← Chapters

တာအိုကို အောင်မြင်ရရှိထားသော အရိုးစု

Vol. 99 Ch. 1479

တာအိုကို အောင်မြင်ရရှိထားသော အရိုးစု

Vol. 99 Ch. 1479

မရေမတွက်နိုင်သော ဆိုးယုတ်တစ္ဆေများအပြင် ခွန်လွင်အပျက်အစီးနယ်မြေမှာ ကြောက်စရာကောင်းသော သက်ရှိတချို့လည်း ရှိနေ၏။

သွေးနီကျောခွံကင်းခြေများကို သတ်ဖြတ်ပြီးနောက် နန်းကြည်သည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီး အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်၏။

ထိုဘက်တွင် ပေါင်းစည်းခန္ဓာအဆင့် အဖြူရောင်ဝတ် အမျိုးသားတစ်ယောက် မတ်တတ်ရပ်နေ၏။ သူသည် ရုပ်ရည်ချောမောပြီး တလက်လက် တောက်ပနေသော မျက်လုံးများ ရှိ၏။ မလှမ်းမကမ်းမှာ ရပ်နေရင်း သူ၏ အဝတ်စက တဖျပ်ဖျပ်လွင့်ကာ သူ့ပုံစံက ခံ့ညားကြော့ရှင်းနေ၏။

သူမသည် ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို ခူးယူဖို့ ကြိုးစားခဲ့စဉ်က သတိပေးသံ နှစ်သံက ထွက်ပေါ်လာခဲ့၏။

အသံတစ်သံမှာ ဆူဇီမိုထံမှ ဖြစ်ပြီး တခြားတစ်သံက ဤအဖြူရောင်ဝတ် အမျိုးသားထံက ဖြစ်၏။

“ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”

နန်းကြည်က ထိုလူဘက်သို့ သူမ၏ လက်သီးနှစ်ဖက်ကို ယှက်ပြပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်၏။

“ရပါတယ်”

အဖြူရောင်ဝတ်လူက ညင်သာစွာ ပြုံးလိုက်၏။

“အခုလို ပြောရတဲ့အတွက် ခွင့်လွှတ်ပေးပါ… ကြည့်ရတာတော့ ခင်ဗျားတို့တွေက ခွန်လွင်အပျက်အစီးနယ်မြေကို အခုမှ ရောက်လာတဲ့ပုံပဲ”

“အင်း.. ဟုတ်တယ်”

နန်းကြည်က ခေါင်းညိတ်ပြလိုက်၏။

ဤကိစ္စကို ဖုံးကွယ်ထားစရာ မလိုအပ်ပေ။

ဆူဇီမိုနှင့် အဆုံးစွန်မီးက ဝင်ရောက်ပြောဆိုခြင်း မရှိဘဲ အဖြူရောင်ဝတ်လူကိုသာ ချိန်ဆကြည့်ရှုနေ၏။

အဖြူရောင်ဝတ်လူက ပြောလိုက်၏။

“အပျက်အစီးနယ်မြေရဲ့ နေရာတိုင်းမှာ ပုန်းလျှိုးနေတဲ့ အန္တရာယ်တွေ အများကြီးပဲ.. ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးလို ရတနာတစ်ခုကို စွမ်းအားကြီးမားတဲ့ ကြမ်းကြုတ်တောကောင်တွေက စောင့်ကြပ်နေတတ်တယ်”

“တချို့ လောကဆိုင်ရာ ရတနာတွေ အနီးမှာဆိုရင်.. ကြမ်းကြုတ်တောကောင်တွေက ထောင်ချောက်တွေကို ခင်းကျင်းပြီးတော့ တခြားသူတွေ ဝင်ရောက်လာမှာကို စောင့်ဆိုင်းနေတတ်တယ်”

ထိုနေရာအရောက်တွင် အဖြူရောင်ဝတ်လူ၏ မျက်လုံးက မှေးမှိန်သွားပြီး သူ့လေသံက တည်တံ့လာခဲ့၏။

“အစက ကျုပ်တို့က ၇ယောက် ရှိခဲ့တာ.. ဒါပေမဲ့.. စွမ်းအားကြီးမားတဲ့ ကြမ်းကြုတ်တောကောင်တစ်ကောင်ရဲ့ ထောင်ချောက်ထဲကို ကျဆင်းသွားပြီး အခု အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့တာ ကျုပ်တစ်ယောက်ပဲ ကျန်တော့တယ်”

အာ…

ထိုစကားကို ကြားသောအခါ အဆုံးစွန်မီးသည် အတိတ်ကာလကို ပြန်ပြောင်းတွေးတောမိသွားပြီး အဖြူရောင်ဝတ်လူအပေါ် စာနာသနားမိသွားလေသည်။

သို့သော်လည်း သူက အနည်းငယ် သတိထားနေဆဲဖြစ်ပြီး အတည်ပြုမေးမြန်းလိုက်၏။

“ခင်ဗျားကလည်း ဒီဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးအတွက် ရောက်လာတာလား”

“ဟုတ်တယ်.. ကျုပ်က ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးအတွက် ဒီနေရာကို ရောက်လာခဲ့တာပဲ”

အဖြူရောင်ဝတ်လူက ပြုံး၍ နန်းကြည်ကို ကြည့်ကာ ရိုးသားစွာဖြင့် ပြောလိုက်၏။

“ဒါပေမဲ့.. ဒီဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို ဒီတာအိုရောင်းရင်းက ပိုင်ဆိုင်သွားပြီပဲ”

အဆုံးစွန်မီးက မသိမသာ ခေါင်းညိတ်ပြလိုက်၏။

တကယ်တော့ ကျင့်ကြံရေးလောကတွင် လူသားများကို ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။ သူတို့သည် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး စကားလုံးအနည်းငယ်မျှနှင့် တစ်ဖက်လူ၏ အတွေးအကြံကို တပ်အပ်သေချာမသိနိုင်ပေ။

“တာအိုရောင်းရင်းတို့.. ကျုပ်က ခွန်လွင်အပျက်အစီးနယ်မြေမှာ လောလောဆယ်​ နေရဦးမယ်.. ကျုပ်က ခင်ဗျားတို့နဲ့အတူ ခရီးသွားနိုင်မလား သိချင်မိတယ်”

အဖြူရောင်ဝတ်လူ၏ မျက်လုံးများက မျှော်လင့်စောင့်စားမှုဖြင့် ပြည့်နှက်နေ၏။

“ဒါကတော့…”

အဆုံးစွန်မီးက တွေဝေတုံ့ဆိုင်းနေဆဲ ဖြစ်၏။

ပုံမှန်အားဖြင့်ဆိုလျှင်.. သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပြီး တခြားသူစိမ်းများကို မလိုအပ်ပေ။

သို့သော်လည်း.. ဤနေရာက ခွန်လွင်အပျက်အစီးနယ်မြေဖြစ်၏။

အဆုံးစွန်မီးသည် ဤလူ၏ တွေ့ကြုံခဲ့ရပုံအကြောင်း ကြားသိခဲ့ရသောအခါ သူသည် အတိတ်ကာလက သူ၏ အဖြစ်အပျက်ကို ပြန်လည်စဉ်းစားမိသွား၏။ ဤလူသည် ခွန်လွင်အပျက်အစီးနယ်မြေမှာ တစ်ယောက်တည်း သွားလာမည်ဆိုလျှင် သူက သေကြေပျက်သုဉ်းရဖို့များလေသည်။

“ငါတို့ သူ့ကို ခေါ်သွားသင့်လား”

အဆုံးစွန်မီးက အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။

“ငါတို့သုံးယောက်ရဲ့ ခွန်အားအရဆို.. သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေရင်တောင် ငါတို့က သူ့ကို အလွယ်တကူ ရှင်းထုတ်နိုင်တာပဲ”

နန်းကြည်က ကန့်ကွက်ခြင်း မရှိဘဲ ဆူဇီမိုကိုသာ ကြည့်နေ၏။

သူမ၏ ရင်ထဲတွင် ဤကဲ့သို့သော ကိစ္စရပ်များအတွက် ဆုံးဖြတ်ချက်ချရမည့်သူမှာ ဆူဇီမို ဖြစ်ရပေမည်။

အဖြူရောင်ဝတ်လူ ပေါ်ထွက်လာကတည်းက ဆူဇီမိုက တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုခြင်း မရှိပေ။

ရုတ်တရက် သူက မေးလိုက်၏။

“တာအိုရောင်းရင်း.. ခင်ဗျားကို ကျုပ်က ဘယ်လိုခေါ်ရမလဲ”

“ကျုပ်က စိတ်ဝိညာဉ်ဒဏ်ချက်”

အဖြူရောင်ဝတ်လူက ညင်သာစွာ ပြုံးပြလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်လေသည်။

“ကျုပ်ကတော့ အထီးကျန်သိုင်းသခင်ပါ”

“တွေ့ရတာ ဝမ်းသာပါတယ်.. တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်”

အဖြူရောင်ဝတ်လူက ဆူဇီမိုဘက်သို့ သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

သူတို့၏ အပြန်အလှန် စကားပြောဆိုခြင်းက ရိုးရှင်းသော်လည်း အဆုံးစွန်မီးနှင့် နန်းကြည်၏ အမူအရာတို့က အနည်းငယ် ပြောင်းလဲသွားကြ၏။

သူတို့နှစ်ယောက်စလုံးသည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို ပြောနိုင်လေသည်။

အဖြူရောင်ဝတ်လူသည် အထီးကျန်သိုင်းသခင်၏ အမည်ကို ကြားသိရသောအခါ သူ၏ အမူအရာက တည်ငြိမ်လွန်းနေ၏။

ဆူဇီမို၏ အကြည့်က တည်တံ့လာပြီး ပြုံးစစဖြင့် မေးလိုက်၏။

“တာအိုရောင်းရင်း.. ခင်ဗျားက ကျုပ်နာမည်ကို မကြားဖူးတဲ့ပုံပဲ”

အဖြူရောင်ဝတ်လူက တောင်းပန်သလို ပြုံးပြလိုက်၏။

“ကျုပ်က အချိန်အများစုမှာ တံခါးပိတ်ကျင့်ကြံနေတဲ့ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက်ပဲ.. ကျုပ်က ကျင့်ကြံရေးလောကအကြောင်း သိပ်မသိသလို အတွေ့အကြုံလည်း သိပ်မရှိဘူး.. တာအိုရောင်းရင်း… ကျုပ်က ခင်ဗျားအတွက် ဟာသတစ်ခု ဖြစ်နေမှာပဲ”

ထိုဖြေရှင်းချက်က အဓိပ္ပာယ်တော့ ရှိလေသည်။

သို့သော်လည်း အဆုံးစွန်မီးနှင့် နန်းကြည်က စိုးရိမ်လာခဲ့ပြီဖြစ်၏။

အထီးကျန်သိုင်းသခင်သည် သူ၏ တာအိုကို တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးကာ တစ်လောကလုံးကို တုန်လှုပ်စေခဲ့၏။ အချိန်တိုင်း တံခါးပိတ်ကျင့်ကြံပြီး လောကနှင့် အဆက်ဖြတ်နေသည့် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများပင်လျှင် အထီးကျန်သိုင်းသခင်၏ အမည်ကို ကြားဖူးကြလေသည်။

ဆူဇီမိုက ပြုံး၍ ထပ်မေးလိုက်၏။

“မင်း ဘယ်လောက်ကြာကြာ ဆက်ပြီး ဟန်ဆောင်နေဦးမှာလဲ”

အဖြူရောင်ဝတ်လူ၏ မျက်နှာပေါ်ရှိ အပြုံးက ဖျော့တော့သွားခြင်း မရှိဘဲ သူ၏ အမူအရာက ထူးခြားလာခဲ့၏။ သူ့ထံမှ မကောင်းဆိုးရွားဆန်ဆန် အော်ရာတစ်ခုက ဖြာထွက်လာပြီး သူ၏ လက်ဝါးနှစ်ဖက်ကို ပွတ်သပ်ကာ ရယ်မောလိုက်၏။

“အထင်ကြီးစရာပဲ.. ဒီနှစ်တွေထဲမှာ ခွန်လွင်အပျက်အစီးနယ်မြေကို ဝင်ရောက်လာတဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်.. ဒါပေမဲ့ ငါ ရုပ်ဖျက်ထားတာကို ပထမဆုံး မြင်နိုင်တဲ့သူက မင်းပဲ”

အဆုံးစွန်မီးနှင့် နန်းကြည် နှစ်ယောက်စလုံးသည် ခေါင်းနပန်းကြီးသွားကြ၏။

အဖြူရောင်ဝတ်လူသည် ဆူဇီမို၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရလျှင်တောင် သူ့မှာ ဘာရည်ရွယ်ချက် ရှိနေသည်ကို သူတို့နှစ်ယောက်က မဖော်ထုတ်နိုင်ပေ။

သူတို့သည် ဤလူကို သူတို့နှင့်အတူ ခရီးသွားလာခွင့် ပေးလိုက်မည်ဆိုလျှင် နောက်ဆက်တွဲ ရလဒ်များကို စဉ်းစားမကြည့်နိုင်ပေ။

တကယ်တော့ ဆူဇီမိုပင်လျှင် ဤလူ၏ အစစ်အမှန်ခန္ဓာကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိပေ။

သို့သော်လည်း အဖြူရောင်ဝတ်လူ ပေါ်ထွက်လာပြီးနောက်.. ဆူဇီမို၏ အာရုံခံသတိစိတ်က သူ့ကို ထပ်တလဲလဲ သတိပေးနေပြီး ထို့ကြောင့်ပင် သူက အကဲစမ်း မေးခဲ့ခြင်းဖြစ်၏။

“မင်းမှာ ဘာရှိလဲ ကြည့်ရအောင်”

ဆူဇီမိုက အဖြူရောင်ဝတ်လူနှင့်​ အချိန်ဖြုန်းနေခြင်း မရှိဘဲ သူ၏ လက်ချောင်းကို လှုပ်ရှားလိုက်၏။

ဇီး…

ကျိန်းစပ်နေသော အဖြူရောင်ဓားချီက ပေါက်ကွဲထွက်ပေါ်လာပြီး အဖြူရောင်ဝတ်လူရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာ၏။

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုသည် အဖြူရောင်ဝတ်လူ၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေ၏။

ရွှစ်…

အဖြူရောင်ဝတ်လူက ယိမ်းနွဲ့သွားပြီး ဆူဇီမိုနှင့် အခြားနှစ်ယောက် ရှေ့ကနေ ပျောက်ကွယ်သွားကာ အံ့မခန်း အမြန်နှုန်းဖြင့် အခြားတစ်ဖက်သို့ ရွေ့လျားသွား၏။

အဆုံးစွန်မီး၏ အကြည့်ပင်လျှင် သူ့နောက်သို့ အမီလိုက်နိုင်ခြင်း မရှိပေ။

အဲဒီနောက်.. အဖြူရောင်ဝတ်လူ၏ ပုံရိပ်က တစ်ဖန်ပြန်လည်ပေါ်ထွက်လာပြီး သူ၏ ပါးပြင်ပေါ်မှာ ဟက်တက်ကွဲ ပြတ်ရှရာတစ်ခု ရှိလာကာ အပုပ်နံ့ထွက်နေသော သွေးများက အဆက်မပြတ် စီးကျလာ၏။

အဖြူရောင်ဝတ်လူသည် အလွန်တရာ လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း သူ၏ပါးပြင်သည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထိုးခွဲခြင်းကို ခံလိုက်ရဆဲဖြစ်၏။

“လက်စသတ်တော့.. အရိုးစုတစ်ခုက တာအိုကို​ အောင်မြင်ရရှိပြီး အသွေးအသားတွေကိုပါ ဖွံ့ဖြိုးကြီးထွားစေနိုင်ခဲ့တာကိုး”

ဆူဇီမိုက အေးစက်စွာ လှောင်ရယ်၍ ရှေ့သို့ တက်လှမ်း​ပြီး သူ၏ လက်နှစ်ချောင်းကို ပူးကပ်ကာ အဖြူရောင်ဝတ်လူ ရှိရာသို့ ခုတ်ပိုင်းချလိုက်၏။

ဇီး.. ဇီး.. ဇီး..

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ ဆယ်ခုကျော်က ပေါက်ကွဲထွက်ပေါ်လာပြီး မတူညီသော အရပ်ဘက်များကနေ အဖြူရောင်ဝတ်လူထံသို့ ဝင်ရောက်လာလေသည်။

“အား…”

အန္တရာယ်ကို အာရုံခံပြီးသွားပြီး အဖြူရောင်ဝတ်လူက ရုတ်တရက် စူးစူးဝါးဝါး အော်လိုက်၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အသားများက ရုတ်တရက် ပျက်ပြယ်သွားပြီး ထူထဲသော ဆိုးယုတ်ချီစီးကြောင်းများအဖြစ် ပြောင်းလဲသွား၏။ ဆိုးယုတ်ချီစီးကြောင်းများက ဆိုးယုတ်လှံတံများအဖြစ် စုဖွဲ့သွားပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ ရှိရာသို့ တိုးဝင်လာခဲ့၏။

အဖြူရောင်ဝတ်လူသည် နေရာမှာပင် မတ်တတ်ရပ်နေသည့် အရိုးစုတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့၏။

အရိုးစုသည် အမျိုးမျိုးသော အရိုးများကို ဆက်စပ်ထားသည့်အလား သိသိသာသာ ထူးခြားနေ၏။ အဲဒီမှာ နဂါးအရိုးများ၊ ရွှေကျီးကန်းအရိုးများနှင့် နတ်ဘုရားမျိုးနွယ်၏ အရိုးများပင် ပါဝင်လေသည်။

အရိုးစုသည် အရိုးခန္ဓာတစ်ခုကို ဆက်စပ်ဖို့အတွက် ခွန်လွင်အပျက်အစီးနယ်မြေမှ အ​လောင်းများကို အရင်ဆုံး အသုံးပြုခဲ့၏။ သူ၏တာအိုကို အောင်မြင်ရရှိပြီးနောက် ၎င်းသည် ဆိုးယုတ်ချီကို သုံးကာ အသွေးအသားများကို ဆက်လက်စုဖွဲ့နိုင်ခဲ့၏။

ဤအရိုးစုက ဆက်လက်၍ ကျင့်ကြံမည်ဆိုလျှင် သူက အစစ်အမှန်ကျင့်ကြံသူတစ်ယောက်နှင့် ခြားနားတော့မည် မဟုတ်ပေ။

ချွမ်း.. ချွမ်း.. ချွမ်း..

အရိုးစုကနေ ထုတ်ဖော်လိုက်သော ဆိုးယုတ်လှံတံများသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် ထိတွေ့ရိုက်ခတ်ပြီး အရေးနိမ့်ခြင်း မရှိပေ။ ထိတွေ့ရိုက်ခတ်ခြင်းကနေ စူးစူးရှရှ အသံများက ထွက်ပေါ်လာ၏။

အရိုးစုသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ ကျင့်ကြံမှုကို ရရှိလာခဲ့ပြီဖြစ်၏။

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး ရှေ့သို့ တက်လှမ်းကာ သူ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားလိုက်၏။

“ဥုံ.. မာ.. ဏီ.. ပါ.. မီ.. ဟုန်”

တာမင်းမန္တန်ခြောက်သံ ထွက်ပေါ်လာသည့် အချိန်မှာပင် တာမင်းဓမ္မချိပ်စည်းခြောက်ခုက တစ်ပြိုင်နက်တည်း ဆင်းသက်လာ၏။

ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မပညာရပ်များက မကောင်းဆိုးဝါးများကို နှိမ်နင်းရာမှာ အထိရောက်ဆုံးဖြစ်၏။

မဟာဝရဇိန်လှည်းဘီးချိပ်စည်းနှင့် မဟာမြင်းမိုရ်တောင်ချိပ်စည်းတို့ ဆင်းသက်လာသည့်အခါ အရိုးစုသည် တဆတ်ဆတ် တုန်ယင်သွားပြီး ၎င်း၏ အရိုးများက ကွဲထွက်ကုန်တော့မည့်အလား တကျွိကျွိမြည်လာ၏။

ဆူဇီမိုသည် ထိုင်ချလိုက်ပြီး သူ၏လက်ဖဝါးနှစ်ဖက်ကို အတူတကွ ယှက်ဖြာလိုက်၏။

သူက ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ မျက်လွှာချပြီး ခံ့ညားကြော့ရှင်းသော အမူအရာနှင့်အတူ ဂါထာမန္တန်များကို ရွတ်ဖတ် သရဇ္ဈယ်လိုက်၏။

မဟာအလင်းမန္တန်…

အကြားအာရုံထုတ်ဖော်မန္တန်…

အာရုံခံပဟေဠိမန္တန်…

လမ်းခြောက်သွယ်စိန်မန္တန်…

ထိုမန္တန်များ အားလုံးသည် စွဲလမ်းမှု ဥပါဒါန်များကနေ လွတ်မြောက်၍ သူတို့၏ မကျေမချမ်းမှုများကို သန့်စင်ကယ်ချွတ်ပေးဖို့အတွက် အသုံးပြုရသော မန္တန်များ ဖြစ်၏။

အရိုးစု၏ နှာရောင်ကနေ ယင်စိတ်ဝိညာဉ် အလုံးတစ်လုံးက အဆက်မပြတ် ရုန်းကန်လာ၏။ သို့သော်လည်း ၎င်းသည် အဆက်မပြတ် ထွက်ပေါ်လာသော ဂါထာမန္တန်အသံများကို တဖြည်းဖြည်း ခံနိုင်ရည်မရှိတော့ဘဲ နောက်ဆုံးမှာ ချုပ်ငြိမ်းသွားရ၏။

ရွှစ်…

အရိုးစုသည် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားပြီး ဖုန်မှုန့်များအဖြစ် ပြန်လည်ပြောင်းလဲသွားလေသည်။

All Chapters