← Chapters

နတ်ဘုရားစွမ်းအားများ

Vol. 99 Ch. 1473

နတ်ဘုရားစွမ်းအားများ

Vol. 99 Ch. 1473

ပုံပြောအဘိုးအို၏ အသံက ဆက်လက်၍ ထွက်ပေါ်လာ၏။

“ခွန်လွင် အပျက်အစီးနယ်မြေမှာ သေဆုံးခဲ့ရတဲ့ ကျင့်ကြံသူတွေ အများကြီးပဲ… သူတို့က မရေမတွက်နိုင်အောင်ပဲ.. အဲဒီ အံ့မခန်းတိုက်ပွဲမှာ မရေမတွက်နိုင်တဲ့ နတ်ဘုရားစွမ်းအားတွေကိုလည်း ထုတ်ဖော်ခဲ့ကြတယ်… ခွန်လွင်တောင်ကြောရိုးက ပျက်စီးပြိုကျသွားတာ​တောင် အဲဒီ အပျက်အစီးနယ်မြေမှာ အရမ်းကို ကြောက်စရာကောင်းတဲ့ နတ်ဘုရားစွမ်းအားတွေက ထာဝရ ကျန်ရှိနေခဲ့တယ်”

ဆူဇီမိုက တိတ်တဆိတ် တုန်လှုပ်သွား၏။

ကမ္ဘာဦးခေတ် စစ်ပွဲမှာ မရေမတွက်နိုင်သော မျိုးနွယ်စုများသည် ဖျက်ဆီးခံခဲ့ရပြီး ကမ္ဘာဦးမျိုးနွယ် ၉ စုကလည်း ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးရကာ ကမ္ဘာဦးတဗူး သုံးမျိုးလည်း သေဆုံးခဲ့ရ၏။ ခွန်လွင် အပျက်အစီးနယ်မြေမှာ ကျန်ရစ်ခဲ့သည့် နတ်ဘုရားစွမ်းအားများက ဘယ်လောက်တောင် ကျယ်ပြန့်ပြီး ​ကြောက်စရာကောင်းလိုက်မလဲ..။

အဲဒါက လုံးဝကို စဉ်းစားကြည့်၍ မရနိုင်အောင်ပင်။

ပုံပြောအဘိုးအိုက ပြောလိုက်၏။

“အဲဒီ ​ကြောက်စရာကောင်းတဲ့ နတ်ဘုရားစွမ်းအားတွေက အဲဒီနေရာမှာ အရမ်းကို ထူးခြားတဲ့ နယ်မြေဒေသတစ်ခုကို ဖြစ်ပေါ်လာစေတယ်… မဟာယာနမျိုးနွယ်စုခေါင်းဆောင် တစ်ယောက်ယောက် အဲဒီထဲကို ဝင်ရောက်မယ်ဆိုရင် နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခု အလွယ်တကူ ဖြစ်ပေါ်လာလိမ့်မယ်”

နတ်ဘုရားစွမ်းအား မုန်တိုင်း…

ဆူဇီမိုနှင့် နတ်ဆိုးမကျိသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့၏ ကျင့်ကြံမှုအဆင့်အရ သူတို့အနေဖြင့် နတ်ဘုရားစွမ်းအား မုန်တိုင်းဟုခေါ်သော အရာက ဘယ်လိုတည်ရှိမှု အမျိုးအစားလည်းဆိုတာ စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။

တကယ်ဆို သူတို့နှစ်ယောက်စလုံး နတ်ဘုရားစွမ်းအားများနှင့် ပတ်သက်၍ များစွာ သိရှိခြင်းပင် မရှိကြချေ။

ပုံပြောအဘိုးအိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“သာမန် နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခုကို နှိုးဆွမိမယ်ဆိုရင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ရှင်သန်နိုင်ကောင်း ရှင်သန်နိုင်လိမ့်မယ်… ဒါပေမဲ့ မဟာနတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခုကို နှိုးဆွမိရင်တော့ သူတို့က သေကြရလိမ့်မယ်”

“အန္တိမနတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာမယ်ဆိုရင်တော့.. ဧကရာဇ်တွေတောင်မှ အလွယ်တကူ ချေမွဖျက်ဆီးခံရလိမ့်မယ်”

“သာမန်နတ်ဘုရားစွမ်းအားနဲ့ မဟာနတ်ဘုရားစွမ်းအားလား”

ဆူဇီမိုက ပို၍ပင် တွေဝေရှုပ်ထွေးသွား၏။

“ရှေးဟောင်းခေတ်တုန်းက ခွန်လွင်အပျက်အစီးနယ်မြေ စတင်ဖြစ်ပေါ်လာစတုန်းက ကမ္ဘာဦးမျိုးနွယ်ရဲ့ မဟာယာနမျိုးနွယ်စုခေါင်းဆောင် ၁၀ယောက်ကျော်နဲ့ ဧကရာဇ်နှစ်ပါးက အဲဒါကို စွန့်စားရှာဖွေဖော်ထုတ်ချင်ခဲ့ကြတယ်”

ပုံပြောအဘိုးအိုက ပြောလိုက်၏။

“ကံဆိုးစွာနဲ့ပဲ… သူတို့အားလုံးက ချေမှုန်းဖျက်ဆီးခံလိုက်ရတယ်”

ဆူဇီမိုက ပင့်သက်ကို ရှိုက်လိုက်၏။

ထိုသို့ဆိုလျှင်.. ခွန်လွင်အပျက်အစီးနယ်မြေကို ကမ္ဘာဦးမျိုးနွယ်များ၏ တားမြစ်နယ်မြေဟု​ ဆိုခြင်းမှာ ချဲ့ကားရာ မကျပေ။

အဲဒါပြီးနောက်.. နှစ်ပေါင်းသောင်းချီ ကြာမြင့်တိုင်း ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် မချင့်မရဲဖြစ်၍ ခွန်လွင်အပျက်အစီးနယ်မြေကို စွန့်စားသွားလာချင်ခဲ့ကြ၏။

နောက်ဆုံးမှာတော့.. ကမ္ဘာဦးစစ်ပွဲတုန်းက ထိုအပျက်အစီးနယ်မြေတွင် ရတနာများစွာ ကျန်ရစ်ခဲ့လေသည်။ အဲဒါတွေက ဘယ်လောက်တောင် များပြားသလဲ စဉ်းစားကြည့်ဖို့ပင် ခဲယဉ်း၏။

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ကမ္ဘာဦးစစ်ပွဲမှာ များစွာသော မျိုးနွယ်စုများသည် ဖျက်ဆီးခံခဲ့ရပြီး မရေမတွက်နိုင်သော ပညာရှင်များက သေဆုံးခဲ့ကြရ၏။ ထိုပညာရှင်များ ကျန်ရစ်ခဲ့သည့် ရတနာများက ပိုင်ရှင်မဲ့ဖြစ်ကုန်ကြလေပြီ။ သူသည် ထိုအပျက်အစီးနယ်မြေမှာ ရှိသည့် ရတနာများ အားလုံးကို သိမ်းဆည်းနိုင်မည် ဆိုလျှင် အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း၊ သားရဲနယ်မြေ ၈ခွင်၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်းနှင့် ဗုဒ္ဓ​ကျောင်းတော် ၆ကျောင်း ပေါင်းစည်းထားသည့် အခြေခံအုတ်မြစ်ကပင် အဲဒါနှင့် ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေလိမ့်မည်။

ပုံပြောအဘိုးအိုက ပြောလိုက်၏။

“ဒါပေမဲ့… ခွန်လွင်အပျက်အစီးနယ်မြေကို အဲဒီနေ့တွေထဲမှာ ဝင်ရောက်ခဲ့ကြတဲ့ ကမ္ဘာဦးမျိုးနွယ်ရဲ့ ပညာရှင်တွေများစွာကြားမှာ သူတို့ထဲက တစ်ယောက်ကပဲ အသက်ရှင်လျက် ပြန်ရောက်လာနိုင်ခဲ့တယ်.. သူကလည်း သေလုမျောပါးဖြစ်လာခဲ့တယ်”

အဲဒီအချိန်ကစပြီး မည့်သည့် ကမ္ဘာဦးမျိုးနွယ်ကမှ ထိုအပျက်အစီးနယ်မြေကို ခြေမချရဲကြတော့ပေ။

“လူသားမျိုးနွယ်ရဲ့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေကရော..”

ဆူဇီမိုက သိချင်စိတ်ဖြင့် မေးလိုက်၏။

“သူတို့ကလည်း မဝင်ရောက်နိုင်ကြဘူး”

ပုံပြောအဘိုးအိုက ခေါင်းခါ၍ သူ၏အသံက တိကျသေချာနေ၏။

ပြောစရာမလိုအောင်ပင်… ရှေးဟောင်းခေတ်ကနေ ယခုအချိန်ထိ ထိုနေရာသို့ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြသော လူသားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင်များစွာ​ သေချာပေါက် ရှိခဲ့ပေလိမ့်မည်။ သို့သော်လည်း သူတို့က အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ကြပေ။

နတ်ဆိုးမကျိက ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။

“မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေတောင် မဝင်ရောက်နိုင်ဘူး ဆိုမှတော့ ဓမ္မဝိသေသ တာအိုအရှင်တွေနဲ့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေက အဲဒီထဲကို ဝင်ရောက်နိုင်ပါ့မလား..”

“ရတယ်”

ပုံပြောအဘိုးအိုက ခေါင်းညိတ်ပြလိုက်၏။

“မဟာယာနအဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေအနေနဲ့ အဲဒီထဲကို ဝင်ရောက်မယ်ဆိုရင်.. နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခုကို နှိုးဆွမိမှာ မဟုတ်ဘူး.. ဒါပေမဲ့…”

“ခွန်လွင် အပျက်အစီးနယ်မြေက အရမ်းကို အန္တရာယ်များလွန်းတယ်.. မဟာယာနအဆင့်အောက်မှာ ရှိတဲ့ ကျင့်ကြံသူတွေက အဲဒီထဲကို တကယ်ပဲ စွန့်စားဝင်ရောက်ခဲ့ကြဖူးတယ်.. သူတို့ထဲက အနည်းအကျဉ်းကပဲ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ကြတယ်”

“နောက်ပြီး.. အဲဒီလူတွေကလည်း ခွန်လွင် အပျက်အစီးနယ်မြေရဲ့ အနက်ပိုင်းထဲကို မရောက်ရှိဘဲ အပြင်ဘက် အစပ်ကနေပဲ ပြန်လှည့်လာခဲ့ကြတာ”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်.. ပုံပြောအဘိုးအိုက ပြောလိုက်၏။

“မူလတည်ထောင်သူ သခင်မ လင်းလုံက မဟာယာနအဆင့်ကို မဝင်ရောက်ခင်.. သူက ကမ္ဘာဦးနတ်ဘုရား ဆေးပင်တစ်ပင်အတွက် ခွန်လွင် အပျက်အစီးနယ်မြေထဲကို စွန့်စားဝင်ရောက်ခဲ့ဖူးတယ်”

“မူလတည်ထောင်သူ သခင်မ လင်းလုံရဲ့ မှတ်တမ်းအရဆို.. ခွန်လွင် အပျက်အစီးနယ်မြေမှာ အတိတ်ကာလတုန်းက ပညာရှင်တွေ ချန်ထားရစ်ခဲ့တဲ့ ရတနာတွေတင် မကဘူး.. အဲဒီမှာ ကမ္ဘာဦးခေတ်ရဲ့ စိတ်ဝိညာဉ်ဆေးပင်တွေနဲ့ သစ်ပင်တွေပါ မရေမတွက်နိုင်အောင် ရှိနေတယ်”

“တကယ်တော့ အဲဒါတွေအပြင်.. ကမ္ဘာဦးစစ်ပွဲမှာ ဆိတ်သုဉ်းပျောက်ကွယ်သွားတဲ့ မျိုးနွယ်စုများစွာလည်း အဲဒီထဲမှာ ရှိနေကြသေးတယ်”

“အဲဒီ သက်ရှိတွေက အတူရောနှောနေထိုင်ကြပြီး ခွန်လွင် အပျက်အစီးနယ်မြေမှာ တစ်ယောက်နဲ့တစ်ယောက်ပေါင်းစည်း မျိုးပွားခဲ့ကြတယ်… သူတို့က အဲဒီပတ်ဝန်းကျင်မှာ နေသားကျသွားပြီး မျိုးနွယ်စုအသစ်တစ်ခု ဖြစ်လာခဲ့တယ်”

“နတ်မိမယ် လင်းလုံက သူတို့ကို ခွန်လွင်မျိုးနွယ်တွေလို့ ခေါ်ခဲ့တယ်”

ဆူဇီမိုက တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။

ခွန်လွင်မျိုးနွယ်သည် တကယ်တော့ မျိုးနွယ်အသစ်တစ်ခု မဟုတ်ဘဲ အမျိုးမျိုးသော မျိုးနွယ်စုများ ပေါင်းစည်းထားသည့် ပေါင်းစည်းမျိုးနွယ်တစ်ခုသာ ဖြစ်လေသည်။

အဲဒါက လူသားများ ဖြစ်ချင်ဖြစ်.. သားရဲတောကောင်များ ဖြစ်ချင်ဖြစ်… သို့မဟုတ် သစ်ပင်များပင် ဖြစ်နိုင်လေသည်။

ခွန်လွင် အပျက်အစီးနယ်မြေသည် အပြင်လောကနှင့် ပိုင်းခြားထားသည့် နေရာတစ်ခုကဲ့သို့ ဖြစ်နေ၏။

ခွန်လွင်မျိုးနွယ်က ထိုနေရာ၏ အရှင်သခင်များ ဖြစ်ကြ၏။

သူတို့သည် ခွန်လွင် အပျက်အစီးနယ်မြေကနေ ထွက်ခွာလာခြင်း မရှိဘဲ အပြင်လောကနှင့် အလွန်တရာ သီးခြားစွာ နေကြလေသည်။ သူတို့က အပြင်လူများ ဝင်ရောက်လာသည်ကို ရှာဖွေတွေ့ရှိမည် ဆိုလျှင်လည်း သူတို့က အပြင်လူများကို သေချာပေါက် ပြန်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။

“အထီးကျန်သိုင်းသခင်..”

ပုံပြောအဘိုးအိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ခွန်လွင် အပျက်အစီးနယ်မြေက ကမ္ဘာဦးခေတ်က ကျန်ရစ်ခဲ့တဲ့ နတ်ဘုရားစွမ်းအားတွေကြောင့် ဖြစ်ပေါ်လာတဲ့ တစ်မူထူးခြားတဲ့ နယ်မြေတစ်ခုပဲ.. အဲဒီနေရာမှာ အချိန်အကြာကြီး ကျင့်ကြံမယ်ဆို.. မင်းရဲ့ ခန္ဓာကိုယ်ထဲက သတ်ဖြတ်ခြင်း တံဆိပ်ပြားကလည်း တဖြည်းဖြည်း သေချာပေါက် ပျက်ပြယ်သွားလိမ့်မယ်”

“မင်းက ခွန်လွင် အပျက်အစီးနယ်မြေကို ဝင်ရောက်မယ်ဆိုရင်.. မင်းက ဂရုစိုက်ရမယ်.. မင်းက ခွန်လွင်မျိုးနွယ်တွေကိုလည်း ရှောင်ရှားရမယ်… မင်းက ခွန်လွင် အပျက်အစီးနယ်မြေရဲ့ အပြင်ဘက် အစပ်နားမှာ လျှို့ဝှက်ပြီး လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုကို ရှာ.. ပြီးရင် မဟာယာနအဆင့်ကို တတ်နိုင်သမျှ မြန်မြန်တက်လှမ်းနိုင်ဖို့အတွက် စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီး ကျင့်ကြံရမယ်”

ဆူဇီမိုက ခေါင်းညိတ်၍ အလေးအနက် ဦးညွှတ်လိုက်၏။

“လမ်းညွန်ပြသမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

ခဏမျှ စဉ်းစားပြီးနောက်.. ဆူဇီမိုက ထပ်မေးလိုက်၏။

“စီနီယာ.. အဲဒီ သာမန်နတ်ဘုရားစွမ်းအားနဲ့ မဟာနတ်ဘုရားစွမ်းအားတွေဆိုတာ ဘာတွေလဲ”

ပုံပြောအဘိုးအိုက ညင်သာစွာ ပြုံးလိုက်၏။

“မင်း.. မဟာယာနအဆင့်ကို တက်လှမ်းလိုက်တာနဲ့ အဲဒီအရာတွေကို သိလာလိမ့်မယ်… ဒါပေမဲ့ အဲဒါကို ကြိုသိထားလည်း ဘာမှတော့ မဖြစ်ပါဘူး”

“နတ်ဘုရားစွမ်းအားတွေကို သုံးမျိုးသုံးစား ခွဲခြားနိုင်တယ်.. အမည်အားဖြင့်ဆိုရင် သာမန်၊ မဟာနဲ့ အန္တိမ နတ်ဘုရားစွမ်းအားတွေပဲ”

“တစ်ဆင့်ချင်းအလိုက်.. အဲဒီနတ်ဘုရားစွမ်းအားတွေရဲ့ စွမ်းအားကလည်း တစ်ဟုန်ထိုး မြင့်တက်လာလိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်ပြီး ထပ်မေးလိုက်၏။

“စောစောက မျိုးနွယ်စုခေါင်းဆောင် သွေးကံကြမ္မာ ထုတ်ဖော်ခဲ့တဲ့ နတ်ဘုရားစွမ်းအားလေ… သွေးတစ်စက်ကနေ သူ့ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်တာ.. အဲဒါက ဘယ်အဆင့်မှာ ရှိလဲ”

“အဲဒါက သာမန်နတ်ဘုရားစွမ်းအားတွေထဲက တစ်ခုပဲ”

ပုံပြောအဘိုးအိုက မှင်သေသေဖြင့် ပြောလိုက်၏။

ဆူဇီမိုနှင့် နတ်ဆိုးမကျိက ရင်တစ်ချက်ထိတ်သွား၏။

သွေးကနေ ပြန်လည်ရှင်သန်ခြင်းကဲ့သို့ စွမ်းအားကြီးမားသော နည်းလမ်းတစ်ခုပင်လျှင် သာမန်နတ်ဘုရားစွမ်းအားတစ်ခုမျှသာ ဖြစ်၏။

မဟာနတ်ဘုရားစွမ်းအား သို့မဟုတ် အန္တိမ နတ်ဘုရားစွမ်းအား တစ်ခုခုကို ထုတ်ဖော်လိုက်မည်ဆိုလျှင် ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ စဉ်းစားကြည့်နိုင်၏။

ပုံပြောအဘိုးအိုက ပြောလိုက်၏။

“သာမန်နတ်ဘုရားစွမ်းအား တစ်သောင်းရှိပြီး မဟာနတ်ဘုရားစွမ်းအားကတော့ ထောင်နဲ့ချီ ရှိတယ်.. ဒါပေမဲ့ အန္တိမ နတ်ဘုရားစွမ်းအားတွေကတော့ ဆယ်ဂဏန်းလောက်ပဲ ရှိတယ်”

“ပုံမှန်အခြေအနေမှာဆိုရင် သာမန်နတ်ဘုရားစွမ်းအား ဆယ်ခုကျော်ကို ပေါင်းစည်းထားရင်တောင် အဲဒါက မဟာနတ်ဘုရားစွမ်းအားတစ်ခုကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

“မဟာနတ်ဘုရားစွမ်းအား အခုတစ်ရာကို ပေါင်းစည်းထားရင်တောင် အန္တိမ နတ်ဘုရားစွမ်းအား တစ်ခုကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

နတ်ဘုရားစွမ်းအားများကို အဆင့်သုံးဆင့်သာ ခွဲခြားထားသော်လည်း သူတို့အကြား ခွန်အားကွာဟချက်က အရမ်းကို ကြီးမားလေသည်။

ခဏမျှ ရပ်တန့်ပြီးနောက် ပုံပြောအဘိုးအိုက တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

“တကယ်တော့ မူလတည်ထောင်သူ သခင်မလင်းလုံက အဲဒီမှာ အန္တိမ နတ်ဘုရားစွမ်းအားတွေရဲ့ အထက်မှာ နောက်ထပ် နတ်ဘုရားစွမ်းအားတစ်မျိုး ရှိနိုင်လောက်သေးတယ်လို့ ပြောခဲ့ဖူးတယ်.. အဲဒါက အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားပဲ”

“အနှိုင်းမဲ့ဆိုတာ ဘယ်နတ်ဘုရားစွမ်းအားကမှ အဲဒါကို မယှဉ်နိုင်ဘူးလို့ ဆိုလိုတာပဲ.. အန္တိမ နတ်ဘုရားစွမ်းအားတွေတောင် မရဘူး”

“တကယ်တော့.. နတ်မိမယ် လင်းလုံကလည်း အဲဒါကို ကြားပဲ ကြားဖူးခဲ့တာ.. နောက်ဆုံးမှာတော့ ကမ္ဘာဦးခေတ်ကနေ အခုချိန်ထိ အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားတွေက တစ်ခါမှ ပေါ်ထွက်မလာခဲ့ဖူးဘူး”

ပုံပြောအဘိုးအိုက ပြုံးလိုက်၏။

“အဲ့လိုမျိုး နတ်ဘုရားစွမ်းအားတစ်ခု တကယ်ပဲ ရှိမယ်ဆို.. အဲဒါကို ထုတ်ဖော်လိုက်တာနဲ့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတောင် အပျက်အစီးပုံဘဝ ပြောင်းလဲသွားလိမ့်မယ်… အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားတွေဆိုတာ တကယ်တော့ ယုံတမ်းစကားတစ်ခုလိုပါပဲ….”

All Chapters