← Chapters

ပြိုင်ဘက်ကင်း အဆူရာ

Vol. 99 Ch. 1476

ပြိုင်ဘက်ကင်း အဆူရာ

Vol. 99 Ch. 1476

“ဧည့်သည်တွေလား”

ဆူဇီမိုက ခဏမျှကြောင်အ,မှင်တက်သွား၏။

လင်းရွှမ်ကျီ၏ မျက်နှာအမူအရာအရ အဲ့ဒါက ရန်သူများ မဟုတ်သည်မှာ သိသာလေသည်။

ယခုအချိန်တွင် သူက အလွန်တရာအန္တရာယ်များသော အခြေအနေမှာ ရှိနေပြီး ကမ္ဘာဦးမျိုးနွယ် ၆စု၏ အမဲလိုက်ခြင်းခံနေရ၏။ သူ၏ မိတ်ဆွေဟောင်းများကလွဲလျှင် မည်သူကမှ ဤအချိန်မှာ သူ့ကိုလာရှာရဲကြလိမ့်မည် မဟုတ်ပေ။

ထိုစဥ်မှာပင် လူနှစ်ယောက်က ဝင်ပေါက်ဝမှာ ပေါ်ထွက်လာ၏။ သူတို့နှစ်ယောက်ကို တွေ့မြင်သောအခါ ဆူဇီမိုသည် ရယ်မိသွားလေသည်။ သူက ရှေ့သို့အလောတကြီးတက်ပြိး သူတို့ထဲမှ တစ်ယောက်ကို လက်သီးနှစ်ဖက်ယှက်၍ ဦးညွှတ်လိုက်၏။

“တွေ့ရတာဝမ်းသာပါတယ်ဆရာ”

ထိူလူသည် အသွန်းတစ်ရာဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်အဆုံးစွန်မီးပင်ဖြစ်လေသည်။

အခြားတစ်ယောက်ကတော့ သူမ၏ အရွယ်ကောင်းမှာရှိနေသော မိန်းမပျိုလေးတစ်ယောက်ဖြစ်၏။ သူမ၏ လှိုင်းတွန့်သဏ္ဌာန်ဆံပင်များကို သူမ၏ ပခုံးပေါ်မှာ ဖြန့်ချထားပြီး အနည်းငယ်ညိုးခြောက်နေသော်လည်း အဲ့ဒါက သူမ၏ ပြိုင်ဘက်ကင်းချောလှသည့်မျက်နှာကို ဖုံးကွယ်မထားနိုင်ပေ။

မိန်းကလေး၏ အသားအရည်က ဖြူဝင်း၍ သူမ၏ သွင်ပြင်များက မည်သည့်ချို့ယွင်းချက်မှမရှိပဲ အလွန်တရာချောမောလှပနေ၏။

သူမသည် ​ညှို့ငင်ဖမ်းစားမှုမှာ နတ်ဆိုးမကျိထက် အနည်းငယ်နိမ့်ကျသော်လည်း သူမ၏ ရုပ်ရည်သွင်ပြင်က နိမ့်ကျခြင်း မရှိပေ။

သူမ၏ မျက်လုံးများက သာမန်အနက်နှင့်အဖြူ မဟုတ်ပဲ ကြည်လင်၍ အစိမ်းရောင်သန်းနေပြီး တစ်မူထူးခြားစွာ တလက်လက်တောက်ပနေ၏။

“ဘယ်လောက်တောင်ချောမောလှပတဲ့မိန်းကလေးလဲ... သူမက အခုမှဖွံ့ဖြိုးခါစပဲ ရှိသေးတဲ့ပုံပဲ”

နတ်ဆိုးမကျိပင်လျှင် ထိုမိန်းကလေးကို မြင်သောအခါ အံ့အားတသင့်ရေရွတ်လိုက်ရ၏။

မိန်းကလေးက ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာပြီး ဝမ်းသာအားရစွာဖြင့် ခေါ်လိုက်၏။

ဤမိန်းကလေးသည် နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးတစ်ဝက်ကို ပိုင်ဆိုင်ထားသည့် နန်းကြည်ပင်ဖြစ်လေသည်။ ဆူဇီမိုသည် သူမကို ​ မဟာကျိုးမြို့တော်ကနေ ခေါ်လာခဲ့ပြီး နောက်ပိုင်းတွင် သူမက ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်သွားခဲ့၏။

ဆူဇီမိုသည် တစ်ချက်ဝေ့ကြည့်ပြီးနောက် မသိမသာခေါင်းညိတ်ပြလိုက်၏။

“မဆိုးဘူး... မင်းက ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်လာခဲ့ပြီပဲ”

နန်းကြည်သည် နတ်ဘုရားမျိုးနွယ်၏ အဆက်အနွယ်ကပြားတစ်ယောက်ဖြစ်သော်လည်း သူမ၏ ပါရမီအရည်အချင်းသည် တုန်လှုပ်ဖွယ်ရာကြောက်စရာကောင်းလေသည်။ သူမ၏ကျင့်ကြံမှုသည် ဆူဇီမိုနောက် များစွာကျန်ရစ်ခဲ့ခြင်းမရှိပဲ ထပ်ကြပ်မကွာလိုက်ပါလာခဲ့၏။

အစပ်အနွယ်ကပြားများ၏ မျိုးဆက်သွေးသည် မသန့်စင်သော်လည်း သူတို့၏ အောင်မြင်ထွန်းပေါက်မှုက အခြားသူများထက် နိမ့်ကျခြင်း မရှိပေ။

လွန်ခဲ့သည့် နှစ်လေးသောင်းက ကိုယ်တော်တာမင်းနှင့် သွေးမိစ္ဆာနှစ်ယောက်စလုံးသည် အဆက်အနွယ်မျိုးဆက်သွေးများကို ပိုင်ဆိုင်ထားကြ၏။

သို့သော်လည်း ကမ္ဘာဦးမျိုးနွယ်များ၏ သန့်စင်သောမျိုးဆက်သွေးနှင့် ပညာရှင်များပင်လျှင် အဆင့်တူခြင်းမှာဆို သူတို့နှစ်ယောက်၏ ဖိနှိမ်ခြင်းကို ခံရပေလိမ့်မည်။

“ဆရာ... ခင်ဗျားတို့တွေက ဘာလို့အတူတူ ရောက်လာတာလဲ”

ဆူဇီမိုက မေးလိုက်၏။

အဆုံးစွန်မီးက ပြုံးပြလိုက်၏။

“မင်းက... ကမ္ဘာဦးမျိုးနွယ် ၆စုရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတယ်လို့ ငါကြားတဲ့အခါ ငါက အသွန်းတစ်ရာဂိုဏ်းကနေ နုတ်ထွက်ပြီး လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်... ငါက တောင်ပိုင်းဒေသမှာ မင်းကို သွားရှာဖို့ ပြင်ဆင်ခဲ့တယ်... ဒါပေမဲ့ တောင်ပိုင်းဒေသကို ငါမရောက်ခင်မှာပဲ ပဟေဠိနန်းတော်မှာ ကြီးမားတဲ့တိုက်ပွဲတစ်ခုဖြစ်ပွားနေတယ်လို့ ငါကြားခဲ့ရတယ်... အဲ့ဒါကြောင့် ငါက ဒီနေရာကိုပြေးလာခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ မင်းက ဒီမှာရှိနေတာပဲ”

အဆုံးစွန်မီးသည် အဲ့ဒါကို ခပ်ပေါ့ပေါ့ပင်ပြောခဲ့သော်လည်း ဆူဇီမို၏ နှလုံးသားက လှုပ်ရှားယိမ်းယိုင်သွား၏။

ကမ္ဘာဦးမျိုးနွယ် ၆စုသည် သူ့အပေါ်မှာ သတ်ဖြတ်ခြင်းတံဆိပ်ပြား ထုတ်ပြန်လိုက်သည့်အခါ လူတိုင်းသည် သူနှင့် ပတ်သက်ဆက်နွယ်လိုခြင်း မရှိကြတော့ပေ။ ဒီပင်္ကရာကျောင်းတော်ပင်လျှင် သူတို့ ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် သူ့ကို သူတို့၏ ကျောင်းတော်ထဲသို့ အဝင်မခံရဲခဲ့ပေ။

သို့သော်လည်း အဆုံးစွန်မီးက သူ့ကိုချက်ချင်းပင် လိုက်ရှာခဲ့လေသည်။

ဒါ့အပြင် အဆုံးစွန်မီးသည် အဆိုးဆုံးအခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်၏။ သူသည် အသွန်းတစ်ရာဂိုဏ်း ရောပါငြိစွန်းဒုက္ခရောက်မည်ကို စိုးရိမ်၍ အဲ့ဒါကြောင့်ပင် သူက အသွန်းတစ်ရာဂိုဏ်းကနေ ကြိုတင်နှုတ်ထွက်ထားခဲ့ခြင်းဖြစ်၏။

“ဒီနေရာကို ငါရောက်လာပြီး မကြာခင်မှာပဲ ဒီမိန်းကလေးနဲ့ ငါက တွေ့ခဲ့ရတယ်”

အဆုံးစွန်မီးသည် နန်းကြည်ကို လက်ညိုးထိုးပြပြီး ဆက်ပြောလိုက်၏။

ဆူဇီမိုက နန်းကြည်ကို ကြည့်လိုက်၏။

နန်းကြည်က ပြုံးပြလိုက်လေသည်။

“ရှင်က ကမ္ဘာဦးမျိုးနွယ် ၆စုရဲ့ အမဲလိုက်ခြင်းခံနေရတယ်ဆိုတဲ့ သတင်းကို ကျွန်မကလည်း ကြားခဲ့ရတယ် သခင်လေး... ကျွန်မက ရှင့်ဘေးမှာနေပြီး ကူညီပေးချင်တယ်... အခုကျွန်မက ပေါင်းစည်းခန္ဓာအဆင့်ကို ရောက်နေပြီဆိုတော့... ဆရာကလည်း ကျွန်မကို အပြင်ထွက်ဖို့ ခွင့်ပြုပေးခဲ့တယ်”

“ဆရာ... နန်းကြည်... ခင်ဗျားတို့တွေ... အား...”

ဆူဇီမိုက ညင်သာစွာ သက်ပြင်းချလိုက်သော်လည်း သူ၏နှလုံးသားထဲမှာ နွေးထွေးသော ခံစားချက်တစ်ခုက စီးဆင်းသွား၏။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ လှည့်လည်သွားလာခဲ့ပြီး ရန်သူများ မရေမတွက်နိုင်အောင်ရှိလာခဲ့၏။

သို့သော်လည်း သူ့မှာ သေအတူရှင်မကွာ ရပ်တည်ပေးမည့် မိတ်ဆွေများနှင့် ညီကိုမောင်နှမများလည်း ရှိလာခဲ့၏။

ဤလူများသည် သူက အန္တရာယ်များသောအ​ခြေအနေတစ်ခုမှာ ရှိနေတာကို သိနေလျှင်တောင် သူတို့က သစ္စာရှိ၍ သူ့ကို စွန့်ခွာမသွားကြပေ။

အဲ့ဒါသည် အဆုံးစွန်မီးနှင့် နန်းကြည်အတွက်လည်း ထို့အတူပေ။

အဲ့ဒါသည် ယန်ပေးချန်နှင့် နတ်ဆိုးမကျိအတွက်လည်း ထို့အတူပေ။

ဖက်တီးလေးနှင့် ရှစ်ကျန့်ကလည်း တူညီသောစိတ်သဘောထားရှိကြလေသည်။

အဆုံးစွန်မီးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဇီမို... မင်းအနေနဲ့ အခုဆိုရင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အသက်ရှင်ရပ်တည်ဖို့ခက်ခဲနေပြီ... မင်းက ကမ္ဘာဦးမျိုးနွယ် ၆စုရဲ့ အမဲလိုက်ခံနေရလို့ပဲ... ဒါပေမဲ့... အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တဲ့နေရာတစ်ခုရှိတယ်”

“အို...”

ဆူဇီမိုက သိချင်စိတ်ဖြင့် မေးလိုက်၏။

“ဘယ်နေရာလဲ”

အဆုံးစွန်မီးက ပြန်ဖြေလိုက်၏။

“အဲ့ဒါက…ငါသေလုမတတ်ဖြစ်ခဲ့ပြီး ညဝိညာဥ်နဲ့ မီးပဒေသာဓားဝင်္ကပါကို ရရှိလာခဲ့တဲ့နေရာပဲ”

ဆူဇီမိုသည် ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက်တွေးမိသွားကာ ရင်တစ်ချက်ထိတ်သွား၏။

အဆုံးစွန်မီးက ဆက်ပြောလိုက်၏။

“အဲ့ဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ အဆုံးစွန်မြောက်ဘက်... ခွန်လွင်အပျက်အစီးနယ်မြေပဲ”

ထင်မှတ်ထားသည့်အတိုင်းပင်...

တဗူးဟို့ဥကို အဆုံးစွန်မီးသည် ခွန်လွင်အပျက်အစီးနယ်မြေကနေ ယူဆောင်လာခဲ့ခြင်းဖြစ်၏။

အဲ့ဒါသည် ယခုတင် ဆူဇီမိုတွေးမိနေသည့် ထင်မြင်ယူဆချက်တစ်ခုလည်းဖြစ်၏။

အဆုံးစွန်မီးသည် သူက ကမ္ဘာဦးအပျက်အစီးနယ်မြေတစ်ခုသို့ စွန့်စားသွားလာပြီး သေလုနီးပါးဖြစ်ခဲ့ရသည်ဟု သူကိုပြောခဲ့ဖူးလေသည်။

ထျန်ဟွန်ကုန်းမြေတိုက်ကြီးမှာ အကျော်ကြားဆုံးနှင့် အကြီးမားဆုံး ကမ္ဘာဦးအပျက်အစီးနယ်မြေက ခွန်လွင်အပျက်အစီးနယ်မြေသာ ဖြစ်နိုင်လေသည်။

ပို၍အရေးကြီးသည်မှာ ခွန်လွင်အပျက်အစီးနယ်မြေသည် ကမ္ဘာဦးခေတ်စစ်ပွဲ၏ စစ်မြေပြင်ဖြစ်ခဲ့၏။

ညဝိညာဥ်နှင့်လည်း အတော်လေး ဆက်စပ်မှုရှိနေ၏။

ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲပြီးကတည်းက ညဝိညာဥ်သည် သူနှင့် ကွဲကွာသွားခဲ့ပြီး သူက ဘယ်ဆီဘယ်ဝယ်ရောက်နေသည်ကို မသိရပေ။

သို့သော်လည်း ညဝိညာဥ်သည် အလွယ်တကူ သေသွားလိမ့်မည် မဟုတ်ဟု ဆူဇီမိုက ယုံကြည်၏။

ညဝိညာဥ်က အသက်ရှင်နေဦးမည်ဆိုလျှင် သူက ခွန်လွင်အပျက်အစီးနယ်မြေကို ရောက်သွားတာများလား။

အဆုံးစွန်မီးက ပြောလိုက်၏။

“ငါက... ဘာပဲပြောပြော အဲ့ဒီကမ္ဘာဦးအပျက်အစီးနယ်မြေကို အရင်က ရောက်ခဲ့ဖူးတယ်... အဲ့ဒီနေရာနဲ့ ပတ်သက်ပြီး ငါက နည်းနည်းပါးပါး နားလည်ထားတာရှိတယ်... ငါတို့အတူသွားကြမယ်ဆိုရင်... အသက်ရှင်ဖို့အတွက် အခွင့်အရေးပိုများလာနိုင်တယ်”

ဆူဇီမိုက အလေးအနက်တွေးကာ ခေါင်းညိတ်လိုက်၏။

အစကတည်းက ခွန်လွင်အပျက်အစီးနယ်မြေသည် သူသွားရောက်ကျင့်ကြံရမည့်နေရာဖြစ်၏။

သို့သော် ယခုအခါ ခွန်လွင်အပျက်အစီးနယ်မြေမှာ ညဝိညာဥ်ရှိနေနိုင်သည့်အကြောင်းကို တွေးမိသွားပြီး သူ့နှလုံးသားထဲရှိ မျှော်မှန်းတမ်းတစိတ်က ပိုကြီးလာ၏။ ထိုစဥ်မှာပင် ယန်ပေးချန်က သူ၏ ထိုင်ခုံပေါ်မှာ ရုတ်တရက်ခေါင်းထောင်လာခဲ့၏။

“အစ်ကိုယန်... ခင်ဗျားဘယ်လိုနေလဲ”

ဆူဇီမိုက ရှေ့သို့ အလောတကြီးတက်ပြီး ညင်သာစွာ မေးလိုက်၏။

ထိုအခိုက်အတန့်တွင် ယန်ပေးချန်က အနည်းငယ်အခြေအနေကောင်းသည့်ပုံပေါ်နေ၏။

သူက ဆူဇီမိုကို မမှိတ်မသုန်စိုက်ကြည့်ပြီး နောက်တစ်ဖန်မေးလိုက်၏။

“ဇီမို... အထက်ဘုံလောကမှာ ဖျန်ရန်ကို ကယ်တင်နိုင်မဲ့စွမ်းအားမျိုး တကယ်ပဲရှိတာလား”

“ရှိတယ်လို့ ကျုပ်ယုံတယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

တကယ်တော့... သေဆုံးပြီးသွားသောသူများကို ပြန်လည်အသက်မသွင်းနိုင်ပေ။ အဲ့ဒါသည် ပြန်ဝင်စားခြင်း၏ မဟာတာအိုနှင့် ပတ်သက်နေပြီး ဆူဇီမိုက ထိုအကြောင်းအရာနှင့်ပတ်သက်၍ သိရှိနားလည်ထားခြင်း မရှိပေ။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူက ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။

ထိုစဥ်မှာပင် ယန်ပေးချန်၏ ရှေ့ရှိလေထဲမှာ ပုံပြောအဖိုးအိုက ပေါ်ထွက်လာပြီး သူကလေးနက်သောအသံဖြင့် ပြောလိုက်၏။

“လောကမှာ လျှို့ဝှက်ချက်တွေက အတောမသတ်နိုင်အောင်ရှိတယ်... ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက ရေတွင်းငယ်တစ်ခုသာသာပဲ”

“မင်းက ဒီရေတွင်းထဲကနေ ခုန်ထွက်မှပဲ ပိုပြီးတော့ကျယ်ပြန့်တဲ့ လောကကို တွေ့မြင်နိုင်လိမ့်မယ်... အဲ့ဒီအခါမှ မင်းက လောကရဲ့ သေခြင်းရှင်ခြင်းရဲ့ လေးနက်သိမ်မွေ့မှုတွေကို နားလည်ကောင်း နားလည်လာနိုင်လိမ့်မယ်”

“ဒါပေမဲ့ မင်းက... အခုချိန်မှာ ကိုယ့်ကိုကိုယ်သတ်သေလိုက်မယ်ဆိုရင်... မင်းက အဲ့ဒီအခွင့်အရေးကို ဘယ်တော့မှရမှာ မဟုတ်တော့ဘူး”

ပုံပြောအဖိုးအို၏ စကားလုံးများက ဆူဇီမို၏ စကားထက် များစွာပို၍အလေးသာပြီး ပို၍ယုံကြည်စရာကောင်းလေသည်။

ထင်မှတ်ထားသည့်အတိုင်းပင်...

ယန်ပေးချန်၏ မျက်လုံးများထဲတွင် အသက်ဓာတ်တချို့ တဖြည်းဖြည်း ပြန်လည်ပေါ်ထွက်လာပြီး သူတို့က ဝင်းလက်တောက်ပလာခဲ့၏။

ပုံပြောအဖိုးအို၏ စကားလုံးများသည် နောက်ဆုံးမှာ ယန်ပေးချန်၏ မျှော်လင့်ချက်ကို ထွန်းညှိနိုင်သွားပြီဖြစ်ကြောင်း ဆူဇီမိုက သိလိုက်၏။

အရင်တုန်းက လက်စားချေခြင်းသည် ယန်ပေးချန် ဆက်လက်အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်ဖြစ်စေခဲ့၏။

ယခု... ချင်ဖျန်ရန်ကို ကယ်တင်ဖို့က ယန်ပေးချန်၏ အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တစ်ခု ဖြစ်လာခဲ့လေပြီ။

“အဲ့ဒီအဖိုးကြီးက တခြားလူတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ​ဖျောင်းဖျပေးနေတာကို ငါပထမဆုံးမြင်ဖူးတာပဲ”

ဘေးကနေ လင်းရွှမ်ကျီက သူ၏စိတ်ဝိညာဥ်အသိစိတ်ကိုသုံး၍ ဆူဇီမိုထံသို့ အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။

ပုံပြောအဖိုးအိုသည် လက်ရှိဂမ္ဘီရဧကရာဇ်ဖြစ်၏။

ဧကရာဇ်တစ်ပါးသည် ယန်ပေးချန်ကို ဖျောင်းဖျဖို့အတွက် သူ၏ အဆင့်အတန်းကိုပင် နှိမ်ချလိုလေသည်။ ပုံပြောအဖိုးအိုက ယန်ပေးချန်ကို ဘယ်လောက်တောင်မြင့်မားစွာ မျှော်လင့်ထားသလဲ သိသာလေသည်။

ပုံပြောအဖိုးအိုက ဆက်ပြောလိုက်၏။

“အဆူရာ... မင်းက မိစ္တာဧကရာဇ်အမုန်းရဲ့ အမွေအနှစ်ကို ဆက်ခံရရှိခဲ့တယ်... ဒါပေမဲ့ မင်းက ဒုတိယအမုန်းမဟုတ်ဘူးလို့ ငါယုံကြည်တယ်”

“မင်းရဲ့ ကိုယ်ပိုင်တာအိုကို ချန်ရစ်ဖို့အတွက် မင်းပေါ်မှာရှိတဲ့ အမုန်းသုတ္တန်ရဲ့အကျိုးသက်ရောက်မှုကနေ ဖောက်ထွက်လိုက်စမ်းပါ... မင်းရဲ့အစွဲအလမ်းတွေကိုလည်း လွှတ်ချလိုက်တော့... မိစ္ဆာဧကရာဇ်အမုန်းက သူ့ရဲ့အမွေအနှစ်ကို ချန်ထားရစ်ခဲ့တယ်ဆိုရင်တောင် မင်းကို သူ့လိုဖြစ်စေချင်မှာ မဟုတ်ဘူးလို့ ငါယုံတယ်”

“မင်းက အဆူရာပဲ... မင်းက ဒီလောကရဲ့ တစ်ဦးတည်းသော ပြိုင်ဘက်ကင်း အဆူရာပဲ”

All Chapters