ဆက်ပြီးတောက်ပမယ်
Vol. 82 Ch. 1256
မင်းသားကြီးနှင့် ညှိနှိုင်းဆွေးနွေးနေသော ကျွန်ပိုင်ရှင်သည်လည်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။ သူက တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားပြီး သင့်တင့်သော ကျင့်ကြံခြင်းအခြေခံရှိသည်။ သူက အဝေးမှ ရွှီချင်းကို လှမ်းကြည့်လိုက်လေရာ အထင်သေးရှုံ့ချသော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက မင်းသားကြီးထံသို့ အကြည့်ရွှေ့ပြောင်းလိုက်ပြီး ပြောသည်။
“ ငါမင်းကို မရောင်းနိုင်တာတော့ မဟုတ်ဘူး ”
“ ဒါပေမဲ့ မင်းသိတယ်မလား… မင်းက လူသားမျိုးနွယ်ဟုတ်သလို မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်လည်း ဟုတ်တယ်… ခြားနားမှုက ဒီနေရာမှာ မတူညီဘူး ”
“ တကယ်လို့ လူသားမျိုးနွယ်ဆိုရင် မင်းက ကျွန်တွေကို ဝယ်ယူဖို့ အရည်အချင်းမပြည့်မီဘူး… တကယ်လို့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဆိုရင်တော့ ငါမင်းကို ကျွန်နည်းနည်း ရောင်းပေးနိုင်တယ် ”
ကျွန်ပိုင်ရှင်သည် တည်ငြိမ်စွာ ပြောပြီးနောက် သူ့ဘေးမှ လူသားကျေးကျွန်တစ်ဦး၏ ပါးစပ်ကို ဆွဲဖြဲလိုက်သည်။
“ ကြည့်စမ်း… ဒီသွားတွေက မဆိုးဘူးမလား… သူက တန်ဖိုးရှိတယ် ”
လူသားကျေးကျွန်၏ စိတ်ခံစားချက်မဲ့နေသော အမူအရာသည် အစော်ကားခံရမှုကြောင့် ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးထဲမှာ ရှက်ရွံ့သော အရိပ်အယောင်က ပေါ်ထွက်လာသည်။ သူက မျက်လုံးကို မှိတ်လိုက်သည်။ သို့သော်လည်း ကျွန်ပိုင်ရှင်က လက်ခါလိုက်သည့်အခါ လူသားကျေးကျွန်သည် အတင်းအကျပ် မျက်လုံးပြန်ဖွင့်လိုက်သည်။
ကျွန်ပိုင်ရှင်သည် ပြုံးလိုက်ပြီး ရွှီချင်းကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ၏ မျက်လုံးထဲမှာ ရန်လိုသော အရိပ်အယောင် တစ်စွန်းတစ်စ ပါရှိသည်။
မြင့်မြတ်မြို့တော်ထဲတွင် ကျွန်ဈေးကွက်ကို ဖွင့်လှစ်နိုင်ပြီး ကောင်းကင်နက်ဒေသကြီးထဲမှ လူသားစစ်သုံးပန်းများကို ဤနေရာသို့ ပို့ဆောင်နိုင်လေရာ သူ၏ နောက်ကွယ်မှ အင်အားက မည်မျှကြီးမားကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
ထို့ကြောင့် သူက မင်းသားကြီးကိုပင် အလေးမထားပေ။ မည်သို့ဖြစ်ပါစေ မင်းသားကြီးက သူ့မယ်တော်မိသားစု၏ စွန့်ပစ်ခံထားရကြောင်း လူတိုင်း သိထားပေသည်။
သူဂရုစိုက်သည်မှာ ပထမပြိုင်ပွဲတွင် ပထမနေရာကို ရရှိခဲ့သော လူသားမျိုးနွယ်မှ ရွှီချင်းဖြစ်သည်။
မင်းသားကြီး၏ အမူအရာသည် မည်းမှောင်သွားသည်။ သူ၏ မျက်လုံးထဲမှာ ဒေါသဖြင့် ပြည့်နှက်သွားသည်။ သို့သော်လည်း ဤနေရာသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ် ဖြစ်သည်။ ထို့ကြောင့် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သည်းခံလိုက်သည်။ သူက ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး အသံပို့လွှတ်လိုက်သည်။ သူက လူသားစစ်သုံးပန်းများကို ဝယ်ယူရန်အတွက် သူ့ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုရန် ပြင်လိုက်သည်။
ထိုသို့ဖြစ်ခြင်းသည် ထူးဆန်းသော ကိစ္စမဟုတ်ပေ။ မည်သို့ဖြစ်ပါစေ မင်းသားကြီးမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲတွင် မိတ်ဆွေတချို့ရှိပေသည်။ သူတို့သည် ကြီးမားသော အကူအညီကို မပေးနိုင်သော်လည်း လူသားကျေးကျွန်များကို ဝယ်ယူရန်အတွက်တော့ အခက်အခဲမရှိပေ။
မကြာမီ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူတချို့ ရောက်ရှိလာကြသည်။ သူတို့က ကျွန်ပိုင်ရှင်နှင့် ဆွေးနွေးပြီးနောက် လူသားကျေးကျွန်များကို ဝယ်ယူသွားကြသည်။
ရွှီချင်းသည် ဖြစ်စဉ်တစ်ခုလုံးကို ရပ်ကြည့်နေသည်။ ထို့နောက် သူက ကျွန်ပိုင်ရှင်၏ အထင်သေးရှုံ့ချသော အကြည့်အောက်မှာ သူ၏ နေအိမ်ဆီသို့ ဆက်လက် လျှောက်သွားသည်။
သို့သော်လည်း သူက ဖြည်းဖြည်းချင်းသာ လမ်းလျှောက်နေသည်။
အဝေးမှ ဝင်လုဆဲဆဲနေလုံးသည် အနီရောင်တောက်ပနေသည်။
နီညိုရောင်အလင်းသည် မိုးကုပ်စက်ဝိုင်းမှ ဖြာဆင်းကျလာပြီး ကောင်းကင်နှင့် မြေပြင်ကို သွေးရောင်အဖြစ် ပြောင်းလဲသွားစေသည်။
ထိုအနီရောင်အလင်းကို ကြည့်နေရင်း အသံနှစ်သံသည် ရွှီချင်း၏ စိတ်ထဲမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
အသံတစ်သံသည် သူက လူသားမျိုးနွယ်နှင့် နက်ရှိုင်းသော ဆက်နွယ်မှုမရှိကြောင်း ပြောနေသည်။ သူငယ်ငယ်လေးကတည်းက လူသားများအား စားသောက်ခြင်းကို တွေ့ကြုံခဲ့ရပြီး ဤလောကထဲမှ မိစ္ဆာဆန်သော အကျင့်စရိုက်များသည် လူသားအများစုထံမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း နားလည်ခဲ့သည်။
နန်းမြို့တော်သည် သူ၏ နေအိမ်မဟုတ်ပေ။ သူ၏ နေအိမ်သည် ဖုန်းဟိုင်ဒေသငယ်ဖြစ်သည်။
သူ၏ မိသားစုနှင့် မိတ်ဆွေများသည် သူ၏ ပြောင်းပြန်အကြေးခွံများ ဖြစ်သည်။
လက်ရှိခေတ်ကာလ၌ ဤလောကထဲတွင် သူ့အတွက် အရေးကြီးဆုံးအရာသည် သူနှင့် သူ့မိတ်ဆွေများက ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်ရန် ဖြစ်သည်။
တခြားအသံသည်တော့ အလွန်တိုးသည်။ ယင်းက မည်သည့်အရာကို ပြောနေခြင်းဖြစ်ကြောင်း သူသေချာမကြားရပေ။
သူကြားရသည်မှာ ထိုအသံထဲတွင် ဓားကိုင်ရုံးတော်သခင်၏ နာမည်နှင့် ဓားကိုင်ဧကရာဇ်၏ နာမည်ပါရှိနေခြင်း ဖြစ်သည်။
ရွှီချင်းသည် ဆက်ပြီး လမ်းလျှောက်နေသည်။
အချိန်အတော်ကြာပြီးနောက် နေအလင်းရောင်က ပျောက်ကွယ်သွားတော့မည့်အချိန် သူက နေအိမ်ဆီသို့ ပြန်ရောက်ရှိသွားသည်။
နေအိမ်၏ တံခါးရှေ့တွင် ကျောက်စိမ်းပြားဒါဇင်ကျော် ရှိသည်။
ဤသည်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် သူတို့၏ လက်အောက်ခံမျိုးနွယ်စုများမှ ကျင့်ကြံသူများ၏ စိန်ခေါ်စာများ ဖြစ်သည်။
လွန်ခဲ့သော လဝက်အတွင်းမှာ ရွှီချင်းသည် မည်သည့်စိန်ခေါ်မှုကိုမှ လက်မခံခဲ့ပေ။ ထို့ကြောင့် စိန်ခေါ်သူများသည် ပိုပြီးအတင့်ရဲလာကြပြီး စိန်ခေါ်သည့် ကျောက်စိမ်းပြားများကို သူ၏ နေအိမ်ဆီသို့ စတင်ပစ်လွှတ်ခဲ့ကြသည်။
ယနေ့တွင် စိန်ခေါ်သူအရေအတွက်သည် ယခင်နေ့များထက် နည်းပါးသွားသည်။
ထိုကျောက်စိမ်းပြားများကို ကြည့်နေရင်း ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ မြင့်မြတ်မြို့တော်ကို ရောက်ရှိပြီးနောက်ပိုင်း သူတွေ့ကြုံခဲ့ရသော အဖြစ်အပျက်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ အထင်သေးရှုံ့ချသော အကြည့်များနှင့် ငြင်းပယ်ခံရသော ခံစားမှုသည် ရွှီချင်း၏ နှလုံးသားကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။
ကျူးချွယ်ဇီ၏ အထီးကျန်မှုနှင့် ကျွန်ပိုင်ရှင်၏ ရန်စမှုလည်း ရှိသေးသည်။
လူသားစစ်သုံးပန်းများ၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာနှင့် ပါးစပ်ဖြဲခံလိုက်ရသော လူသားကျေးကျွန်၏ မျက်လုံးထဲမှ အရှက်တရားလည်း ရှိသေးသည်။
ရွှီချင်းသည် မျက်လုံးမှိတ်လိုက်သည်။
သူက သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပြင်းထန်သောကြောင့် ငယ်ငယ်လေးကတည်းက လူသတ်ခဲ့သည်။ သူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော အရာအားလုံးကို သူက တိုက်ခိုက်ခဲ့သည်။
သူက ထိုစိန်ခေါ်မှုများကို လျစ်လျူရှုထားသည်မှာ ကိစ္စများကို မရှုပ်ထွေးစေချင်သောကြောင့် ဖြစ်သည်။
ပထမပြိုင်ပွဲ၏ ပထမနေရာကို မရရှိခင်မှာ သူ၏ ရည်မှန်းချက်သည် ရှင်းလင်းသည်။ ထို့ကြောင့် သူက လမ်းတစ်လျှောက်မှာရှိသော ပြိုင်ပွဲဝင်သူတိုင်းကို သတ်နိုင်ပေသည်။ ဤနေရာသို့ ရောက်လာပြီးနောက် သူက ဒုတိယပြိုင်ပွဲမစတင်ခင် ဤတစ်လကို အေးအေးချမ်းချမ်း အနားယူရန် ဆုံးဖြတ်ထားသည်။
သူက မည်သည့်မတော်တဆမှုမှ မဖြစ်စေချင်ပေ။
တချို့စိန်ခေါ်မှုများသည် အလိုအလျောက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သူယုံကြည်သည်။ သို့သော်လည်း ထိုထဲမှ တချို့သည် နောက်ကွယ်မှ တစ်စုံတစ်ယောက်၏ အားပေးလှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ သူသိထားသည်။
ယင်းက သူ့ကို မြို့တော်အပြင်ဘက်သို့ ထွက်သွားရန် ပြုလုပ်နေခြင်း ဖြစ်သည်။
မည်သို့ဖြစ်ပါစေ မြင့်မြတ်မြို့တော်ထဲမှာ မည်သူမှ သူ့ကို မတိုက်ခိုက်နိုင်ပေ။
အကယ်၍ သူက စိန်ခေါ်မှုကို လက်ခံလိုက်မည်ဆိုလျှင် မြို့တော်ထဲမှ ထွက်သွားရလိမ့်မည်။
‘ အဲ့ဒါက ဘာမှမဟုတ်ဘူး… ဆက်ပြီး သည်းခံလိုက်ပါ ’
ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူက ကျောက်စိမ်းပြားများထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး နေအိမ်ဆီသို့ လျှောက်သွားသည်။ သို့သော်လည်း သူ၏ ခြေလှမ်းသည် ပိုပြီးနှေးကွေးလာပြီး လေးလံလာသည်။
နေအိမ်ထဲတွင် ခေါင်းဆောင်သည် ယင်းကို အာရုံခံမိသွားသဖြင့် အံ့အားသင့်စွာ ခေါင်းမော့လိုက်သည်။ သူက မတ်တတ်ထရပ်ပြီး အပြင်သို့ကြည့်ရန် ပြင်လိုက်သည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ခြေလှမ်းသံများသည် ရွှီချင်း၏ အနောက်မှ ပျံ့လွင့်လာသည်။ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ လူငယ်ခြောက်ယောက်ဖြစ်သည်။ သူတို့သည် နာမည်ကျော်ကြားမှုအတွက် ရွှီချင်းကို ယခင်က စိန်ခေါ်ခဲ့ကြသူများ ဖြစ်သည်။ ရွှီချင်းသည် သူတို့ကို လျစ်လျူရှုခဲ့သည်။ ထို့ကြောင့် သူတို့က ရွှီချင်း၏ နေအိမ်ဆီသို့ စိန်ခေါ်စာ ကမ်းလှမ်းရန် နေ့စဉ် ရောက်ရှိလာကြသည်။
ထိုလူများ၏ ကျင့်ကြံခြင်းအဆင့်သည် ဝိညာဉ်သိုက်အဆင့်မှာ ဖြစ်သည်။ စိန်ခေါ်မှုများစွာကို အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် သူတို့သည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ လူငယ်မျိုးဆက်ထဲမှာ အတော်အသင့် နာမည်ကျော်ကြားလာကြသည်။ သို့ဖြစ်၍ သူတို့က ယနေ့မှာလည်း ခါတိုင်းနေ့များကဲ့သို့ စိန်ခေါ်သည့် ကျောက်စိမ်းပြားများကို ရွှီချင်း၏ နေအိမ်ဆီသို့ ပစ်လွှတ်ရန် ရောက်ရှိလာကြသည်။
ရွှီချင်းက အဝေးမှ လျှောက်လှမ်းလာနေသည်ကို မြင်သွားကြသောအခါ သူတို့ထဲမှ တစ်ယောက်သည် နှာခေါင်းရှုံ့လိုက်ပြီး ကျောက်စိမ်းပြားကို ပစ်လွှတ်လိုက်သည်။ ယင်းက နေအိမ်၏ တံခါးဝအရှေ့သို့ ကျရောက်သွားသည့်အခါ သူက စကားပြောရန် ပါးစပ်ဟလိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ သူ၏ အကြည့်က ဘေးမှ ကျောက်စိမ်းပြားပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ကျောက်စိမ်းပြား ပစ်လွှတ်လိုက်သော လူငယ်ကို စိုက်ကြည့်လိုက်သည်။
လူငယ်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ ရွှီချင်း၏ အကြည့်ဖြင့် တွေ့ဆုံသွားပြီးနောက် သူပြောချင်သော စကားကို ပြန်မျိုချလိုက်သည်။
အေးစက်စက် အလင်းသည် ရွှီချင်း၏ အကြည့်ထဲမှ ထွက်ပေါ်လာပြီး လူငယ်၏ တစ်ကိုယ်လုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။ ဤအခိုက်အတန့်မှာ အလွန်ပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်လျှိုးလာသည်။
သူ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတိုင်းက သီးခြားတည်ရှိမှုဖြစ်လာဟန် ရသည်။ ယင်းတို့အားလုံးက သူ့အား အန္တရာယ်သတိပေးမှုကို ပေးပို့လာကြသည်။ ယင်းက လူငယ်ကို အလိုအလျောက် အနောက်ဆုတ်သွားစေသည်။ သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။
သူ့ဘေးမှ မိတ်ဆွေများသည်လည်း ကျောက်စိမ်းပြားများကို တစ်ယောက်ပြီးတစ်ယောက် ပစ်လွှတ်လိုက်ကြသည်။ သို့သော်လည်း သူတို့က ထိုမြင်ကွင်းကို မြင်သွားပြီး ရွှီချင်း၏ အကြည့်ကို သတိထားမိသွားသောအခါ သူတို့၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကြသည်။ စိတ်မသက်မသာဖြစ်သော ခံစားမှုက သူတို့၏ နှလုံးသားထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ဤသည်မှာ သူတို့က နှင်းတောထဲသို့ ရုတ်တရက် ရောက်ရှိသွားသည့်အလားပင်။
အစစ်အမှန်နှင့် အတုအယောင်ကြားမှာ တည်ရှိသော သွေးနီရောင်နှင်းပွင့်များသည်ပင် အရပ်မျက်နှာအဘက်ဘက်မှ ကျဆင်းလာနေသည်။ နှင်းပွင့်များသည် ထိုကျောက်စိမ်းပြားများကို သယ်ဆောင်လျက် ရွှီချင်း၏ အရှေ့သို့ ပို့ဆောင်ပေးလိုက်သည်။
ထိုကျောက်စိမ်းပြားများကို ကြည့်နေရင်း ရွှီချင်းက လက်မြှောက်လိုက်သည်။
ထိုအခိုက်အတန့်မှာ နေအိမ်တံခါးသည် ပွင့်သွားသည်။ ခေါင်းဆောင်သည် နေရာမှာ ရပ်နေပြီး ရွှီချင်းကို လှမ်းကြည့်လိုက်သည်။ သူက တစ်စုံတစ်ခုပြောချင်သော်လည်း နောက်ဆုံးမှာတော့ သူပြောချင်သော စကားကို ပြန်ပြောင်းလိုက်သည်။
“ ဂျူနီယာညီလေး… တကယ်လို့ မင်းလုပ်ချင်တယ်ဆိုရင် လုပ်ပါ… အခုချိန်မှာ အရေးကြီးဆုံးက မင်းစိတ်ရှင်းလင်းနေဖို့ပဲ ”
ရွှီချင်း၏ လက်သည် ထိုကျောက်စိမ်းပြားများပေါ်သို့ ကျရောက်သွားပြီး သူက ယင်းတို့ကို ညင်သာစွာ ဖျစ်ညှစ်လိုက်သည်။ ကျောက်စိမ်းပြားအားလုံးက အက်ကွဲသွားသည့်အခါ စိန်ခေါ်မှုသည် ဖြစ်မြောက်သွားသည်။
ရွှီချင်း၏ အက်ရှရှအသံက ပဲ့တင်ထပ်လာသည့်အခါ ဘေးပတ်ဝန်းကျင်မှ အပူချိန်သည် ပိုပြီးနိမ့်ဆင်းသွားသည်။
“ စိန်ခေါ်မှုကို ငါလက်ခံတယ် ”
ထိုသို့ပြောလိုက်သည်နှင့်ချက်ချင်း ရွှီချင်း၏ ပုံရိပ်သည် တိုက်ရိုက် ဝေဝါးသွားသည်။ တစ်ချိန်တည်းမှာ ယနေ့ ရွှီချင်းကို လာရောက်စိန်ခေါ်ကြသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူအားလုံးသည် ဝေဝါးသွားကြသည်။
သူတို့က မြင့်မြတ်မြို့တော်ထဲမှာ ရှိနေသရွေ့ သူတို့က မည်သည့်နေရာမှာရှိနေပါစေ ကိစ္စမရှိပေ။ ဤအခိုက်အတန့်မှာ သူတို့၏ ခန္ဓာကိုယ်က ဝေဝါးသွားကြပြီး သူတို့က မြို့အပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည်။
သို့ဖြစ်၍ ရွှီချင်း၏ ပုံရိပ်သည် နေအိမ်၏ အပြင်မှ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသည့်အခါ မြို့အပြင်ဘက်သို့ ရောက်ရှိသွားသည်။
ယနေ့ စိန်လာခေါ်ကြသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ ဒါဇင်ကျော်သည်လည်း မြို့အပြင်ဘက်မှာ အတူတကွ ထွက်ပေါ်လာကြသည်။
ထိုလူများသည် အသက်ရှူမြန်လာကြသည်။ တချို့သည် အံ့ဩမင်သက်နေပြီး တချို့သည် ထိတ်လန့်တုန်လှုပ်နေကြသည်။ တချို့ဆိုလျှင် အနောက်ဆုတ်ရန် ကြိုးစားလိုက်ကြသည်။
သူတို့က နာမည်ကျော်ကြားရန်သက်သက် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ရွှီချင်း၏ လက်ခံမှုသည် အကျိုးအကြောင်းမဆီလျော်သလို သူတို့ခန့်မှန်းထားသောအရာ မဟုတ်ချေ။ မည်သို့ဖြစ်ပါစေ ဤလဝက်အတွင်းမှာ ရွှီချင်းသည် စိန်ခေါ်မှုအားလုံးကို လျစ်လျရှုခဲ့သည်။ သို့သော်လည်း ယနေ့မှာတော့ သူက တကယ်ကြီး သဘောတူလိုက်သည်။
ထို့ကြောင့် လူတိုင်းသည် နှလုံးတုန်သွားသည်။ သူတို့ထဲမှ တချို့သည် တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ အေးစက်မှုသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေရာ သူ့အား ကျောက်စိမ်းပြား ပစ်လွှတ်ခဲ့သော လူငယ်၏ အရှေ့သို့ ရောက်ရှိသွားသည်။
သူတို့ကြားမှ တိုက်ပွဲစွမ်းအားကွာခြားမှုက အလွန်အမင်း ကြီးမားသောကြောင့် လူငယ်သည် အချိန်တိုအတွင်းမှာ မတုံ့ပြန်နိုင်ခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်းသည် လက်မြှောက်လိုက်ပြီး တစ်ဖက်လူ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။
လူငယ်၏ ခန္ဓာကိုယ်သည် မြန်ဆန်စွာ ခြောက်သွေ့သွားပြီး ရွှီချင်း၏ စုပ်ယူခံလိုက်ရသည်။
သူ၏ ဝိညာဉ်သည် ဆက်လက် မှေးမှိန်သွားပြီး ရွှီချင်း၏ ဝါးမျိုခံလိုက်ရသည်။
လူငယ်သည် လေလျော့ခံလိုက်ရသော ပူဖောင်းတစ်လုံးနှင့် ဆင်တူသည်။ စက္ကန့်ပိုင်းအတွင်းမှာ သူ၏ အသက်ဓာတ်က ကုန်ခမ်းသွားသည်။
သူက ချောက်ချားဖွယ်ကောင်းသော အော်ညည်းသံကို ထုတ်လွှတ်လိုက်သည်။ သူ၏ အသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ထိုမြင်ကွင်းသည် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို တုန်ယင်သွားစေသည်။ သူတို့၏ မျက်လုံးထဲမှာ ရွှီချင်းသည် လူသားတစ်ယောက် မဟုတ်တော့ပေ။ ယင်းအစား ရက်စက်ကြမ်းကြုတ်သော မိစ္ဆာတစ်ကောင်ဖြစ်လာသည်။
သူတို့သည် ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း ယင်းက အလွန်နောက်ကျသွားချေ၏။
ရွှီချင်းသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသည့်အခါ ကျင့်ကြံသူတစ်ယောက်၏ အနောက်သို့ ရောက်ရှိသွားသည်။ ဓားမြှောင်တစ်လက်သည် ထိုကျင့်ကြံသူ၏ လည်ပင်းကို လှီးဖြတ်သွားသည်။
သူ၏ ဦးခေါင်းသည် လေထဲသို့ မြှောက်တတ်သွားပြီး သွေးသည် ရေပန်းသဖွယ် ပန်းထွက်လာသည်။
သူ၏ မျက်လုံးထဲမှာ လောကကြီးသည် ချာချာလည်သွားသည်။
ဝုန်းခနဲ မြည်သံများက ဆက်တိုက် ပဲ့တင်ထပ်လာသည်။ ဤသည်မှာ ဦးခေါင်းနှင့် အသွေးအသားများက မြေပြင်ပေါ်သို့ မပြုတ်ကျသွားမီ ပေါက်ကွဲထွက်သွားသော အသံဖြစ်သည်။
‘ သတ်ပစ် ’
ရွှီချင်း၏ နှလုံးသားထဲမှာ စုပုံနေသော မကျေနပ်မှုများက ဤအခိုက်အတန့်မှာ ပေါက်ကွဲထွက်လာသည်။ သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်လေရာ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူတစ်ယောက်၏ ဘေးသို့ ရောက်ရှိသွားသည်။ သူက တစ်ဖက်လူကို တစ်ချက်ပင် လှည့်မကြည့်ချေ။ သူက ထိုလူကို ဖြတ်ကျော်သွားစဉ် တစ်ဖက်လူသည် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးသည် သူ့ဘာသာ ပေါက်ကွဲထွက်သွားသည်။
သူ၏ သွေးသည် ထိန်းချုပ်ခံလိုက်ရသည်။
ယင်းက လေထဲမှာ ပွင့်လန်းမည့် သွေးပန်းပွင့်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သွေးပန်းပွင့်သည် ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားပြီး သူ့ကို ဝန်းရံလိုက်သည်။
ယင်းက မိစ္ဆာဆန်ပြီး လှပသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းသည် တခြားမည်သည့်အရာကိုမှ မစဉ်းစားချင်တော့ပေ။ သူ၏ နှလုံးသားထဲမှ အသံနှစ်သံသည် ဤအခိုက်အတန့်မှာ ပေါင်းစပ်သွားပြီး စကားလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
‘ သတ်ပစ် ’
သွေးပန်းပွင့်များက မြို့အပြင်ဘက်မှာ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာကြသည်။ တစ်ချိန်တည်းမှာ အော်ဟစ်ညည်းညူသံများက ပိုပြီးကျယ်လောင်လာသည်။ ထိုကျင့်ကြံသူများထံမှ ပမာဏများပြားသော သွေးသည် ရွှီချင်းဆီမှာ စုဝေးသွားသည်။
သူက မရပ်တန့်ခဲ့ပေ။ သူဖြတ်သန်းသွားနေရာတိုင်း သေဆုံးမှုက ဖြစ်ပွားလိမ့်မည်။
ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက်သည် ခန္ဓာကိုယ် ယိုယွင်းပျက်စီးသွားကြသည်။ တချို့သည် ဦးခေါင်းဖြတ်ခံလိုက်ရသည်။
ဤအခိုက်အတန့်မှာ သူတို့၏ ဘဝအဓိပ္ပာယ်သည် ရွှီချင်း၏ ဓားမြှောင်ကို ယဇ်ပူဇော်ရန်အတွက် ဖြစ်လာသည်။
ဓားမြှောင်ပေါ်မှ ပိတ်စသည် အနီရောင်စွန်းထင်သွားပြီး ယင်းက သွေးဆာလောင်သော အရှိန်အဝါကို ထုတ်လွှတ်လာသည်။
ဤအခိုက်အတန့်မှာ သူ၏ ဓားမြှောင်မှ စူးရှတောက်ပမှုသည် သက်ရှိအားလုံးမြင်နိုင်သည့် တစ်ခုတည်းသော အလင်းရောင်ဖြစ်လာသည်။
ကျင့်ကြံသူဒါဇင်ခန့်သည် အသက်ဆယ်ခါရှူချိန်မပြည့်ခင်မှာ သေဆုံးသွားကြသည်။
ရွှီချင်း၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် သန့်ရှင်းသော အနုပညာတစ်ခု ပါဝင်နေဟန် ရ၏။ ထို့ကြောင့် ဤလောကထဲမှာ မည်သည့်အလောင်းမှ ကျန်မနေခဲ့ပေ။
သွေးပန်းပွင့်များသည် သူ၏ ဘေးပတ်ဝန်းကျင်မှာ ဆက်လက် လှည့်ပတ်နေကြပြီး အဝေးမှ ဝင်လုဆဲဆဲနေလုံး၏ အလင်းရောင်ကို ရောင်ပြန်နေသည်။ ယင်းက နေလုံး၏ အလင်းရောင်ကို ဆက်လက် လင်းလက်တောက်ပစေသည်။
သွေးနီရောင် နေအလင်းရောင်အောက်မှာ ရွှီချင်းသည် မြင့်မြတ်မြို့တော်ကို လှမ်းကြည့်လိုက်သည်။ သူက မည်သည့်စကားမှ မပြောပေ။
သူ၏ လုပ်ရက်၊ သူ၏ အကြည့်နှင့် သူ၏ အရှိန်အဝါသည် သဘာဝအလျောက် စကားလုံးများကို ဖွဲ့စည်းသွားသည်။
‘ ကြိုက်တဲ့လူလာခဲ့… တိုက်ခိုက်ဖို့ ငါအသင့်ရှိနေတယ်… ’