အခန်း (၆၃၄)
Vol. 45 Ch. 634
Translator - Hsue Htet
“ပြီးဆုံးသွားပြီ!”
လေဟာပြင်ထက်ရှိ မဟာနတ်ဆိုးရွှမ်ရှသည် အေးစက်ခက်ထန်နေသည်။ မြေပြင်ရှိ လန်လဲ့ကို အထင်မြင်သေးစွာကြည့်လျက် ခပ်ဖျော့ဖျော့ရေရွတ်၏။
စကားသံနှင့်အတူ မဟာနတ်ဆိုးရွှမ်ရှထံမှ မိစ္ဆာမှော်စွမ်းအင်များ ဖြာထွက်လာသည်။ အလွန်တရာညစ်ဆွေးလှစွာသော မိစ္ဆာမှော်စွမ်းအင်များဖြစ်ရာ မြင်ရသူအပေါင်းကို ထိတ်လန့်ချောက်ချားစေနိုင်ပေသည်။
မဟာနတ်ဆိုးရွှမ်ရှသည် မြန်ဆန်သည့်အရှိန်နှုန်းဖြင့် လက်ဝှေ့ယမ်း၍ ရှုပ်ထွေးပွေလီသော စည်းတံဆိပ်ကို ဖိညှပ်လိုက်သည်။ နှုတ်မှလည်း လျှို့ဝှက်ဆန်းကြယ်သော အက္ခရာစာလုံးတို့ကို ရွတ်ဆိုနေသည်။ ၎င်းရွတ်သံသည် မှော်စွမ်းအင်စည်းတံဆိပ်နည်းတူ ထူးခြားဆန်းကြယ်၏။ ၎င်းရွတ်ဆိုသံကိုကြားရသည့် စန်းရိမြို့တော်ကျင့်ကြံသူများသည် စိတ်နှလုံးတွင်းမှ အေးစိမ့်ချောက်ချားမှုကို ခံစားလိုက်ရကာ ခန္ဓာကိုယ်သည်လည်း မထိန်းချုပ်နိုင်စွာ တုန်ရီနေကြသည်။ သူတို့၏ဝိဉာဉ်များသည် ၎င်းအက္ခရာစာလုံးများအတွင်းသို့ နစ်မြုပ်သွားတော့မည့်အလားပင်။
“လီထျန်းနဂါးမိစ္ဆာ!”
စန်းရိမြို့တော်တစ်ခွင်၌ ရှေးယခင်အချိန်ကာလများ၏ ရှေးကျကြီးရင့်သောအသံတစ်ခု ပဲ့တင်ထပ်မြည်ဟီးလာခဲ့သည်။ ၎င်းအသံကိုကြားရသည်တွင် အရိုင်းဆန်သည့်စိတ်ကူးယဉ်ကမ္ဘာအတွင်းသို့ ဆွဲခေါ်ခံလိုက်ရသည့်အလား ရှေးကျ၍အရှိန်အဟုန်ပြင်းစွာသော အရှိန်အဝါကြီးတစ်ခု သူတို့ထံသို့ ဦးတည်လာနေသည်ဟု ခံစားလိုက်ရသည်။
မဟာနတ်ဆိုးရွှမ်ရှသည် ဤလျှို့ဝှက်ကျင့်စဉ်ကို တစ်ကြိမ်တစ်ခါမျှ ထုတ်မသုံးခဲ့ဖူးပေ။
ယခုအချိန်တွင်မှ သူ၏စိတ်ထဲတွင် ရုတ်တရက်သတိရသွားခဲ့ပြီး ရင်းနှီးကျွမ်းဝင်နေသည့်သိစိတ် ထင်ဟပ်လာခဲ့ပြီးနောက်တွင် အလိုအလျောက် ထိုကျင့်စဉ်ကို ထုတ်သုံးမိခဲ့လေသည်။
မဟာနတ်ဆိုးရွှမ်ရှ၏ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် ကြောက်မက်ဖွယ်အရှိန်အဝါသည် ဧရာမမိစ္ဆာစွမ်းအင်ထုကြီးကို ဆွဲယူခဲ့သောကြောင့် စန်းရိမြို့တော်ကြီးတစ်ခုလုံးမှာ အမှောင်ထုထဲသို့ ကျရောက်သွားတော့သည်။
စန်းရိမြို့တော်ကြီးတစ်ခုလုံးသည် မိစ္ဆာနယ်မြေအတွင်းသို့ နစ်မြုပ်သွားသည်ကဲ့သို့ နေနှင့်လသည် အလင်းကွယ်ပျောက်ကာ အမှောင်ထုကြီးစိုးသွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် စန်းရိမြို့တော်ကျင့်ကြံသူများသည် ပို၍တုန်လှုပ်ချောက်ချားကြကုန်၏။ ကြင်ယာတော်ယဲ့နှင့် အခြားသူများသည်လည်း ထို့နည်းတူစွာပင်.. မျက်လုံးအိမ်တို့ပြူးကျယ်လျက် ထိတ်လန့်တုန်လှုပ်စွာဖြင့် မဟာနတ်ဆိုးရွှမ်ရှကို အကြည့်မလွှဲတမ်း ကြည့်နေကြသည်။
အဆုံးမဲ့မှော်စွမ်းအင်သည် တုနှိုင်းမဲ့သောရက်စက်ကြမ်းကြုတ်မှုနှင့် ရောယှက်သွားပြီး ပုန်းကွယ်နေခဲ့သည့် ကြောက်ခမန်းလိလိသော တည်ရှိမှုကြီးများ ထွက်ပေါ်လာသည့်အလား လူသူအပေါင်း၏စိတ်နှလုံးကို စိုးရွံ့ထိတ်လန့်မှုများ ကြီးစိုးနေစေသည်။
စန်းရိမြို့တော်ကို ဖျက်စီးရန် ကြံစည်တိုက်ခိုက်ခဲ့သည့် လန်လဲ့ပင်လျှင် စိတ်နှလုံးတုန်လှုပ်၍ ကြောက်ရွံ့စိတ်ဖြစ်တည်လာရသည်။
ဂါးး!
နဂါးတစ်ကောင်၏ဟိန်းဟောက်သံ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွား၏။ ၎င်းနဂါးဟိန်းဟောက်သံသည် လူ၏ဝိဉာဉ်ကို ထိုးဖောက်သွားသည်ကဲ့သို့ပင်.. ထို့ကြောင့် နေရာရှိလူများစွာတို့မှာ ဖြူဖျော့ကုန်ကြလျက် သွေးတစ်ပွက်အန်ထွက်သွားရလေသည်။
ကမ္ဘာလောကကြီးသည် အမှောင်ကမ္ဘာအဖြစ်သို့ ပြောင်းလဲဖြစ်တည်ေနသည့်အလား ကောင်းကင်ယံသည် ပို၍မှောင်မိုက်လာနေသည်။
စန်းရိမြို့တော်ကျင့်ကြံသူများ၏ မြင်ကွင်းကို စူးစိုက်ကြည့်နေသည့် မျက်လုံးအစုံတို့မှာ သွေးများစိမ့်ထွက်နေကြသည်။ အခြားအရာများကို သူတို့မသိနားမလည်ပေ။ ထိုပုံရိပ်ကြီးကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုရုံသာဖြစ်၏။ သို့သော် မည်သို့ပင်ဖြစ်စေ ထိုပုံရိပ်ကြီးကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်ပါချေ။
ကြင်ယာတော်ယဲ့နှင့်အခြားသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိပြီးသူအချို့သာလျှင် ထွက်ပေါ်လာသည့်ပုံရိပ်ကြီးကို ဝိုးတဝါးမြင်တွေ့နိုင်၏။ ၎င်းမှာ ကောင်းကင်ကိုလွှမ်းမိုးကာဆီးသော နဂါးမိစ္ဆာတစ်ကောင်ဖြစ်သည်။ ကောင်းကင်ဘုံကိုးထပ်မှ ဆင်းသက်လာသည့် နဂါးမိစ္ဆာကြီးကဲ့သို့ ထင်မှတ်ရပေသည်။
ဧရာမနဂါးမိစ္ဆာကြီး၏ ခန္ဓာကိုယ်ထက်တွင် နက်စွေးသောနဂါးကြေးခွံများသည် အေးစက်စွာတောက်ပနေ၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် လူကိုတုန်လှုပ်စေသည်။
“ဒါက… ဒါကဘာကြီးလဲ”
ကြင်ယာတော်ယဲ့၏ လှပသောမျက်လုံးအစုံသည် ကြောက်ရွံ့စိတ်များထင်ဟပ်နေကာ လှပတင့်တယ်သောခန္ဓာကိုယ်လေးသည် အဆက်မပြတ်တုန်ယင်နေသည်။ လေဟာပြင်ထက်ရှိပုံရိပ်ကို ထပ်မံမကြည့်ဝံ့တော့ဘဲ ကြောက်ရွံ့ထိတ်လန့်စွာအော်ဟစ်၏။
ဘေးရှိလူအိုကြီးများနှင့် စန်းရိဧကရာဇ်သည်လည်း ဦးခေါင်းငုံ့၍ တုန်လှုပ်နေကြကာ ကြောင်အနေကြသည်။
“ခင်ဗျားက ကျုပ်ကို အသက်ချမ်းသာမပေးဘူးပဲ”
“ဒါဆို အတူတူသေကြတာပေါ့”
ထိုအခိုက်အတန့်၌ ကျောချမ်းဖွယ်အော်ဟစ်သံကြီး လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံပိုင်ရှင်မှာ လန်လဲ့ဖြစ်၏။
လန်လဲ့သည် ဖျက်ဆီးချေမှုန်းစွမ်းအင်များ တစ်ကိုယ်လုံးလွှမ်းခြုံလျက် အသိစိတ်ကင်းလွတ်နေသည်။ လန်လဲ့သည် အတူတကွ ပျက်စီးခြင်းအတွက် စိတ်ဆုံးဖြတ်ပြီးခဲ့ပြီဖြစ်၏။ သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးကဲ့သို့ဖြစ်နေသည်။
မဟာနတ်ဆိုးရွှမ်ရှ၏ ကြောက်ခမန်းလိလိအရှိန်အဝါများ ဖြာထွက်ပေါက်ကွဲသွား၏။ လန်လဲ့သည် ကြောက်ရွံ့တုန်လှုပ်နေသော်ငြား မဟာနတ်ဆိုးရွှမ်ရှ၏ထိုအရှိန်အဝါကြောင့် အတူတကွပျက်စီးခြင်းဟူသည့် ဆုံးဖြတ်မှာ ပို၍ပို၍ပြတ်သားလာခဲ့သည်။ ရှင်သန်ကျန်ရစ်နိုင်မည့်အခွင့်အရေး မရှိသည်ဖြစ်ရာ တမလွန်သို့ သူနှင့်အတူ ဆွဲခေါ်သွားပေမည်။
မည်သို့ပင်ဖြစ်စေ မိမိကို ဆရာဖြစ်သူမှ ပြန်လည်ရှင်သန်စေမည်ဖြစ်ရာ ဘာကိုကြောက်ရွံ့နေရဦးမှာတဲ့လဲ?!
ထိုအတွေးနှင့်အတူ လန်လဲ့ထံမှ ဖျက်ဆီးချေမှုန်းစွမ်းအင်များသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပို၍အားကောင်းလာသည်။ မျက်နှာအမူအရာမှာ စိတ်ပိုင်းဖြတ်ထားသည့်ရူးသွပ်မှုများ သိသာထင်ရှားစွာ ပေါ်လွင်နေပေသည်။
“ယွမ့်ယောင်လုံယန်!”
လန်လဲ့ အသံနိမ့်ဖြင့်ရေရွတ်၏။ သူ၏အသံထဲမှ သွေးရူးသွေးတန်းဖြစ်နေမှုကို လူအနည်းငယ်သာ ကြားသိနိုင်သည်။
လူသားတစ်ယောက်၏ မသေဆုံးမီ နောက်ဆုံးသောအသံသည် အင်မတန် ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှပေသည်။
ဘုန်း!
သူ၏အသံပဲ့တင်ထပ်ထွက်ပေါ်သွားပြီးနောက်၌ လန်လဲ့၏ခန္ဓာကိုယ်သည် စူးရှတောက်ပသောအလင်းများ ဖြာထွက်လာခဲ့ပြီး ရုတ်တရက်ပေါက်ကွဲသွားခဲ့သည်။
သို့သော် သွေးစအသားစများ အလျဉ်းမရှိပေ။ ထိုအစား သိပ်သည်းသော ကြယ်မှုန်များကဲ့သို့ အလင်းစများနှင့် ထိုအလင်းစများမှ ထုတ်လွှတ်နေသည့် လျှို့ဝှက်ဆန်းကြယ်စွာ တစ်မူထူးခြားသော အရှိန်အဝါများသာရှိပေသည်။
၎င်းအရှိန်အဝါသည် မဟာနတ်ဆိုးရွှမ်ရှ၏ နဂါးမိစ္ဆာကြီးနှင့် ယှဉ်ပြိုင်နိုင်လုနီးပါးပင်။
အလင်းတန်းများသည် လေးရောင်ခြယ်အလင်းတန်းများအဖြစ် တောက်ပလာသည်။ ၎င်းလေးရောင်ခြယ်အလင်းတန်းများသည် မကြာမီက လန်လဲ့၏ဆရာကို ချိတ်ပိတ်ခဲ့သည့် နဂါးလေးကောင်နှင့် တူညီကြသည်။
အားလုံး မင်သက်နေကြချိန်တွင် လေးရောင်ခြယ်အလင်းတန်းသည် အင်အားတစ်စုံတစ်ရာ၏ ဆွဲငင်ခြင်းကို ခံလိုက်ရသည့်အလား စုဝေးသွားကြပြီး လေးရောင်ခြယ်နဂါးပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
၎င်းလေးရောင်ခြယ်နဂါးထံမှ ကြောက်ခမန်းလိလိသော နဂါးစွမ်းအင်လည်း ဖြာထွက်နေခဲ့သည်။ လေသာပြင်ထက်ရှိ မဟာနတ်ဆိုးရွှမ်ရှ၏ နဂါးမိစ္ဆာကြီးနှင့် အင်အားယှဉ်ပြိုင်နေရာ ကမ္ဘာလောကကြီးမှာ အချိန်မရွေးပြိုကျပျက်စီးတော့မည်ကဲ့သို့ တုန်ခါနေတော့သည်။
ဂါးး!
နားကွဲလုမတတ်သော နဂါးဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။ လူများစွာတို့၏ တုန်လှုပ်နေကြသော အကြည့်များအောက်၌ လေးရောင်ခြယ်နဂါးသည် ပါးစပ်ပွင့်ဟလာသည်။ ပင်လယ်ပြင်သို့ ထွက်ခွာတော့မည့် ဧရာမနဂါးကြီးတစ်ကောင်ကဲ့သို့ တုနှိုင်းမဲ့စွမ်းအင်များလွှမ်းခြုံလျက် လေဟာပြင်ထက်ရှိ မဟာနတ်ဆိုးရွှမ်ရှ၏ နဂါးမိစ္ဆာကြီးသို့ တစ်ဟုန်တိုးဦးတည်သွားသည်။
ထိုမြင်ကွင်းကြောင့် စန်းရိမြို့တော်ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။ စန်းရိဧကရာဇ်မှလည်း အော်ဟစ်ပြောဆိုလိုက်သည်။
“အားလုံးပဲ ငါကိုယ်တော်နဲ့အတူ စန်းရိမြို့တော်ကိုတည်တံ့နိုင်အောင် အားစိုက်ထုတ်ပေးကြပါ!”
ထိုနဂါးအင်အားနှစ်ခု ထိခတ်သွားချိန်တွင် မည်သို့သော ကြောက်ခမန်းလိလိစွမ်းအင်မျိုး ထွက်ပေါ်လာလိမ့်မည်ကို စန်းရိဧကရာဇ်သည်လည်း မမှန်းဆနိုင်ပါချေ။ သို့သော် သူတွေဝေတုံ့ဆိုင်းနေလျှင် ထိုအင်အားကြီး၏သက်ရောက်မှုကြောင့် စန်းရိမြို့တော်ကြီးတစ်ခုလုံး အလုံးစုံပျက်စီးသွားနိုင်ပေသည်။
စန်းရိဧကရာဇ်သည် သူ၏ခန္ဓာကိုယ်ထဲမှ အဆိပ်ကို လျစ်လျူရှုထားပြီး သူ၏ခန္ဓာကိုယ်တွင်း စွမ်းအင်များကိုအသုံးပြု၍ စန်းရိမြို့တော်ကြီးတည်တံ့စေရန်အတွက် အကောင်းဆုံးကြိုးစားလိုသည်။
ကြင်ယာတော်ယဲ့နှင့်အခြားသူများသည် စန်းရိဧကရာဇ်၏စကားကို လျစ်လျူမရှုဝံ့ကြပေ။ စွမ်းအင်များ တစ်ပြိုင်နက်တည်း ဖြာထွက်စေလိုက်ပြီး စန်းရိမြို့တော်ကို စွမ်းအင်စီးဆင်းကာကွယ်ကြသည်။ လန်လဲ့၏ပုန်ကန်မှုတွင် ပါဝင်ခဲ့ကြသူများပင်လျှင် စန်းရိမြို့တော်အတွက် အင်အားစိုက်ထုတ်ကြလေသည်။
စန်းရိမြို့တော်ကျင့်ကြံသူများအားလုံးနီးပါးသည် သူတို့၏ကိုယ်ပိုင်စွမ်းအင်များဖြင့် စန်းရိမြို့တော်ကို ကာကွယ်ကြသည်။ ဤသည်မှာ သူတို့အားလုံး၏ အသက်ခန္ဓာနှင့်သက်ဆိုင်သည့် အရေးကိစ္စဖြစ်ရာ မည်သူမျှ ဘေးထွက်ရပ်မနေဝံ့ကြပေ။ မကြာမီက လန်လဲ့နှင့် မဟာနတ်ဆိုးရွှမ်ရှ၏ စွမ်းအင်ထိခတ်မှုတွင်လည်း အပြစ်မဲ့သူများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။ ဤတစ်ကြိမ်တွင် ထိုနှစ်ဦးသည် လုံးဝ အထိန်းအကွပ်မဲ့နေကြပြီဖြစ်ပြီး ထုတ်လွှတ်သည့်စွမ်းအင်များသည်လည်း တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသောစွမ်းအင်မျိုးဖြစ်သည်။
ထိုသို့သော ကြောက်ခမန်းလိလိစွမ်းအင်၏ သက်ရောက်မှုကိုခံစားရလျှင် တစ်ဦးတည်းအားဖြင့် မခုခံနိုင်သောကြောင့် အချည်းနှီးသေဆုံးကြရပေလိမ့်မည်။ တစ်ခုတည်းသောဖြစ်နိုင်ချေမှာ စန်းရိမြို့တော်၏ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများကို အသုံးပြု၍ ဤကြောက်ခမန်းလိလိစွမ်းအင်သက်ရောက်မှုကို ခုခံကြပေမည်။
ပထမဆုံးအကြိမ်အဖြစ် စန်းရိမြို့တော်ကျင့်ကြံသူများအားလုံး တစ်စိတ်တစ်ဝမ်းတည်း ပေါင်းစည်းသွားခဲ့သည်။ ဤအခြင်းအရာကို အလွန်ကြီးမားသော အလှည့်အပြောင်းဟု ဆိုနိုင်ပေသည်။
အတိတ်ကာလများ၌မူ စန်းရိမင်းဆက်ကြီး ပျက်စီးခြင်းဆိုက်ရောက်လုနီး ဖြစ်နေသည့်တိုင် အားလုံးသည် ဘေးမှရပ်ကြည့်နေခဲ့ကြမည်ဖြစ်၏။ ဤတစ်ကြိမ်၌မူ စန်းရိကျင့်ကြံသူအားလုံးသည် မည်သူမျှ အတင်းအကျပ် မတိုက်တွန်းလျှင်သော်မှ မိမိတို့လုပ်ဆောင်သင့်သည့်အရာကို ကောင်းစွာသိရှိကြပြီး လုပ်ဆောင်ခဲ့ကြသည်။