သွေးကနေပြန်လည်ရှင်သန်ခြင်း
Vol. 99 Ch. 1471
“စီနီယာ... ဘာများဖြစ်လို့လဲ”
ဆူဇီမိုက အလောတကြီး မေးလိုက်၏။
ပုံပြောအဖိုးအို ထုတ်ဖော်နေသည့် အမူအရာများသည် သူက အမြဲတမ်းလိုလို ကျီစယ်ခြင်း ၊ ဆူပူငေါက်ငမ်းခြင်း ၊ တည်ငြိမ်ခြင်းနှင့် ဣန္ဒြေရခြင်း သို့မဟုတ် သတ်ဖြတ်ရာမှာ ပြတ်သားခြင်းတို့ဖြစ်၏။ သို့သော်လည်း သူက ဤကဲ့သို့သောအမူအရာတစ်ခုကို တစ်ခါမှ ထုတ်ဖော်မပြခဲ့ဖူးပေ။
“သွေးနွယ်ပင်မျိုးနွယ်က ဒီကိုရောက်လာပြီ”
ထိုသို့ပြောပြီးနောက် ပုံပြောအဖိုးအိုက သူ၏ရှေ့တွင် လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်၏။
ချက်ချင်းပင် လျှို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးမားသော အားလှိုင်းတစ်ခုက လေထဲမှာ ပြည့်နှက်လာပြီး ကောင်းကင်ထက်ကနေ အုပ်မိုးကာ ပဟေဠိနန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
ထိုစွမ်းအားတွင် သန်မာသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒမရှိပေ။ ထိုအစား အဲ့ဒါက လျှို့ဝှက်ဆန်းကြယ်၍ လေးနက်သိမ်မွေ့နေ၏။
သို့သော်လည်း ထိုစွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုသည် ဖုန်မှုန့်တစ်မှုန့်ကဲ့သို့ သေးငယ်သွားပြီး အချိန်မရွေးပျောက်ကွယ်သွားနိုင်သည်ဟု ခံစားရ၏။
“မင်းတို့တွေက စာကြည့်တိုက်ထဲကို ဝင်နေကြ... အပြင်ကို ထွက်မလာကြနဲ့”
ပုံပြောအဖိုးအိုက သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းပြီး ဆူဇီမိုနှင့် နတ်ဆိုးမကျိကို စာကြည့်တိုက်ထဲသို့ တွန်းပို့ကာ စာကြည့်တိုက်တံခါးကို ဘန်းခနဲမြည်အောင်ပိတ်လိုက်၏။
စာကြည့်တိုက်ထဲတွင် ဆူဇီမိုက အသက်အောင့်ထားပြီး အကြောအချင်များ တောင့်တင်းနေ၏။
ပုံပြောအဖိုးအို၏ ပြုမူပုံအရ ဤတစ်ခေါက် သွေးနွယ်ပင်မျိုးနွယ်မှ ရောက်လာသောလူများသည် သေချာပေါက်ကိုင်တွယ်ရလွယ်ကူလိမ့်မည် မဟုတ်ပေ။ အဲ့ဒီမှာ အနည်းဆုံးဘိုးဘေးအဆင့် ပညာရှင်တစ်ယောက် ပါလာပေလိမ့်မည်။
ကမ္ဘာဦးမျိုးနွယ်များမှ ဘိုးဘေးအဆင့်ပညာရှင်အချို့သည် လူသားမျိုးနွယ်များမှ ဧကရာဇ်များနှင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်၏။
ရွှစ်...
ထိုစဥ်မှာပင် ကြီးမားသောသွေးရောင်တိမ်စိုင်တစ်ခုက အဝေးတစ်နေရာကနေ လွင့်မျောလာပြီး အလွန်တရာမြန်ဆန်သော အရှိန်အဟုန်ဖြင့် တလိပ်လိပ်ထိုးတက်လာ၏။
တစ်ခဏချင်းမှာပင် ၎င်းက ကဟေဠိနန်းတော်ရှေ့သို့ ရောက်ရှိလာ၏။
မဟာယာနအဆင့်...
သူတို့သည် စာကြည့်တိုက်ထဲမှာ ပုန်းကွယ်နေသော်လည်း ဆူဇီမိုနှင့် နတ်ဆိုးမကျိသည် အပြင်ဘက်မှ ကြောက်စရာကောင်းသော သွေးရနံ့ကို ခံစားမိနိုင်ဆဲဖြစ်၏။ အဲ့ဒါက ပေါင်းစည်းခန္ဓာအဆင့်ထက် များစွာကျော်လွန်သွားခဲ့လေပြီ။
ကြယ်ခြောက်စင်းတောင်တိုက်ပွဲမှာ ထန်လင်းကျီနှင့် သွေးနွယ်ပင်မျိုးနွယ်ဝင် တစ်သောင်းကျော်သည် တစ်ယောက်မကျန် အသတ်ခံခဲ့ရ၏။ အဲ့ဒီနောက် သွေးနွယ်ပင်မျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာနိုင်ခြေရှိကြောင်း ကိုယ်တော်တာမင်းက သူ့ကို သတိပေးခဲ့လေသည်။
ယခု... သူပြောသည်မှာ မှန်လာခဲ့လေပြီ။ ဆူဇီမိုကဲ့သို့ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် သွေးနွယ်ပင်မျိုးနွယ်က မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို စေလွှတ်ခဲ့၏။
ဆူဇီမိုသည် စိုးရိမ်နေသော အမူအရာနှင့်အတူ အာရုံစိုက်၍ နားစွင့်နေ၏။ နောက်ဆုံးမှာတော့ သွေးနွယ်ပင်မျိုးနွယ်ကို ရန်စခဲ့သည့်သူက သူသာဖြစ်လေသည်။
ဤနေရာမှာ ကြီးမားသောတိုက်ပွဲတစ်ခုဖြစ်ပေါ်လာပြီး ပေဟဠိနန်းတော်မှ ကျင့်ကြံသူပေါင်းများစွာ သေကြေပျက်စီးရမည်ဆိုလျှင် သူက ထိုကိစ္စအတွက် အလွန်တရာ မသိုးမသန့်ခံစားရပေလိမ့်မည်။
ထိုစဥ်မှာပင် သေးငယ်သောလက်တစ်ဖက်က သူ၏လက်ဖဝါးကို ဆွဲယူလိုက်၏။ ၎င်းက နွေးထွေး၍ နူးညံ့သိမ်မွေ့ပြီး သူ၏စိတ်ကို တဖြည်းဖြည်းတည်ငြိမ်လာစေ၏။
ဆူဇီမိုက တစ်ချက်စောင်းငဲ့ကြည့်ပြီး နတ်ဆိုးမကျိ၏ တောက်ပသော မျက်လုံးများကို တွေ့မြင်လိုက်ရ၏။
လောကကို ညို့ငင်ဖမ်းစားနိုင်သည့် ထိုမျက်လုံးများသည် ဤအခိုက်အတန့်မှာ နှစ်သိမ့်မှုနှင့် နူးညံ့သိမ်မွေ့မှုကို ထုတ်ဖော်ပြသနေ၏။
“အဆင်ပြေသွားမှာပါ... စီနီယာပုံပြောသူ ရှိနေတာပဲ”
နတ်ဆိုးမကျိက အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်ပေးလိုက်၏။
ဆူဇီမိုက ခေါင်းညိတ်၍ ပြုံးပြလိုက်၏။
ပဟေဠိနန်းတော်ရှေ့ ကောင်းကင်ထက်တွင် သွေးရောင်တိမ်စိုင်ပေါ်မှာ အက်ကွဲကြောင်းတစ်ခုထွက်ပေါ်လာပြီး ရှေးကျသော သွေးရောင်နွယ်ပင်တစ်ပင်က အထဲကနေ ဆန့်တန်းထွက်ပေါ်လာ၏။
သွေးနွယ်ပင်များ၏ ထိပ်ဖျားတွင် မျက်လုံးနှင့် နှာခေါင်းများ မပါရှိသည့် လူသားမျက်နှာတစ်ခုသည် ၎င်း၏ ပါးစပ်ကိုဖွင့်ဟကာ အေးစက်စက်အလင်းဖြင့် တောက်ပနေပြီး ကြောက်စရာကောင်းသော သွားစွယ်များကို ထုတ်ဖော်ပြသလိုက်၏။
သွေးနွယ်ပင်သည် ထပ်ဖန်တလဲလဲ စစ်ဆေးကြည့်ရှုနေသည့်အလား ပဟေဠိနန်းတော်အတွင်းမှာ တစ်စုံတစ်ရာကို ထောက်လှမ်းနေပုံရ၏။ သို့သော်လည်း သွေးနွယ်ပင်သည် တစ်စုံတစ်ရာကို သိရှိထားပုံရပြီး လှပသိမ်မွေ့သတ်ခြင်းဝင်္ကပါ၏ အပြင်ဘက်မှာ တစ်ချိန်လုံးရစ်ဝဲနေ၏။ သူက အထဲသို့ ခြေတစ်လှမ်းတိုးဝင်ရဲခြင်း မရှိပေ။
ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေက ပဟေဠိနန်းတော်က ကျင့်ကြံသူများစွာ၏ စိတ်အာရုံကို ဆွဲဆောင်မိသွားလေသည်။
“ဟမ်...”
ပုံပြောအဖိုးအို၏ ပုံရိပ်က လေထဲမှာ ရုတ်တရက်ပေါ်ထွက်လာ၏။
“မျိုးနွယ်စုခေါင်းဆောင်သွေးကံကြမ္မာ... မင်းက ပဟေဠိနန်းတော်ကို ဘာလာလုပ်တာလဲ”
သူက လေထဲရှိသွေးနွယ်ပင်ကို အေးစက်စွာစိုက်ကြည့်ပြီး ငေါက်ငမ်းလိုက်၏။
“ဘာတွေဆက်ပြီးစောင့်နေတာလဲ... ထွက်သွားစမ်း”
ပုံပြောအဖိုးအိုသည် အလွန်တရာစီးပိုးခြယ်လှယ်မှုရှိပြီး ယဥ်ကျေးမှုအရ လောကဝတ်စကားပြောဆိုနေခြင်း မရှိပေ။
ပုံပြောအဖိုးအိုထံမှ ငေါက်ငမ်းသံနှင့်အတူ သွေးရောင်တိမ်စိုင်များက ပျက်ပြယ်သွားပြီး သွေးရောင်နွယ်ပင်သည် နောက်သို့ဆုတ်သွားကာ တစ်ခဏချင်းမှာပင် လူတစ်ယောက်အဖြစ် လေထဲမှာပြောင်းလဲသွား၏။
မျိုးနွယ်စုခေါင်းဆောင် သွေးကံကြမ္မာသည် သက်လတ်ပိုင်းအရွယ်မျှသာ ရှိလေသည်။ သို့သော်လည်း သူ၏မျက်လုံးများက သန်မာအားကောင်းသော သွေးရောင်အလင်းများနှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေပြီး သူ၏နှုတ်ခမ်းများက နီရဲနေ၏
“ဟီးဟီး....”
မျိုးနွယ်စုခေါင်းဆောင်သွေးကံကြမ္မာက ထူးဆန်းစွာ ရယ်မောလိုက်၏။
“လတ်စသတ်တော့.... ဂမ္ဘီရဧကရာဇ်က ဒီနေရာကို စောင့်ကြပ်နေတာကိုး... ငါတော်တော်ကံဆိုးတာပဲ... ကဲ အပိုတွေပြောမနေတော့ဘူး အထီးကျန်သိုင်းသခင်က ပဟေဠိနန်းတော်ထဲမှာ ရှိတယ်မလား”
“သူက ပဟေဠိနန်းတော်ထဲမှာ ရှိမရှိ မင်းမျက်စိနဲ့မင်း မရှာနိုင်ဘူးလား”
ပုံပြောအဖိုးအိုက အမူအရာကင်းမဲ့စွာဖြင့် လှောင်ရယ်လိုက်၏။
“မင်းတို့တွေက သူ့အပေါ်မှာ သတ်ဖြတ်ခြင်းတံဆိပ်ပြားကို ထုတ်ပြန်ထားတယ်မလား... ဒါတောင် မင်းရဲ့အစွမ်းအစနဲ့ သူ့ကိုမရှာနိုင်ဘူးလား”
“ဟီးဟီး”
မျိုးနွယ်စုခေါင်းဆောင်သွေးကံကြမ္မာက ပုံပြောအဖိုးအိုကို အေးစက်စွာစိုက်ကြည့်ပြီး ပြုံးလိုက်လေသည်။
“စောစောကတင် ငါက... သတ်ဖြတ်ခြင်းတံဆိပ်ပြားရဲ့အော်ရာကို ဒီနားလေးမှာ အာရုံခံမိခဲ့တယ်... ဒါပေမဲ့ ဘာလို့လဲမသိဘူး... အဲ့ဒါက တစ်ခဏချင်း ပျောက်ကွယ်သွားတယ်”
“အဲ့ဒါဆိုလည်း... ဆက်ပြီး လိုက်ရှာလေ... ပဟေဠိနန်းတော်ရှေ့မှာတော့ ရပ်မနေနဲ့.... လစ်စမ်း”
ပုံပြောအဖိုးအိုက သူ့မျက်လုံးထဲရှိ အေးစက်နေသော သတ်ဖြတ်လိုစိတ်နှင့်အတူ နောက်တစ်ဖန်ကျိန်ဲဆဲ ပြောဆိုလိုက်၏။
သူသည် နောက်ခဏ၌ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားသည့်အလားပင်။
မျိုးနွယ်စုခေါင်းဆောင်သွေးကံကြမ္မာက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ လှောင်ရယ်လိုက်၏။
“ဂမ္ဘီရဧကရာဇ်... ဒီအရှုပ်ထုပ်မှာ ဝင်မပါဖို့ ကျုပ် ခင်ဗျားကို အကြံပေးလိုက်မယ်”
“အဲ့ဒီကောင်လေး... အထီးကျန်သိုင်းသခင်က ကျုပ်တို့ကမ္ဘာဦးမျိုးနွယ် ၆ စုရဲ့ အမဲလိုက်တာကို ခံနေရပြီ”
“ကျုပ်က... ဒီနေ့ဒီနေရာမှာ အထီးကျန်သိုင်းသခင်ရဲ့ အော်ရာကို မထောက်လှမ်းနိုင်ခဲ့ဘူးဆိုပေမဲ့ ကျုပ်တို့သွေးနွယ်ပင်မျိုးနွယ်ရဲ့ ဧကရာဇ်တစ်ပါး ပေါ်ထွက်လာတာနဲ့ သူက အထီးကျန်သိုင်းသခင်ရဲ့ တည်နေရာကို သေချာပေါက်ထောက်လှမ်းနိုင်လိမ့်မယ်”
“အဲ့ဒီအချိန်ကျရင်... ပဟေဠိနန်းတော်မှာ အထီးကျန်သိုင်းသခင်ရှိနေတာကို ကျုပ်တို့ရှာဖွေတွေ့ရှိမယ်ဆိုရင် ခင်ဗျားက ကမ္ဘာဦးမျိုးနွယ် ၆ စုရဲ့ အမျက်ဒေါသကို ခံယူဖို့ပြင်ထားလိုက်တော့”
“မင်းတော်တော်နားညီးတဲ့ကောင်ပဲ”
ရုတ်တရက်ပုံပြောအဖိုးအိုက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီ မျိုးနွယ်စုခေါင်းဆောင် သွေးကံကြမ္မာရှိရာဘက်သို့ လွှဲယမ်းကာ ညင်သာစွာ ရေရွတ်လိုက်၏။
“မဟာဆုတ်ဖြဲခြင်းနည်းစနစ်”
ရွှစ်...
ပုံပြောအဖိုးအိုသည် သူ၏လက်ကို ရိုးရှင်းစွာဝေ့ယမ်းလိုက်ခြင်းဖြစ်သော်လည်း အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက သူ၏လက်ဖဝါးကနေ ပေါက်ကွဲထွက်ပေါ်လာပြီး လေဟာနယ်တစ်ခုလုံးကို နှစ်ပိုင်းစုတ်ပြဲသွားစေ၏။
“အဲ့ဒါက မဟာနတ်ဘုရားစွမ်းအားတစ်ခုပဲ”
မျိုးနွယ်စုခေါင်းဆောင် သွေးကံကြမ္မာ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး နောက်သို့လှည့်ထွက်ပြေးလိုက်၏။
ထိုသို့ဆိုလျှင်တောင် သူက နောက်ကျသွားဆဲဖြစ်၏။
ပုံပြောအဖိုးအိုသည် အလွန်တရာ စီးပိုးခြယ်လှယ်မှုရှိပြီး နောက်ထပ်မည်သည့်စကားမှ မဆိုတော့ပဲ သူ့ကို တိုက်ခိုက်လာလိမ့်မည်ဟု သူက ထင်မှတ်မထားမိပေ။
မဟာနတ်ဘုရားစွမ်းအားက သူ့အပေါ်သို့ ချက်ချင်းပင် ဆင်းသက်လာ၏။
ချက်ချင်းပင် သူ၏ခန္ဓာကိုယ်က မရေမတွက်နိုင်အောင် အပိုင်းပိုင်းစုတ်ပြဲသွားပြီး သွေးများက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။
ထိုမဟာနတ်ဘုရားစွမ်းအား၏ အောက်တွင် ကြေမွသွားသော အသားစများက ဆက်လက်ပေါက်ကွဲသွားပြီး သွေးမြူများအဖြစ် ပြောင်းလဲသွား၏။
အဲ့ဒါသည် သူ၏ အလောင်းပါမကျန်အောင် ချေမွဖျက်ဆီးလိုက်ခြင်းနှင့် တူလေသည်။
ပြတ်တောက်သွားသော ခြေလက်များကို ပြန်လည်ပေါက်စေနိုင်သည့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ဤကဲ့သို့သောအခြေအနေကနေ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အဲ့ဒီနောက် သွေးရောင်အလင်းတန်းတစ်ခုသည် သွေးမြူများကြားကနေ ကောင်းကင်ပေါ်သို့ ထိုးတက်လာပြီး အဝေးတစ်နေရာသို့ ထွက်ပြေးသွား၏။
လေထဲရှိ သွေးမြူများသည် သွေးရောင်အလင်းတန်းရှိရာသို့ မြင်နိုင်သောနှုန်းထားဖြင့် တလိပ်လိပ်တိုးဝင်လိုက်ပါသွားကြ၏။ တစ်ခဏအတွင်းမှာပင် မျိုးနွယ်စုခေါင်းဆောင် သွေးကံကြမ္မာ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးသွားလေပြီ။
ပဟေဠိနန်းတော်မှ ကျင့်ကြံသူများက ထိုသည်ကိုမြင်သောအခါ အံအားတသင့်ရေရွတ်လိုက်ကြ၏။
“အဲ့ဒါက မဟာယာနအဆင့်မှာသာ နားလည်ဆင်ခြင်နိုင်တဲ့ နတ်ဘုရားစွမ်းအားတစ်ခုဖြစ်ရမယ်... အဲ့ဒါ သွေးကနေပြန်လည်ရှင်သန်ခြင်းပဲ”
“အရမ်းကြောက်ဖို့ကောင်းတယ်... မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို သတ်ဖြတ်ဖို့က တော်တော်ခဲယဥ်းတာပဲ”
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အကန့်အသက်မဲ့သော ဓမ္မစွမ်းအားများကို ပိုင်ဆိုင်ပြီး ပြတ်တောက်သွားသော ခြေလက်များကို ပြန်လည်ပေါက်စေနိုင်၏။
မဟာယာနအဆင့်မှာဆိုလျှင် သူတို့သည် နတ်ဘုရားစွမ်းအားများကို ပိုင်ဆိုင်လာပေလိမ့်မည်။ သူတို့၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးမခံရသရွေ့ သူတို့သည် သွေးတစ်စက်ရှိရုံမျှနှင့် ပြန်လည်ရှင်သန်နိုင်ကြလေသည်။
စောစောကတင် မျိုးနွယ်စုခေါင်းဆောင် သွေးကံကြမ္မာသည် သွေးကနေပြန်လည်ရှင်သန်ခြင်း နတ်ဘုရားစွမ်းအားကို ထုတ်ဖော်အသုံးပြုခဲ့၏။
“ဂမ္ဘီရဧကရာဇ်... သိပ်ပြီးတော့ ဘဝင်ခိုက်မနေနဲ့... သွေးနွယ်ပင်မျိုးနွယ်က ပြန်လာခဲ့မယ်”
မျိုးနွယ်စုခေါင်းဆောင် သွေးကံကြမ္မာသည် အဝေးသို့ ပြေးထွက်သွားပြီဖြစ်သော်လည်း သူ၏အသံက မုန်းတီးမှုတို့နှင့် မကျေမချမ်းမှုများနှင့် ပြည့်နှက်နေ၏။
ပုံပြောအဖိုးအိုသည် ထွက်ပြေးသွားသောသွေးရောင်အလင်းတန်းကို မှင်သေသေအမူအရာဖြင့် ကြည့်နေပြီး နောက်ကနေ လိုက်လံဖမ်းဆီးခြင်း မရှိပေ။
“အကုန်လုံး... ကိုယ့်နေရာကိုယ် ပြန်ကြတော့”
သူက ပဟေဠိနန်းတော်ဆီ ပြန်ရောက်လာပြီး သာမန်ကာလျှံကာပြောလိုက်၏။
ပဟေဠိနန်းတော်က ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် လူစုခွဲလိုက်ကြ၏။ သို့သော်လည်း သူတို့အားလုံးသည် ဤကိစ္စကို စိတ်လှုပ်ရှားစွာဖြင့် အသည်းအသန်ဆွေးနွေးနေကြပြီဖြစ်၏။