အခန်း (၆၃၃)
Vol. 45 Ch. 633
Translator - Hsue Htet
စန်းရိမြို့ေတော်၌ဖြစ်သည်။
လီထျန်းမျိုးနွယ်စု၏ ရှေးဟောင်းဒယ်စောက်ကြီး တုန်ခါချိန်တွင် မဟာနတ်ဆိုးရွှမ်ရှသည် သူထုတ်လွှတ်လိုက်သည့် မိစ္ဆာမှော်စွမ်းအင်သည် တစ်ဟုန်ထိုးအဆင့်မြင့်တက်သွားသည်ကို ခံစားမိလိုက်သည်။
အားကောင်းသော မိစ္ဆာစွမ်းအင်သည် နဂါးမိစ္ဆာသို့စီးဝင်သွားပြီး သွားစွယ်၊လက်သည်းကြီးများဖြင့် လန်လဲ့သို့ ဦးတည်သွား၏။ ၎င်းမိစ္ဆာစွမ်းအင်သည် ကမ္ဘာပြိုကွဲလာမတတ် အင်အားကြီးမားလေရာ စန်းရိမြို့တော်ကြီးတစ်ခုလုံးပင်လျှင် တုန်ခါသွားရသည်။
သို့သော် မဟာနတ်ဆိုးရွှမ်ရှသည် လီထျန်းမျိုးနွယ်စုတွင် ဖြစ်ပျက်နေသည်များကို မသိပါချေ။ ဝမ်ဖုန်း၏ကောင်းချီးဟုသာ တွေးထင်လိုက်ပြီး အလွန်တရာ ဝမ်းမြောက်နေပေသည်။
“ဂိုဏ်းချုပ်က တကယ်လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်ခမန်းလိလိ အင်အားကြီးတာပဲ”
“ဒီမိစ္ဆာအိုကြီး အလိုအပ်ဆုံးအချိန်မှာ အမြဲအင်အားဖြည့်တင်းပေးတယ်။ တကယ့်ကို ငါမိစ္ဆာအိုကြီး အလေးစားရဆုံးပုဂ္ဂိုလ်ပါပဲလေ”
မဟာနတ်ဆိုးရွှမ်ရှ စိတ်ထဲမှ ရေရွတ်လိုက်၏။ ဝမ်ဖုန်းအပေါ် လေးစားမှုသည်လည်း ပိုမိုမြင့်တက်လာခဲ့သည်။
ဘုန်း!
ကြောက်မက်ဖွယ်နဂါးမိစ္ဆာကြီးသည် ကိုယ်ကိုကွေးညွတ်၍ ဟိန်းဟောက်၏။ လန်လဲ့၏ မျက်နှာအရောင် သိသိသာသာပြောင်းလဲသွားပြီး ခန္ဧာကိုယ်တွင်းစွမ်းအင်များကို ထိတ်ထိတ်ပျာပျာဖြာထွက်စေလိုက်သည်။ စွမ်းအင်များကို ကောင်းကင်ကိုကာဆီးနေသည့် လက်ဝါးသဏ္ဍာန်ပုံရိပ်အဖြစ် ဖွဲ့စည်းဖြစ်တည်စေလိုက်ပြီး နဂါးမိစ္ဆာသို့ ဦးတည်းရိုက်ချလိုက်သည်။
တိုက်ပွဲမြင်ကွင်းသည် အထက်ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖျက်ဆီးနေသည့်အလားဖြစ်ရာ စန်းရိမြို့တော်ကျင့်ကြံသူများမှာ ထိတ်လန့်ချောက်ချားနေကြ၏။
ဘုန်း!
ကြောက်မက်ဖွယ်စွမ်းအင်နှစ်ခု ပြင်းထန်စွာ ထိခတ်သွားပြီး မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးများ အဆက်မပြတ်ထွက်ပေါ်လာသည်။ စန်းရိမြို့တော်ကျင့်ကြံသူများမှာ နားစည်များနာကျင်သွားရပြီး ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။
ကြမ်းကြုတ်သည့်စွမ်းအင်လှိုင်းကြီးများ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့ရိုက်ခတ်သွားပြီး နန်းတော်မြေနေရာသည်လည်း လွင့်စင်ကုန်ရသည်။ ယခင်က ခမ်းနားကြီးကျယ်ခဲ့သောနန်းတော်သည် အပျက်အစီးများအဖြစ် ပြောင်းလဲသွားသည်။ ဤကြောက်မက်ဖွယ်စွမ်းအင်သက်ရောက်မှုကြီးအောက်၌ ကျင့်ကြံသူမည်မျှ သေဆုံးသွားခဲ့ရသည်ကို မသိနိုင်ပါချေ။
ကြင်ယာတော်ယဲ့နှင့် အခြားသူများပင်လျှင် ဤကြောက်မက်ဖွယ်သက်ရောက်မှုကို ခံနိုင်ရည်မရှိကြပေ။ လူတစ်ကိုယ်လုံး လွင့်ထွက်သွားရပြီး မြေပြင်သို့ ပြုတ်ကျသွားရသည်။ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလျက် အထက်ကောင်းကင်သို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။
ကြောက်မက်ဖွယ်စွမ်းအင်မုန်တိုင်းသည် ညှာတာမှုမရှိ တိုက်ခတ်သွားပြီး မရှောင်တိမ်းနိုင်သည့် စန်းရိမြို့တော်ကျင့်ကြံသူများစွာ၏ အသက်ဝိဉာဉ်များကို နုတ်ယူသွားခဲ့သည်။
အဟွတ်!
ပျက်စီးသွားသည့်နန်းတော်ကိုကြည့်၍ စန်းရိမင်းဆက်ဧကရာဇ်၏စိတ်နှလုံး၌ အမျိုးအမည်မသိသော ဒေါသအချို့လှိုက်တက်လာ၏။ မျက်နှာနီးမြန်းလာခဲ့ပြီး ပါးစပ်အပြည့်သွေးတစ်ပွက်ကို ထိန်းချုပ်မရနိုင်တော့ပေ။ အန်ထွက်သွားတော့၏။
ငါကိုယ်တော် ဘယ်တုန်းတည်းက ကာကွယ်လာခဲ့တဲ့ စန်းရိမြို့တော်လဲ? ဒီဒဏ်ရာကရော ငါကိုယ်တော် ဘယ်တုန်းက ရသွားရပြန်တာလဲ?
မှောင်မိုက်ခဲ့သည့်အတိတ်ကာလများ၌ပင်၊ ကောင်းကင်တာ့အိုမျိုးနွယ်နှင့် မြေအောက်ကမ္ဘာတို့ကို ရင်ဆိုင်ရချိန်၌ပင် စန်းရိမြို့တော်သည် ဤမျှကြီးမားသည့်ဆုံးရှုံးမှုနှင့် မကြုံတွေ့ခဲ့ရချေ။
သို့သော် ယခု၌ သူ၏ကောက်ကျစ်စဉ်းလဲသော သားတော်ကြောင့် စန်းရိမင်းဆက်၏ ဘိုးဘေးအစဉ်အဆက် ထိန်းသိမ်းလာခဲ့သော ခမ်းနားထည်ဝါသည့်နန်းတော်ကြီးမှာ ပျက်စီးသွားခဲ့ရလေသည်။
ငါကိုယ်တော် ဘိုးဘေးတွေကို ဘယ်လိုမျက်နှာပြဝံ့ပါတော့မလဲ?!
စန်းရိဧကရာဇ်၏နှလုံးအိမ်မှာ အဆုံးအစမဲ့ နာကျင်လာခဲ့သောကြောင့် အချိန်မရွေး ပြိုလဲကျသွားတော့မည့်အလား ခံစားနေရလေသည်။
မိမိ၏သားတော်မှ မိမိကို ဤအခြေအနေသို့ တွန်းပို့သည့်တစ်နေ့ ကျရောက်လာခဲ့မည်ဟု စန်းရိဧကရာဇ် တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ဖူးပေ။ မဟာနတ်ဆိုးရွှမ်ရှမှ အချိန်မီအင်အားဖြာထွက် မထုတ်လွှတ်နိုင်ခဲ့လျှင် သူနှင့် သူ၏ချစ်လှစွာသောကြင်ယာတော်သည် သူ၏ကောက်ကျစ်စဉ်းလဲသည့်သားတော်၏ လက်ထဲတွင် အသက်သေဆုံးပြီးဖြစ်ချေရော့မည်။
နှလုံးအိမ်လောင်ကျွမ်းပြာကျခဲ့လေပြီ။
ထိုစကားလုံးများသည် စန်းရိဧကရာဇ်ကြီး၏ လက်ရှိစိတ်အခြေအနေကို ဖော်ပြရန် အသင့်တော်ဆုံးဖြစ်ပေမည်။
စန်းရိမင်းဆက်၏ဧကရာဇ်ကြီးအနေဖြင့် မရေမတွက်နိုင်သောလူများ၏ ရိုသေလေးစားမှုကို ခံယူရရှိသည်။ အမိမြေကိုကာကွယ်ရန် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့သည်။ စန်းရိမင်းဆက်ကြီးတစ်ခုလုံးကို ဩဇာအာဏာလွှမ်းမိုးတည်တံ့စေရန် တာဝန်ယူခဲ့သည်။ သို့သော် ဤသို့နာကျင်မှုကိုမူ တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးချေ။
ဤသို့နာကျင်မှုသည် အရာအားလုံးကိုကျော်လွန်၍ သူ၏နှလုံးအိမ်နှင့်ဝိဉာဉ်သို့ သက်ရောက်၏။ အမြဲထာဝရ တည်မြဲမာေကျာသည့်စိတ်နှလုံးရှိခဲ့သည့် စန်းရိဧကရာဇ်ပင်လျှင် ခံနိုင်ရည်မရှိပါချေ။
ဘုန်း!
စန်းရိဧကရာဇ်ကြီး ပြင်းစွာသော နှလုံးအိမ်နာကျင်မှုဝေဒနာကို ခံစားနေရချိန်တွင် စန်းရိမြို့တော်တစ်ခွင်၌ ပေါက်ကွဲသံကြီး ပဲ့တင်ထပ်ထွက်ပေါ်လာပြန်သည်။ မြူခိုးဖုန်မှုန့်များကြားမှ ပုံရိပ်တစ်ခု လွင့်ထွက်သွားပြီး မြေပြင်သို့ပြုတ်ကျသွား၏။ ပြင်းထန်လွန်းသည့်အရှိန်ကြောင့် မြေပြင်မှာ ကြေမွသွားပြီး အက်ကွဲကြောင်းရှည်ကြီးများဖြစ်သွားခဲ့သည်။
အဟွတ်!
မင်းသားကြီးသည် ဒယီးဒယိုင်ဖြင့်ထရပ်လျက် မျက်နှာမှာ စက္ကူပါးတစ်ရွက်ကဲ့သို့ ဖြူဖျော့နေတော့သည်။ ထို့နောက် ပါးစပ်မှ သွေးတစ်ပွက်အန်ထွက်လာခဲ့ပြီး ခန္ဓာကိုယ်မှလည်း သွေးများစိမ့်ထွက်နေလေရာ တော်ဝင်ဝတ်ရုံမှာ သွေးရောင်အတိ ဖုံးလွှမ်းနေတော့သည်။ အင်မတန်သနားချင့်စဖွယ်သော အသွင်အပြင်ဖြစ်နေ၏။
“ဘယ်လို… ဘယ်လိုဖြစ်နိုင်မှာလဲ”
သို့သော် လန်လဲ့သည် သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများကို ဂရုမစိုက်ပါချေ။ မယုံကြည်နိုင်စွာဖြင့် လေဟာပြင်ထက်တွင်ရပ်နေသည့် မဟာနတ်ဆိုးရွှမ်ရှကိုသာ ကြည့်နေခဲ့သည်။
မဟာနတ်ဆိုးရွှမ်ရှထံ ရှုံးနိမ့်သွားခြင်းကို သူလက်မခံနိုင်ပါချေ။
ကနဦး၌ သူသည် မဟာနတ်ဆိုးရွှမ်ရှနှင့် ယှဉ်ပြိုင်နိုင်သူဖြစ်ခဲ့သည်။ တစ်ဦးနှင့်တစ်ဦး ထိခိုက်အောင်မလုပ်နိုင်ဘဲ အင်အားညီမျှသောအခြေအနေတွင် ရှိခဲ့သည်။ သို့သော် ရုတ်တရက်ပင် မဟာနတ်ဆိုးရွှမ်ရှ ထုတ်လွှတ်သောစွမ်းအင်သည် တစ်စုံတစ်ရာ၏ လှုံ့ဆော်ခြင်းခံလိုက်ရသည့်အလား မူလထက် အဆပေါင်းများစွာ အားကောင်းသွားခဲ့သည်။ လန်လဲ့ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုစွမ်းအင်သည် ဖျက်ဆီးခံလိုက်ရပြီး သူ၏ဝိဉာဉ်ထိတိုင် တုန်လှုပ်သွားခဲ့ရသည်။
မဟာနတ်ဆိုးရွှမ်ရှသည် အသာအယာထုတ်လွှတ်လိုက်သော တိုက်ကွက်လေးဖြင့် သူ့ကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် မဟာနတ်ဆိုးရွှမ်ရှ၏စွမ်းအင်ဖြင့် ဆုတ်ဖြဲခံလိုက်ရသည့်အလား နာကျင်မှုမှာ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်အောင် ကြီးမားလှသည်။
ရှူးး!
စန်းရိမြို့တော်ကျင့်ကြံသူများစွာသည်လည်း တုန်လှုပ်နေကြလျက် လေငွေ့အေးအေးကို ရှူရှိုက်သံများသာလျှင် ထွက်ပေါ်နေခဲ့သည်။ လူသူအပေါင်းသည် လေဟာပြင်ထက်ရှိ အင်အားကြီးမားလှစွာေသာ မိစ္ဆာကြီးကဲ့သို့ပုံရိပ်ကို ကြည့်ရှုရန်ထိတ်လန့်နေကြပြီး မထိန်းချုပ်နိုင်စွာ တုန်ယင်နေကြသည်။
ကြင်ယာတော်ယဲ့နှင့် အခြားသူများသည်လည်း ထို့နည်းတူပင်။
လန်လဲ့ကို မျက်နှာချင်းဆိုင်ရင်ဆိုင်ပြီးနောက်၌ လန်လဲ့၏အင်အားသည် မည်မျှကြောက်မက်ဖွယ်ဖြစ်ကြောင်းကို သူတို့ကောင်းစွာသိပါ၏။ သို့သော် ထိုမျှအင်အားကြီးမားသော လန်လဲ့ကို မဟာနတ်ဆိုးရွှမ်ရှမှ အနိုင်ယူနိုင်ခဲ့သည်။
ထိုမြင်ကွင်းမှာ စိတ်ကူးယဉ်ပုံရိပ်ယောင်မြင်ကွင်းတစ်ခုကဲ့သို့ပင်… မည်မျှကြည့်ရှုသည်ဖြစ်စေ အစစ်အမှန်ဟု မခံစားရပေ။
မဟာနတ်ဆိုးရွမ်ရှသည် တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် လက်နှစ်ဖက်ကိုနောက်ပစ်လျက် လေဟာပြင်ထက်တွင် ရပ်နေ၏။ သူ၏ခန္ဓာကိုယ်မှာ ခမ်းနားကြီးကျယ်သောမှော်စွမ်းအင်များဖြင့် လွှမ်းခြုံနေဆဲဖြစ်သည်။
မဟာနတ်ဆိုးရွှမ်ရှသည် ပီတိဘဝင်ဖုံးလွှမ်းနေသည်ဖြစ်ရာ မိမိကိုယ်ကို မရယ်မောမိအောင် အတင်းအကျပ်ထိန်းချုပ်ထားရ၏။ ဂုဏ်သရေတင့်တယ်သော ကိုယ်နေဟန်ထားကိုထိန်းသိမ်း၍ လောကကြီး၏ရိုသေလေးစားမှုကို ခံယူနေပေသည်။
လောကတစ်ခွင်ကိုကြည့်ရှုလိုက်ပါလျှင် ပန်းပါင်းများစွာတည်ရှိပြီး သူ့ကိုဆွဲဆောင်ဖြားယောင်းသည့် အရေအတွက်သည်လည်း မရေမတွက်နိုင်လောက်အောင် များပြားသည်။ သို့သော် မဟာနတ်ဆိုးရွှမ်ရှ မိမိသည် ဧကရီမေသုရှားဟူသော ပန်းလေးတစ်ပွင့်ကိုသာ ချစ်မြတ်နိုးပါ၏။
ဤလောကတစ်ခွင်မှာ သူ့လောက်အချစ်တွင်ရူးသွပ်သည့် အမျိုးသားကောင်းဟူသည် အဘယ်မှာရှိနိုင်ပါအံ့နည်း။
လေဟာပြင်ထက်တွင် မဟာနတ်ဆိုးရွှမ်ရှသည် ထိုသို့အကြောင်းရာကို အဆုံးမရှိတွေးတောနေလေသည်။ မြေပြင်ထက်ရှိ လန်လဲ့သည်လည်း တစ်စုံတစ်ရာကိုတွေးတောနေ၏။
လန်လဲ့၏ဦးခေါင်း၌ မရေမတွက်နိုင်သောအတွေးများ ဖြတ်သန်းနေခဲ့ပြီး သူ၏နှလုံးအိမ်မှာ သေဆုံးသွားခဲ့ပြီဟု ရုတ်တရက်ခံစားလိုက်ရသည်။ ကမ္ဘာလောကကြီးတစ်ခုလုံးသည် သူနှင့်ဆန့်ကျင်နေသည့်အလားပင်။
ဘုရားသခင်က ဘာလို့ သူ့ကို မျှော်လင့်ချက်ပေးပြီးမှ ချောက်ကမ်းပါးနက်ထဲကို တွန်းချပစ်ရတာလဲ?
နောက်ဆုံးအခိုက်အတန့်လေးတွင် သူသည် ကြီးကျယ်ခမ်းနားလှပါသည့် ထီးနန်းပလ္လင်နှင့် အလွန်နီးကပ်နေခဲ့ပြီဖြစ်သည်။ ဧကရာဇ်တစ်ပါးဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည့်အခိုက်အတန့်တွင် ဤသို့အလှည့်အပြောင်းဖြစ်သွားခဲ့ရသည်။
ရှန်ရှန့်ကျုံဂိုဏ်း! !
ဒါတွေအားလုံးက စက်ဆုပ်ဖို့ကောင်းလွန်းတဲ့ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းကြောင့်ပဲ!
လန်လဲ့သည် နီးမြန်းသောမျက်လုံးအစုံဖြင့် မဟာနတ်ဆိုးရွှမ်ရှကို စူးရဲစွာကြည့်နေ၏။ အဆုံးမဲ့သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထုတ်လွှတ်နေလျက် သူ၏ခန္ဓာကိုယ်မှ ပြင်းပြသည့် ဖျက်ဆီးချေမှုန်းစွမ်းအင်များ ဖြာထွက်နေခဲ့သည်။
ဆရာရှိနေသည်ဖြစ်ရာ သူမသေဆုံးနိုင်ပေ။
သို့ဖြစ်လျှင် ရှန်ရှန့်ကျုံဂိုဏ်းသည် သူ့ကို ဆိုးဆိုးရွားရွားခံစားစေနိုင်ရုံသာဖြစ်၏။ ထို့ကြောင့် သူသည်လည်း ရှန်ရှန့်ကျုံဂိုဏ်းကို ဆိုးရွားစွာ ပြန်လည်ခံစားရစေလိုသည်။
မရယူနိုင်လျှင် မခြားမည်သူမျှ မပိုင်ဆိုင်နိုင်စေရန် ဖျက်ဆီးပစ်လိုက်ရုံပင်!
အရာအားလုံးကို ဖျက်ဆီးပစ်မည့်အတွေးသည် လန်လဲ့၏စိတ်နှလုံးတွင် ပိုမိုပြင်းပြလာသည်။ ခန္ဓာကိုယ်မှ ဖြာထွက်ထုတ်လွှတ်နေသော ဖျက်ဆီးချေမှုန်းစွမ်းအင်သည်လည်း ပို၍ပို၍ပြင်းထန်အားကောင်းလာခဲ့သည်။