှင်သန်နေခဲ့ကြခြင်း ဖြစ်ပေမည်။

ဤလီထျန်းမျိုးနွယ်စုသည် အလွန်ထူးခြားဆန်းပြားသောကြောင့် ဝမ်ဖုန်း သတိတကြီးထားနေမိသည်။

ဝမ်ဖုန်း စဉ်းစားတွေးတောနေစဉ်၌ မိမိကိုယ်ပေါ်သို့ အကြည့်များ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ ဝမ်ဖုန်း ပြန်ကြည့်လိုက်ရာ အကြီးအကဲ၅ဦး၏ နက်ရှိုင်းသောမျက်လုံးများနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။

ကျယ်ပြောသော ကြယ်စင်ကောင်းကင်ကဲ့သို့သောအကြည့်သည် လုံးဝနားမလည်နိုင်သော အကြည့်များဖြစ်၏။ ဝမ်ဖုန်းမှာ ထိုနက်ရှိုင်းသည့်မျက်လုံးများအတွင်း ကျဆုံးနစ်မြုပ်သွားသည်ကဲ့သို့ပင် ခံစားလာရသောကြောင့် ထိတ်လန့်သွားရသည်။

ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့် အကြီးအကဲ၅ဦးသည် တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်ရှိ ဝမ်ဖုန်းကို ဤသို့ခံစားချက်မျိုး ပေးစွမ်းနိုင်လေသည်။

ဒါက ဘယ်လိုပဲကြည့်ကြည့် ယုံကြည်နိုင်စရာမရှိနေဘူး။

ဝမ်ဖုန်း အံ့သြထိတ်လန့်သွားချိန်၌ အကြီးအကဲ၅ဦးသည် အကြည့်လွှဲသွားပြီး ယဇ်ပလ္လင်အလယ်သို့ အကြည့်ကျရောက်သွားကြသည်။

ဝမ်ဖုန်းလည်း သူတို့၏အကြည့်အတိုင်း လိုက်ကြည့်ရာ ယဇ်ပလ္လင်အလယ်၌ မည်းနက်တောက်ပသော ရှေးဟောင်းသုံးချောင်းထောက်တစ်ခုရှိသည်။ ၎င်းရှေးဟောင်းသုံးချောင်းထောက်ထက်တွင် သိပ်သည်းထူးခြားသောပုံသဏ္ဍာန်များ ထွင်းထုထား၏။ ထိုပုံသဏ္ဍာန်များ၏အဓိပ္ပာယ်ကို ဝမ်ဖုန်း နားမလည်နိုင်ချေ။

“ဟမ်”

အကြီးအကဲ၅ဦးထံမှ လျှို့ဝှက်ဆန်းကြယ်သည့်အသံတစ်မျိုး ထွက်ပေါ်လာသည်။ သူတို့၏ခန္ဓာကိုယ်ထံမှ သွေးနီရောင်‌မျဉ်းကြောင်းများ စိမ့်ထွက်လာပြီး စင်မြင့်ထက်မှ မျဉ်းကြောင်းများ၏ လားရာအတိုင်း လိုက်ပါသွားပြီး နက်စွေးသော ရှေးဟောင်းသုံးချောင်းထောက်ဒယ်စောက်သို့ ဦးတည်စုဝေးသွားကြသည်။

ထိုအခါမှသာ ယဇ်ပလ္လင်ထက်တွင် စက်ဝိုင်းခြမ်းသဏ္ဍာန်ဒယ်စောက်တစ်ခုနှင့် ရှေးဟောင်းသုံးချောင်းထောက်တို့ တည်ရှိနေသည်ကို တွေ့မြင်ခဲ့ပေသည်။

ရှပ်!

မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ ဧရာမစက်ဝိုင်းခြမ်းသဏ္ဍာန်ကြီးသည် သွေး‌နီရောင်အလင်းတောက်ပလာခဲ့သည်မှာ ကမ္ဘာလောကကြီးကို မှုန်မှိုင်းမှိုင်းအနီရောင် ခြယ်သလိုက်သည့်အလားပင်။ အနီရင့်ရောင်အလင်းသည် ဝမ်ဖုန်းနှင့်အခြားသူများ၏မျက်နှာသို့ အလင်းပြန်နေခဲ့ရာ နေရာရှိလူအားလုံး၏မျက်နှာများမှာ အလွန်တရာထူးဆန်းနေတော့သည်။

ဘုန်း!

၎င်းသွေးနီရောင်အလင်းများ ရှေးဟောင်းဒယ်စောက်ထက်တွင် စုဝေးသွားသည်နှင့်တစ်ပြိုင်နက် ဒယ်စောက်မျက်နှာပြင်ရှိ မျဉ်းကြောင်းများသည်လည်း သွေးစွန်းသွားသည့်အလား သွေးနီရောင်အလင်းတစ်လွှာ လှုပ်ယိမ်းသွားခဲ့သည်။ ယဇ်ပလ္လင်၏ အလွန်တရာလျှို့ဝှက်ဆန်းကြယ်သောအသံ ရုတ်တရက် ထွက်ပေါ်လာပြီး လောကတစ်ခွင် ပဲ့တင်ထပ်သွားရာ ဝမ်ဖုန်း အနည်းငယ်မူးဝေသွားရ၏။

“ဘုရားသခင်ကောင်းချီးပေးတော်မူပါ”

ယဇ်ပလ္လင်ထံမှ အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျားမုအပါအဝင် နေရာရှိ လီထျန်းမျိုးနွယ်စုသားများအားလုံးသည် မြေပြင်သို့ ‌ဒူးထောက်လိုက်ကြသည်။ ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ထက်တွင် ဝပ်တွား၍ ယဇ်ပူဇော်ရာနေရာတစ်ခုလုံး တုန်ခါသွားသည်အထိ

ကျယ်လောင်စွာ အော်ဟစ်ကြသည်။

ဝမ်ဖုန်းပင်လျှင် ဂါရဝပြုလိုစိတ်များ ဖြစ်ပေါ်လာရ၏။ ခန္ဓာကိုယ်သည် အလိုအလျောက် ဒူးထောက်ကျသွားပြီး မျက်လုံးများမှာလည်း အနည်းငယ်ဝေဝါးလာခဲ့သည်။

“တောင့်ခံ!”

ဝမ်ဖုန်း အံကြိတ်၍ ‌အသံနိမ့်ဖြင့် ကြိမ်းဝါးလိုက်သည်။ ခန္ဓာကိုယ်တွင်းစွမ်းအင်ကို မြှင့်တင်လိုက်ပြီး စိတ်နှလုံးမှ ကြမ္မာဝိဉာဉ်ကို နှိုးဆော်လိုက်သည်။ ဝမ်ဖုန်း၏ စိတ်နှလုံးတွင် လျှို့ဝှက်ဆန်းကြယ်သော ကြမ္မာမျဉ်းကြောင်းများ ထွက်ပေါ်လာပြီး ဝေဝါးမှုကိုဖယ်ထုတ်ရာ ဝမ်ဖုန်း၏ခန္ဓာကိုယ်သည်လည်း ပြန်လည်ကြည်လင်လာခဲ့သည်။

ဝမ်ဖုန်း ထိတ်လန့်နေမိ၏။ သူ၏ကျင့်ကြံဆင့်သည် တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်သော်ငြား လျှို့ဝှက်ဆန်းကြယ်သော ယဇ်စွမ်းအင်၏ လွှမ်းမိုးချုပ်ကိုင်ခြင်းကို ခံခဲ့ရသည်။ ကြမ္မာဝိဉာဉ်ကို ပိုင်ဆိုင်ထားသောကြောင့် မဟုတ်ခဲ့လျှင် ဤလျှို့ဝှက်ဆန်းကြယ်သော ယဇ်စွမ်းအင်၏လက်အောက်သို့ ကျရောက်နေခဲ့လောက်ပေပြီ။

အသိစိတ်ကိုထိန်းသိမ်းပြီးနောက် ဝမ်ဖုန်း ရှေးဟောင်းယဇ်ပလ္လင်သို့ ကြည့်လိုက်သည်။ ယဇ်ပလ္လင်စင်မြင့်ထက်ရှိ အကြီးအကဲ၅ဦးသည်လည်း ဒူးထောက်နေကြပြီး ဦးခေါင်းများကို မြေပြင်နှင့်ထိစပ်ထားကြကာ ‌ဦးမော့မကြည့်ကြချေ။

သွေးနီရောင်အလင်းမျဉ်းကြောင်းများသည် ယဇ်ပလ္လင်ထက်ရှိ မျဉ်းကြောင်းများတွင် ဆက်လက်ပျံ့နှံ့နေဆဲပင်။ ရှေးဟောင်းဒယ်စောက်ရှိ သွေးနီရောင်သည်လည်း ယဇ်ပလ္လင်အောက်မှ ရှေးဟောင်းစွမ်းအင်တစ်ခု နိုးထလာသည့်အလား ပို၍ပို၍တောက်ပလာခဲ့သည်။

ယဇ်လ္လင်ထက်မှ ဝမ်ဖုန်း၏အင်အားနှင့်ညီမျှသည့် ကြောက်မက်ဖွယ်အရှိန်အဝါကြီး ထွက်ပေါ်‌လာသည်။ ထိုအရှိန်အဝါကို ခံစားမိသည်တွင် ဝမ်ဖုန်းမှာ မထိန်းချုပ်နိုင်စွာ တုန်ယင်လာရ၏။

လောကတစ်ခွင်၌ နက်စွေးမှုန်မှိုင်းသောလေပြင်းများ တိုက်ခတ်နေသည်။ တိမ်စိုင်တိမ်မည်းများ ကောင်းကင်တွင်ပြည့်နှက်နေလျက် ဧရာမတိမ်နက်လွှာကြီးသည် ဧရာမလေဗွေဝဲကြီးအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်ယံတစ်ခုလုံးကို လေဗွေဝဲကြီးမှ အပြည့်နေရာယူထားရာ ကမ္ဘာလောကကြီး လည်နေသည့်အလား ထင်မှတ်ရပေသည်။

သို့သော် လီထျန်းမျိုးနွယ်စု၏ အပြင်ဘက်မှ သာ့ယန်တောင်တန်းကိုကြည့်လျှင် သာ့ယန်တောင်တန်း၏ကောင်းကင်မှာ ကြည်စင်နေသည်ဟုသာ မြင်တွေ့ရပေလိမ့်မည်။ လီထျန်းမျိုးနွယ်စုတည်ရှိရာ အထက်ကောင်းကင်၌ပင် တိမ်စိုင်တိမ်မည်းများကို မြင်တွေ့ရမည်မဟုတ်ပေ။ ယဇ်ပူဇော်ရာနေရာ၌ ဝမ်ဖုန်း စိတ်နှလုံးတုန်လှုပ်နေ၏။ သူ၏အံ့ချီးဖွယ်အမြင်အာရုံ၏ နောက်ခံမြင်ကွင်းကိုဆန့်ကျင်၍ ကောင်းကင်ဘုံယဇ်ပလ္လင်ကဲ့သို့သော ရှေးဟောင်းယဇ်ပလ္လင်သည် ခမ်းနားထည်ဝါ၍ အရှိန်အဝါ ပိုမိုတောက်ပလာသည်။ ရှေးဟောင်းဒယ်စောက်သည်လည်း အံ့ချီးဖွယ်အရှိန်အဝါများဖြင့် ပြည့်နှက်လာခဲ့၏။

“ပွဲတော်စတင်ပြီ!”

မည်သည့်အကြီးအကဲ၏အသလဲ မသိရပေ.. ယဇ်ပူဇော်ရာနေရာတစ်ခွင်လုံး၌ ကြမ်းရှသည့်အသံဖြင့် ပဲ့တင်ထပ်သွား၏။ ထိုအသံနှင့်အတူ အကြီးအကဲငါးဦးနှင့် နေရာရှိ လီထျန်းမျိုးနွယ်စုသားများလုံးသည် သူတို့၏လက်ဖဝါးများကို လှီးဖြတ်လိုက်ကြသည်။ ထိုလက်ဖဝါးများ၏ အက်ကွဲဒဏ်ရာများမှ သွေးများစီးကျလာခဲ့ပြီး ရှေးဟောင်းဒယ်စောက်သို့ ဦးတည်သွားသည်။

သွေးညှီနံ့ပြင်းပြင်းသည် လောကတစ်ခွင် စိမ့်ဝင်ပျံ့နှံ့သွားသည်။ သွေးများစီးဝင်သွားသောကြောင့် ရှေးဟောင်းသုံးချောင်းထောက်ဒယ်စောက်သည် ပို၍တုန်ခါလာကာ သွေးနီရင့်ရောင်အလင်းသည်လည်း ပို၍တောက်ပလာခဲ့သည်။

ထိုမြင်ကွင်းသည် အင်မတန်အံ့ချီးဖွယ်ဖြစ်၏။ ဝမ်ဖုန်း၏အမြင်၌မူ ရှေးအချိန်ကာလများ၏ သွေးသောက်သုံးသည့် ဘိုးဘေးကြီးများမှ နတ်ဘုရားကို ပူဇော်ပသနေသကဲ့သို့ ခံစားရပေသည်။ အလွန်တရာ အံ့ဩထိတ်လန့်ဖွယ်ဖြစ်သော ထူးဆန်းလွန်းသည့်မြင်ကွင်းကြီး ဖြစ်ပေသည်။

ကျွိ!

ယဇ်ပူဇော်ရာနေရာတွင် ပဲ့တင်ထပ်လာသော အရာဝတ္ထုနှစ်ခု ပွတ်တိုက်သံကဲ့သို့သော စူးဝါးသည့်အသံကြောင့် ဝမ်ဖုန်း၏နားစည်များ နာကျင်သွားရသည်။ ဝမ်ဖုန်း မိမိကိုယ်ကိုကာကွယ်ရန်အတွက် ခန္ဓာကိုယ်စွမ်းအင်ကို စီးဆင်းစေလိုက်ပြီး ယဇ်ပလ္လင်စွမ်းအင်၏ လွှမ်းမိုးသက်‌ေရာက်မှုမှ လွတ်မြောက်နိုင်ရန် ကြမ္မာဝိဉာဉ်ကိုလည်း နိုးထစေလိုက်သည်။

ထိုအသံထွက်ပေါ်လာပြီးနောက်၌ လီထျန်းမျိုးနွယ်စုသားများအားလုံး တစ်ကိုယ်လုံးတုန်ယင်နေကြသည်ကို ဝမ်ဖုန်း မြင်တွေ့လိုက်ရသည်။ ထိုလူအားလုံးသည် ဦးခေါင်းများကို မြေပြင်နှင့်ထိကပ်ထားကြလျက် လုံးဝဦးမော့မကြည့်ကြပေ။

ထိုအချိန်၌ အကြီးအကဲငါးဦးသည် ရှေးဟောင်းစာဆိုအချို့ကို ‌တစ်ပြိုင်တည်းရွတ်ဆိုနေကြသည်။ ဤသည်မှာ လီထျန်းမျိုးနွယ်စု၏ တစ်မူထူးခြားသော ရိုးရာဓလေ့ဖြစ်သည်။ ဤရိုးရာဓလေ့၏ အနက်အဓိပ္ပာယ်ကိုသိရှိနားလည်ရန် အကောင်းဆုံးကြိုးစားခဲ့သော်ငြား ဝမ်ဖုန်း နားမလည်နိုင်ခဲ့ပေ။

ယဇ်ပလ္လင်၏အသံနှင့်အတူ ရှေးဟောင်းဒယ်စောက်ကြီးသည် ပို၍တုန်ခါလာ၏။ ကမ္ဘာလောကကြီးတစ်ခုလုံးကို တွန်းအားပေးနေသည့်အလား ယဇ်ပူဇော်နေရာတစ်ခုလုံး၏မြေပြင်ကို တုန်ခါနေစေသည်။

All Chapters