ခမည်းတော်၊ အရှုံးပေးလိုက်ပါတော့။
Vol. 45 Ch. 629
ဘာသာပြန်- The Fate
မွန်မြတ်သောမြို့တော်အတွင်း၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံများ မြည်ဟီးထွက်ပေါ်လျက်ရှိသည်။
ကြင်ယာတော်ယဲ့၊ အဘိုးအိုနှင့် မဟာနတ်ဆိုးရွှမ်ရှတို့က အဓိကအင်အားစုအဖြစ် လုပ်ဆောင်နေခဲ့ကာ များစွာသော တော်ဝင်ဦးရီးတော်များကလည်း ကူညီထောက်ပံ့ပေးနေပြီး လန်လဲ့ကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။
အဆိုပါအံ့ချီးဖွယ်တိုက်ပွဲကြီးသည် မွန်မြတ်သောမြို့တော်၏ ကမ္ဘာ့မြေထုကို အက်ကွဲစေခဲ့ကာ မွန်မြတ်ဘုံလောကကြီးအတွင်း၌ ထိတ်လန့်ဖွယ်ကောင်းသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အတိတ်တွင် မြင့်မြတ်သောမင်းဆက်များနှင့် ကောင်းကင်တာအိုမျိုးနွယ်စုများအကြားရှိ စစ်ပွဲများဖြစ်ပွားခဲ့သော်လည်း ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များအကြားရှိ တိုက်ပွဲမှာ မရှိသလောက် နည်းပါးခဲ့ပါ၏။
ပထမမင်းသားလန်လဲ့က ဒီလောက်ထိတ်လန့်ဖို့ကောင်းတဲ့စွမ်းအားကို ဖုံးကွယ်ထားလိမ့်မယ်လို့ ဘယ်သူကတွေးထားမိမှာလဲ။ အခု ထိုသူက နန်းပလ္လင်ကို လက်တစ်ချက်အဝေ့ဖြင့် သိမ်းပိုက်ရန် တာစူနေခဲ့လေပြီ!
"ဘုန်း!"
အကြီးဆုံးမင်းသား၏ အေးစက်သောမျက်ဝန်းများသည် အနည်းငယ်မှေးကျဥ်းထားခဲ့သည်။ သူဟာ ဆက်လက်၍ ဖုံးကွယ်ခြင်းမပြုတော့ပါ။
ပြင်းထန်သောစွမ်းအားအဟုန်သည် သူ့ထံမှ အပြည့်အဝထွက်ပေါ်လာခဲ့ကာ ပေပေါင်းဘီလီလျံနှင့်ချီမြင့်မားသော တောင်တန်းကြီးအလား ရပ်တည်နေခဲ့သည်။ ၎င်းစွမ်းအားက ကြင်ယာတော်ယဲ့နှင့် အခြားသူများကို တုန်ယင်သွားစေ၏။
"ဘုန်း!"
ခမ်းနားသောစွမ်းအားများသည် အေးစက်သောလက်ဖဝါးကြီးများအဖြစ် ပြောင်းလဲသွားခဲ့ကာ ၎င်းလက်ဖဝါးတစ်စုံသည် နဂါးနှစ်ကောင် ပင်လယ်အတွင်း ငုပ်ရှိုးသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ ကြီးမားသောဧရာမလက်ဖဝါးကြီးသည် ကြင်ယာတော်ယဲ့နှင့် အခြားသူများထံသို့ မနှိုင်းယှဥ်နိုင်သောအဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။
"ဘုန်း!"
ကြင်ယာတော်ယဲ့တို့သည် ခွန်အားကုန်သုံး၍ ခုခံရန်အကောင်းဆုံးကြိုးစားခဲ့သော်လည်း ထိတ်လန့်ဖွယ်ကောင်းသည့် လက်ဖဝါးချက်ကြီး၏မျက်မှောက်တွင် သူတို့၏တိုက်ကွက်များက စက္ကူတစ်စအလား ဆုတ်ဖြဲခံခဲ့ရသည်။ ပင်လယ်ပြင်သမျှ နက်ရှိုင်းသောစွမ်းအားများသည် သူတို့ကို လွင့်စင်ထွက်သွားအောင် တိုက်ခတ်ပစ်ခဲ့လေသည်။
"ဖစ်!"
ကြင်ယာတော်ယဲ့နှင့် အခြားသူများသည် ပါးစပ်အပြည့်သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူတို့၏မျက်နှာများက ဖြူဖျော့နေခဲ့၏။ သူတို့က မြေပြင်နှင့် ပြင်းထန်စွာရိုက်မိခဲ့တာကြောင့် ကြီးမားသောတွင်းပေါက်ကြီးတစ်ခုကိုတောင် ဖြစ်ပေါ်စေခဲ့သည်။
သူတို့ခန္တာကိုယ်အတွင်း လိုက်စားနေသော ထိတ်လန့်ဖွယ်ကောင်းသည့်စွမ်းအားကို အာရုံခံမိလိုက်သည့်အခါ ကြင်ယာတော်ယဲ့နှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြပြီး ပထမမင်းသားကို မယုံကြည်နိုင်စွာ လှမ်းကြည့်မိလိုက်ကြ၏။
လန်လဲ့က အရမ်းသန်မာနေလိမ့်မယ်လို့ သူတို့ထင်မထားခဲ့ဘူး။ ယခင်ကတည်းက လန်လဲ့၏ကျင့်ကြံမှုက ထိတ်လန့်ဖို့ကောင်းနေခဲ့သော်လည်း သူသည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်စွမ်းအားကိုသာ ထုတ်ဖော်ပြခဲ့သည်။ ကြည့်ရတာ လန်လဲ့က သူတို့ကို ကစားနေတာလား။
"နင်က ဘုံနန်းရှင်ဧကရာဇ်အဆင့်ကို ကျော်လွန်သွားခဲ့ပြီလား။"
ကြင်ယာတော်ယဲ့သည် လန်လဲ့ကို တုန်ယင်စွာဖြင့် စူးစိုက်ကြည့်ခဲ့သည်။
ဤအချိန်တွင် သူမ၏အမူအယာက ပျက်ယွင်းနေခဲ့သည်။ သူမ၏ဝတ်ရုံကလည်း တစ်စစီဖြစ်နေခဲ့ကာ နှင်းဖြူရောင်အသားအရည်ကို လှစ်ဟပြခဲ့သည်။ သူမ၏ခန္တာကိုယ်တွင်လည်း အကြီးအသေးမတူညီသော ဒဏ်ရာပေါင်းစုံရှိနေခဲ့ကာ ဝတ်ရုံဟာ ဆွေးဆွေးနီနေခဲ့၏။
မဟာနတ်ဆိုးရွှမ်ရှနှင့် အဘိုးအိုတို့၏ခန္တာကိုယ်များကလည်း အခြေအနေမကောင်းကြပါ။ အစောကတည်းက ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော မဟာနတ်ဆိုးရွှမ်ရှသည် ပြင်းထန်သောတိုက်ခတ်မှုကို ထပ်မံ၍တွေ့ကြုံခဲ့ရသည်။ သူ၏ခန္တာကိုယ်ဟာ အချိန်မရွေးပြိုလဲတော့မည်ကဲ့သို့ ဖြစ်နေခဲ့၏။
"ဟားဟားဟား..."
"ဒီဧကရာဇ်ရဲ့စွမ်းအားက မင်းတို့လို ရေတွင်းထဲကဖားသူငယ်တွေ တွေးထင်ထားနိုင်တာထက် ပိုပြီးကျော်လွန်တယ်။"
ကြင်ယာတော်ယဲ့၏ တုန်ယင်နေသောအသံကို ကြားလိုက်ရသည့်အခါ မင်းသားလန်လဲ့သည် ကောင်းကင်ကိုမော့ကြည့်လျက် အေးစက်စွာရယ်မောလိုက်သည်။ သူ၏အသံ၌ မောက်မာမှုတို့ ကိန်းဝပ်နေခဲ့သည်။ သူဟာ မြူခိုးထုအတွင်းမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည့် ဧကရာဇ်တစ်ပါးအလား... ရှိနေကြသောသူများအားလုံးကို ငုံ့မိုးကြည့်ရှုခဲ့၏။ ထိုအကြည့်က လူအများ၏နှလုံးအိမ်ကို တုန်လှုပ်သွားစေခဲ့သည်။
သူ၏အေးစက်သောမျက်ဝန်းများသည် ထူးမခြားနားသောအမူအယာဖြင့် ကြင်ယာတော်ယဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။ ကြင်ယာတော်ယဲ့သည် ဤအချိန်၌ သူ့ကို ရန်စခဲ့သော်လည်း သူဟာ လှုပ်ရှားခဲ့ခြင်းမရှိပါ။ သူ၏မျက်ဝန်းများအတွင်း၌ ဘယ်ခံစားချက်မှ ရှိမနေခဲ့ချေ။ ၎င်းမှာ သေလူတစ်ယောက်အား စိုက်ကြည့်နေခဲ့သည့်အလား ဖြစ်နေခဲ့သည်။
"ခမည်းတော်၊ ခမည်းတော်ရဲ့ကြင်ယာတော်က မကြာခင် သေဆုံးရတော့မယ်။ ဘာ့ကြောင့်များ ပုန်းနေရသေးတာလဲ။"
လှောင်ပြောင်ရယ်မောသံကြီးသည် နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ မင်းသားလန်လဲ့သည် တိတ်ဆိတ်နေသော နန်းတော်ကြီးတစ်ခုကို စူးစိုက်ကြည့်ခဲ့သည်။ သူ၏မျက်ဝန်းများက အထင်အမြင်သေးမှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။
"ခရပ်!"
မင်းသားလန်လဲ့၏စကားနှင့်အတူ နန်းတော်ကြီး၏တံခါးသည် ရုတ်တရက်ဖွင့်ဟသွားခဲ့သည်။ ဧကရာဇ်စန်းရိ၏ပုံရိပ်ဟာလည်း တံခါးထံမှ ထွက်ပေါ်လာခဲ့သည်။ သူက သုန်မှုန်နေသောအမူအယာဖြင့် ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့၏။
သူ၏ဖခင်ထွက်ပေါ်လာတာကို တွေ့မြင်လိုက်ရသည့်အခါ မင်းသားလန်လဲ့၏နှလုံးသားက တုန်ယင်သွားခဲ့ရသည်။ သို့သော်လည်း သူဟာ ပြန်လည်၍ တည်ငြိမ်အောင်ပြုလုပ်နိုင်ခဲ့၏။ ဤကနေ့သူဟာ အရင်တုန်းကသူ မဟုတ်တော့ပါချေ။ ဘာ့ကြောင့်များ ဧကရာဇ်စန်းရိကို ကြောက်နေရဦးမှာလဲ။
"မိုက်မဲလှတဲ့သား။ နိုင်ငံတော်ကို ပုန်ကန်ရဲတယ်လား။"
ကြင်ယာတော်ယဲ့နှင့် အခြားသူများ၏အခြေအနေကို တွေ့မြင်လိုက်ရသည့်အခါ ဧကရာဇ်စန်းရိသည် အမျက်ဒေါသထွက်လာခဲ့ပြီး လန်လဲ့ကိုစိုက်ကြည့်လျက် ဟိန်းဟောက်ပြောဆိုလိုက်သည်။
ပြင်းထန်သောဒေါသက သူ့ကိုယ်တွင်းရှိအဆိပ်များကို ပြန်လည်၍ ထကြွလာစေခဲ့သည်။ သူ၏မျက်နှာအမူအယာဟာ ပျက်ယွင်းသွားခဲ့သည်။ သို့သော်လည်း သူဟာ လျစ်လျူရှုထားခဲ့ပြီး လန်လဲ့ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။
"ဒါက မှားယွင်းလို့လား။"
"ရယ်စရာကောင်းလိုက်တာ!"
"ခမည်းတော်က လောကရဲ့နိယာမကို နားမလည်ဘူးပဲ။ သန်မာတဲ့လူတွေကသာ လေးစားခံကြရမယ်။"
"ဧကရာဇ်ဆိုတာ နောက်ဆုံးအချိန်ထိ ရှင်သန်နိုင်တဲ့သူတွေကို ခေါ်ဆိုတာ!"
"ခမည်းတော်က အိုမင်းနေပါပြီ။ မြင့်မြတ်တဲ့မင်းဆက်ရဲ့ တာဝန်တွေကိုလည်း ဆက်လက်မထမ်းရွက်နိုင်တော့ဘူး။ ဒါကြောင့်မလို့ သားတော်ကို လက်လွှဲပေးသင့်ပါတယ်။ သားတော်ကို မြင့်မြတ်တဲ့မင်းဆက်ကို တာဝန်ယူခွင့်ပြုပါ။ ဒီသားတော်က ခမည်းတော်ထက် ပိုပြီးကောင်းမွန်အောင် ပြုလုပ်နိုင်လိမ့်မယ်လို့ ကတိပေးတယ်။"
အေးစက်၍ခက်ထန်သော အပြုံးဖြင့် ပြောဆိုလိုက်သော အသံကြီးသည် မိုးခြိမ်းသံကဲ့သို့ မွန်မြတ်သောမြို့တော်အတွင်း ပျံ့လွင့်သွားခဲ့သည်။ ၎င်းအသံနက်ကြီးက ကျင့်ကြံသူများအားလုံးကို ထိတ်လန့်စေခဲ့၏။
ဘယ်သူကမှ ဧကရာဇ်စန်းရိကို ထိုကဲ့သို့ မပြောဆိုရဲပါ။ ပထမမင်းသားက တကယ်ပဲ ပြေးလမ်းကို ချန်မထားရက်တော့ဘူးလား။
"မင်းနဲ့ထိုက်တန်လို့လား။"
"မြင့်မြတ်တဲ့အင်ပါယာကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မင်းက သန်မာနေဖို့မလိုဘူး။"
ဧကရာဇ်စန်းရိက နှလုံးသားအတွင်းရှိ ဒေါသများကို ဖိနှိပ်လိုက်ပြီး မာန်မဲပြောဆိုလိုက်သည်။
"ခမည်းတော်ရဲ့စံနှုန်းတွေက ခေတ်နောက်ကျနေပါပြီ!"
"သန်မာတဲ့လူတွေကို အခြားသူတွေက လေးစားကြမှာပဲ။ တစ်စုံတစ်ယောက်ကသာ လုံလောက်အောင်သန်မာသ၍ ကောင်းကင်နဲ့ ကမ္ဘာမြေပြင်ကို စုရုံးစေဖို့က ခက်ခဲတဲ့အရာမဟုတ်ဘူး။"
"ကံမကောင်းစွာနဲ့ပဲ ဒီသားတော်မောင်က ဒီလိုခွန်အားမျိုးကို ပိုင်ဆိုင်ထားနေပြီ။"
"ဒါသားတော်ပြောစရာအကုန်ပါပဲ။ ကျေးဇူးပြုပြီး သားတော်ကို ဖိအားမပေးပါနဲ့။"
မင်းသားလန်လဲ့သည် လက်ကို ခါယမ်းလိုက်ပြီး ပြောဆိုလိုက်သည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေခဲ့သော်လည်း ၎င်းအပြုံးက လူအများကို ပို၍တောင်တုန်ယင်သွားစေခဲ့၏။
"ဖစ်!"
"မင်းက မင်းရဲ့ခမည်းတော်ကို သတ်တော့မလို့လား။"
ဧကရာဇ်စန်းရိသည် လန်လဲ့၏စကားများကြောင့် သွေးအန်ခဲ့ရသည်။ သူက လန်လဲ့ကို တုန်တုန်ယင်ယင်ဖြင့် လက်ညိုးညွှန်ပြလိုက်ရင်း အော်ဟစ်ပြောဆိုလိုက်သည်။
ဤအချိန်တွင် ဧကရာဇ်စန်းရိ၏နှလုံးသားက အက်ကွဲနေခဲ့သည်။ တစ်နေ့နေ့မှာ သူ့သားတော်၏ ဓားဖြင့်ချိန်ရွယ်ခြင်းကို ခံရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပါ။ သူဟာ မြင့်မြတ်သောစန်းရိအင်ပါယာ၏ဖွံ့ဖြိုးရေးအတွက် ထက်မြက်သောနည်းလမ်းများကို အသုံးပြုခဲ့သည်။ သို့သော်လည်း သားသမီးများကို သင်ကြားပို့ချရာ၌တော့ ကျရှုံးခဲ့လေသည်။
"သားတော်က ပြိုင်ဘက်ကင်းဖြစ်ချင်ပေမယ့် ခမည်းတော်ကို သတ်ဖြတ်ရလောက်တဲ့အထိတော့ မမိုက်မဲသေးပါဘူး။"
"ဒါပေမယ့် မရဏမျိုးနွယ်စုတွေက အရမ်းကိုကြမ်းတမ်းခက်ထန်တယ်။ မရဏမျိုးနွယ်စုတွေရဲ့လက်ထဲမှာ ခမည်းတော်ဘယ်အချိန်သေသွားမလဲဆိုတာကိုတော့ သားတော်လည်းမပြောနိုင်ဘူး။"
မင်းသားလန်လဲ့၏နှုတ်ခမ်းများသည် ကွေးညွတ်သွားခဲ့သည်။ သူဟာ လှောင်ပြောင်သံဖြင့် ပြောဆိုခဲ့လေသည်။ သူ၏ခန္တာကိုယ်မှ သတ်ဖြတ်လိုသော အရှိန်အဝါများကို ထုတ်လွှတ်နေခြင်းမရှိသော်လည်း သူပြောဆိုခဲ့သောစကားလုံးများသည် လူအများ၏ကျောရိုးများကို အေးစိမ့်သွားစေခဲ့၏။
"မင်း!"
"ဖစ်!"
ဧကရာဇ်စန်းရိဟာ မင်းသားလန်လဲ့ကို လက်ညိုးညွှန်လျက် တစ်စုံတစ်ရာကို ပြောဆိုလိုခဲ့သည်။ သို့သော်လည်း စကားလုံးများထွက်မလာခဲ့ဘဲ ပါးစပ်အပြည့်သွေးတစ်လုပ်သာ ထွက်ပေါ်လာခဲ့ရသည်။ သူ၏မျက်နှာတစ်ခုလုံးဟာ စက္ကူရွက်ကဲ့သို့ ဖြူဆုတ်နေခဲ့သည်။
ပြင်းထန်သောအဆိပ်သည် သက်လတ်ပိုင်းအရွယ် ဧကရာဇ်စန်းရိကို တိုက်စားနေခဲ့သည်။ သူဟာ ယခင်ကလို ကြီးမြတ်သည့်ပုံစံမျိုးမရှိတော့ဘဲ အိုမင်းမစွမ်းဖြစ်နေသည့် လူတစ်ယောက်အသွင်သာ ရှိနေခဲ့တော့သည်။
"ကြင်ယာတော်ယဲ့ သေဆုံးရမှာကို မျက်မြင်တွေ့ရမယ်ဆိုရင် တော်ဝင်ခမည်းတော် ဝမ်းနည်းမှာလား။"
ရွတ်နောက်နောက်အပြုံးတစ်ပွင့်နှင့်အတူ မင်းသားလန်လဲ့သည် ဧကရာဇ်စန်းရိကို စိုက်ကြည့်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်ပြောဆိုလိုက်သည်။
ဒါကိုကြားတော့ ဧကရာဇ်စန်းရိ၏မျက်ဝန်းများသည် လှုပ်ခါသွားခဲ့သည်။ သူက ရုတ်တရက် အော်ဟစ်ပြောဆိုလိုက်သည်။
"မင်းလုပ်ရဲသလား!"
"ဒါကတော့ စောင့်ကြည့်ရမှာပေါ့ဗျာ။"
မင်းသားလန်လဲ့သည် အေးစက်စွာ ပြောဆိုလိုက်သည်။ အစွမ်းထက်သော စွမ်းအားအရှိန်အဝါများသည် ဧရာမတောင်ကြီးကဲ့သို့ အောက်ဘက်ရှိကြင်ယာတော်ယဲ့တို့အား ဖိနှိပ်ထားခဲ့ကာ ခုခံမှုမရှိ ဖြစ်စေခဲ့လေသည်။
"ထီးနန်းကို လက်လွှဲပေးမလား။ ဒါမှမဟုတ် ကြင်ယာတော်ယဲ့တို့ သေဆုံးတာကို စောင့်ကြည့်မလား။"
သူသည် လက်ကို အေးစက်စွာ ဆန့်တန်းလိုက်ပြီး ကောင်းကင်ကိုဖုံးကာနိုင်သည့် လက်ဖဝါးတစ်ချက်အဖြစ် စုစည်းဖော်ထုတ်ခဲ့သည်။ အဆိုပါလက်ဖဝါးကြီးသည် ကြင်ယာတော်ယဲ့တို့၏ အထက်ကောင်းကင်ယံ၌ မျှော်လွှင့်နေခဲ့သည်။ ထို့နောက် သူဟာ ဧကရာဇ်စန်းရိကို မြဲမြံစွာ စိုက်ကြည့်လိုက်ပြီး အေးစက်သောအသံဖြင့် မေးမြန်းလိုက်၏။