ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီး
Vol. 99 Ch. 1478
ခွန်လွင်အပျက်အစီးနယ်မြေ...
ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် ရှေ့သို့ပို၍ တက်လှမ်းလေလေ သူတို့သည် ပို၍ သတိထားလာရလေလေဖြစ်ပြီး ဘေးပတ်ဝန်းကျင်က ပို၍မကောင်းဆိုးဝါးဆန်ကာ ကျောချမ်းစရာကောင်းလာခဲ့၏။
နှစ်တစ်သောင်းကြာပြီးနောက် မဟာချွမ်အင်ပါယာ၏ အပျက်အစီးနယ်မြေပင်လျှင် ကြွယ်ဝသော ဆိုးယုတ်အော်ရာများဖြင့် ပြည့်နှက်လာခဲ့ပြီဖြစ်၏။
ရစ်ဝဲနေသော ဝိညာဥ်များနှင့် ပေါင်းစပ်ပြီး များစွာသော ဆိုးယုတ်တစ္ဆေများက မွေးဖွားပေါ်ထွက်လာ၏။ သို့သော်လည်း ခွန်လွင်အပျက်အစီးနယ်မြေနှင့် နှိုင်းယှဥ်လျှင် မဟာချွမ်အပျက်အစီးနယ်မြေသည် လပြည့်ဝန်းနှင့် ယှဥ်မိသော ပိုးစုန်းကြူးတစ်ကောင်ကဲ့သို့ ၊ သမုဒ္ဒရာထဲမှ ရေစက်တစ်စက်ကဲ့သို့ ဖြစ်နေ၏။
ဆိုးယုတ်အော်ရာက အရမ်းကိုသန်မာလွန်းပြီး ဆူဇီမိုနှင့် အခြားနှစ်ယောက်က မအီမသာခံစားနေရလေသည်။
ဤကဲ့သို့ ဆိုးယုတ်ချီများကြွယ်ဝသည့် ပတ်ဝန်းကျင်မှာ အငြိုးအတေးကြီးမားသော တစ္ဆေများ မွေးဖွားပေါ်ထွက်လာမည်ဆိုလျှင် အံ့ဩစရာမရှိပေ။
ဆူဇီမိုနှင့် အခြားနှစ်ယောက်၏ သွေးချီက သန်မာပြီး သူတို့၏ ဓမ္မစွမ်းအားများက ရူးသွပ်စွာဖြင့် တလိပ်လိပ်တက်နေ၏။ တစ္ဆေနှင့် မိစ္ဆာအများစုသည် သူတို့က သန်မာသည်ဆိုတာကို သိရှိထားပြီး သူတို့နားသို့ ချဉ်းကပ်ရဲခြင်းမရှိပေ။
သို့သော်လည်း သူတို့သည် ခွန်လွင်အပျက်အစီးနယ်မြေ၏ အနက်ပိုင်းထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ သူတို့၏ မျက်လုံးရှေ့တွင် ပုံရိပ်ယောင်တစ်ခုက မကြာမကြာ ဖျတ်ခနဲပေါ်ထွက်လာတတ်၏။
သူတို့၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက ဆိုးယုတ်တစ္ဆေများအတွက် မဟာအားဆေးတစ်ခုလည်းဖြစ်၏။
ရုတ်တရက်ဆိုသလို...
သူတို့ရှေ့တွင် ဆိုးယုတ်အော်ရာတစ်ခုက တလိပ်လိပ်တက်လာပြီး သူတို့သုံးယောက်ရှေ့မှာ လွင့်မျောနေသော အနက်ရောင်မြူခိုးတစ်ခုအဖြစ် လျင်မြန်စွာစုဖွဲ့သွား၏။ ၎င်းက သူတို့သုံးယောက်ကို ဝါးမျိုပစ်ချင်နေ၏။
“ဟမ့်...”
အဆုံးစွန်မီးက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
“တစ္ဆေတစ်ကောင်က နေ့ခင်းကြောင်တောင်မှာ တခြားသူတွေကို ထိခိုက်အောင်လုပ်ဖို့ ဘယ်လိုတောင် ကြိုးစားရဲတာလဲ”
သူ့စကားမဆုံးသေးခင်မှာပင် သူက ဓမ္မပညာရပ်တစ်ခုကို ဆင့်ခေါ်ပြီး ရှေ့သို့ လက်ဖြင့်တောက်ထုတ်လိုက်၏။
သွေးနီရောင်မီးတောက်တစ်ခုက ရုန်းကန်ထွက်ပေါ်လာပြီး လှည့်ပတ်နေသော ဆိုးယုတ်အနက်ရောင်မြူခိုးထဲသို့ ချက်ချင်းပင် ဝင်ရောက်သွား၏။
မိုးကြိုးနှင့် မီးစွမ်းအားသည် ဤကဲ့သို့ မကောင်းဆိုးဝါးဆန်သောအရာများအတွက် သန်မာသော တန်ပြန်ဝိပါက်တစ်ခုဖြစ်လေသည်။
ဒါ့အပြင် အဆုံးစွန်မီး၏ မီးကျည်ကို သွေးနီရောင်မီးတောက်စိတ်နှလုံးသုတ္တန်မှ ဖန်တီးထားခြင်းဖြစ်ပြီး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အများစုပင် အဲ့ဒါကို ခံနိုင်ရည်မရှိပေ။ သို့သော်လည်း ထိုမီးကျည်သည် မည်သည့်ဝဲဂယက်မှ ဖြာထွက်ခြင်းမရှိဘဲ အနက်ရောင်မြူခိုးကို ခဏမျှသာ တားဆီးနိုင်ခဲ့၏။
အနက်ရောင်မြူခိုးက သူတို့သုံးယောက်ရှိရာသို့ ဆက်လက်တက်လှမ်းလာ၏။
“ဟီးဟီး...”
ချောက်ချားစရာကောင်းသောရယ်သံက အနက်ရောင်မြူခိုးများထဲမှ ထွက်ပေါ်လာ၏။
“ဒီအပျက်အစီးနယ်မြေမှာ... နေ့အလင်းရောင်ဆိုတာက မရှိဘူး... ဒီမှာက အမြဲတမ်းအမှောင်ပဲ”
ရွှစ်...
ထိုအသံထွက်ပေါ်လာပြီးနောက် ချက်ချင်းပင်...
မနှိုင်းယှဥ်သာအောင်ကြီးမားသော ဦးခေါင်းခွံတစ်ခုက အနက်ရောင်မြူခိုးများထဲကနေ ရုတ်တရက်ထွက်ပေါ်လာ၏။ ၎င်း၏ မျက်တွင်းပေါက်များက သွေးဆာရက်စက်သောအလင်းဖြင့် တောက်ပနေပြီး ၎င်း၏ ပါးစပ်ကို ဖွင့်ဟကာ သူတို့သုံးယောက်ကို ဝါးမျိုဖို့ ကြိုးစားလာ၏။
“မင်းကတော့... သေချင်နေပြီပဲ”
အဆုံးစွန်မီး၏ လက်ထဲရှိဓမ္မပညာရပ်က နောက်တစ်ဖန်ပြောင်းလဲသွားပြီး မီးတောက်လုံးသုံးလုံးပေါ်ထွက်လာကာ စတုရတီတာအိုမီးအဖြစ် စုဖွဲ့သွား၏။
စတုရတီတာအိုမီး၏ စွမ်းအားသည် စောစောက မီးတောက်၏ စွမ်းအားထက် နှစ်ဆကျော် ပိုလာခဲ့၏။
သမာဓိတာအိုမီးသည် ဦးခေါင်းခွံ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည့်ခဏမှာပင် ၎င်းက မီးတောက်များအဖြစ် ပေါက်ကွဲထွက်သွားပြီး ဦးခေါင်းခွံ၏ ဘေးပတ်လည်ရှိ အနက်ရောင်မြူခိုးများက ဘာမှမကျန်အောင် လောင်ကျွမ်းခံလိုက်ရ၏။
ဂါး...
ဦးခေါင်းခွံက အလွန်တရာနာကျင်စွာဖြင့် အောဟစ်လိုက်၏။ သို့သော်လည်း ၎င်းက ဆိုးယုတ်ချီများကို ဘယ်လောက်ပင် လှည့်ပတ်သည်ဖြစ်ပါစေ ၎င်းသည် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ သမာဓိတာအိုမီးကို ငြိမ်းသတ်နိုင်ခြင်းမရှိပေ။
အသက်ရှုချိန်အနည်းငယ်မှာပင် ဦးခေါင်းခွံ၏ အရိုးများက အပူချိန်ကြောင့် တဖျောက်ဖျောက်မြည်လာပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။
“မင်းတို့တွေက ခွန်လွင်အပျက်အစီးနယ်မြေထဲကို ခြေချရဲမယ်ဆိုရင် အသက်ရှင်လျက်ပြန်ထွက်ဖို့ စဥ်းတောင်မစဥ်းစားနဲ့တော့”
ဦးခေါင်းခွံက ကြမ်းကြုတ်ခက်ထန်စွာ ပြောလိုက်၏။
“ဒီနေရာက မီးတောက်တွေက နောက်ထပ်အငြိုးအတေးရှိတဲ့ စိတ်ဝိညာဥ်တွေနဲ့ ဆိုးယုတ်တစ္ဆေတွေကို သေချာပေါက်ဆွဲဆောင်မိလိမ့်မယ်... မင်းတို့ ဝါးမျိုခံရဖို့သာ စောင့်နေလိုက်တော့”
သူ့စကားမဆုံးသေးခင်မှာပင် ဦးခေါင်းခွံသည် ပေါက်ကွဲထွက်သွားပြီး ပြာမှုန့်များအဖြစ် မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွား၏။
အဆုံးစွန်မီးက ညင်သာစွာ သက်ပြင်းချလိုက်၏။
“ငါတို့အုပ်စု... အရင်က ဒီနေရာကို ရောက်လာခဲ့တုန်းက ငါတို့ထဲက တစ်ဝက်ကျော်က အဲ့ဒီအငြိုးအတေးကြီးစိတ်ဝိညာဥ်တွေနဲ့ ဆိုးယုတ်တစ္ဆေတွေကြောင့် သတ်ဖြတ်ခံခဲ့ရတယ်... နောက်ဆုံးမှာတော့ ရတနာကုန်းမြေကို ဝင်ရောက်တဲ့အချိန်မှာ ငါတို့ထဲက သုံးယောက်ပဲ ကျန်ခဲ့တော့တယ်”
အဲ့ဒါပြီးနောက် သူတို့သုံးယောက်သည် ပို၍ပင် သတိကြီးလာပြီး ရှေ့သို့ဆက်၍ တက်လှမ်းလိုက်၏။
“အဲ...”
သိပ်မကြာခင် နန်းကြည်၏ အကြည့်က အနက်ရောင်သစ်သီးတစ်လုံးအပေါ် ရွေ့လျားသွားပြီး သူမ၏ မျက်လုံးက ဝင်းလက်သွား၏။
ထိုသစ်သီးသည် မွေးကင်းစကလေး၏ လက်သီးဆုပ်အရွယ်လောက်ရှိပြီး အပြင်ဘက်က နက်မှောင်နေ၏။ သို့သော်လည်း အတွင်းဘက်က စပျစ်သီးမှည့်ကဲ့သို့ စိုပြေဝင်းလဲ့နေ၏။
“အဲ့ဒါက ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီးပဲ”
အဆုံးစွန်မီးက ညင်သာစွာရေရွတ်ပြောဆိုလိုက်၏။
ဆူဇီမို၏ တွေဝေရှုပ်ထွေးမှုကို တွေ့မြင်သောအခါ အဆုံးစွန်မီးက ရှင်းပြလိုက်၏။
“ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီးတွေက အရမ်းကိုရှားပါးပြီးတော့ ယင်ဆိုးယုတ်အော်ရာကြွယ်ဝတဲ့ နေရာတစ်ခုမှာ နှစ်ပေါင်းများစွာကြာပြီးမှ ပေါ်ထွက်လာနိုင်လေသည်။
“ကျင့်ကြံသူအများစု အတွက်တော့ ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီးက အဆိပ်သစ်သီးတစ်လုံးပဲ... အဲ့ဒါကို စားမိတာနဲ့ သူတို့က သေချာပေါက် သေရလိမ့်မယ်... ဒါပေမဲ့ သူတို့က မဟာယာနအဆင့်ကို တက်လှမ်းတာနဲ့ အတိဒုက္ခသုံးခုထဲက ဆိုးယုတ်ဝေဒနာမီးကို တွေ့ကြုံခံစားရလိမ့်မယ်... အဲ့ဒီအချိန်မှာ ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီးကို စားသုံးထားမယ်ဆိုရင် အံ့မခန်းအကျိုးသက်ရောက်မှုတစ်ခုကို ထွက်ပေါ်လာစေလိမ့်မယ်”
“ကပ်ဘေးဖြတ်ကျော်ခြင်းရဲ့ အောင်မြင်မှုနှုန်းက အနည်းဆုံး ၃၀ ရာခိုင်နှုန်းထိ တိုးလာလိမ့်မယ်”
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဤကဲ့သို့သော စိတ်ဝိညာဥ်သစ်သီးမျိုး သေချာပေါက် မရှိပေ။
အကြောင်းမှာ ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီးတစ်လုံးကို ပြုစုပျိုးထောင်ဖို့အတွက်လိုအပ်သော အခြေအနေများသည် အရမ်းကိုတင်းကျပ်ပြီး မဟာချွမ်အပျက်အစီးကဲ့သို့ အပျက်အစီးနယ်မြေတစ်ခုမှာပင် အဲ့ဒါက ပေါ်ထွက်မလာနိုင်ပေ။
အဲ့ဒါကို ခွန်လွင်အပျက်အစီးနယ်မြေမှာသာ တွေ့မြင်ရနိုင်ခြေရှိလေသည်။
ပုံပြောအဖိုးအို ပြောခဲ့သလိုပင်... ခွန်လွင်အပျက်အစီးနယ်မြေမှာ အန္တရာယ်နှင့် အခွင့်အလမ်းများက အတူယှဥ်တွဲနေ၏။
ဆူဇီမိုသည် မည်သည့်စကားမှ ပြောဆိုခြင်း မရှိတော့ပဲ မျက်မှောင်အနည်းငယ်ကြုတ်၍ ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီး၏ အောက်ခြေကို အတွေးနက်စွာကြည့်နေ၏။
နန်းကြည်သည် ရှေ့သို့ တက်လှမ်းသွားပြီဖြစ်ပြီး ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီးကို ခူးယူဖို့ ပြင်ဆင်လိုက်၏။
“မလုပ်နဲ့..”
“သတိထား..”
ထိုစဥ်မှာပင် အသံနှစ်သံက တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာ၏။ ပထမဆုံးသတိပေးသံက ဆူဇီမိုထံမှလာခြင်းဖြစ်၏။
ဒုတိယအသံက မရင်းနှီးသောအသံတစ်သံဖြစ်၏။
ထိုစဥ်မှာပင် ထူးခြားသောတစ်စုံတစ်ရာ ဖြစ်ပွားလာ၏။
နန်းကြည်၏ ခြေထောက်အောင်ဘက်ရှိမြေပြင်က ရုတ်တရက်အက်ကွဲသွားပြီး အလွန်တရာထက်ရှ၍ အေးစက်နေသော အလင်းတစ်စုံက ဖြာလက်သွားပြီး သူမဆီသို့ ခုတ်ပိုင်းကျဆင်းလာ၏။
နန်းကြည်သည် ဆူဇီမို၏ သတိပေးသံကို ကြားရစဥ်မှာပင် သူမက ကြိုတင်ပြင်ဆင်ထားခဲ့ပြီဖြစ်ပြီး ငုံ့ကြည့်လိုက်၏။
ဘန်း... ဘုန်း.. ဘုန်း...
မြေပြင်ပေါ်ရှိအက်ကွဲကြောင်းထဲမှ ပေပေါင်းများစွာရှည်လျားသော ဧရာမ သွေးနီကျောခွံကင်းခြေများ တစ်ကောင်က လျှောထိုးထွက်လာပြီး လေထဲတွင်ရှိသော နန်းကြည်ကို ကိုက်ချဖို့ကြိုးစားလိုက်၏။
သွေးနီကျောခွံကင်းခြေများ၏ ကျင့်ကြံမှုသည် ပကတိပေါင်းစည်းခန္ဓာအဆင့်ကို ရောက်ရှိနေလေပြီ။
သားရဲနယ်မြေရှစ်ခွင်မှာဆိုလျှင်တောင် ၎င်းသည် ကြောက်စရာကောင်းသော တိုက်ခိုက်ရေးခွန်အားနှင့် ကြမ်းကြုတ်တောကောင်တစ်ကောင်ဖြစ်နေလေပြီ။
နန်းကြည်သည် ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းလာခါစ ဖြစ်သော်လည်း သူမ၏ မျိုးဆက်သွေးတစ်ဝက်က နတ်ဘုရားမျိုးနွယ်ထံမှလာခြင်းဖြစ်၏။ ညင်သာသော အော်သံတစ်သံနှင့်အတူ သူမက သူမ၏ မျိုးဆက်သွေးနှင့် ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး သူမ၏လက်ထဲတွင် ဝင်းလက်တောက်ပနေသော ဓားတစ်လက်ပေါ်ထွက်လာခဲ့၏။
“ခုတ်ပိုင်းစမ်း”
သူမသည် ဓားကို လက်နှစ်ဖြင့် ဆုပ်ကိုင်ပြီး သွေးနီကျောခွံကင်းခြေများရှိရာသို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။
ချွမ်း...
ဧရာမဓားသည် သွေးနီကျောခွံကင်းခြေများပေါ်သို့ ကျဆင်းသွားသော်လည်း ၎င်းသည်ဆက်လက်၍ မခုတ်ပိုင်းနိုင်ပဲ မီးပွားများက စင်ထွက်လာ၏။
သွေးနီကျောခွံကင်းခြေများက တိုက်စားခြင်းမှာ အားပြုလေသည်။ ဤသတ္တဝါသည် ဤအပျက်အစီးနယ်မြေမှာ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး ယခုအခါ ၎င်း၏ ကျောခွံက လက်နက်များ ၊ မီးနှင့် ရေတို့ဖြင့် မထိုးဖောက်နိုင်တော့ပေ။
နန်းကြည်က ကြောက်လန့်သွားခြင်းမရှိပဲ သူမ၏ ဓားကို ရုပ်သိမ်းကာ သူမ၏ မျိုးဆက်သွေးနယ်မြေကို ချက်ချင်းလှည့်ပတ်လိုက်၏။ ရှေးကျ၍ ခမ်းနားထည်ဝါသော ပိရမစ်တစ်ခုသည် လေထဲမှာ ပေါ်ထွက်လာပြီး မရေမတွက်နိုင်သောသက်ရှိများက ၎င်း၏ အောက်ခြေမှာ ဝပ်တွားနေကြ၏။
ဘုန်း...
ပိရမစ်သည် သွေးနီကျောခွံကင်းခြေများဆီသို့ ပြင်းထန်စွာ ဖိချေကျဆင်းလာ၏။
သွေးနီကျောခွံကင်းခြေများက ညည်းတွားအော်ဟစ်လိုက်၏။
၎င်း၏ ခန္ဓာကိုယ်သည် ထက်ရှမှုကို မကြောက်ရွံ့သော်လည်း ပိရမစ်သည် အလွန်တရာကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို သယ်ဆောင်ထားပြီး အလေးချိန်ဖိအားနှင့်အတူ ၎င်းကိုနှစ်ပိုင်းအဖြစ် ဖိချေချလိုက်၏။
အနက်ရောင်သွေးများက အဘက်ဘက်သို့ ပြန့်ကျဲထွက်လာခဲ့၏။
သွေးနီကျောခွံကင်းခြေများ၏ ခန္ဓာကိုယ်ထဲရှိ အနက်ရောင်သွေးများက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကိုပင် အလွယ်တကူသတ်ဖြတ်နိုင်သည့် အဆိပ်ဓာတ်ပါဝင်လေသည်။
သွေးနီကျောခွံကင်းခြေများသည် ၎င်း၏ ပါးစပ်ကိုဖွင့်ဟပြီး အနက်ရောင် အဆိပ်မြူခိုးတစ်ခုကို ထွေးထုတ်လိုက်၏။ အဲ့ဒီနောက် ၎င်းသည် ၎င်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ယိမ်းနွဲ့ပြီး မြေကြီးထဲသို့ ထိုးဝင်ကာ ထွက်ပြေးချင်လေသည်။
နန်းကြည်က နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးကိုပိုင်ဆိုင်ထားပြီး သူမ၏သွေးချီကို တလိပ်လိက်တက်လာစေသောအခါ အဆိပ်သွေးများက သူမအနားသို့ ချဉ်းကပ်မလာနိုင်ပေ။
ရွှစ်...
သူမ၏ခန္ဓာကိုယ်က အောက်သို့ ထိုးဆင်းလာခဲ့၏။
သွေးနီကျောခွံကင်းခြေများ၏ ခြေတစ်ဖက်ကို သူမ၏ လက်ဗလာဖြင့် ဖမ်းဆုပ်ပြီး ၎င်းကို မြေပြင်အက်ကွဲကြောင်းထဲကနေ ဆွဲထုတ်လိုက်၏။
ကမ္ဘာဦးမျိုးနွယ် ၉စုကြားတွင် နတ်ဘုရားမျိုးနွယ်၏ ကိုယ်ကာယာနှင့် မျိုးဆက်သွေးသည် အထွတ်အထိပ်မှာရှိပြီး နဂါးမျိုးနွယ်နှင့် ယှဥ်နိုင်လေသည်။
သွေးနီကျောခွံကင်းခြေများသည် ကြီးမားသော်လည်း ၎င်းသည် ခွန်အားအရာမှာ နန်းကြည်ကို မယှဥ်နိုင်ပေ။
သွေးနီကျောခွံကင်းခြေများကို ဆွဲထုတ်ပြီးနောက် နန်းကြည်သည် ၎င်းကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်ချလိုက်၏။
ပိရမစ်က နောက်တစ်ဖန်ဆင်းသက်လာပြီး သွေးနီကျောခွံကင်းခြေများကို အသားပြားတစ်ခုဖြစ်သည်အထိ ကြိတ်ချေချလိုက်၏။
ထိုတန်ပြန်တိုက်ခိုက်မှုသည် အရမ်းကိုထက်ရှပြီး နန်းကြည်၏ ပြင်းထန်အားကောင်းသော တိုက်ခိုက်ရည်ခွန်အားနှင့် အစွမ်းအစများကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်၏။
ဆူဇီမိုပင်လျှင် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိ၏။