ခွန်လွင်အဟန့်အတား
Vol. 99 Ch. 1480
အရိုးစုဆိုးယုတ်တစ္ဆေသည် ဆူဇီမို၏ အလွယ်တကူ ဖိနှိမ်ခြင်းကို ခံခဲ့ရသည်ဟု ထင်ရသော်လည်း ၎င်း၏ ကျင့်ကြံမှုသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာပင် ထိပ်တန်းအဆင့်မှာ ရှိလေသည်။
အဆုံးစွန်မီး သို့မဟုတ် နန်းကြည်ပင်လျှင် ၎င်းကို မယှဉ်နိုင်ပေ။
ဆူဇီမိုမှာ ဗုဒ္ဗကျောင်းတော်များ၏ ကျင့်ကြံရေးနည်းစနစ်များ ရှိနေခြင်းကြောင့် မဟုတ်လျှင် သူသည် ထိုအရိုးစုကို ဖိနှိမ်ဖို့အတွက် ကြိုးစားအားထုတ်မှုများစွာ လိုအပ်ပေလိမ့်မည်။
“သွားကြရအောင်.. သတိထားကြ”
ဆူဇီမိုက ပြောဆိုလိုက်ပြီး သူတို့သုံးယောက်က ရှေ့သို့ ဆက်လက်ချီတက်လာကြ၏။
သူတို့သုံးယောက်သည် ခွန်လွင်အပျက်အစီးဒေသကို တစ်ရက်ကြာအောင် ခရီးဆက်လာခဲ့ကြပြီး လမ်းတစ်လျှောက်တွင် တိုက်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရ၏။ ကံကောင်းထောက်မစွာဖြင့် သူတို့က မထိမခိုက်ရှိခဲ့ကြ၏။
ခွန်လွင်အပျက်အစီးဒေသမှာ ရှိသည့် တည်ရှိမှုများသည် သူတို့က ဘယ်လို ပြန်ဝင်စားမွန်းစတား သို့မဟုတ် ဘယ်လို ပြိုင်စံရှားများဆိုတာကို ဂရုမစိုက်ကြပေ။ သူတို့က အထီးကျန်သိုင်းသခင်ကိုပင် လုံးဝ မသိကြပေ။
သူတို့၏ မျက်လုံးထဲတွင် ဆူဇီမိုနှင့် အခြားသူများသည် သူတို့၏ ကျင့်ကြံမှုအဆင့်ကို ကြီးမားစွာ တိုးတက်လာစေဖို့အတွက် သူတို့ စားသုံးနိုင်သည့် အသွေးအသားများထက် မပိုပေ။
ဆူဇီမို၏ သိပ်သည်းပြင်းထန်သော သက်လုံအားနှင့်ပင်လျှင် သူက တစ်ရက်လုံးလုံး တိုက်ခိုက်ပြီးနောက် ပင်ပန်းမှုကို ခံစားလာရပြီဖြစ်၏။
အဆုံးစွန်မီးနှင့် နန်းကြည်သည်လည်း ပင်ပန်းနွမ်းနယ်နေကြပြီး သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူလျော် ဖြစ်နေကြ၏။
“ကျုပ်တို့ အခု ဘယ်နေရာကို ရောက်နေပြီလဲ”
ဆူဇီမိုသည် ယခုတင် သူတို့ရှေ့မှာ ပိတ်ရပ်လာသည့် မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင် တစ်ကောင်ကို သတ်ဖြတ်လိုက်ပြီးနောက် မေးမြန်းလိုက်၏။
အဆုံးစွန်မီးက အနည်းငယ် မောဟိုက်နေ၏။
“ငါတို့က ခွန်လွင်အပျက်အစီးနယ်မြေရဲ့ အပြင်ဘက် အစပ်မှာပဲ ရှိသေးတယ်”
ခွန်လွင်အပျက်အစီးနယ်မြေက အရမ်းကို ကျယ်ပြန့်ကြီးမားလေသည်။
သူတို့သုံးယောက်သည် တစ်ရက်လုံးလုံးကြာအောင် လျှောက်လှမ်းလာခဲ့ပြီးနောက်.. အပြင်ဘက် အစပ်မှာသာ ရှိနေကြဆဲဖြစ်၏။
“ဟိုးကို လှမ်းကြည့်လိုက်”
အဆုံးစွန်မီးသည် အဝေးတစ်နေရာတွင်ရှိသော ခရမ်းရွှေရောင်အလင်းကို လက်ညိုးထိုးပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“အဲဒါက ခွန်လွင်အဟန့်အတားပဲ… မင်းက အဲဒီ အဟန့်အတားကို ဖြတ်ကျော်ပြီးမှ ခွန်လွင်အပျက်အစီးနယ်မြေရဲ့ အတွင်းပိုင်းကို တကယ်တမ်း ဝင်ရောက်နိုင်လိမ့်မယ်”
“ဒါပေမဲ့လို့.. ခွန်လွင်အဟန့်အတား တည်ရှိနေတဲ့အတွက် အပြင်ဘက်က ကျင့်ကြံသူတွေက အထဲကို လုံးဝ မဝင်ရောက်နိုင်ကြဘူး.. ဒီနှစ်တွေထဲမှာ အခွင့်အလမ်းတွေကို ရှာဖွေဖို့အတွက် ခွန်လွင်အပျက်အစီးဒေသကို ဝင်ရောက်လာတဲ့ ကျင့်ကြံသူအချို့က ဒီအပြင်ဘက် အစပ်မှာပဲ လှည့်လည်သွားလာခဲ့ကြတာ”
ဆူဇီမိုသည် အဝေးတွင်ရှိသော မိုးသောက်ပန်းရောင် အလင်းကို တွေးတွေးဆဆဖြင့် ငေးကြည့်လိုက်၏။
“တစ်ချက်လောက် သွားကြည့်ကြရအောင်”
သူက ထိုသို့ပြောပြီး အဆုံးစွန်မီးနှင့် နန်းကြည်ကို ရှေ့ကနေ ဦးဆောင်သွား၏။
သူတို့နှစ်ယောက်သည် ဆေးလုံးတချို့ကို စားသုံးပြီး သူတို့၏ သွေးချီနှင့် သက်လုံအားကို ပြန်လည်ဖြည့်တင်းနေကြ၏။
ခွန်လွင်အဟန့်အတားက သိပ်ပြီး မဝေးတော့သည့်ပုံပင်။
သို့သော်လည်း ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် ခွန်လွင်အဟန့်အတား၏ အစပ်သို့ တကယ်တမ်း ရောက်ရှိလာဖို့အတွက် နောက်ထပ် သုံးရက်ကြာအောင် ခရီးဆက်ခဲ့ရ၏။
တကယ်တော့ ထိုခရီးစဉ်က နောက်ထပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုလည်း ဖြစ်၏။
သူတို့သုံးယောက်သည် ပေါင်းစည်းခန္ဓာအဆင့်မှာ အသန်မာဆုံး ပြိုင်စံရှားများ ဖြစ်ကြ၏။
ဆူဇီမို၏ လက်ရှိကျင့်ကြံမှုအရ… ခွန်လွင်အပျက်အစီးနယ်မြေ၏ အပြင်ဘက်အစပ်မှာ ရှိသည့် သက်ရှိများနှင့် ဆိုးယုတ်တစ္ဆေများသည် သူ့အပေါ်မှာ ခြိမ်းခြောက်မှု သိပ်မရှိနိုင်ပေ။
ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် အထီးကျန်သိုင်းသခင်က သူ၏ အဆင့်အတန်းကို တည်ဆောက်ပြီးသွားပြီဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က တိုက်ခိုက်မလာသရွေ့ မည်သူကမှ သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ကြောင်း တစ်ခါပြောခဲ့ဖူးလေသည်။
သူက လုံးဝ ချဲ့ကားပြောဆိုခဲ့ခြင်း မဟုတ်ပေ။
ဆူဇီမိုသည် သူ့ရှေ့တွင်ရှိသော ခွန်လွင်အဟန့်အတားကို ကြည့်လိုက်၏။
သူသည် ဤအဟန့်အတားကို ဖြတ်ကျော်နိုင်သည်နှင့်အမျှ သူသည် ခွန်လွင်အပျက်အစီးနယ်မြေ၏ စစ်မှန်သော လျှို့ဝှက်ချက်များနှင့် ထိတွေ့လာနိုင်လိမ့်မည်ဖြစ်ပြီး နောက်ထပ် လောကတစ်ခုနှင့် ဒဏ္ဍာရီလာ ခွန်လွင်မျိုးနွယ်ကို တွေ့မြင်နိုင်လေသည်။
အဟန့်အတား၏ စွမ်းအားက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်၍ အေးစက်နေ၏။
အဆုံးစွန်မီးသည် ရှေ့ကနေ ဦးဆောင်ပြီး ခွန်လွင်အဟန့်အတားကို ဖြတ်ကျော်ဖို့ ကြိုးပမ်းလိုက်၏။
သူ၏ ခန္ဓာကိုယ်က အဟန့်အတားနှင့် ထိတွေ့လိုက်သည့် အချိန်မှာပင်… သူသည် သိပ်သည်းပြင်းထန်သော ခုခံအားတစ်ခုနှင့် တွေ့ကြုံလိုက်ရ၏။ သူ၏မျိုးဆက်သွေးကို အကန့်အသတ်ထိ တွန်းတင်လိုက်သော်လည်း သူက အဲဒါကို မဖြတ်ကျော်နိုင်ပေ။
ခဏမျှ လွန်ဆွဲပြီးနောက်.. အဆုံးစွန်မီးက နောက်သို့သာ ဆုတ်ပေးလိုက်ရ၏။
“ငါ အဲဒါကို မလုပ်နိုင်သေးဘူး”
အဆုံးစွန်မီးက ခါးသီးစွာ ရယ်မောလိုက်၏။
“အရင်တုန်းက ငါ အဲဒါကို ကြိုးစားခဲ့ဖူးတယ်.. ငါ အခု ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်ခဲ့ပြီးတာတောင် အဲဒါကို မဖြတ်ကျော်နိုင်သေးဘူးဆိုတော့… “
“ကျုပ် ကြိုးစားကြည့်ပါရစေ”
ဆူဇီမိုက ပြောရင်း ခွန်လွင်အဟန့်အတားဆီသို့ လျှောက်လှမ်းလိုက်၏။
သူက အဟန့်အတားနှင့် ထိတွေ့လိုက်သည့် အချိန်မှာပင်.. သူကလည်း သိပ်သည်းပြင်းထန်သော ခုခံအားတစ်ခုကို ခံစားရ၏။
ဆူဇီမိုသည် သူ၏ မျိုးဆက်သွေးကို ဖြည်းဖြည်းချင်း လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ ဆူနာမီအသံကို တလိပ်လိပ် ထွက်ပေါ်လာစေ၏။ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် နတ်ဘုရားဆန်ဆန် အလင်းတစ်ခုကို ဖြာထုတ်ပေးပြီး သူ၏ အင်္ဂါများက ဝင်းလက်တောက်ပလာ၏။
အဟန့်အတား၏ နှောင့်ယှက်မှုကို ဆန့်ကျင်၍ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ထွင်းဖောက်မတတ် ကြည်လင်လာကာ ဖန်တီးခြင်းကြာပဒုမ္မာတစ်ခု၏ ပုံသဏ္ဌာန်အဖြစ် အသွင်ပြောင်းလဲသွား၏။
အဆုံးစွန်မီးနှင့် နန်းကြည်၏ အကြည့်အောက်မှာပင်.. ဆူဇီမို၏ ပုံရိပ်က ခွန်လွင်အဟန့်အတားထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်၍ ပျောက်ကွယ်သွား၏။
“သူ အထဲကို ဝင်နိုင်သွားပြီလား”
အဆုံးစွန်မီး၏ မျက်လုံးက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။
“ဖြစ်လောက်ပါတယ်”
နန်းကြည်က ခေါင်းညိတ်ပြလိုက်၏။
သူတို့နှစ်ယောက်သည် တိတ်တဆိတ် ငြိမ်သက်နေကြပြီး သိပ်မကြာခင် ဆူဇီမို၏ ပုံရိပ်က တစ်ဖန်ပြန်လည်ပေါ်ထွက်လာကာ ခွန်လွင်အဟန့်အတားထဲကနေ လျှောက်လှမ်းထွက်လာ၏။
“အခြေအနေ ဘယ်လိုရှိလဲ”
အဆုံးစွန်မီးက အလောတကြီး မေးလိုက်၏။
“ကျုပ် အဲဒါကို ဖြတ်ကျော်နိုင်ခဲ့တယ်”
ဆူဇီမိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒီခွန်လွင်အဟန့်အတားက အပြန်အလှန် သက်ရောက်မှု ရှိတယ်… အဲဒါက အပြင်ဘက်က ကျင့်ကြံသူတွေကို မဝင်ရောက်နိုင်ဖို့ တားဆီးပေးနိုင်ရုံတင်မကဘူး… အထဲမှာ ရှိတဲ့ သက်ရှိတွေကလည်း အပြင်ကို ပြန်ထွက်ဖို့ မဖြစ်နိုင်ဘူး”
“မထူးဆန်းတော့ဘူး”
အဆုံးစွန်မီးက အံ့အားတသင့် ရေရွတ်လိုက်၏။
“ဒီလောက်နှစ်တွေ ကြာပြီးတာတောင် ခွန်လွင်မျိုးနွယ် သက်ရှိတစ်ယောက်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ တစ်ခါမှ ပေါ်ထွက်မလာဘူးဆိုတာ ဒီခွန်လွင်အဟန့်အတားကြောင့်ပဲ”
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် သူတို့၏ စွမ်းအားနှင့်အတူ ဤအဟန့်အတားကို ဖြတ်ကျော်နိုင်ကြလေသည်။ သို့သော်လည်း သူတို့သည် နတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုကို နှိုးဆွမိပြီး အသက်သေဆုံးရမည်ကို စိုးရိမ်၍ ဤနေရာသို့ ဝင်ရောက်ရဲကြခြင်း မရှိပေ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင်များနှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကတော့ မည်သူကမှ ခွန်လွင်အဟန့်အတားကို မဖြတ်ကျော်နိုင်ကြပေ။
ခွန်လွင်အဟန့်အတားသည် ခွန်လွင်အပျက်အစီးနယ်မြေကို ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေ လုံးဝ ပိုင်းခြားထားခြင်းဖြစ်ပြီး မတူညီသော လောကနှစ်ခုကို ဖြစ်ပေါ်စေလေသည်။
ထို့ကြောင့်ပင်လျှင်… ခွန်လွင်အပျက်အစီးနယ်မြေက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်တာတောင် မည်သူကမှ သူတို့ကို မဖော်ထုတ်နိုင်ကြခြင်း ဖြစ်၏။
“ကျွန်မလည်း ကြိုးစားကြည့်ပါရစေ”
ဆူဇီမိုနှင့် အဆုံးစွန်မီး ကြိုးစားပြီးနောက်.. နန်းကြည်သည်လည်း စိတ်အားထက်သန်လာပြီး ရှေ့သို့ တက်လှမ်းကာ ခွန်လွင်အဟန့်အတားဆီသို့ ဦးတည်လိုက်၏။
သို့သော်လည်း.. နန်းကြည်သည် ခွန်လွင်အဟန့်အတားနှင့် ထိတွေ့မိသည့် အချိန်မှာပင် အပြောင်းအလဲတစ်ရပ်က ဖြစ်ပေါ်လာ၏။
ခွန်လွင်အဟန့်အတားမှ ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
ဧရာမကျောက်တုံးတစ်တုံးကို တည်ငြိမ်နေသော ရေကန်အလယ်သို့ ပစ်ချလိုက်သည့်အလား.. ကြီးမားသော လှိုင်းဂယက်များက တည်ငြိမ်သော အဟန့်အတားပေါ်မှာ ပေါ်ထွက်လာလေသည်။
အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုသည် ခွန်လွင်အဟန့်အတားကနေ ပေါက်ကွဲထွက်ပေါ်လာပြီး နန်းကြည်ရှိရာသို့ ပစ်ဝင်လာခဲ့၏။
ထိုစွမ်းအားသည် အရမ်းကို ကြောက်စရာကောင်းပြီး ဆူဇီမို၏ အမူအရာပင်လျှင် အနည်းငယ် ပြောင်းလဲသွားရ၏။
ဘုန်း..
နန်းကြည်သည် အငိုက်မိသွားပြီး သူမ၏ ရင်ဘတ်ကို ခွန်လွင်အဟန့်အတား စွမ်းအားက ပစ်တိုက်ကာ သူမ ရင်ဘတ်ထဲရှိ အရိုးများကို ချက်ချင်းပင် ကြေမွသွားစေ၏။
နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးက အလွန်တရာ သန်မာလေသည်။
သို့သော်လည်း နန်းကြည်၏ ခန္ဓာကိုယ်သည် ခွန်လွင်အဟန့်အတား၏ ထိတွေ့ရိုက်ခတ်မှုဖြင့် ပြိုကွဲလုနီးပါး ဖြစ်သွား၏။
အရာရာတိုင်းက အရမ်းကို လျင်မြန်စွာ ဖြစ်ပွားခဲ့၏။
ဆူဇီမိုပင်လျှင် ကြိုတင်ပြင်ဆင်ထားမှု မရှိသည့်အတွက် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။
နန်းကြည်သည် ဖြူဖပ်ဖြူလျော် အမူအရာနှင့်အတူ နောက်သို့ လန်ကျလာပြီး ပါးစပ်အပြည့် သွေးများကို ထွေးထုတ်ကာ သူမ၏ ကိုယ်တွင်းအင်္ဂါများက စုတ်ပြဲသွားလေပြီ။
ရွှစ်…
၎င်းသည် အသိစိတ် ရှိသည့်အလား.. နန်းကြည် မသေသေးဘူးဆိုတာကို နားလည်သွားပြီးနောက် ခွန်လွင်အဟန့်အတားသည် ၎င်း၏ ခွန်အားကို တစ်ဖန်ပြန်လည်စုစည်းလိုက်၏။ ကြီးမား၍ ကြောက်စရာကောင်းသော လက်သည်းတစ်ဖက်သည် လေထဲမှာ ပေါ်ထွက်လာပြီး နန်းကြည်ရှိရာသို့ ကုတ်ဆွဲလိုက်၏။
“ဟမ့်”
ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်ရင်း သူ၏ ပုံရိပ်က လှစ်ခနဲ လှုပ်ရှားသွားကာ နန်းကြည်ကို ဖမ်းဆွဲလိုက်၏။ သူက ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး နောက်သို့ အလျင်အမြန် ဆုတ်ကာ ခွန်လွင်အဟန့်အတားကနေ အဝေးသို့ ပြေးထွက်လိုက်၏။
သူတို့အကြား အကွာအဝေးက တိုးလာသည်နှင့် ကြောက်စရာကောင်းသော လက်သည်းသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ တဖြည်းဖြည်း ပျက်ပြယ်သွား၏။
စောစောက ဖြစ်ပျက်ခဲ့သော အရာရာတိုင်းသည် ပုံရိပ်ယောင်တစ်ခုအလား.. ခွန်လွင်အဟန့်အတားက ပုံမှန်အခြေအနေသို့ နောက်တစ်ဖန် ပြန်လည်ရောက်ရှိသွား၏။
“အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
အဆုံးစွန်မီးသည် အိုးတိုးအမ်းတမ်း အမူအရာနှင့်အတူ နောက်ကနေ ပြေးလိုက်လာ၏။
ဆူဇီမိုနှင့် သူသည် ခွန်လွင်အဟန့်အတားကို ဖြတ်ကျော်ဖို့ ကြိုးပမ်းသည့်အခါ ခုခံမှုတစ်ခုကိုသာ ကြုံတွေ့ခဲ့ရ၏။
သို့သော်လည်း.. နန်းကြည်ကတော့ သူမ၏ အသက်ကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့၏။
ဆူဇီမိုသည် နန်းကြည်ကို ဆေးလုံးတစ်လုံး တိုက်ကျွေးပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ဒီအဟန့်အတားကို ဘယ်သူ ခင်းကျင်းခဲ့တာလဲ”
“ငါလည်း မသိဘူး”
အဆုံးစွန်မီးက ခေါင်းခါပြလိုက်၏။
ခွန်လွင်အဟန့်အတား၏ ဇစ်မြစ်ကို သူမပြောနှင့်… ပဟေဠိနန်းတော်ပင်လျှင် သိချင်မှ သိပေလိမ့်မည်။
ဆူဇီမို၏ အကြည့်က တဖျပ်ဖျပ်လက်သွား၏။ စောစောက ကြောက်စရာကောင်းသော လက်သည်းကို ပြန်လည်စဉ်းစားရင်း သူ့မှာ ဝိုးတဝါး ခန့်မှန်းချက်တစ်ခု ရှိလာခဲ့၏။
သူက ထိုလက်သည်းနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်မှု ရှိလေသည်။
အဲဒါသည် ညဝိညာဉ် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲစဉ်က ထုတ်ဖော်ခဲ့သော လက်သည်းနှင့် အလွန်တရာ တူလေသည်။
ဤခွန်လွင်အဟန့်အတားသည် နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်ရှိခဲ့တာ ဖြစ်မည်ဆိုလျှင်.. အဲဒါကို ခင်းကျင်းခဲ့သည့်သူက ကမ္ဘာဦးခေတ်၏ ဟို့ ဖြစ်နိုင်ချေများလေသည်။
ကိစ္စက ထိုသို့ဆိုလျှင်.. နောက်ထပ် သံသယအသစ်များက ထပ်မံပေါ်ထွက်လာ၏။
ဒီအဟန့်အတားကို ဘာအတွက် အသုံးချဖို့လဲ.. ။
နန်းကြည်က ခွန်လွင်အဟန့်အတားကို ဖြတ်ကျော်သည့်အခါ… ဘာကြောင့် ဤကဲ့သို့ ကြီးမားသည့် တုံ့ပြန်မှုတစ်ခု ရှိလာရတာလဲ…။ သူမက ဘာကြောင့် ၎င်းထံမှ သတ်ဖြတ်လိုစိတ်ကို နှိုးဆွနိုင်ရတာလဲ…။
အဲဒါက တိုက်ဆိုင်မှုတစ်ခု မဟုတ်နိုင်ပေ။
ခွန်လွင်အဟန့်အတားတွင် ဤကဲ့သို့ ကြီးမားသည့် ပြောင်းလဲမှု တစ်ရပ် ဖြစ်လာစေသည်မှာ ကမ္ဘာဦး ဟို့ ချန်ထားရစ်ခဲ့သော စိတ်ဆန္ဒတချို့ကြောင့် ဖြစ်ရပေမည်။