← Chapters

တာအိုအတိဒုက္ခ ၃ မျိုး

Vol. 99 Ch. 1474

တာအိုအတိဒုက္ခ ၃ မျိုး

Vol. 99 Ch. 1474

“သမိုင်းတစ်လျှောက်မှာ ကျင့်ကြံသူတွေ သန်းပေါင်းများစွာရှိခဲ့တယ်... ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း မရေမတွက်နိုင်အောင်ပဲ... ဒါပေမဲ့ သူတို့ထဲက အနည်းအကျဥ်းလောက်ကပဲ မဟာယာနအဆင့်ကို တက်လှမ်းပြီး မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့အတွက် နတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်နိုင်ကြတယ်... အဲ့ဒါဘာလို့လဲ မင်းသိလား”

ပုံပြောအဖိုးအိုက မေးလိုက်၏။

“နတ်ဘုရားစွမ်းအားကပ်ဘေးကြောင့်လား”

ဆူဇီမိုက မရေမရာပြန်ဖြေလိုက်၏။

ပေါင်းစည်းခန္ဓာအဆင့်ကနေ မဟာယာနအဆင့်ကိုတက်လှမ်းခြင်းမှာ လူတစ်ယောက်သည် ကပ်ဘေးတစ်ခုကို ဖြတ်ကျော်ရမည်ဖြစ်ကြောင်း တစ်စုံတစ်ယောက်က သူ့ကို ပြောဖူးလေသည်။ အဲ့ဒါက နတ်ဘုရားစွမ်းအား ကပ်ဘေးဖြစ်၏။

သမိုင်းတစ်လျှောက်တွင် ဤနတ်ဘုရားစွမ်းအားကပ်ဘေးသည် မရေမတွက်နိုင်သော ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများကို မြှုပ်နှံပေးခဲ့လေသည်။

တာအိုအမွေအနှစ်ကုန်းမြေမှ ကျောက်သားရုပ်ထု ၃၀ ကျော်၏ ​ပိုင်ရှင်များအားလုံးသည် တစ်ခေတ်တစ်ခါတုန်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အကျော်ကြားဆုံး ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများဖြစ်ကြ၏။

သို့သော်လည်း ဤလူများသည် နောက်ဆုံးအဆင့်ကို မတက်လှမ်းနိုင်တော့ပဲ မဟာယာနအဆင့်မတိုင်ခင် သူတို့၏ ကျင့်ကြံမှုအဆင့်က ရပ်တန့်ကာ နောင်တများဖြင့် သေဆုံးခဲ့ရ၏။

ပုံပြောအဖိုးက စိတ်ခံစားတချို့နှင့်အတူ ခေါင်းညိတ်ပြလိုက်၏။

“ကျင့်ကြံခြင်းဆိုတာ... အစကတည်းက ကောင်းကင်ဘုံကိုဖီဆန်ရတဲ့ တစ်စုံတစ်ရာပဲ... အဲ့ဒီအချိန်အတွင်းမှာ လူတစ်ယောက်က မရေမတွက်နိုင်တဲ့ အန္တရာယ်တွေနဲ့ တွေ့ကြုံရလိမ့်မယ်... အဲ့ဒီအန္တရာယ်တွေက သူတို့ရဲ့ ကိုယ်တွင်းနတ်ဆိုးတွေဆီက အရင်းခံလာသလို အပြင်လောကက သတ်ဖြတ်လိုစိတ်ဆန္ဒတွေကနေလည်း လာတယ်... ဒါပေမဲ့ အဲ့လိုမျိုး ဘယ်အန္တရာယ်ကိုမှ ကပ်ဘေးတစ်ခုလို့ မခေါ်ဆိုနိုင်ဘူး”

ယခင်က ရွှေအမြုတေ ၊ နိုးထဝိညာဥ် သို့မဟုတ် မူလနတ္ထိအဆင့်များကို ချိုးဖျက်တက်လှမ်းရာမှာ လူတစ်ယောက်သည် အန္တရာယ်များကို တွေ့ကြုံရသော်လည်း သူတို့ကို ကပ်ဘေးတစ်ခုအဖြစ် မသတ်မှတ်နိုင်ခဲ့ပေ။

ကပ်ဘေးဟု ခေါ်ဆိုရသော တစ်စုံတစ်ရာအတွက် အဲ့ဒါသည် ရှင်သန်ဖို့အတွက် အလွန်တရာခဲယဥ်းပြီး သေဆုံးနိုင်ခြေများသော အခြေအနေတစ်ရပ်မှာ ရှိရပေမည်။

ပုံပြောအဖိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“နတ်ဘုရားစွမ်းအားကပ်ဘေးဆိုတာ... တာအိုအတိဒုက္ခ ၃ မျိုးဖြစ်တဲ့ လေ ၊ မီးနဲ့ မိုးကြိုးကို ဆိုလိုတာပဲ”

“အာ...”

ဆူဇီမိုက ရင်ထဲမှာ လှုပ်ခတ်သွား၏။ သူက ထိုစကားလုံးများနှင့် ရင်းနှီးနေသည်ဟု ခံစားရ၏။

ပုံပြောအဖိုးအိုက ပြုံးလိုက်၏။

“မင်းက... တာအိုအမွေအနှစ်ကုန်းမြေအကြောင်းကို တွေးနေတဲ့ပုံပဲ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

တာအိုအမွေအနှစ်ကုန်းမြေမှာ ကပ်ဘေးသုံးဆင့်နယ်မြေတစ်ခုရှိပြီး အဲ့ဒီမှာ ကပ်ဘေးသုံးမျိုးရှိလေသည်။ သူတို့က ယင်လေကပ်ဘေး ၊ ကြမ္မာမီးတောက်ကပ်ဘေးနှင့် မိုးကြိုးကပ်ဘေးတို့ဖြစ်၏။

ပုံပြောအဖိုးအိုက ပြောလိုက်၏။

“အရင်တုန်းက အဲ့ဒီ​နေရာမှာ သူတို့ရဲ့ အမွေအနှစ်တွေကို ချန်ထားရစ်ခဲ့တဲ့... ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေများစွာ ရှိခဲ့တယ်... သူတို့က အဲ့ဒီနေရာမှာ ကပ်ဘေးသုံးခုကို ဖန်တီးခဲ့တယ်ဆိုမှတော့ သူတို့က အဲ့ဒါကို သာမန်ကာလျှံကာ ခင်းကျင်းခဲ့တာ ဘယ်ဟုတ်ပါ့မလဲ...အဲ့ဒီမှာ ပိုပြီးတော့လေးနက်တဲ့ အဓိပ္ပါယ်တစ်ခုရှိတယ်”

ဆူဇီမို၏ မျက်ဝန်းထဲတွင် နားလည်သဘောပေါက်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

“ဒါပေမဲ့...”

ပုံပြောအဖိုးအိုက စကားလမ်းကြောင်းပြောင်းလိုက်၏။

“နတ်ဘုရားစွမ်းအားကပ်ဘေးရဲ့ အတိဒုက္ခ ၃ မျိုးကို ကောင်းကင်နဲ့မြေကြီးက စေလွှတ်ပေးတာ... အဲ့ဒါက ကပ်ဘေးသုံးဆင့်နယ်မြေထက် အများကြီးပိုပြီး ကြောက်စရာကောင်းတယ်”

“အဲ့ဒီလေက ရိုးရိုးသာမန်လေမဟုတ်ဘူး.... အဲ့ဒါက ကောင်းကင်ဘုံခုနှစ်စင်ကြယ်လေပဲ.... လွန်သွားလိုချွန်ထက်ပြီး ဓားသွားတစ်ခုလို ထက်ရှတယ်... အဲ့ဒါက လူတစ်ယောက်ရဲ့ ဦးခေါင်းထဲကနေ ဝင်ရောက်ပြီး သူသွားရာလမ်းတစ်လျှောက် တစ်ကိုယ်လုံးကို မွှေနှောက်ဖျက်ဆီးလိမ့်မယ်.... ကောင်းကင်ဘုံခုနှစ်စင်ကြယ်လေက အရာရာတိုင်းကို ထိုးဖောက်ဖျက်ဆီးပြီး အမြုတေစိတ်ဝိညာဥ်က အဲ့ဒါကို လုံလောက်အောင် မသန့်စင်နိုင်ဘူးဆိုရင် အမြုတေစိတ်ဝိညာဉ်ကလည်း ပျက်ပြယ်သွားရလိမ့်မယ်”

ဆူဇီမိုနှင့် နတ်ဆိုးမကျိက တိတ်တဆိတ် ထိတ်လန့်သွား၏။

“အဲ့ဒီမီးကလည်း သာမန်မီးမဟုတ်ဘူး... အဲ့ဒါက ဆိုးယုတ်မြေကမ္ဘာမီးပဲ... လူတစ်ယောက်ရဲ့ ခြေရင်းကနေ ထိုးတက်လာပြီး သူတို့ရဲ့နှာရောင်အထိ တလိပ်လိပ်ဆက်တက်လာလိမ့်မယ်... လူတစ်ယောက်ရဲ့ခန္ဓာကိုယ်က လုံလောက်အောင် မသန်မာဘူးဆိုရင် ဒါမှမဟုတ် သူတို့ရဲ့မျိုးဆက်သွေးက လုံလောက်အောင်မသန်စွမ်းဘူးဆိုရင် သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေက ပြာကျသွားပြီး သူတို့ရဲ့ခြေလက်တွေက ချက်ချင်းဆွေးရိသွားလိမ့်မယ်... သူတို့ရဲ့ နှစ်သောင်းချီကျင့်ကြံမှုက တစ်ခါတည်း အပြီးတိုင် ပျက်စီးပျောက်ကွယ်သွားလိမ့်မယ်”

ပုံပြောအဖိုးအိုက ဆက်လက်ပြောဆိုလိုက်၏။

“အဲ့ဒီမိုးကြိုးကလည်း သာမန်မိုးကြိုးမဟုတ်ဘူး... အဲ့ဒါက ဒြပ်စင်ငါးမျိုး နတ်ဘုရားမိုးကြိုးပဲ... တစ်ချက်မှားသွားတာနဲ့ သူတို့ရဲ့ ဝိညာဥ်တွေက ပျက်ပြယ်သွားရလိမ့်မယ်”

“သူတို့က ကပ်ဘေးသုံးမျိုးကို မဖြတ်ကျော်နိုင်ဘူးဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ အမြုတေစိတ်ဝိညာဥ်တွေက အလောင်းတောင်မကျန်ပဲ ​ဖျက်ဆီးခံလိုက်ရလိမ့်မယ်”

“တကယ်တော့... သူတို့က အတိဒုက္ခ ၃ မျိုးကပ်ဘေးကနေ ရှင်သန်နိုင်ခဲ့မယ်ဆိုရင် သူတို့က နတ်ဘုရားစွမ်းအားတစ်မျိုးဖြစ်တဲ့ သွေးကနေပြန်လည်ရှင်သန်ခြင်းကို နားလည်ဆင်ခြင်လာနိုင်လိမ့်မယ်”

ဆူဇီမိုက နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်တိုင်းသည် သွေးကနေရှင်သန်ခြင်းကို တတ်ကျွမ်းနေရသည့် အကြောင်းရင်းမှာ သူတို့သည် ထိုနတ်ဘုရားစွမ်းအားကို အတိဒုက္ခ ၃ မျိုး၏ ဆေးကြောသန့်စင်ခြင်းကနေတစ်ဆင့် နားလည်ဆင်ခြင်ထားနိုင်သောကြောင့်ဖြစ်၏။

ရုတ်တရက်... ဆူဇီမိုသည် သူ၏စိတ်ထဲမှာ ရှိနေခဲ့သည့် သံသယတစ်ခုကို အမှတ်ရသွားပြီး မေးလိုက်၏။

“စီနီယာ... ကျင့်ကြံရေးလောကရဲ့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေက ပေါ်ထွက်လာတာ မရှိသလောက်ပဲ... သူတို့အားလုံးက တကယ်ပဲ သူတို့ရဲ့ဂိုဏ်းတွေမှာ တံခါးပိတ်ကျင့်ကြံနေကြတာလား”

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ဆူဇီမိုသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များနှင့် ကြုံတွေ့ရမှု မရှိသလောက်ပင်။ အဲ့ဒါက နည်းနည်းတော့ထူးဆန်းနေ၏။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များအားလုံးသည် နေရာတစ်ခုမှာ ပုန်းကွယ်နေပြီး ကြီးကြီးမားမားကိစ္စတစ်စုံတစ်ရာ မရှိသရွေ့ ပေါ်ထွက်မလာသည့်အလားပင်။

ဤတစ်ခေါက်... ပဟေဠိနန်းတော်မှာ ကြီးကြီးမားမားကိစ္စတစ်စုံတစ်ရာဖြစ်ပွားခဲ့သည့်အခါ မျိုးနွယ်စုခေါင်းဆောင်ချင်ချန်သည် အခြားသောနေရာတစ်ခုကနေ ပြန်လည်ရောက်ရှိလာသည့်ပုံရှိလေသည်။

ပုံပြောအဖိုးအိုက ပြောလိုက်၏။

“ထုံးစံအားဖြင့်တော့ မဟာယာနအဆင့်ကို ဝင်ရောက်ပြီးနောက် လူတစ်ယောက်က ဓမ္မရတနာတွေ ဒါမှမဟုတ် လျှို့ဝှက်အတတ်တွေကို အရေးမလုပ်တော့ဘူး... မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေအားလုံးမှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်... အဲ့ဒါက နတ်ဘုရားစွမ်းအားတွေကို တတ်နိုင်သမျှ များများဆင်ခြင်နိုင်ဖို့ပဲ”

“မင်းက... မဟာယာနအဆင့်ကို တက်လှမ်းနိုင်တာနဲ့ မင်းရဲ့ကျင့်ကြံမှုအဆင့်နဲ့ တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ချင်တယ်ဆိုရင် မင်းက နတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်ရမယ်”

“နတ်ဘုရားစွမ်းအားတစ်မျိုးကို နားလည်ဆင်ခြင်လိုက်တိုင်း... လူတစ်ယောက်ရဲ့ အမြုတေစိတ်ဝိညာဥ် ၊ ခန္ဓာကိုယ်နဲ့ မျိုးဆက်သွေးက အဲ့ဒီနတ်ဘုရားစွမ်းအားရဲ့ ဆေးကြောသန့်စင်ခြင်းကို ခံယူပြီး သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားကလည်း သိသိသာသာတိုးလာလိမ့်မယ်”

“ကျင့်ကြံရေးလောကမှာ နတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်ဖို့အတွက် အကောင်းဆုံးနေရာက ထျန်ဟွမ်ကုန်းမြေတိုက်မှာ ရှိတာမဟုတ်ဘူး... ဒါပေမဲ့...”

ပုံပြောအဖိုးအိုက ရုတ်တရက်ရပ်တန့်ပြီး ဆူဇီမိုကို အကဲစမ်းသည့်ပုံစံဖြင့် ပြုံးစစဖြင့် ကြည့်နေ၏။

ဆူဇီမိုက သူ၏မျက်ခုံးနှစ်ဖက်ကို အနည်းငယ်တွန့်လိုက်၏။

ပုံပြောအဖိုးအို၏ လေသံအရ ဤနေရာက သေချာပေါက် သူသိထားသည့် နေရာတစ်ခုဖြစ်ရပေမည်။ ဒါ့အပြင် အဲ့ဒါက သူရင်းနှီးကျွမ်းဝင်သည့် နေရာတစ်ခုဖြစ်ဖို့များလေသည်။

သို့သော်လည်း သူရင်းနှီးကျွမ်းဝင်သည့် နေရာတစ်ခုက ဘယ်လိုလုပ်ပြီး မျိုးနွယ်စုခေါင်းဆောင်များ နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်သည့်နေရာတစ်ခု ဖြစ်နေပါ့မလဲ။

ရုတ်တရက်ဆိုသလို...

ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲဝင်ရောက်လာပြီး လွှတ်ခနဲ ပြောလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေ..”

ရှေးဟောင်းတိုက်ပွဲမြေသည် သူ့ကိုယ်ပိုင်တည်ဆောက်မှုပုံသဏ္ဌာန်ရှိပြီး သီးခြားလောကတစ်ခုဖြစ်၏။

ဆူဇီမိုသည် အခြေခံနှင့် ဥပစာရှေးဟောင်းတိုက်ပွဲမြေများကို ဝင်ရောက်ခဲ့ဖူးသော်လည်း သူသည် အဆင့်မြင့်ရှေးဟောင်းတိုက်ပွဲမြေနှင့် ပတ်သက်သည့် သတင်းအစအနများကို တစ်ခါမှ မကြားဖူးခဲ့ပေ။

ယခုအဲ့ဒါကို ပြန်တွေးကြည့်မိသောအခါ ဤမျိုးနွယ်စုခေါင်းဆောင်များ နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နေသည့်နေရာသည် အဆင့်မြင့်ရှေးဟောင်းတိုက်ပွဲမြေ ဖြစ်ဖို့များလေသည်။

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“ကျုပ်ထင်တာမမှားဘူးဆိုရင်... ပဟေဠိနန်းတော်မှာ အဆင့်သတ်မှတ်ချက် သုံးခုရှိတယ်... နောက်ဆုံးအဆင့်သတ်မှတ်ချက်ဖြစ်တဲ့ ဓမ္မစွမ်းအားအဆင့်သတ်မှတ်ချက်က အဆင့်မြင့်ရှေးဟောင်းတိုက်ပွဲမြေမှာရှိတာ ဖြစ်ရမယ်”

“ဟုတ်တယ်... အဲ့ဒါအမှန်ပဲ”

ပုံပြောအဖိုးအိုက ချီးကျူးလိုသည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒီနောက်ဆုံး ရှေးဟောင်းတိုက်ပွဲမြေမှာ ကျန်ရစ်ခဲ့တဲ့ နတ်ဘုရားစွမ်းအားတွေ အများကြီးရှိတယ်”

“အဲ့ဒီနတ်ဘုရားစွမ်းအားတွေကို အပျက်အစီးနေရာတချို့မှာ ရှာတွေ့နိုင်တယ်... တစ်ခါတစ်လေ တောင်ထွတ်အချို့ပေါ်မှာ ရှာတွေ့နိုင်သလို... ​သစ်ပင်မြက်ပင်တွေကြားမှာလည်း ရှာတွေ့နိုင်တယ်”

“တကယ်တော့... ခွန်လွန်အပျက်အစီးနယ်မြေမှာ ကျန်ရစ်ခဲ့တဲ့ နတ်ဘုရားစွမ်းအားတွေက ပိုလို့တောင်များသေးတယ်... သူတို့က ပိုပြီးတော့လည်း ကြောက်စရာကောင်းတယ်... ဒါပေမဲ့ ကမ္ဘာဦးစစ်ပွဲက အရမ်းကို ကြီးမားပြင်းထန်ခဲ့ပြီး အဲ့ဒီပတ်ဝန်းကျင်က အရမ်းကို ကြမ်းကြုတ်ဆိုးဝါးလွန်းတဲ့အတွက် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေက အဲ့ဒီ​နေရာကို ခြေချတာနဲ့ နတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုကို နှိုးဆွမိလိမ့်မယ်... သူတို့က နတ်ဘုရားစွမ်းအားမုန်တိုင်းထဲမှာ နတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်ဖို့နေနေသာ အသက်ရှင်ဖို့အခွင့်အရေးတောင် မရှိသလောက်ပဲ”

“အဲ့ဒါနဲ့ ယှဥ်ပြောရရင်... ရှေးဟောင်းတိုက်ပွဲမြေရဲ့ ပတ်ဝန်းကျင်က အတော်လေး ပျော့ပြောင်းတယ်... လူတစ်ယောက်က နတ်ဘုရားစွမ်းအားအကြွင်းအကျန်တစ်ခုကို ရှာဖွေတွေ့ရှိတာနဲ့... သူတို့က အဲ့ဒါကို နားလည်ဆင်ခြင်နိုင်လိမ့်မယ်”

ဆူဇီမိုက နားလည်သဘောပေါက်သွား၏။

သူတို့၏ ကျင့်ကြံမှုနှင့် တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ဖို့အတွက် ကျင့်ကြံရေးလောက၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် ရှေးဟောင်းတိုက်ပွဲမြေမှာ နတ်ဘုရားစွမ်းအားများကို ရှာဖွေကာ နားလည်ဆင်ခြင်နေကြ၏။

ဤဖြစ်စဥ်အတွင်း သူတို့သည် ကျင့်ကြံရေးလောက၏ အရေးကိစ္စများကို စိတ်ဝင်စားခြင်း မရှိတော့ပေ။

နောက်ဆုံးမှာတော့... နတ်ဘုရားစွမ်းအားတစ်ခုကို ရှာတွေ့နိုင်ဖို့က မလွယ်ကူပေ။

ထိုနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်သည့်ဖြစ်စဥ်က ပို၍တောင်ခက်ခဲလေသည်။

ထို့ကြောင့်ပင်လျှင် မျိုးနွယ်စုခေါင်းဆောင်များသည် ပေါ်ထွက်လာခဲပြီး ဂိုဏ်းက ကြီးမားသော ဘေးအန္တရာယ်တစ်ခုနှင့် မကြုံသေးသရွေ့ ဂိုဏ်း၏ ကျင့်ကြံသူများက သူတို့ကို ပြန်လည်ဆင့်ခေါ်လိမ့်မည် မဟုတ်ပေ။

“မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေကပဲ အဲ့ဒီရှေးဟောင်းတိုက်ပွဲမြေထဲကို ဝင်ရောက်နိုင်တာလား”

ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။

ပုံပြောအဖိုးအိုက ခေါင်းခါပြလိုက်၏။

“အဲ့လိုစည်းမျဥ်းစည်းကမ်းမျိုးတော့မရှိဘူး... ဒါပေမဲ့ မင်းရဲ့လက်ရှိကိုယ်ကာယနဲ့ အမြုတေစိတ်ဝိညာဥ်အရဆို... မင်းက အဲ့ဒါကို အတင်းအကျပ်နားလည်ဆင်ခြင်မယ်ဆိုရင် နတ်ဘုရားစွမ်းအားတစ်ခုကိုတောင် မင်းက ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”

ပုံ​ပြောအဖိုးအိုသည် ဆူဇီမို၏စိတ်ကို ဖတ်မိပုံရလေသည်။ ဆူဇီမိုသည် ဘိုးဘေးအဆင့်သို့ တတ်နိုင်သမျှမြန်မြန်တက်လှမ်းဖို့အတွက် နတ်ဘုရားစွမ်းအားများကို အတင်းအကျပ် နားလည်ဆင်ခြင်လိုနေခြင်းဖြစ်၏။

သို့သော်လည်း ကျင့်ကြံရေးမှာ ဖြတ်လမ်းနည်းမရှိပေ။

ပုံပြောအဖိုးအိုကပြောလိုက်၏။

“မင်းက နတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်မယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်နဲ့ အမြုတေစိတ်ဝိညာဥ်က မြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိနေရမယ်... အနည်းဆုံးတော့ အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာက သေချာပေါက် မလုံလောက်သေးဘူး”

All Chapters