ခွန်လွင်ဒေသကို ဝင်ရောက်ခြင်း
Vol. 99 Ch. 1477
ယန်ပေးချန်သည် သူ၏ဘေးတွင်ရှိသော အမုန်းမိစ္ဆာဆေဘာကို လက်ဖြင့် ပွတ်သပ်ပြီး တီးတိုးရေရွတ်လိုက်၏။
“ငါက အမုန်း မဟုတ်ဘူးဆိုရင်.. မင်းက ငါ့နောက်ကို လိုက်ဦးမှာလား”
ချွင်… ချွင်..
အမုန်းမိစ္ဆာဆေဘာသည် ယန်ပေးချန်၏ စကားကို နားလည်ပုံရပြီး အသံထွက်၍ တုန်ခါနေ၏။
သူသည် ယန်ပေးချန်ကို သူ၏ သခင်အဖြစ် သတ်မှတ်ပြီးသွားခဲ့လေပြီ။ ထိုသူက အမုန်းဖြစ်စေ.. အဆူရာဖြစ်စေ.. သူက ယန်ပေးချန်နောက်သို့ သေသေရှင်ရှင် လိုက်ပါမည်သာ ဖြစ်၏။
“ကောင်းပြီလေ”
ယန်ပေးချန်၏ မျက်လုံးက ဝင်းလက်တောက်ပလာပြီး ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
“ငါ.. အဆူရာက မင်းကို အထက်ဘုံလောကဆီ ခေါ်သွားပေးမယ်… ငါက ကောင်းကင်ဘုံကိုပါ ဖီဆန်ပြီး သေခြင်း ရှင်ခြင်းကို ပြောင်းလဲပစ်မယ်”
ထိုသို့ပြောရင်း.. သူက ပုံပြောအဘိုးအိုကို လေးနက်စွာ ဦးညွှတ်လိုက်၏။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ပုံပြောအဘိုးအိုက ကျေနပ်နှစ်ခြိုက်သော အမူအရာနှင့်အတူ မသိမသာ ခေါင်းညိတ်ပြလိုက်၏။
သူက ယန်ပေးချန်ကို တကယ်ပင် မြင့်မြင့်မားမား သတ်မှတ်ထား၏။
သူ၏ရင်ထဲတွင် ယန်ပေးချန်၏ အောင်မြင်ထွန်းပေါက်မှုသည် မိစ္ဆာဧကရာဇ်အမုန်းထက်ပင် သာလွန်ကောင်း သာလွန်နိုင်ပေလိမ့်မည်။
ယန်ပေးချန်သည် ဆူဇီမိုဘက်ကို လှည့်ပြီး လေးနက်စွာဖြင့် ပြောလိုက်၏။
“ဇီမို.. ခွန်လွင်အပျက်အစီးဒေသကို သွားမယ့် မင်းရဲ့ ခရီးစဉ်မှာ ငါလိုက်ပါမှာ မဟုတ်တော့ဘူး.. မင်း ဂရုစိုက်ရမယ်”
“ဘာမှမပူနဲ့ အစ်ကိုယန်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ယန်ပေးချန်မှာ သူ့ကိုယ်ပိုင်တာအို ရှိလေသည်။ သူက ခွန်လွင်အပျက်အစီးဒေသသို့ ဆူဇီမိုနှင့်အတူ လိုက်ပါမည်ဆိုလျှင် သူက ကန့်သတ်ချုပ်နှောင်မှုတစ်ခုကို ခံစားရနိုင်လေသည်။
ယခု ယန်ပေးချန်က အဆင်ပြေသည်ကို မြင်သောအခါ ဆူဇီမိုက လုံးဝ စိတ်သက်သာရာရသွားပြီး ပဟေဠိနန်းတော်မှာ ဆက်လက်၍ မနေလိုတော့ပေ။
“ဇီမို.. ငါက…”
နတ်ဆိုးမကျိက ပြောလိုက်သည့် ခဏမှာပင် ဆူဇီမိုက သူမ၏ ရည်ရွယ်ချက်ကို နားလည်သွား၏။
သူက ပြုံး၍ ခေါင်းခါပြလိုက်၏။
“အဲ့လိုလုပ်စရာ မလိုဘူး.. မင်းက ဒီဘက်မျိုးဆက်ရဲ့ စင်ကြယ်အပျိုစင်ပဲ.. မင်းက ခွန်လွင်အပျက်အစီးဒေသကို ငါနဲ့လိုက်ခဲ့လို့ ဘယ်ရပါ့မလဲ”
“စင်ကြယ်အပျိုစင်ဂိုဏ်းက ဒီကိစ္စကို ရှာဖွေတွေ့ရှိသွားရင်.. ငါက မင်းတို့ဂိုဏ်းက ပညာရှင်တွေရဲ့ အမဲလိုက်ခြင်းကိုပါ ခံနေရဦးမယ်”
အဆုံးစွန်မီးကလည်း ခေါင်းညိတ်လိုက်၏။
“ဘာမှမပူနဲ့.. ငါနဲ့ နန်းကြည် လိုက်ပါပေးမယ်ဆိုရင် ငါတို့က တစ်ယောက်ကိုတစ်ယောက် ကာကွယ်စောင့်ရှောက်ပေးနိုင်တယ်”
“ဆရာ.. နန်းကြည်.. ခင်ဗျားတို့တွေလည်း ကျုပ်နောက်ကို မလိုက်ခဲ့ကြပါနဲ့”
ဆူဇီမိုက လေးနက်စွာဖြင့် ပြောလိုက်၏။
“ခွန်လွင်အပျက်အစီးနယ်မြေက နေရာကောင်းတစ်ခု မဟုတ်ဘူး.. ခင်ဗျားတို့တွေက အဲဒီအန္တရာယ်ကို စွန့်စားဖို့အတွက် ကျုပ်နောက်ကို လိုက်ခဲ့ပေးစရာ မလိုဘူး”
“မင်း ဘာတွေပြောနေတာလဲ”
အဆုံးစွန်မီး၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်၏။
“ကောင်လေး.. သိပ်ပြီးတော့လည်း အတွေးလွန်မနေနဲ့… ငါက ရတနာမြေပုံတစ်ခု ရထားတယ်.. ငါက အဲဒါအတွက် ခွန်လွင်အပျက်အစီးဒေသကို သွားမှာပဲ”
“သခင်လေး.. ကျွန်မ ဒီကို ရောက်နေပြီဆိုမှတော့ ကျွန်မကို မောင်းထုတ်လို့ မရတော့ဘူး”
နန်းကြည်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြုံးပြလိုက်၏။
ဆူဇီမိုသည် မည်သည့်စကားမှ ထပ်မံ၍ မပြောဆိုတော့ပေ။ သူတို့သုံးယောက်သည် အကြည့်ချင်း ဖလှယ်ပြီး ပြုံးလိုက်ကြ၏။ သူတို့သည် တစ်ယောက်ခံစားချက်ကို တစ်ယောက်နားလည်ဖို့အတွက် မည်သည့်စကားလုံးမျှ မလိုအပ်တော့ပေ။
သူသည် ထွက်ခွာဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့.. ဆူဇီမိုသည် ဆက်လက်၍ ကြန့်ကြာမနေလိုတော့ပေ။ သူက ရှစ်ကျန့်နှင့် အခြားသူများကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ပြီး လှုပ်ရှားဖို့ ပြင်ဆင်လိုက်၏။
ပုံပြောအဘိုးအိုက ပြောလိုက်၏။
“မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ သွေးနွယ်ပင်မျိုးနွယ်ရဲ့ သတ်ဖြတ်ခြင်းတံဆိပ်ပြား ရှိနေတုန်းပဲ.. မင်းက ပဟေဠိနန်းတော်ကနေ ထွက်ခွာမယ်ဆိုရင် သွေးနွယ်ပင်မျိုးနွယ်က မင်းနောက်ကို သေချာပေါက် လိုက်လာလိမ့်မယ်”
“ငါက လေဟာနယ်ကို ဆုတ်ဖြဲပြီး မင်းတို့တွေကို တိုက်ရိုက်ပို့ဆောင်ပေးမယ်”
ထိုသို့ပြောရင်း ပုံပြောအဘိုးအိုက သူ၏ လက်ဖဝါးကို သူ့ရှေ့ရှိ လေထဲမှာ ဝှေ့ယမ်းလိုက်၏။
၎င်းသည် ထက်ရှသော ဓားသွားဖြင့် လှီးဖြတ်ခံလိုက်ရသည့်အလား.. လေထဲမှာ ဧရာမ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းက နက်ရှိုင်း၍ မှောင်မည်းနေပြီး ယင်လေများက တိုက်ခတ်နေ၏။
သူ၏ အင်္ကျီလက်စကို တစ်ချက်ဝှေ့ယမ်းပြီး ပုံပြောအဘိုးအိုသည် ဆူဇီမို၊ အဆုံးစွန်မီးနှင့် နန်းကြည်တို့ကို ပွေ့ယူကာ အက်ကွဲကြောင်းထဲသို့ ခုန်ဝင်လိုက်၏။
“အဘိုးကြီး.. ကျုပ်ကိုပါ ခေါ်သွား.. ကျုပ်လည်း တစ်ချက်လိုက်ကြည့်မယ်”
အက်ကွဲကြောင်းက ပိတ်ဆို့တော့မည့်ဆဲဆဲမှာပင် လင်းရွှမ်ကျီက အော်ပြော၍ ပုံပြောအဘိုးအို၏ အင်္ကျီလက်စကို ဆွဲပြီး လိုက်ပါခုန်ဝင်လိုက်၏။
လောကက လည်ပတ်သွား၏။
အဲဒါသည် တည်နေရာရွှေ့ပြောင်းအဆောင်အကြီးကို အသုံးပြုလိုက်သော ခံစားချက်နှင့် ဆင်တူလေသည်။ သူတို့ရှေ့ရှိ အရာရာတိုင်းသည် ပကတိ မှောင်မည်း၍ အသက်ရှူဖို့ပင် ခက်ခဲနေ၏။
အသက်ရှူချိန် အနည်းငယ်မှာပင်… ဆူဇီမိုနှင့် တခြားသူများသည် သူတို့၏ ခန္ဓာကိုယ်က ပေါ့ပါးသွားသည်ဟု ခံစားရပြီး သူတို့၏ မျက်လုံးများက ဝင်းလက်သွားကြ၏။ သူတို့သည် နောက်ဆုံးမှာတော့ အလင်းရောင်ကို တစ်ဖန်ပြန်လည်မြင်တွေ့လိုက်ရလေပြီ။
သူတို့သည် မြေပြင်ပေါ်သို့ ရောက်ရှိလာသော်လည်း လူတိုင်းသည် ရင်ထဲမှာ သိပ်သည်းလေးလံသော ခံစားချက်တစ်ခုကို ရရှိနေ၏။
လူတိုင်းသည် အလိုလိုမော့ကြည့်လိုက်ကြပြီး နေရာမှာပင် တုန်လှုပ်ကာ တောင့်တင်းသွားကြ၏။
လူတိုင်း၏ ရှေ့မှောက်တွင် နိမ့်လိုက် မြင့်လိုက်ဖြင့် အဆက်မပြတ်သွယ်တန်းနေသော တောင်တန်းများစွာ ရှိလေသည်။ တောင်ကြောအချို့သည် ပြင်းထန်စွာ ပစ်တိုက်ခံထားရသည့်အလား နှစ်ပိုင်းလှီးဖြတ်ခံထားရ၏။
တောင်ကြောအချို့သည် နေရာအများစု ဖျက်ဆီးခံထားရ၏။
တောင်ကြောများ၏ ပြန့်ပြူးသော နေရာများတွင် အလောင်းများနှင့် အရိုးများက ပြန့်ကျဲနေ၏။
အဲဒါက တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။
အလောင်းအချို့သည် ဆွေးရိသွားခြင်း မရှိဘဲ သူတို့၏ မူလပုံစံအတိုင်း ကျန်ရှိနေသေး၏။ သူတို့၏ ခန္ဓာကိုယ်များက ရှည်လျားပြီး ပေတစ်သောင်းကျော် ရှည်လျားကာ နတ်နဂါးများ ရစ်ခွေနေသည်နှင့် တူလေသည်။
အဲဒါက နဂါးတစ်ကောင်၏ အရိုးစုဖြစ်၏။
ပေတစ်သောင်းကျော် ရှည်လျားသော နတ်နဂါးတစ်ကောင်သည် အစစ်အမှန် ဘိုးဘေးအဆင့် နတ်နဂါးတစ်ကောင်ဖြစ်သည်ဟု အဓိပ္ပာယ်ရလေသည်။
ခွန်လွင်အပျက်အစီးနယ်မြေ၏ အစပ်မှာပင် လူတိုင်းသည် အစစ်အမှန် ဘိုးဘေးအဆင့် နတ်နဂါးတစ်ကောင်၏ ရုပ်အလောင်းကို တွေ့မြင်လိုက်ရလေပြီ။
အရင်တုန်းက ကမ္ဘာဦးခေတ် စစ်ပွဲသည် ဘယ်လောက်တောင် သွေးပျက်ချောက်ချားစရာကောင်းခဲ့သလဲ စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။
လူတိုင်းက လှည့်ပတ်ကြည့်ရှုလိုက်ကြ၏။
အရိုးများကြားတွင် နဂါးမျိုးနွယ်၏ အလောင်းများသာလျှင် မဟုတ်ဘဲ အခြားသော ကမ္ဘာဦးမျိုးနွယ်များ၏ ရုပ်အလောင်းများလည်း ပါရှိကာ တောင်ကြောတစ်ခုလုံးမှာ အမျိုးအမည်မသိရသော သက်ရှိများစွာ၏ ရုပ်အလောင်းများကလည်း ရှိနေကြ၏။
ထိုမြင်ကွင်းက အရမ်းကို တုန်လှုပ်စရာကောင်း၏။
အပျက်အစီးနယ်မြေကနေ ဖြာထွက်နေသော အော်ရာသည် အရမ်းကို သိပ်သည်းပြင်းထန်၍ မကောင်းဆိုးဝါးဆန်နေ၏။
လူတစ်ယောက်၏ တာအိုနှလုံးသားက ခိုင်မာမှုမရှိလျှင် ဤကဲ့သို့သော ပတ်ဝန်းကျင်မှာ သူတို့၏ စိတ်က လဲပြိုသွားပေလိမ့်မည်။
အဆုံးစွန်မီးသည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ညင်သာစွာ သက်ပြင်းချလိုက်၏။
“အရင်တုန်းက ငါတို့ဆယ်ယောက်ကျော်က ဒီရတနာသိုက်ကို ရှာဖွေဖော်ထုတ်ဖို့အတွက် ဒီနေရာကို ရောက်လာခဲ့ကြတယ်… အခုတော့ ငါတစ်ယောက်ပဲ အသက်ရှင်လျက် ကျန်တော့တယ်”
“ငါတို့ထဲက တစ်ယောက်က ခွန်လွင်အပျက်အစီးနယ်မြေကို ဝင်ရောက်လာပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့ တာအိုနှလုံးသားက ပြိုလဲသွားခဲ့တယ်”
ခဏမျှ ရပ်တန့်ပြီးနောက်.. သူက နောက်တစ်ဖန် သက်ပြင်းချလိုက်၏။
“တကယ်တော့ ဇီမို့ကြောင့်သာ မဟုတ်ရင် ငါကလည်း သေဆုံးသွားခဲ့တာ ကြာနေလောက်ပြီ”
“အဲဒီနှစ်တွေထဲမှာ.. ငါတွေ့ကြုံခံစားခဲ့ရတဲ့ အရာရာတိုင်းက တကယ့်ကို သွေးပျက်ချောက်ချားစရာကောင်းခဲ့တယ်”
ပုံပြောအဘိုးအိုသည် အပျက်အစီးနယ်မြေကို ကြည့်ပြီး အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးမှ ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဇီမို.. ခွန်လွင်အပျက်အစီးဒေသမှာ ကောင်းကောင်းကျင့်ကြံ… မင်းက ထျန်ဟွန်ကုန်းမြေတိုက်ကြီးအကြောင်း စိုးရိမ်နေစရာ မလိုဘူး.. ကမ္ဘာဦးမျိုးနွယ်တွေနဲ့ ကိုင်တွယ်ပြီး မင်းအတွက် အချိန်ဆွဲပေးဖို့ ငါ တတ်နိုင်သလောက် ကြိုးစားမယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
သူသည် ခွန်လွင်အပျက်အစီးနယ်မြေသို့ လာသော ဤခရီးစဉ်မှာ အသက်ရှင်နိုင်ပါ့မလား မသိရဘဲ သူ၏ အနာဂတ်ကလည်း ရေရာသေချာမှု မရှိပေ။
သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ နောက်တစ်ဖန် အသက်ရှင်လျက် ပြန်လာနိုင်ပါ့မလား သို့မဟုတ် ဘယ်အချိန်မှ ပြန်လာနိုင်မလဲ မသိရပေ။
“စီနီယာ.. ခင်ဗျားလည်း ဂရုစိုက်ပါ”
ဆူဇီမိုက ပုံပြောအဘိုးအိုကို အလေးအနက် ဦးညွှတ်လိုက်၏။
“ညီအစ်ကိုဆူ.. ခင်ဗျားပြန်လာတာကို ကျုပ်စောင့်နေမယ်”
အရေထူသော လင်းရွှမ်ကျီပင်လျှင် ခွဲခွာနီးဆဲဆဲ၌ ဝန်လေးမှုကို ခံစားရ၏။
ဆူဇီမိုသည် လက်ကာပြပြီး အဆုံးစွန်မီးနှင့် နန်းကြည်နှင့်အတူ ခွန်လွင်အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်သွား၏။
သူတို့သုံးယောက်သည် ဖြည်းဖြည်းချင်း လျှောက်လှမ်းနေပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များနှင့်အတူ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းအကဲခတ်နေကြ၏။
သူတို့သည် တစ်စုံတစ်ရာ ဖြစ်ပျက်လာမှာကို စိုးရိမ်နေကြခြင်းဖြစ်၏။
ပုံပြောအဘိုးအိုသည် ခွန်လွင်အပျက်အစီးနယ်မြေ၏ အပြင်ဘက်ကနေ သူတို့သုံးယောက်ကို တစ်ချိန်လုံး စောင့်ကြည့်နေပြီး သူတို့၏ ပုံရိပ်များ ပျောက်ကွယ်သွားသည့် အခါမှသာ သူက ငေးငိုင်နေရာကနေ နိုးထလာ၏။
“အဘိုးကြီး.. ခင်ဗျားက ရုတ်တရက် ဘာလို့ အဲ့လောက်ထိ ခံစားလွယ်နေရတာလဲ”
လင်းရွှမ်ကျီက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ပုံပြောအဘိုးအိုအကြောင်းကို သူက ကောင်းကောင်းသိလေသည်။
သူသည် ပုံပြောအဘိုးအို၏ နှလုံးသားထဲမှ စိတ်ဓာတ်ကျဆင်းမှုကို ခံစားမိနေ၏။
“ညီအစ်ကိုဆူရဲ့ ပါရမီအရည်အချင်းအရဆို သူ့မှာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာနဲ့ အစိမ်းရောင်ကြာပန်းခန္ဓာ ရှိနေတဲ့အတွက် သူ ကြီးထွားလာမယ်ဆို ကမ္ဘာဦးမျိုးနွယ်တွေတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
လင်းရွှမ်ကျီက အကောင်းဘက်ကနေ ရှုမြင်ကာ ပြောပေးလိုက်၏။
ပုံပြောအဘိုးအိုက သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“အဲဒီမှာ အချိန်သိပ်မကျန်တော့မှာကို ငါစိုးရိမ်နေတာ”
“ငါတို့က နောက်ထပ် နှစ်တစ်သောင်းလောက် အချိန်ရမယ်ဆိုရင်.. အထီးကျန်သိုင်းသခင်က အထွတ်အထိပ်နေရာတစ်ခုကို သေချာပေါက် တက်လှမ်းပြီး လူသားဧကရာဇ်နဲ့ ယှဉ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါယုံတယ်”
“ဒါပေမဲ့… ကမ္ဘာဦးမျိုးနွယ်တွေနဲ့ ကျင့်ကြံရေးလောကကြားက ပဋိပက္ခတွေက အရှိန်အဟုန် မြင့်လာခဲ့ပြီ… သူတို့ရဲ့ လှုပ်ရှားမှုတွေကလည်း အတော်လေးစိပ်လာခဲ့ပြီ… နောက်ဆုံးတိုက်ပွဲက သိပ်မကြာခင် ရောက်လာတော့မယ်”
လင်းရွှမ်ကျီက ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။
“အဘိုးကြီး.. ခင်ဗျားရဲ့ ဗေဒင်တွက်ချက်မှုအရဆို.. အဲဒါက ဘယ်လောက်ကြာဦးမယ်လို့ ထင်လဲ”
“အလွန်ဆုံး နှစ်တစ်ရာထက် မပိုတော့ဘူး”
ပုံပြောအဘိုးအို၏ အသံက လေးလံထိုင်းမှိုင်းနေ၏။
နှစ်တစ်ရာ…
လင်းရွှမ်ကျီသည် နောက်ဆုံးမှာ ပုံပြောအဘိုးအို ဘာကြောင့် စိတ်ဓာတ်ကျဆင်းနေရသလဲ နားလည်သွား၏။
နှစ်တစ်ရာက အရမ်းကို တိုတောင်း၏။
ထိုအချိန်အတောအတွင်း ဆူဇီမိုသည် မဟာယာနအဆင့်ကို တက်လှမ်းဖို့နေနေသာ… အဆင့်သေးတစ်ခုကို တက်လှမ်းနိုင်သည်ဆိုလျှင်တောင် မဆိုးလှဟု ဆိုရပေမည်။
အခြားတစ်ဖက်မှာတော့… အထီးကျန်သိုင်းသခင်သည် မဟာယာနအဆင့်သို့ ရောက်ရှိလာခဲ့သည်ဆိုလျှင်တောင် သူက ကမ္ဘာဦးမျိုးနွယ်၏ ပညာရှင်များ၊ ဧကရာဇ်များနှင့် ဘယ်လို တိုက်ခိုက်နိုင်ပါ့မလဲ။
ပုံပြောအဘိုးအိုက တီးတိုးရေရွတ်လိုက်၏။
“ငါတို့ တတ်နိုင်တာတော့ အကောင်းဆုံးလုပ်ရမှာပဲ… ကျန်တာကိုတော့ ကံကြမ္မာအပေါ်ပဲ ပုံအပ်ထားတော့မယ်”