← Chapters

ပေတစ်ရာ

Vol. 99 Ch. 1484

ပေတစ်ရာ

Vol. 99 Ch. 1484

ယက္ခဟေးထိုသည် အထီးကျန်သိုင်းသခင်၏ စကားကို ကြားသောအခါ သူက ခဏမျှမှင်တက်သွားပြီးမှ တုံ့ပြန်လာခဲ့၏။

“သူက သေချာပေါက်အထီးကျန်သိုင်းသခင် မဟုတ်ဘူး”

ယက္ခဟေးထိုက လှောင်ရယ်လိုက်၏။

“အထီးကျန်သိုင်းသခင်က ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်သွားပြီဆိုတာ လူတိုင်းသိထားတာပဲ... ဒါက အထီးကျန်သိုင်းသခင်ရဲ့ ကိုယ်ပွားတစ်ခုပဲ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်”

ယက္ခယုကလည်း ခေါင်းညိတ်လိုက်၏။

အဲ့ဒါက ကျိုးကြောင်းဆီလျော်မှုအရှိဆုံး ဖြေရှင်းချက်ဖြစ်လေသည်။

ထုံးစံအားဖြင့် ကျင့်ကြံသူများသည် ကိုယ်ပွားခြင်းနည်းစနစ်များကို ကျင့်ကြံသည်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုအဆင့်များသည် သူတို့၏ ပင်မခန္ဓာထက် နိမ့်ကျနေမည်ဖြစ်ပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကလည်း ကြီးမားစွာ လျော့ကျနေပေလိမ့်မည်။

“အစကတော့... ငါက ပင်ယန်းမြို့ထဲကို စူးစမ်းရှာဖွေပြီး ယင်ကောင်တချို့ကို စားသောက်ချင်ရုံပဲ... အခုတော့ ငါက ငါးကြီးကြီးတစ်ကောင်ကိုပါ လာမိနေပြီပဲ”

ယက္ခဟေးထိုက သွားဖြဲလိုက်၏။

“အထီးကျန်သိုင်းသခင်... မင်းက ဓမ္မဝိသေသကိုယ်ပွားတစ်ခုပဲ မင်းက ငါ့ကိုဘယ်လိုတောင် ဆန့်ကျင်ရဲတာလဲ... မင်းရဲ့ ပင်မခန္ဓာရောက်လာမယ်ဆိုရင်တောင် ငါသူ့ကို ဆုတ်ဖြဲပစ်လိုက်မယ်”

ယက္ခယုက မှင်သေသေဖြင့် ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်မှာ နဂါးဖီးနစ်ကိုယ်ပွားရှိတယ်လို့ ငါကြားထားတယ်... ဆိုတော့... နင်က တတိယမြောက်ကိုယ်ပွားပေါ့”

“နင့်ရဲ့ပင်မခန္ဓာက ပုန်းကွယ်နေတယ်ဆိုမှတော့ ငါကနင့်ရဲ့ ကိုယ်ပွားကို ဒီနေ့ဖျက်ဆီးပစ်မယ်”

အစကတော့ ယက္ခယုသည် ပင်ယန်းမြို့သို့ လာရောက်ရခြင်းကို စိတ်ဝင်စားမှု သိပ်မရှိပေ။

သို့သော်လည်း အထီးကျန်သိုင်းသခင်၏ ကိုယ်ပွားကို ရှာဖွေတွေ့ရှိပြီဆိုမှတော့ သူတို့၏ ခရီးစဥ်က အလဟဿမဖြစ်တော့ပေ။

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေအမူအရာတစ်ခုရှိနေ၏။

“တကယ်ပဲ... ငါက ကိုယ်ပွားခြင်းနည်းစနစ်တစ်ခုကို ကျင့်ကြံထားတာပဲ... ဒါပေမဲ့ မင်းတို့တွေက အချက်တစ်ချက်ကို အမှတ်မှားနေကြတယ်”

“အို...”

ယက္ခယုက သူမ၏မျက်ခုံးကို ပင့်လ်ုက်၏။

သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အတိအကျပြောရရင် နဂါးဖီးနစ်ကိုယ်နှင့် အစိမ်းရောင်ကြာပန်းကိုယ်က ငါ့ရဲ့ကိုယ်ပွားတွေပဲ... မင်းတို့အခုမြင်နေရတာကမှ ငါ့ရဲ့ ပင်မခန္ဓာပဲ”

ယက္ခယုနှင့် ယက္ခဟေးထိုသည် အနည်းငယ်မှင်တက်သွားကြ၏။

“ဟားဟားဟားဟား”

ချက်ချင်းပင် ယက္ခဟေးထိုက ဟားတိုက်ရယ်မောလိုက်၏။

“အထီးကျန်သိုင်းသခင်... အို အထီးကျန်သိုင်းသခင်... အဲ့လို အဓိပ္ပါယ်မရှိ ပေါက်တတ်ကရစကားတွေကို ငါယုံမယ်လို့ မင်းထင်နေတာလား”

“ဓမ္မဝိသေသ ပင်မခန္ဓာတစ်ခုတဲ့လား... အဲ့ဒါကို ငါက လက်ချောင်းတစ်ချောင်းတည်းနဲ့ ဖိချေပြမယ်”

“ဟုတ်ပါ့မလား”

သိုင်းတာအိုပင်မခန္ဓာက သူ့လက်ထဲရှိ လက်ဖက်ရည်ပူပူကို သောက်ပြီး ဖြည်းဖြည်းချင်း ထရပ်လို​က်၏။

အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုက သိုင်းတာအိုပင်မခန္ဓာကနေ ပေါက်ကွဲထွက်ပေါ်လာ၏။ အဲ့ဒါသည် ထိုင်ရာကနေထလိုက်သော ရိုးရှင်းသည့် ပြုမူလှုပ်ရှားမှုသာဖြစ်သော်လည်း ၎င်းက လောကကို သက်ရောက်စေနိုင်၏။

ချက်ချင်းပင်...

လေဟာနယ်က တုန်ခါလာခဲ့၏။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်တွင် ပုံရိပ်ယောင်တစ်ခုပေါ်ထွက်လာပြီး ကောင်းကင်ထက်သို့ ထိုးတက်သွား၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခု...

မြောင်ပိုင်းပင်လယ်မှာတုန်းက သိုင်းတာအိုပင်မခန္ဓာသည် ပေါင်းစည်းခန္ဓာ မဟာသားရဲသုံးကောင်နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့စဥ်မှာပင် သူက သူ၏ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ထုတ်ဖော်အသုံးပြုခဲ့ခြင်း မရှိပေ။

အကြောင်းမှာ အဲ့ဒါကို အသုံးပြုဖို့ မလိုအပ်ခဲ့သောကြောင့်ဖြစ်၏။

သို့သော်လည်း ယခုကတော့ ကွဲပြားခြားနားသွားလေပြီ။

သူတို့နှစ်ယောက်သည် ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိကြသော်လည်း သူတို့သည် ကမ္ဘာဦးမျိုးနွယ်များထဲမှ မျိုးနွယ်တစ်ခုဖြစ်သော ယက္ခမျိုးနွယ်မှလာခြင်းဖြစ်၏။

သူတို့ထဲမှတစ်ယောက်သည် ယက္ခမျိုးနွယ်၏ သခင်မလေးပင်ဖြစ်နေသည်။ သူမ၏ တိုက်ခိုက်ရည်ခွန်အားက ကြောက်စရာကောင်းပြီး သူမသည် လူသား တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်၏။

“ဟီးဟီး”

ယက္ခဟေးထိုက လှောင်ရယ်လိုက်၏။

“မင်းက ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသလို နည်းစနစ်တစ်ခုကို ဘယ်လိုတောင် ထုတ်ဖော်ရဲတာလဲ... အန္တိမဓမ္မဝိသေသတစ်ခုဆိုရင်တောင် ငါ့ဆီက ထိုးချက်တစ်ချက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

ယက္ခယုက မရယ်မိပေ။

သူမသည် အလျင်အမြန်မြင့်တက်လာနေသော ဓမ္မဝိသေသထံမှ ချောက်ချားစရာကောင်းသော အော်ရာတစ်ခုကို ခံစားမိနေ၏။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ...

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုမျှက သူမကို ဘယ်လိုတောင် ခြိမ်းခြောက်နိုင်တာလဲ။

ပေ ၉၀...

တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ပေ ၉၀ အမြင့်ထိ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သို့သော်လည်း ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ရပ်တန့်မည့်လက္ခဏာမရှိပဲ ဆက်လက်၍ အလျင်အမြန် ကြီးထွားလာနေဆဲ ဖြစ်၏။

“အထီးကျန်သိုင်းသခင်ရဲ့ ဓမ္မဝိသေသက ၉၉ ပေအမြင့်ထိ ကျင့်ကြံထားနိုင်တာလား”

ယက္ခယုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲမှာတုန်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ၉၉ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ထုတ်ဖော်အသုံးပြုပြီး ကမ္ဘာဦးမျိုးနွယ်များမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်ခဲ့လေသည်။

တကယ်တော့... ယက္ခယုက အကြောက်အလန့်မရှိပေ။

၉၉ ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ကိုင်တွယ်ရခက်ခဲနိုင်သည်ဆိုသော်လည်း အဲ့ဒါက သူမအတွက် ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်ပေ။

၉၁ပေ...

၉၅ပေ...

၉၉ပေ...

မနှိုင်းယှဥ်သာအောင် မြင့်မားသော ပုံရိပ်ယောင်တစ်ခုသည် ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်လာ၏။ မားမားမတ်မတ်ရပ်တည်ရင်း ၎င်း၏ အကြည့်က နတ်ဘုရားသက်ရှိတစ်ပါးကဲ့သို့ တောက်လောင်ပြင်းပြနေ၏။

ထို့နောက် ချက်ချင်းပင်... ယက္ခယုနှင့် ယက္ခဟေးထို၏ ရှေ့မှောက်မှာပင် ၉၉ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသက နောက်ထပ်တစ်ပေ ထပ်မံမြင့်တက်သွား၏။

ဘုန်း.... ဘုန်း....

ကောင်းကင်နှင့်မြေကြီးက တရုန်းရုန်းထကြွလာ၏။

မနှိုင်းယှဥ်သာအောင် ထူထဲသော ဖိအားတစ်ခုက ဆင်းသက်လာခဲ့၏။ ထိုစွမ်းအားသည် သာမန်အသိသညာနှင့် အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်၏။ ဤလောကပင်လျှင် ဤဓမ္မဝိသေသကို လက်ခံထိန်းသိမ်းနိုင်ခြင်း မရှိတော့ပေ။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ၏ ဘေးပတ်လည်ရှိ လေဟာနယ်ထဲမှာ ပါးလွှာသော စုတ်ပြဲကြောင်းများက ပေါ်ထွက်လာ၏။

ပေတစ်ရာ...

ပေတစ်ရာ ဓမ္မဝိသေသ...

ကျင့်ကြံရေးလောကတွင် ကိုးသည် အဆုံးစွန်ဂဏန်းတစ်ခုဖြစ်၏။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် အန္တိမဓမ္မဝိသေသ သုံးခုကို ပေါင်းစည်းပြီးနောက် ၉၉ပေ အမြင့်ထိသာ ရောက်ရှိနိုင်ခဲ့ပြီး ထိုအဟန့်အတားကို ဆက်လက်၍ မချိုးဖျက်နိုင်တော့ပေ။

သို့သော်လည်း ပင်မခန္ဓာသည် သိုင်းတာအိုမီးဖိုနှင့်အတူ သုတ္တန်တစ်ရာကို ကျင့်ကြံပြီး ဓမ္မပညာရပ်များအားလုံးကို အရည်ဖျော်ကာ မကြုံစဖူး အံ့မခန်း ပေတစ်ရာဓမ္မဝိသေသတစ်ခုကို ဖြစ်ပေါ်လာစေခဲ့၏။

အဲ့ဒီမှာ ပြိုင်ဘက်ကင်းဆိုသော ဆိုရိုးစကား အမှန်တကယ်ရှိမည်ဆိုလျှင်...

ထိုကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ပြိုင်ဘက်ကင်းဓမ္မဝိသေသဟု သတ်မှတ်ရပေမည်။

မည်သည့်ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကမှ ၎င်း၏ အထက်မှာ မရပ်တည်နိုင်ပေ။

ကိုယ်တော်တာမင်း၏ အန္တိမဓမ္မဝိသေသ ၄ခုပင်လျှင် ဤပြိုင်ဘက်ကင်း ဓမ္မဝိသေသ၏ စွမ်းပကားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုက ပြောင်းလဲနိုင်ခြေတစ်ရပ်ဖြစ်၏။

မည်သူကမှ သူ၏ အနာဂတ်ကို ဗေဒင်မတွက်ချက်နိုင်ပေ။

ယက္ခယု၏ အမူအရာက ချက်ချင်းပင် ဖြူဖျော့လာခဲ့၏။

၉၉ပေ နှင့် ပေ၁၀၀ ကြားမှာ တစ်ပေသာလျှင် ကွာဟသော်လည်း တကယ်တမ်းကွာခြားချက်က မိုးနှင့်မြေလိုပင်။

သိုင်းတာအိုပင်မခန္ဓာ၏ ပြိုင်ဘက်ကင်း ဓမ္မဝိသေသသည် သူ၏ခေါင်းကို အနည်းငယ်ငုံ့ပြီး ယက္ခဟေးထိုနှင့် ယက္ခယုကို ငုံ့ကြည့်လိုက်၏။ သူ၏အကြည့်က လျစ်လျူမရှုနိုင်သော တောက်လောင်နေသည့် နေနှစ်စင်းကဲ့သို့ ဝင်းလက်တောက်ပနေ၏။

ယက္ခဟေးထိုသည် ဤပြိုင်ဘက်ကင်း ဓမ္မဝိသေသနှင့် ရင်ဆိုင်ရချိန်မှာ ပထမဆုံးအကြိမ်အဖြစ် သိမ်ငယ်လာသည်ဟု ခံစားရ၏။

သူသည် အချိန်မရွေးအသတ်ခံရနိုင်သည့်အလား အစစ်အမှန်နတ်ဘုရားတစ်ပါး၏ စိုက်ကြည့်ခြင်းကို ခံနေရသည့်အလား ခံစားနေရ၏။

“ယက္ခမျိုးနွယ်လား... ငါ့မျက်လုံးထဲမှာလည်း မင်းတို့မျိုးနွယ်က ပုရွက်ဆိတ်တွေပဲ”

သိုင်းတာအိုပင်မခန္ဓာသည် ပြိုင်ဘက်ကင်းစွမ်းပကားနှင့်အတူ ဧရာမခေါင်းလောင်းထိုးသံကဲ့သို့ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အဲ့ဒါက ပေတစ်ရာဆိုတော့ရော ဘာဖြစ်လဲ... အဲ့ဒါက ဘာပဲပြောပြော ဓမ္မဝိသေသတစ်ခုပဲ”

ယက္ခဟေးထိုသည် သူ၏မျိုးဆက်သွေးကို ရူးသွပ်စွာ လှည့်ပတ်ပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။ အေးစက်၍ တစ်လက်လက်တောက်ပနေသော ဆေဘာကွေးနှစ်လက်က သူ၏ လက်နှစ်ဖက်ထဲမှာ ပေါ်ထွက်လာ၏။ သူ၏တောင်ပံများကို တဖျတ်ဖျတ်ခတ်ပြီး ပြိုင်ဘက်ကင်းဓမ္မဝိသေသကို လှည့်စားဖို့အတွက် သူ၏လှုပ်ရှားမှုနည်းစနစ်ကို အသုံးချချင်လေသည်။

“မင်းက... မင်းကိုယ်မင်း အထင်ကြီးနေတာပဲ”

သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်၍ သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွား၏။ သူ့နောက်ဘက်ရှိ ပြိုင်ဘက်ကင်းဓမ္မဝိသေသသည် ရုတ်တရက် ၎င်း၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး ယက္ခဟေးထိုကို ဖိနှိမ်လိုက်၏။

ထိုဧရာမလက်ဖဝါးက ကောင်းကင်တစ်ခွင် အုပ်မိုးလာခဲ့၏။

ကြောက်စရာကောင်းသော စွမ်းပကားနှင့် ရုန်းကန်ပေါက်ကွဲ စွမ်းအားတစ်ခုက တဖွားဖွားကျဆင်းလာ၏။ ယက္ခဟေးထို၏ အမြန်နှုန်းသည်ပင် ထိုစွမ်းအား၏ လွှမ်းခြုံမှုအောက်မှာ အလွန်တရာနှေးကွေးလာခဲ့၏။

ယက္ခဟေးထို၏ လှုပ်ရှားမှုနည်းစနစ်သည် ပြိုင်ဘက်ကင်းဓမ္မဝိသေသ၏ ဖိနှိမ်မှုအောက်မှာ လုံးဝသုံးစား၍ မရနိုင်တော့ပေ။

သူသည် ပြိုင်ဘက်ကင်းဓမ္မဝိသေသနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့သာ ရွေးချယ်ရတော့လေသည်။

“အား...”

ယက္ခဟေးထိုသည် ဟိန်းဟောက်၍ သူ၏မျိုးဆက်သွေးဓမ္မစွမ်းအားများကို လှည့်ပတ်လိုက်၏။ သူက သူ့လက်ထဲရှိ ဆေဘာနှစ်လက်ကို ကိုင်မြှောက်ပြီး ပြိုင်ဘက်ကင်းဓမ္မဝိသေသ၏ လက်ဖဝါးဆီသို့ ခုတ်ပိုင်းချလိုက်၏။

ချွမ်...

ယက္ခဟေးထို၏ ဆေဘာနှစ်လက်က ပြိုင်ဘက်ကင်းဓမ္မဝိသေသ၏ လက်ဖဝါးနှင့် ထိတွေ့ရိုက်ခတ်ပြီး သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာ၏။ သူတို့က ဆက်လက်၍ ခုတ်ပိုင်းနိုင်ခြင်း မရှိတော့ပေ။

“ဟာ...”

ယက္ခဟေးထို၏ အမူအရာက ပြောင်းလဲသွား၏။

ပေတစ်ရာမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ၏ ဓမ္မစွမ်းအားများသည် ဤအဆင့်ထိ သိပ်သည်းကျစ်လစ်နေခဲ့ပြီဖြစ်ပြီး ဖျက်ဆီး၍ မရနိုင်တော့ပေ။

စွမ်းအားကြီးပုဂ္ဂိုလ် ဓမ္မလက်နက်များကပင်လျှင် ၎င်းကို မထိခိုက်နိုင်တော့ပေ။

သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုက ဆေဘာကွေးမှတစ်ဆင့် ယက္ခဟေးထို၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

ဖောင်း... ဖောင်း.... ဖောင်း...

ယက္ခဟေးထို၏ လက်နှစ်ဖက်က သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား၏။

ထို့နောက်ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အထက်ပိုင်း ၊ ရင်အုပ် ၊ ခြေနှစ်ဖက်နှင့် ဦးခေါင်းတို့က ထိုကြောက်စရာကောင်းသော စွမ်းအား၏ ဖိနှိမ်မှုအောက်မှာ သွေးမြူများအဖြစ် ပေါက်ကွဲထွက်ကုန်၏။

ဘုန်း.... ဘုန်း...

ပြိုင်ဘက်ကင်းဓမ္မဝိသေသ၏ လက်ဖဝါးသည် ဖိချေကျဆင်းလာပြီး ယက္ခဟေးထိုကို မြေပြင်ပေါ်သို့ ဖိချကာ သူ့ကို အသားပျော့ဖတ်တစ်ခုအဖြစ် ပြောင်းလဲသွားစေ၏။ သူ၏ အမြုတေစိတ်ဝိညာဥ်ပင် ထွက်ပြေးဖို့အတွက် အခွင့်အရေးမရလိုက်ပဲ နေရာမှာပင် သေဆုံးသွား၏။

သိုင်းတာအိုပင်မခန္ဓာက တိုက်ခိုက်လိုက်လေသည်။

ယက္ခမျိုးနွယ်၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို အပြတ်အသတ်ဖိနှိမ်ဖို့အတွက် ၎င်းက လက်ဝါးရိုက်ချက်တစ်ချက်သာလျှင် လိုအပ်ခဲ့လေသည်။

All Chapters