← Chapters

လျှို့ဝှက်ကုန်းမြေ

Vol. 99 Ch. 1481

လျှို့ဝှက်ကုန်းမြေ

Vol. 99 Ch. 1481

“ငါတို့အခု ဘာလုပ်သင့်သလဲ”

အဆုံးစွန်မီးက မေးလိုက်၏။

ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။

“ဒီတိုင်းတော့ ဆက်သွားလို့ မရဘူး... ကျုပ်တို့က လုံခြုံစိတ်ချရပြီးတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုကို ရှာဖွေပြီး ရက်အနည်းငယ်လောက် ကျင့်ကြံရလိမ့်မယ်”

သူတို့သည် ခွန်လွင်အပျက်အစီးနယ်မြေမှာ လှည့်ပတ်သွားလာ၍ တစ်ချိန်လုံး တိုက်ခိုက်နေခဲ့ရ၏။ သူတို့သည် ဆင်ခြင်နားလည်မှု အတော်အတန်ကို စုဆောင်းမိခဲ့ကြသော်လည်း သူတို့မှာ အဲ့ဒါကို ကြေညက်စေဖို့ အချိန်မရခဲ့ပေ။

ဒါ့အပြင် နန်းကြည်သည် ယခုအချိန်မှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ကောင်းကောင်းပင် မလှုပ်ရှားနိုင်ပေ။

သူမ၏ နတ်ဘုရားမျိုးနွယ် မျိုးဆက်သွေးနှင့် သန်မာအားကောင်းသော ပြန်လည်ကုသနိုင်စွမ်းဖြင့်ပင်လျှင် သူမအနေဖြင့် သူမ၏ ဒဏ်ရာများကို ကုသဖို့အတွက် အနည်းဆုံး လဝက်လောက် အချိန်ယူရပေလိမ့်မည်။

“ဆိုးယုတ်တစ္ဆေတွေ ဝင်မလာနိုင်တဲ့ နေရာတစ်ခုကို ငါသိထားတယ်”

အဆုံးစွန်မီးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“လွန်ခဲ့တဲ့နှစ်ငါးထောင်က ငါဝင်ရောက်ခဲ့တဲ့ လျှို့ဝှက်ကုန်းမြေပဲ... ငါက ညဝိညာဥ်နဲ့ မီးပဒေသာဓားဝင်္ကပါကို အဲ့ဒီလျှို့ဝှက်ကုန်းမြေကနေ ရလာခဲ့တာပဲ”

“ကော​င်းပြီလေ... အဲ့ဒီကိုသွားပြီး လောလောဆယ် ပြန်ပြီးအားဖြည့်ကြတာပေါ့”

ဆူဇီမိုက ဆုံးဖြတ်ချက်ချလိုက်၏။

အရင်ဆုံး... နန်းကြည်က သူမ၏ ဒဏ်ရာများကို အေးအေးဆေးဆေးကုသနိုင်ဖို့ လိုလေသည်။

ဒုတိယတစ်ချက် သူတို့သည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း နားလည်ဆင်ခြင်မှု အတော်အတန် ရရှိထားလေသည်။ သူတို့က ထိုအခွင့်အလမ်းကို ချိန်ဆပြီး အထိုင်ချကျင့်ကြံနိုင်မည်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုနှင့် တိုက်ခိုက်ရည်ခွန်အားက သိသိသာသာ တိုးလာပေလိမ့်မည်။

ဆူဇီမိုအတွက်တော့ သူ့အနေဖြင့် ဤအခွင့်အလမ်းကို အသုံးချပြီး သူ၏ သိုလှောင်အိတ်ထဲရှိ အသောကသစ်သားပိုင်းကို သန့်စင်နိုင်ပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူတို့သုံးယောက်သည် သူတို့၏ တိုက်ခိုက်ရည်ခွန်အားမှာ နောင်တစ်ဆင့်သို့ တက်လှမ်းပြီး ခွန်လွင်အပျက်အစီးနယ်မြေမှာ နောက်တစ်ဖန် စွန့်စားသွားလာဖို့အတွက် ပို၍ ဘေးကင်းလုံခြုံလာပေလိမ့်မည်။

အဆုံးစွန်မီးသည် သူ၏ သိုလှောင်အိတ်ထဲကနေ မြေပုံတစ်ချပ်ကို ထုတ်ယူပြီး ယှဥ်တွဲကြည့်ရှုလိုက်၏။

“အဲ့ဒါက ဒီနေရာကနေ သိပ်မဝေးဘူး... ငါ့နောက်က လိုက်ခဲ့ကြ”

သူက ပြော၍ ရှေ့ကနေ ဦးဆောင်သွား၏။

ဆူဇီမိုသည် နန်းကြည်ကို သူ၏ ကျောပေါ်မှာ သယ်ပိုးပြီး ထပ်ကြပ်မကွာလိုက်ပါသွား၏။

ခွန်လွင်အပျက်အစီးနယ်မြေမှာ ခြေလှမ်းတိုင်းက အန္တရာယ်အပြည့်ဖြင့်ဖြစ်၏။

သူတို့သုံးယောက်သည် မြန်မြန်ဆန်ဆန်လှုပ်ရှားသွားလာခြင်းမရှိဘဲ သူတို့လိုရာပန်းတိုင်ကို ရောက်ရှိဖို့အတွက် နောက်ထပ် နေ့တစ်ဝက်လောက် ခရီးဆက်ခဲ့ကြရ၏။

ယခု သူတို့ရှေ့တွင် ငွားငွားစွင့်စွင့် မြင့်မားသော တောင်ထွတ်တစ်ခုရှိနေ၏။

တောင်ထွတ်သည် ထူးဆန်းသော ကျောက်တုံးများဖြင့် ပြည့်နှက်နေပြီး မည်သည့်အသက်ဓာတ်မှမရှိဘဲ ကျတ်တီးမြေတစ်ခုဖြစ်၏။

အဆုံးစွန်မီးသည် သူတို့နှစ်ယောက်ကို တောင်ခြေရင်းရှိ လိုဏ်ဂူတစ်ခုဆီသို့ ခေါ်ဆောင်သွား၏။

လိုဏ်ဂူထဲတွင် မရေမတွက်နိုင်သော ကျောက်မီးယက်တွင်းပေါက်များရှိပြီး သူတို့သည် တစ်ချက်ကြည့်ရုံဖြင့် အရပ်မျက်နှာကို မခွဲခြားနိုင်ကြပေ။

“ငါ့နောက်ကကပ်ပြီး လိုက်ခဲ့... လမ်းမပျောက်စေနဲ့”

အဆုံးစွန်မီးသည် သတိပေးပြီး ကျောက်မီးယက်တွင်းပေါက်တစ်ပေါက်ဆီသို့ သူ့လက်ထဲရှိ မြေပုံအတိုင်း လိုက်ပါဝင်ရောက်သွား၏။

ဤလိုဏ်ဂူထဲမှာ လမ်းခွဲများစွာရှိလေသည်။

အဆုံးစွန်မီးသည် ဦးတည်ဘက်ကို မကြာခဏ ပြောင်းလဲပြီး လမ်းခွဲများထဲမှ တစ်ခုဆီသို့ လျှောက်လှမ်းသွား၏။

မကြာမကြာဆိုသလို...သူ၏လမ်းကြောင်းသည် ပုံသေမရှိပဲ ဘယ်ဘက်ချိုးလိုက် ညာဘက်ချိုးလိုက်ဖြစ်နေ၏။

အတန်ကြာပြီးနောက် အဆုံးစွန်မီးက သူ၏လမ်းကြောင်းကို ရပ်တန့်လိုက်၏။

ဆူဇီမိုက လှမ်းမျှော်ကြည့်ရှုလိုက်၏။

သူတို့ရှေ့တွင် နောက်ထပ်အလွန်တရာရှည်လျားသော ဥမင်တစ်ခုရှိနေ၏။

၎င်းအထဲတွင် အလောင်းများနှင့် လက်နက်များက မြေပြင်ပေါ်မှာ ပြန့်ကျဲကျနေ၏။

ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်၏။

မြေပြင်ပေါ်ရှိ ဓမ္မလက်နက်များမှတစ်ဆင့် အလောင်းအများစုမှာ ဓမ္မဝိသေသအဆင့်ဖြစ်ကြပြီး သူတို့ထဲမှ အချို့သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ သို့မဟုတ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့် ပညာရှင်များပင် ပါဝင်ကြောင်း တွေ့လိုက်ရ၏။

ထိုပညာရှင်များသည် သေဆုံးသွားသည်မှာ ​ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များက ဖုန်အလိမ်းလိမ်းတက်နေလေသည်။

သူတို့၏ ဖျက်ဆီးမရနိုင်သော ခန္ဓာကိုယ်များနှင့်အတူ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးပညာရှင်များပင်လျှင် အရိုးများနှင့် အဝတ်အစားများသာလျှင် ကျန်ရစ်တော့လေသည်။

အလောင်းအချို့က လူပုံသဏ္ဌာန် ရှိပြီး အချို့က ကြမ်းကြုတ်တောကောင်များနှင့် သားရဲများပုံသဏ္ဌာန်ရှိလေသည်။

သို့သော်လည်း အလောင်းတစ်လောင်းချင်းစီသည် သူတို့၏ဘေးပတ်လည်တွင် ခရမ်းရွှေရောင်ဖဲကြိုးတစ်ခုကို စီးနှောင်ထားကြ၏။

“ခွန်လွင်မျိုးနွယ်လား”

ဆူဇီမိုသည် တီးတိုးရေရွတ်လိုက်၏။ သူသည် ဝိုးတဝါးခန့်မှန်းချက်တစ်ခု ရရှိလာသော်လည်း အဲ့ဒါကို အတည်ပြုရဲခြင်း မရှိပေ။

စင်္ကြံလမ်းနှင့် အလွန်တရာရှုပ်ထွေးပွေလီသော ကျောက်မီးယက်တွင်းပေါက်ကို လူကပြုလုပ်ထားသည်မှာ သိသာလေသည်။ သူတို့က လမ်းမသိဘူးဆိုလျှင် အထဲကို ဝင်ရောက်နိုင်ခြင်း သို့မဟုတ် ထွက်ခွာနိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။

သူသည် ဤလျှို့ဝှက်ကုန်းမြေ၏ ပိုင်ရှင် မည်သူဖြစ်သည်ကို သိချင်မိလေသည်။

အဲ့ဒါကို တည်ဆောက်ခဲ့ရတဲ့ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ။

အရင်တုန်းက ဤနေရာတွင် လူပေါင်းများစွာ သေဆုံးခဲ့ရအောင် ဘာတွေဖြစ်ပျက်ခဲ့သလဲ သူ မသိရှိပေ။

“ဆရာ... ဒီနေရာက အရင်တုန်းက ခင်ဗျားအဆိပ်မိလာခဲ့တဲ့နေရာလား”

ဆူဇီမိုက မေးလိုက်၏။

သူဝင်ရောက်လာပြီးနောက် သူသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး ဤနေရာပတ်ဝန်းကျင်ကို စစ်ဆေးခဲ့ပြီးသားဖြစ်၏။ သို့သော်လည်း တခြားမည်သည့်သက်ရှိ သို့မဟုတ် အန္တရာယ်ကိုမှ မရှာဖွေနိုင်ခဲ့ပေ။

အဆုံးစွန်မီးက ခေါင်းညိတ်၍ အလောင်းများထဲမှ အလောင်းတစ်လောင်း၏ ဘေးဘက်ရှိ သိုလှောင်အိတ်ကိုကြည့်ကာ သက်ပြင်းချလိုက်၏။

“ငါဒီနေရာကို ရောက်လာတုန်းက ဒီမှာရှိတဲ့ ရတနာတွေများစွာကို မြင်တွေ့ခဲ့တယ်... အဲ့ဒီနောက် ငါက လောဘတက်ခဲ့မိတယ်”

အရင်တုန်းက ဓမ္မဝိသေသအဆင့်မှာသာ ရှိနေခဲ့သေးသော အဆုံးစွန်မီးသည် စွမ်းအားကြီးပုဂ္ဂိုလ်များ ချန်ထားရစ်ခဲ့သည့် ဓမ္မလက်နက်များစွာနှင့် သိုလှောင်အိတ်များကို တွေ့မြင်သည့်အခါ သူ၏ စိတ်ခံစားချက်များ ဘယ်လောက်ထိ မြင့်တက်လာခဲ့မလဲ စဥ်းစားကြည့်နိုင်လေသည်။

သူက အလောင်းတစ်လောင်းကို လက်ညိုးထိုးပြလိုက်၏။

“ငါ ဒီနေရာကို ရောက်လာတုန်းက... ဘာအန္တရာယ်ကိုမှ မတွေ့ရတဲ့အတွက် ငါက ရှေ့ကိုဆက်တက်ပြီး အဲ့ဒီသိုလှောင်အိတ်ကို ဖွင့်ကြည့်ချင်ခဲ့တယ်”

“အဲ့ဒီသိုလှောင်အိတ်ကို ငါဖွင့်လိုက်တဲ့အချိန်မှာပဲ ဂူပိုးကောင်တစ်ကောင်က ထွက်လာပြီး ငါ့ကိုကိုက်ခဲခဲ့တယ်”

“အဲ့ဒီတိုက်ခိုက်မှုက ငါ့ကိုဒီနေရာမှာ မြှုပ်နှံခံရလုနီးပါးဖြစ်စေခဲ့တယ်”

ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး မလှမ်းမကမ်းတွင် ဂူပိုးကောင်တစ်ကောင်၏ အလောင်း ရှိနေသည်ကို တွေ့မြင်လိုက်ရ၏။

အဆုံးစွန်မီးလက်စားချေစရာမလိုဘဲနှင့် ဂူပိုးကောင်းသည် သူ့သခင်၏ ပြုစုစောင့်ရှောက်မှု မရှိဘဲ အချိန်အတန်ကြာကတည်းက သေဆုံးသွားခဲ့ပြီဖြစ်၏။

အဆုံးစွန်မီးသည် ရင်တစ်လှပ်လှပ်ခံစားချက်နှင့်အတူ ပြန်ပြောင်းစဥ်းစားလိုက်၏။

“အဲ့ဒီအချိန်တုန်းက ငါ့ရဲ့ခေါင်းထဲမှာ ချာချာလည်နေတယ်လို့ ခံစားရပြီး ငါက တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ တည်နေရာရွှေ့ပြောင်းအဆောင်ကို ချိုးချေခဲ့တယ်”

တစ်ချိန်တည်းမှာပဲ အဲ့ဒီသိုလှောင်အိတ်ထဲကနေ ထွက်ကျလာတဲ့ပစ္စည်းတွေကို ပွေ့ယူခဲ့တယ်.... အဲ့ဒီနောက် ငါက အာကာသဥမင်ထဲကို ကျဆင်းသွားပြီး မြောက်ပိုင်းဒေသရဲ့ ကန်းလန်ရိုးမဆီကို ပို့ဆောင်ခံလိုက်ရတယ်”

နောက်ပိုင်းတွင် အဆုံးစွန်မီးသည် သူ၏ ကြွင်းကျန်ရစ်သော အသိစိတ်ကို အသုံးချပြီး အဲ့ဒီနေရာမှာ လိုဏ်ဂူခန်းဝါတစ်ခုကို ဖွင့်လှစ်ကာ ဆူဇီမိုနှင့် မတွေ့ဆုံခင်အထိ နှစ်ပေါင်းငါးထောင်ကြာအောင် ထိုအဆိပ်နှင့် တိုက်ခိုက်နေခဲ့ရ၏။

ယခု... အခြေအနေများကို ခြုံငုံသုံးသပ်ကြည့်သောအခါ အရာရာတိုင်းသည် သေလောက်အောင် ကြောက်စရာကောင်းသော တိုက်ဆိုင်မှုတစ်ခုဖြစ်ခဲ့သည်ဟု ဆိုနိုင်လေသည်။

အဆုံးစွန်မီးသည် အတိတ်ကာလကို ပြန်ပြောင်းစဥ်းစားရင်း စိတ်ခံစားချက်များ မြင့်တက်လာဆဲ ဖြစ်၏။

“အဲ့ဒါဆိုရင်... ညဝိညာဥ် ၊ မီးပဒေသာကျောက်တုံးနဲ့ မီးပဒေသာဓားဝင်္ကပါတွေက အဲ့ဒီသိုလှောင်အိတ်ထဲကနေ ထွက်ကျလာခဲ့တာပေါ့”

ဆူဇီမိုက မေးလိုက်၏။

“မဟုတ်ဘူး”

အဆုံးစွန်မီးက ခေါင်းခါပြလိုက်၏။

“ငါက အဲ့ဒီသိုလှောင်အိတ်ကိုဖွင့်တုန်းက အဲ့ဒီထဲမှာ ပစ္စည်းတွေအများကြီး တကယ်ပဲ ထွက်ကျလာခဲ့တယ်... အဲ့ဒီထဲမှာ မီးပဒေသာကျောက်တုန်းနဲ့ မီးပဒေသာဓားဝင်္ကပါ ပါတယ်... ဒါပေမဲ့ ညဝိညာဥ်ဥကတော့ အဲ့ဒီထဲမှာရှိနေခဲ့တာ မဟုတ်ဘူး”

ထိုအကြောင်းကို ပြောချိန်တွင် အဆုံးစွန်မီးသည် သူ၏မှတ်ဉာဏ်များထဲမှာ နစ်မျောသွားပုံရပြီး မျက်မှောင်ကြုတ်လိုက်၏။

“အဲ့ဒီအချိန်တုန်းက ငါ့ရဲ့အမြင်အာရုံက ဝေဝါးနေခဲ့ပြီ... ငါခံစားမိတာတော့ ညဝိညာဥ်က ဥမင်ထဲကနေ လိမ့်ဆင်းလာပြီး တည်နေရာရွှေ့ပြောင်းအဆောင်ကနေ ဖြစ်ပေါ်လာတဲ့ အာကာသဆုတ်ဖြဲကြောင်းထဲကို ခုန်ဝင်ပြီး ငါနဲ့လိုက်လာခဲ့တာပဲ”

“အာ...”

ဆူဇီမိုက ရင်ထဲမှာ လှုပ်ခတ်သွား၏။

အဆုံးစွန်မီး ပြောသည်မှာ မမှားဘူးဆိုလျှင် ထိုသူက ညဝိညာဥ်ကို ခေါ်ထုတ်လာခဲ့ခြင်းမဟုတ်ဘဲ ညဝိညာဥ်က အသိစိတ်ရှိပြီး အဆုံးစွန်မီး၏ အကူအညီနှင့်အတူ ခွန်လွင်အပျက်အစီးနယ်မြေကနေ ထွက်ခွာဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်၏။ အဲ့ဒါကမဖြစ်နိုင်တာတော့ မဟုတ်ပေ။

ပေမင်မြို့မြေအောက်ထဲမှာတုန်းက ခွန်ဖန်းဥသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းထဲမှာ ကိန်းဝပ်နေပြီး အရွယ်ရောက်လူသားတစ်ယောက်ထက် မနိမ့်ကျသော ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်နေခဲ့ပြီဖြစ်၏။

ခွန်ဖန်းဥသည် သိုင်းတာအိုပင်မခန္ဓာက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲပင် အာရုံခံစားနိုင်ခဲ့၏။

ထိုစဥ်တုန်းက ညဝိညာဥ်သည် ဥတစ်လုံးအဖြစ်သာ ရှိနေခဲ့၏။ ၎င်းက ဤလျှို့ဝှက်ကုန်းမြေမှာ ဘာကြောင့်ရှိနေခဲ့တာလဲ။

ညဝိညာဥ်က အဆုံးစွန်မီးနောက်ကိုလိုက်ပြီး ခွန်လွင်အပျက်အစီးနယ်မြေကနေ ထွက်ခွာဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။

သူသည် ဤလျှို့ဝှက်ကုန်းမြေကို တစ်ဖန်ထပ်၍ စူးစမ်းရှာဖွေမည်ဆိုလျှင် အဲ့ဒီမှာ သူလိုချင်သည့် အဖြေကို ရရှိနိုင်ဖို့ အခွင့်များကြောင်း သူက ခံစားမိ၏။

ထိုစဥ်မှာပင် ဆူဇီမို၏ ကျောပေါ်မှ နန်းကြည်၏ ငိုက်မျဉ်းသံက ထွက်ပေါ်လာ၏။

“ဒီလျှို့ဝှက်ကုန်းမြေကို စူးစမ်းရှာဖွေဖို့ အလောတကြီးလုပ်နေစရာတော့ မလိုပါဘူး”

ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။

“ကျုပ်တို့က ဒီနေရာမှာအရင်ဆုံး ကျင့်ကြံကြတာပေါ့... ကျုပ်တို့ အဆင့်ချိုးဖျက်တက်လှမ်းပြီးမှ ဒီနေရာကို စူးစမ်းရှာဖွေမယ်ဆိုလည်း နောက်မကျသေးပါဘူး”

“ကောင်းပြီလေ”

အဆုံးစွန်မီးက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။

စင်္ကြံလမ်း၏ တစ်ဖက်တစ်ချက်စီတွင် လျှို့ဝှက်အခန်းများစွာရှိနေ၏။

ဆူဇီမိုတို့အုပ်စုသည် အနီးဆုံးလျှို့ဝှက်ခန်းထဲသို့ ရောက်ရှိလာပြီး သီးခြားအထိုင်ချကျင့်ကြံဖို့ ဝင်ရောက်လိုက်ကြ၏။

All Chapters