← Chapters

နဂါးသုတ်သင်ဓား

Vol. 9 Ch. 117

နဂါးသုတ်သင်ဓား

Vol. 9 Ch. 117

အခန်း (၁၁၇) နဂါးသုတ်သင်ဓား

ရုတ်တရက် ကျန်းလန် ပြဿနာတစ်ခုကို စဉ်းစားလိုက်မိသည်။

သူရရှိထားသည့်ပစ္စည်းက လက်ဖက်ခြောက်ဖြစ်နေလေရာ အရင်ဆုံး လက်ဖက်ရည်ကြိုပြီးမှ သောက်သုံးနိုင်မည် မဟုတ်ပါလား။

သို့သော် လက်ဖက်ရည်ကြိုမည်ဆိုလျှင် မီးမွှေးရမည်ဖြစ်သည်။ မီးမွှေးထားသည့် သဲလွန်စများနှင့် လက်ဖက်ရည်အကြွင်းအကျန်များကို ဆရာဖြစ်သူ တွေ့ရှိသွားပါက တစ်စုံတစ်ခု သံသယဝင်သွားနိုုင်သည်။

ကျန်းလန် လက်ဖက်ခြောက်ဘူးလေးကို တစ်ချက်ကြည့်လိုက်၏။ ဘူးလေးထဲတွင် လက်ဖက်ခြောက်က သိပ်အများကြီး မပါဝင်ပေ။

အလွန်ဆုံးရှိမှ (၁၀)ကြိမ်ခန့် လက်ဖက်ရည်ကြိုသောက်နိုင်ရုံလောက် ပမာဏသာ ရှိသည်။

သို့သော် စနစ်တွင် မှတ်ပုံတင်ခြင်းမှ ရရှိသည့် ပစ္စည်းအများစုမှာ တစ်ခါသာ အသုံးပြုနိုင်သည့် ပစ္စည်းများဖြစ်လေရာ ယခု (၁၀)ကြိမ် ဆိုတော့ မဆိုးလှပေ။

မိုးနဲ့မြေကိုဖန်ဆင်းခြင်းတာအိုကျမ်းစာသည်လည်း တစ်ကြိမ်သာလျှင် အသုံးပြုနိုင်သည့် ကျမ်းစာဖြစ်သည်။ သို့သော် အကျိုးရလဒ်ကတော့ အတော်လေး ရှည်ကြာကောင်းမွန်ခဲ့သည်။

ထို့နောက် ကျန်းလန်က လက်ဖက်ခြောက်ဘူးထဲမှ လက်ဖက်ခြောက်အနည်းငယ်ကို ထုတ်ယူပြီး လက်ဖဝါးထက်သို့ တင်လိုက်သည်။

လက်ဖက်ခြောက်များကို လက်ဖက်ရည်ကြိုသောက်ရန် မစဉ်းစားတော့ဘဲ ပါးစပ်ထဲ တန်းထည့်ကာ အရွက်အတိုင်း ဝါးစားပစ်လိုက်သည်။

အရသာက အနည်းငယ်ဆိုးရွားသည့်တိုင် သူ့အတွက် အဆင်ပြေသည်။

လက်ဖက်ခြောက်များကို မြိုချပြီးနောက် ကျန်းလန် ကျင့်ကြံခြင်း စတင်လိုက်၏။

ထို့နောက် နွားရိုင်းကိုးကောင်စွမ်းအားကို အဓိကထားကျင့်ကြံရန် အာရုံစိုက်လိုက်သည်။ သူ၏ စွမ်းအားကြီးမားလာရန် နွားရိုင်းကိုးကောင်စွမ်းအားက အခရာကျသည် မဟုတ်ပါလား။

မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ရန်ကတော့ အချိန်ယူရဦးမည် ဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် နွားရိုင်းကိုးကောင်စွမ်းအားကို အဆင့်တက်အောင် ကျင့်ကြံနိုင်လျှင် သူ့အတွက် လုံလောက်ပြီ ဖြစ်သည်။

လက်ဖက်ခြောက်ကိုစားပြီးသည်နှင့် ကျန်းလန်၏ စိတ်အာရုံတစ်ခုလုံး ကြည်လင်ရှင်းလင်းလာသည်ကို ခံစားလိုက်ရသည်။ မိုးနဲ့မြေကိုဖန်ဆင်းခြင်းတာအိုကျမ်းစာကို ရရှိစဉ်ကကဲ့သို့သော ခံစားချက်မျိုး ဖြစ်လေ၏။

သေးငယ်လှသည့် အကြောင်းအရာများကိုပင် ကျန်းလန် အသေးစိတ် သိမြင်နေရလေသည်။

ထို့နောက် လောကတစ်ခွင်တွင် လှည့်ပတ်ပြေးလွှားနေသည့် ဧကရာမနွားရိုင်းကြီးတစ်ကောင် စိတ်အာရုံထဲတွင် ထွက်ပေါ်လာသည်။

ထိုနွားရိုင်းကြီးက မိုးနဲ့မြေမှ အတားအဆီးများကို အရေးမစိုက်သည့်အလား မိုးကောင်းကင်တစ်ဖက်ခြမ်းမှ မိုးကုတ်စက်ဝန်းရှိရာသို့ ပြေးလွှားထွက်ခွာသွားသည်။

ပိတ်ဆို့နေသည့်တောင်များကို ဖြိုချပြီး မြစ်များကိုလည်း မွှေနှောက်ဖြတ်သန်းသွားသည်။

မည်သည့်အရာကမှ နွားရိုင်းကြီးကို တားဆီးနိုင်ခြင်း မရှိသလို လွှမ်းမိုးနိုင်ခြင်းလည်း မရှိပေ။

ထိုအချိန် ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံး မိုးမြေနှင့် တစ်သားတည်းကျသွားသည့်အလား ခံစားလိုက်ရသည်။

လက်သီးတစ်ချက်ဖြင့် တောင်များကို ခွဲချေပြီး ပင်လယ်ကိုချိုးဖျက်ကာ ကမ္ဘာမြေကို တစ်စစီပြိုကျသွားစေမည် ဖြစ်သည်။

သူ၏ လက်သီးချက်က လောကတစ်ခုလုံးတွင် အထွတ်ထပ်ဖြစ်လေသည်။

"ဘူး..."

ကျန်းလန် မျက်လုံးများကို မှိတ်ထားပြီး ကျင့်ကြံနေလေသည်။

နွားရိုင်းအော်သံကြီးထွက်ပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ သွေးများက တဟုန်ထိုးမြင့်တက်လာပြီး အရှိန်ပြင်းစွာ လှည့်ပတ်စီးဆင်းသွားသည်။

နွားရိုင်းအော်သံက ကျန်းလန်၏ စိတ်ထဲတွင် အပြာရောင်လျှပ်စီးတစ်ချက် လင်းလက်သွားစေသည်။

ထို့နောက် ကျန်းလန် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ့မျက်စိရှေ့သို့ လက်ကို ပင့်မြှောက်ကာ ကြည့်လိုက်သည်။

အလွန်အမင်း ကြီးမားပြင်းထန်လှသည့် စွမ်းအားကြီးတစ်ခုက သူ့လက်သီးထဲသို့ သိပ်သည်းစွာ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

ယခုဆိုလျှင် မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့်ကျင့်ကြံသူကိုပင် လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

စောစောကသာ ဤသို့သောအစွမ်းမျိုး ရရှိခဲ့လျှင် ဖုန်းကျီကို လက်သီး (၃)ချက်ခန့်ထိုးပြီး သတ်နေစရာ မလိုပေ။ တစ်ချက်တည်းဖြင့် ကိစ္စတုံးပစ်နိုင်ပေ၏။

ကျန်းလန် နွားရိုင်းကိုးကောင်စွမ်းအားကို ကျင့်ကြံအောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် အသားကျအောင် အနည်းငယ် ထပ်မံကျင့်ကြံရန် လိုအပ်သေးသည်။

"တာအိုနားလည်ခြင်းလက်ဖက်ခြောက်ရဲ့ အာနိသင်က ငါမျှော်လင့်ထားတာထက် ပိုကောင်းနေပါလား…"

ကျန်းလန် တွေးလိုက်၏။

တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို စားသုံးပြီးနောက် နွားရိုင်းကိုးကောင်စွမ်းအား ကျင့်ကြံအောင်မြင်သွားခြင်းက အတော်လေး အကျိုးရှိသည်။

တာအိုနားလည်ခြင်းလက်ဖက်ခြောက်အသုံးပြုပြီး ပထမဆုံး ကျင့်ကြံခြင်းက ဤမျှ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

လက်ဖက်ခြောက်ကို ထပ်မံစားသုံးပြီး ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကို ကျင့်ကြံမည်ဆိုလျှင်လည်း အဆင့်မြင့်တက်လာနိုင်မည် ဖြစ်သည်။

သို့သော် ယနေ့အဖို့တော့ နွားရိုင်းကိုးကောင်စွမ်းအားကိုသာ ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့် နံနက် အရုဏ်တက်ခဲ့ပြီ ဖြစ်လေသည်။

ယခုအချိန် တောင်အောက်သို့ မဆင်းလျှင် သေရည်ဆိုင်သို့ အလုပ်သွားနောက်ကျပေတော့မည်။

ဝိညာဉ်သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းချပေးပြီးနောက် ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့တော့သည်။

"မနေ့ကတွေ့တဲ့သူ (၂)ယောက်ကို နည်းနည်းတော့သတိထားရမယ်… ၊ ပြီးတော့… ဒီကိုရောက်နေတယ်ဆိုတဲ့ နတ်လူသားမျိုးနွယ်က ဘယ်သူလဲဆိုတာ သိအောင်စုံစမ်းရမယ်… ၊ နတ်မိစ္ဆာတွေကိုလည်း သတိထားတာ မှားတော့ မမှားနိုင်ဘူး…"

သေရည်ဆိုင်သို့ လမ်းလျှောက်လာရင်း ကျန်းလန် တွေးနေမိသည်။

ရန်သူများနှင့် တိုက်ခိုက်တိုင်း ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုထားစမြဲ ဖြစ်သည်။ ထို့ကြောင့် သူ၏လှုပ်ရှားမှုများကို အခြားသူများ ခြေရာခံရန် မဖြစ်နိုင်ပေ။

နတ်လူသားမျိုးနွယ်များက သူ့ကိုပစ်မှတ်ထားနေသည်မှာ သူက ကောင်းကင်လှေကား အဆုံးထိ တက်ရောက်နိုင်ခဲ့သော အချက်တစ်ခုတည်းကြောင့်သာ ဖြစ်သည်။

ဤသို့ဆိုလျှင် နတ်လူသားမျိုးနွယ်များ သူ့အကြောင်းကို သေသေချာချာ မသိရှိသေးသည်မှာ ထင်ရှားနေလေရာ သူ့အတွက် လှုပ်ရှားရ ပိုမိုလွယ်ကူပေလိမ့်မည်။

နတ်လူသားမျိုးနွယ်များက သူ့ကို ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဟု ထင်မှတ်နေကြလေရာ သူ့ကို ခြေရာခံရန်အတွက် အင်မော်တယ်များကို စေလွှတ်လေ့မရှိပေ။

အလွန်ဆုံး မရှိမှုအာကာသအဆင့် ကျင့်ကြံသူများကိုသာ စေလွှတ်လေ့ရှိသည်။

ထို့ကြောင့် ကျန်းလန်က ရန်သူများကို အံ့အားသင့်သွားအောင် ပြုလုပ်ရန် အခွင့်အရေးများ ရှိနေခဲ့သည်။

သို့သော် အစကတည်းက နတ်လူသားမျိုးနွယ်များ သူ့ကို ရန်မရှာကြလျှင်တော့ အကောင်းဆုံး ဖြစ်သည်။

လောကတွင် လူအများ တစ်ယာက်ကိုတစ်ယောက် ဒုက္ခမပေးကြဘူးဆိုလျှင် လူသားအားလုံး ဟန်ချက်ညီစွာ အသက်ရှင်နေထိုင်သွားနိုင်မည် ဖြစ်သည်။

ကျန်းလန် သေရည်ဆိုင်ရှေ့ရောက်လာသည့်အခါ သူ့ထက်အရင် ရောက်နှင့်နေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။

"ဂိုဏ်းတူမောင်လေး... ဒဏ်ရာတွေသက်သာသွားပြီလား...."

ကျန်းလန်ရောက်လာသည်နှင့် ရှောင်ယွိက မေးခွန်းဖြင့် နှုတ်ဆက်လိုက်သည်။

ကျန်းလန်က ခေါင်းညိတ်ပြရင်း....

"အင်း... သက်သာသွားပါပြီ...."

တကယ်တော့ သူက ဒဏ်ရာများအကြောင်း မေ့ပင်နေခဲ့ပြီ။

သူ၏ ကျင့်ကြံခြင်းအဆင့်က မနိမ့်ပါးသည့်အတွက် ဒဏ်ရာများလည်း အလျှင်အမြန်ပင် ပျောက်ကင်းသွားခြင်း ဖြစ်သည်။

အထူးသဖြင့် မနေ့က တာအိုနားလည်ခြင်းလက်ဖက်ခြောက်များကို စားပြီးနောက် ဒဏ်ရာများ လုံး၀ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။

မကြာမီ သေရည်ဆိုင်တံခါး ပွင့်လာ၏။

ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် မနေ့ကကဲ့သို့ တစ်ဆိုင်လုံး ရှုတ်ပွမနေကြောင်း တွေ့လိုက်ရသည်။

ယမန်နေ့ညက သေရည်ဆိုင်သို့ ဧည့်သည်များလာရောက်ခဲ့ဟန် မရှိပေ။

ညဘက်ပိုင်းတွင် သေရည်ဆိုင်တွင် တစ်ခုခု ဖြစ်ဦးမည်ဟု ကျန်းလန်၏ ခန့်မှန်းချက် မှားယွင်းသွားခဲ့သည်။

သူတို့ သေရည်ဆိုင်ထဲဝင်လိုက်ကြသည်နှင့် သေရည်ဆိုင်ပိုင်ရှင်က သူ့လက်ထဲမှ စာရွက် (၂)ရွက်ကို ကျန်းလန်နှင့် ရှောင်ယွိကို တစ်ရွက်စီ ပေးလိုက်သည်။

"ဒါက မြေပုံတစ်ခုပဲ… ဒီမြေပုံအတိုင်းသွားပြီး မင်းတို့ (၂)ယောက် ရေခဲပုဇဉ်းရင်ကွဲတွေ အလှည့်ကျဖမ်းရလိမ့်မယ်…"

ထို့နောက် သေရည်ဆိုင်ပိုင်ရှင်က ခြင်းတောင်းကို ကျောတွင်လွယ်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်ရင်း…

"ကျန်းလန်က ဒီနေ့ ရေခဲပုဇဉ်းရင်ကွဲ သွားဖမ်းလိုက် ၊ ရှောင်ယွိက ဆိုင်စောင့်ပေးလိုက်…"

ကျန်းလန်နှင့် ရှောင်ယွိ ခေါင်းညိတ်သဘောတူလိုက်သည်နှင့် ဆိုင်ရှင်အဘိုးအို သေရည်ဆိုင်ထဲမှ ထွက်ခွာသွားတော့သည်။

ဆိုင်ရှင်အဘိုးအို မည်သည့်နေရာသို့သွားမည်ကို သူတို့ (၂)ယောက်လုံး မေးမြန်းခြင်း မပြုခဲ့ကြပေ။

ကျန်းလန်က ဆိုင်သန့်ရှင်းရေး လုပ်စရာ ရှိ မရှိ တစ်ချက်ကြည့်လိုက်သည်။ မရှိတော့မှ ရှောင်ယွိကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။

ရေခဲပုဇဉ်းရင်ကွဲ ဖမ်းဆီးရမည့်အလုပ်က အန္တရယ်များခြင်း မရှိပေ။

ရှောင်ယွိက ကျန်းလန်ထွက်ခွာသွားသည်ကို ကြည့်နေပြီးမှ ခုံပုလေးပေါ်သို့ တက်ပြီး မတ်တတ်ရပ်ကာ ဧည့်သည်အလာကိုစောင့်နေလိုက်သည်။

မကြာမီ…

"ဂွမ်း…"

"ဘုန်း…"

သေရည်အိုးပြုတ်ကျသံတစ်သံကို ကြားလိုက်ရသည်။

ရှောင်ယွိ အံ့အားသင့်သွားလေသည်။

သူမ ထိုင်ခုံပုလေးပေါ်မှ ဆင်းလိုက်ပြီး သေရည်အိုးကွဲများကို သန့်ရှင်းရေးလုပ်လိုက်လေတော့သည်။

…………

ကျန်းလန် ဓားကို စီးနှင်ပြီး သေရည်ဆိုင်ပိုင်ရှင်ပေးလိုက်သည့် မြေပုံအတိုင်း ထွက်ခွာလာခဲ့သည်။

ခဏအကြာတွင် ရေခဲပုဇဉ်းရင်ကွဲ တောအုပ်နားသို့ ရောက်ရှိလာလေသည်။

ကျန်းလန်က မြေပုံထဲမှ အမှတ်သင်္ကေတစ်ခုကို ကြည့်လိုက်၏။ ထိုအမှတ်သင်္ကေတက သေရည်ထည့်သည့် ဘူးသီးခြောက်လေးတစ်ခုပုံသဏ္ဍန် ရေးဆွဲထားခြင်း ဖြစ်သည်။

သင်္ကေတပြထားသည့် နေရာသို့ ရောက်သည့်အခါ ကျန်းလန် ဓားပေါ်မှ ဆင်းသက်လိုက်သည်။

ထို့နောက် တိုက်ခိုက်ရန်အတွက် ဓားကို လက်ထဲတွင် အသင့်ကိုင်ထားလိုက်သည်။ ဤနေရာတွင် တိုက်ပွဲတစ်ခု ရင်ဆိုင်ရနိုင်လေသည်။

ဆိုင်ရှင်ပေးလိုက်သည့်မြေပုံအရဆိုလျှင် ဤနေရာတွင် လမ်းတစ်လမ်း ရှိ၏။

လမ်းတစ်လျှောက်တွင် ဝိညာဉ်သားရဲများနှင့် သဘာဝအရံအတားများ အများအပြား ရင်ဆိုင်ရမည် ဖြစ်သည်။

ထို့ပြင် သေရည်ဆိုင်ပိုင်ရှင်၏ လမ်းညွှန်ချက်ဖြင့် ဤနေရာသို့ ရောက်လာရခြင်း ဖြစ်လေရာ တိုက်ခိုက်ရမည်ဆိုလျှင် နွားရိုင်းကိုးကောင်စွမ်းအားကို အသုံးပြုတိုက်ခိုက်၍ မဖြစ်နိုင်ပေ။

သာမန်ဓားသိုင်းကိုသာ အသုံးပြုတိုက်ခိုက်ရမည် ဖြစ်သည်။

မကြာမီ ကျန်းလန် တောင်တက်လမ်းတစ်လမ်းကို တွေ့လိုက်ရသည်။

လမ်းတစ်လျှောက် ဘေးတစ်ဖက်တစ်ချက်တွင် သစ်ပင်များပေါက်ရောက်လျှက်ရှိပြီး သစ်ပင်များထက်တွင် နှင်းများ ဖုံးလွှမ်းလျှက် ရှိလေသည်။

"ပုံမှန်မဟုတ်တာတော့ ဘာမှ မခံစားရဘူး…"

ကျန်းလန်တွေးရင်း သတိကြီးစွာဖြင့် လမ်းအတိုင်း လျှောက်သွားလိုက်သည်။

အတန်ကြာ လမ်းလျှောက်ပြီးသည့်တိုင် မည်သည့်အန္တရယ်မှ ကြုံတွေ့ရခြင်း မရှိသလို ရေခဲပုဇဉ်းရင်ကွဲများကိုလည်း တွေ့ရခြင်း မရှိပေ။

"ဒီနေရာမှာ စနစ်မှတ်ပုံတင်လို့ ရမလား မသိဘူး..."

လမ်းလျှောက်လာရင်း ကျန်းလန်တွေးလိုက်၏။

ဤနေရာက ရေခဲပုဇဉ်းရင်ကွဲတောစပ်တစ်နေရာဖြစ်သော်လည်း ယခင်က သူ မှတ်ပုံတင်ခဲ့သည့် နေရာနှင့် အလွန်အလှမ်းဝေးသည်။

ထို့ကြောင့် စနစ်မှတ်ပုံတင်၍ ရနိုင်ကောင်းသည်။

"စနစ်... ဒီနေရာမှာ မှတ်ပုံတင်မယ်..."

[ ဒင် ! ]

[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ်... ၊ မဟာတာအိုကပေးအပ်တဲ့ လက်ဆောင်ကိုရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ၊ ယခု သင်ရရှိတဲ့ စွမ်းရည်ကတော့ 'နဂါးသုတ်သင်ဓားသိုင်း' ပဲ ဖြစ်ပါတယ်...]

[ နဂါးသုတ်သင်ဓား : ဓားကို ဝှေ့ရမ်းလိုက်တာနဲ့ မိစ္ဆာနဂါး အသက်ပျောက်သွားမယ်... ၊ ဓားကွက်ထုတ်လိုက်တာနဲ့ ပင်လယ် (၄) ခုလုံး အငွေ့ပျံပျောက်ကွယ်သွားမယ်... ၊ ဒါဟာ နဂါးသုတ်သင်ဓားသိုင်းကျင့်စဉ်ပဲဖြစ်တယ်... ၊ ဒီဓားသိုင်းကို တီထွင်ခဲ့သူကတော့ သူ့ရဲ့ရပ်ရွာကိုကာကွယ်ဖို့ လယ်သမားတစ်ယောက်က တီထွင်ခဲ့တာဖြစ်တယ်... ၊ ဓားတစ်ချက်တည်းနဲ့ မိစ္ဆာနဂါးကို သတ်ဖြတ်တဲ့ဓားသိုင်းကို အဲဒီလယ်သမားဟာ မသေခင်မှာ တီထွင်ခဲ့လေတယ်...]

"................"

နဂါးသုတ်သင်ဓားသိုင်း။

ကျန်းလန် ထိုဓားသိုင်းအကြောင်းကို ကြားဖူးနား၀ ရှိသည်။

နဝမတောင်ထွတ် ၊ စာကြည့်တိုက်ထဲရှိ စာအုပ်များထဲတွင် နဂါးသုတ်သင်ဓားသိုင်းအကြောင်း ရှေးဟောင်းဒဏ္ဍာရီတစ်ပုဒ်ကို ကျန်းလန် ဖတ်ရှုဖူးသည်။

ထိုစာအုပ်ထဲတွင်ပင် နဂါးသုတ်သင်ဓားကို သင်ယူနိုင်ရန် နည်းလမ်းများကိုလည်း ပြောပြထားသည်။

သို့သော် ကျန်းလန်က ကျင့်ကြံခြင်းဖြင့် အချိန်ကုန်နေသည့်အတွက် ထိုဓားသိုင်းကို သင်ယူရန် အချိန်မပေးနိုင်ခဲ့ပေ။

ယခုတော့ တိုက်ဆိုင်စွာပင် ထိုဓားသိုင်းကို စနစ်မှ ပေးအပ်လာခဲ့ပြီ ဖြစ်သည်။

"သူပြောတဲ့ မိစ္ဆာနဂါးဆိုတာ တကယ့်နဂါးအစစ်တွေနဲ့ အတူတူပဲလား မသိဘူး..."

ကျန်းလန် စိတ်ထဲတွင် ပဟေဠိ ဖြစ်သွားသည်။

မည်သို့ပင်ဖြစ်စေ ထိုဓားသိုင်းကို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူ၏ စိတ်အာရုံထဲတွင်ပေါ်လာသည့် နဂါးသုတ်သင်ဓားကျမ်းကို ဖွင့်ဖတ်လိုက်ပြီး စတင်ကျင့်ကြံလိုက်၏။

အစပိုင်းဖြစ်သောကြောင့် ဓားသိုင်းကို သိပ်နားမလည်သေးသည့်တိုင် တဖြည်းဖြည်း ကျွမ်းကျင်လာမည် ဖြစ်သည်။

ဤဓားသိုင်းက နဂါးမျိုးနွယ်များကို ပစ်မှတ်ထားသည့် ဓားသိုင်းဖြစ်လေရာ အခြားသတ္တဝါများနှင့် တိုက်ခိုက်မည်ဆိုလျှင်တော့ သိပ်ပြီး အသုံးဝင်မည် မဟုတ်ပေ။

ထို့ပြင် လုံလောက်သည့် ကျင့်ကြံခြင်းအဆင့် မရှိဘဲ နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်ရန်မှာ မဖြစ်နိုင်ပေ။ အခန့်မသင့်လျှင် ကျင့်စဉ်မှားယွင်းပြီး အသက်ပင် ဆုံးရှုံးနိုင်ချေ ရှိသည်။

သို့သော် နဂါးသုတ်သင်ဓားသိုင်းက နွားရိုင်းကိုးကောင်စွမ်းအားလောက် အစွမ်းမထက်လှပေ။

နဂါးမျိုးနွယ်များနှင့် တကယ်တမ်း ရင်ဆိုင်ရလျှင် ကျန်းလန်ကတော့ ဓားသိုင်းအသုံးပြုနေမည့်အစား နွားရိုင်းကိုးကောင်စွမ်းအားဖြင့် လက်သီးစာသာ ကျွေးလိုက်မည် ဖြစ်သည်။

သို့ရာတွင် ယခု နဂါးသုတ်သင်ဓားသိုင်းကိုလည်း သင်ယူလိုက်ပြီဖြစ်လေရာ စမ်းသပ်ကြည့်ရန် နဂါးတစ်ကောင်တော့ လိုအပ်လေသည်။

မည်သည့်နဂါးကို ပစ်မှတ်ထားပြီး စမ်းသပ်လေ့ကျင့်ကြည့်ရပါမည်နည်း။

ဂိုဏ်းတူအစ်မ လုန်ယွိကို နဂါးသုတ်သင်ဓားသိုင်းဖြင့် သွားပြီး စမ်းသပ်တိုက်ခိုက်ကြည့်ပါက မည်သို့ရှိမည်နည်ဟု ကျန်းလန် တွေးလိုက်မိလေ၏။

All Chapters