လူသားမျိုးနွယ်၏ မဟာကောင်းကင်အရွေးချယ်ခံ
Vol. 82 Ch. 1257
ဆူပူအုံကြွမှုသည် မြင့်မြတ်မြို့တော်၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ရွှီချင်းကို စိန်ခေါ်ခဲ့ကြသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများသည် မျက်လုံးဝင်းလက်သွားကြသည်။ သို့သော်လည်း သူတို့သည် မဆင်မခြင် မလုပ်ဆောင်ကြချေ။
သူတို့ထဲမှ တချို့အတွက်တော့ ရွှီချင်းကို စိန်ခေါ်ခြင်းသည် တကယ် တိုက်ခိုက်ရန် မဟုတ်ပေ။ နာမည်ကျော်ကြားရန်အတွက်သာ ဖြစ်သည်။
ယခင်က ထိုကျင့်ကြံသူများသည် ရွှီချင်းက စိန်ခေါ်မှုများကို လက်မခံကြောင်း မြင်တွေ့ခဲ့ကြသည်။ ထို့ပြင် နောက်ကွယ်မှာ သူတို့ကို အားပေးအားမြှောက် လုပ်ပေးနေသော လက်တစ်စုံလည်း ရှိသေးသည်။ ယခု သူတို့မှာ တိုက်ခိုက်ရန် ဆန္ဒမရှိကြပေ။
သူတို့က ပြပွဲကို စောင့်ကြည့်ရန်သာ တွေးထားကြသည်။
သို့သော်လည်း ရွှီချင်းကို တကယ်စိန်ခေါ်ချင်သော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူတချို့ ရှိကြသေးသည်။ လူသားတစ်ယောက်က သူတို့ထက် သာလွန်နေခြင်းကို လက်မခံနိုင်ကြပေ။
သို့ဖြစ်၍ အစော်ကားခံရသော ခံစားမှုက သူတို့ကို အလွန်ဒေါသထွက်စေသည်။
ထိုသို့ကျင့်ကြံသူများသည် ဝှက်ဖဲကတ်များစွာကို ပိုင်ဆိုင်ထားပြီး သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြသည်။ ရွှီချင်း၏ တိုက်ပွဲရလဒ်နှင့် မင်းသားမင်နန်၏ သေဆုံးမှုအကြောင်းကို ကြားသိထားသည့်တိုင်အောင်…
သူတို့အတွက်တော့ ဘဝအဓိပ္ပာယ်သည် အလျားပေါ်မှာ မူတည်ခြင်းမဟုတ်။ ယင်းအစား တောက်ပမှုဆီမှာသာ မူတည်သည်။
သာမန်ဘဝဖြင့် ရှည်လျားစွာ အသက်ရှင်နေထိုင်မည့်အစား တစ်ခဏကြာ ထွန်းလင်းတောက်ပမှုကို သူတို့က ပိုပြီးမက်မောကြသည်။ သို့မှာသာလျှင် သူတို့၏ ဘဝသည် အဓိပ္ပာယ်ရှိလိမ့်မည်။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သည် ရက်စက်ကြမ်းတမ်းပြီး ကြောက်စရာကောင်းသော မျိုးနွယ်စုတစ်ခုဖြစ်သည်။
ထို့ကြောင့် နောက်အခိုက်အတန့်မှာ မီးလျှံလကျင့်ကြံသူဒါဇင်ကျော်သည် လေထဲသို့ ပျံတတ်သွားကြသည်။ သူတို့အားလုံး၏ ကျင့်ကြံခြင်းအခြေခံသည် ဗလာနတ္ထိပထမအဆင့်မှာ ဖြစ်သည်။ သူတို့က မြို့အပြင်ဘက်သို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
သူတို့၏ မွေးရာပါရုပ်ခန္ဓာကိုယ်စွမ်းအားသည် သွေးနှင့်ချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ယင်းက ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေသည်။ တာအိုအမှတ်သင်္ကေတများသည် ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။ ကျင့်ကြံသူဒါဇင်ကျော်၏ စုပေါင်းစွမ်းအားသည် ကောင်းကင်ကို တုန်လှုပ်သွားစေသည်။ ဤသည်မှာ မမြင်နိုင်သော ဧရာမလက်တစ်စုံက ရွှီချင်းကို ဖိနှိပ်ရန် ကောင်းကင်ပေါ်မှ ဆင်းသက်လာနေသည့်အလားပင်။
ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ သွေးနီရောင်အလင်းနှင့် ဆက်သွယ်ချင်ပြီး သူ့ကို တိုက်ရိုက် ဖျက်ဆီးချင်နေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် မီးလျှံလမျိုးနွယ်၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က မည်မျှကြောက်စရာကောင်းကြောင်း မြင်နိုင်ပေသည်။
လူသားမျိုးနွယ်၏ နယ်စွန်နယ်ဖျား ဒေသကြီးများထဲတွင် ဗလာနတ္ထိအဆင့် ကျင့်ကြံသူများသည် ဒေသအရှင်သခင်များဖြစ်ကြသည်။ သို့သော်လည်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲတွင်တော့ သူတို့က ထူးချွန်ထက်မြက်သူများသာ ဖြစ်ကြသည်။
ဤအခိုက်အတန့်မှာ ဗလာနတ္ထိပထမအဆင့် ကျင့်ကြံသူများသည် အမြစ်ဖြတ်သုတ်သင်ချင်သော စိတ်ဆန္ဒနှင့်အတူ ကောင်းကင်ပေါ်မှာ တိုက်ရိုက် ထွက်ပေါ်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ကောင်းသော အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်နေပြီး ယင်းက ဘေးပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်သည်။ သူတို့က ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည့်အခိုက် ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲ၌ စိန်ခေါ်ပွဲဆိုလျှင်ပင် တစ်ယောက်ချင်း ထိပ်တိုက်တွေ့ဆုံရန် ကန့်သတ်ခံရလိမ့်မည်မဟုတ်ပေ။ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နားလည်မှုအရ ပညာရှင်ကျင့်ကြံသူများသည် အများနှင့်တစ်ယောက် ရင်ဆိုင်နိုင်သည်။
စစ်မှန်သော ပညာရှင်ကျင့်ကြံသူက လူတစ်ထောင်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သည်ဟု သူတို့က ယုံကြည်ထားကြသည်။ ထို့ပြင် ထိုသူက ရွယ်တူကျင့်ကြံသူအားလုံးကို လွှမ်းမိုးဖိနှိပ်နိုင်ရမည်။
ထိုသို့သော ကျင့်ကြံသူတစ်ယောက်ကိုသာလျှင် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က ကောင်းကင်အရွေးချယ်ခံအဖြစ် သတ်မှတ်လိမ့်မည်။
ထို့ကြောင့် သူတို့သည် တုံ့ဆိုင်းခြင်း လုံးဝမရှိပေ။ ကောင်းကင်ပေါ်မှ တာအိုအမှတ်သင်္ကေတများသည် အသက်ရှိလာဟန်ရပြီး ငွေရောင်နဂါးနှင့် ရွှေရောင်နဂါးအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ၎င်းတို့က အရပ်မျက်နှာအဘက်ဘက်သို့ ဟိန်းဟောက်လိုက်ကြသည်။
ထူးခြားသော ဓမ္မရတနာများလည်း ရှိသေးသည်။ ယင်းတို့က ဆေဘာများ၊ လှံများ၊ ဓားများနှင့် ပုဆိန်များဖြစ်ကြသည်။ ယင်းတို့က တာအိုမှော်သင်္ကေတများနောက်သို့ လိုက်၍ နတ်ဘုရားစွမ်းရည်များကို အသီးသီး ထုတ်လွှတ်လိုက်ကြသည်။
ဤနေရာမှ ဥပဒေသများနှင့် နိယာမများသည် မှေးမှိန်သွားကြသည်။ လေ၊ မိုးနှင့် မိုးကြိုးသည် ပရမ်းပတာ ထွက်ပေါ်လာကြသည်။ ဤလောကကြီးသည် နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းကို တစ်ပြိုင်နက်တည်း တွေ့ကြုံနေရသည်။
ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်မှ ဥပဒေသများက ဝေဝါးလာနေကြောင်း သူအာရုံခံနိုင်သည်။ ဖိနှိပ်ခံရသော ခံစားမှုသည် နေရာတိုင်းမှ ပေါ်လျှိုးလာသည်။
သူက ကန့်သတ်ချုပ်နှောင်ခံထားရကြောင်းကိုလည်း ခံစားမိသည်။
ဤသည်မှာ သူ့ကောင်းကင်ဘုံတာအို၏ တုံ့ပြန်မှုဖြစ်ပြီး ရန်သူ၏ ကောင်းကင်ဘုံတာအိုက အရာအားလုံးကို အစားထိုးသွားတော့မည်ဟူသော လက္ခဏာလည်း ဖြစ်သည်။
သို့သော်လည်း ယင်းက အရေးမကြီးပေ။ ဤနေရာမှ ရာသီဥတုလေးမျိုးက ဖောက်ပြန်နေပြီး သဘာဝစွမ်းအားက ပရမ်းပတာဖြစ်နေမှတော့…
အကယ်၍ သူသာ အလုံအလောက် သန်မာမည်ဆိုလျှင် တောင်လေနှင့် ရေလှိုင်းလုံးများက သူ့အား လှုပ်ခါပစ်နိုင်လိမ့်မည် မဟုတ်ချေ။
နောက်အခိုက်အတန့်မှာ ဝိညာဉ်ချည်မျှင်သန်းပေါင်းများစွာသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ တိုးထွက်လာပြီး သူ့အနောက်မှာ မြန်ဆန်စွာ စုဝေးသွားကြသည်။ ယင်းတို့က ပထမနတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်နှင့် တတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ဆက်တိုက် ဖွဲ့စည်းလိုက်သည်။
ရွှီချင်းသည် သူ၏ ရန်သူကို တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး မပေးတတ်ပေ။ ထို့ကြောင့် သူက စတင်တိုက်ခိုက်လိုက်သည်နှင့်ချက်ချင်း အကြွင်းမဲ့ ဖိနှိပ်ခြင်းစွမ်းအားကို အသုံးပြုလိုက်သည်။
ဤသည်မှာ သူ၏ အလေ့အကျင့်ဖြစ်သည်။
တတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ပေါက်ကွဲထွက်လာသည်။ တားမြစ်အဆိပ်နှင့် ခရမ်းလ၏ စွမ်းအားသည် ပေါ်လျှိုးလာသည်။ သူ၏ ဘေးပတ်ပတ်လည်မှ သွေးပန်းပွင့်များသည် အော်ဟစ်ချီးမြှောက်လိုက်ပြီး လောကကြီးကို အနီရောင်အဖြစ် ပြောင်းလဲသွားစေသည်။
ဤသည်မှာ အနီရောင်အလင်းက မြေပြင်ပေါ်သို့ ဆင်းသက်လာသည့်အလားပင်။ ယင်းက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး စုံစမ်းစစ်ဆေးမှုအားလုံးကို ပိတ်ဆို့ပစ်လိုက်သည်။
အကြည့်များစွာနှင့် နတ်ဘုရားစိတ်အာရုံအမျှင်တန်းများသည် မြင့်မြတ်မြို့တော်သုံးမြို့ထဲမှ ပျံ့နှံ့ထွက်လာကြသည်။ လူတချို့ဆိုလျှင် လေထဲသို့ ပျံတတ်သွားကြပြီး စစ်ဆေးလိုက်ကြသည်။
အနီရောင်အလင်းကြားထဲမှာ မည်သို့ဖြစ်ပျက်နေကြောင်း သူတို့မမြင်နိုင်သော်လည်း စွမ်းအင်လှိုင်းအတတ်အကျများမှတဆင့် အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပေသည်။
သူတို့ထဲတွင် ပြပွဲကို စောင့်ကြည့်နေသော သူများနှင့် တိုက်ခိုက်ရန် စောင့်ဆိုင်းနေသော သူများလည်း ပါဝင်ကြသည်။ သူတို့အားလုံးက ရွှီချင်း၏ အစစ်အမှန် တိုက်ပွဲစွမ်းအားကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
သို့သော်လည်း သူတို့အများစု၏ အမူအရာသည် တည်ငြိမ်သည်။ သူတို့၏ အမူအရာသော်လည်းကောင်း သို့မဟုတ် သူတို့၏ နှလုံးသားသော်လည်းကောင်း ကြီးကြီးမားမား လှိုင်းထသွားခြင်း မရှိပေ။
အဘယ့်ကြောင့်ဆိုသော် သူတို့က မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဖြစ်သောကြောင့် ဖြစ်သည်။
သူတို့သည် ဝမ်ကူးကုန်းမြေ၏ အထူးမျိုးနွယ်စုကြီးများထဲမှ တစ်ခုဖြစ်သည်။
သူတို့မှာ ကိုးကွယ်ပူဇော်သည့် နတ်ဘုရားသုံးပါးလည်း ရှိသည်။ သူတို့က ဝမ်ကူးကုန်းမြေမှ နယ်မြေအများစုကို ပိုင်ဆိုင်ထားသည်။ သူတို့က မျိုးနွယ်စုတစ်ခုကို စတင်အမဲလိုက်သည့်အခါတိုင်း မရေမတွက်နိုင်သော မျိုးနွယ်စုများက ကြောက်လန့်တုန်လှုပ်သွားလိမ့်မည်။
သူတို့မျိုးနွယ်စု၏ မြင့်မြတ်သော ဂုဏ်အဆင့်အတန်းကြောင့် သူတို့သည် အဆင့်နိမ့်မျိုးနွယ်စုများကို ဂရုမစိုက်ပေ။
ရွှီချင်းသည် မဟာအမဲလိုက်ပွဲတော်တွင် ပထမနေရာကို ရရှိခဲ့သော်လည်း ယင်းက သူတို့အတွက်တော့ အနည်းငယ် ထူးခြားရုံသာ ဖြစ်သည်။
သို့သော်လည်း အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် နှလုံးကွဲကြေသော အော်ဟစ်သံများက အနီရောင်အကာအကွယ်အတွင်းထဲမှ ပဲ့တင်ထပ်လာသည့်အခါ သူတို့၏ အေးဆေးတည်ငြိမ်မှုသည် စတင်လှိုင်းထသွားသည်။
နောက်အခိုက်အတန့်မှာ မီးလျှံလကျင့်ကြံသူနှစ်ယောက်သည် အနီရောင်အလင်းကြားထဲမှ ပြေးထွက်လာကြသည်။ သူတို့၏ အမူအရာမှာ ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။ သူတို့က အလျင်ကုန် ထုတ်သုံး၍ ထွက်ပြေးနေကြသည်။ သို့သော်လည်း သူတို့ထဲမှ တစ်ယောက်သည် အနည်းငယ် နောက်ကျသွားသည်။ အနီရောင်အလင်းသည် သူ့ဆီသို့ မြန်ဆန်စွာ ချဉ်းကပ်လာသည်။
ဝိညာဉ်ချည်မျှင်များဖြင့် ဆက်သွယ်ထားသော မရေမတွက်နိုင်သည့် သွေးနီရောင်လက်တံများသည် တစ်ဟုန်ထိုး ပျံသန်းထွက်လာကြပြီး ထိုလူကို ချုပ်နှောင်လိုက်သည်။ ယင်းတို့က တစ်ဖက်လူကို မည်သည့်အခွင့်အရေးမှ မပေးချေ။ သွေးနီရောင်လက်တံများသည် သူ၏ ဘေးပတ်ပတ်လည်မှာ ချက်ချင်း ရစ်ပတ်သွားကြပြီး သူ၏ အသွေးအသားများကို ဖောက်ထွင်းလိုက်ကြသည်။
ထို့နောက် သူ့ကို အတင်းအဓမ္မ ဆွဲခေါ်လိုက်သည်။
မီးလျှံလမျိုးနွယ်ကျင့်ကြံသူသည် အနီရောင်အလင်းထဲသို့ တရွတ်တိုက် ဆွဲခေါ်ခံနေရသောအခါ စိတ်ပျက်အားငယ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် နှလုံးကွဲကြေသော အော်ဟစ်ညည်းတွားသံက အနီရောင်အလင်းထဲမှ ထွက်ပေါ်လာသည်။
ထွက်ပြေးနေသော တခြားတစ်ယောက်သည်တော့ ထိုအော်သံကို ကြားလိုက်ရသောအခါ မျက်နှာဖြူဖျော့သွားသည်။ သူက မြင့်မြတ်မြို့တော်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
သူက မြင့်မြတ်မြို့တော်ထဲသို့ ခြေချနိုင်သည်နှင့် အသက်ရှင်နိုင်လိမ့်မည်။ မည်သို့ဖြစ်ပါစေ မြင့်မြတ်မြို့တော်ထဲမှာ မည်သူမှ တိုက်ခိုက်ခွင့်မရှိပေ။
သို့သော်လည်း သူက မြင့်မြတ်မြို့တော်သို့ ရောက်ရန် ပေတစ်ရာခန့်သာ လိုအပ်တော့သည့်အချိန် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ ထိတ်လန့်ချောက်ချားနေသော မျက်နှာပေါ်မှာ ထူးဆန်းသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သို့သော်လည်း သူ၏ မျက်လုံးထဲမှ အကြောက်တရားသည် ပိုပြီးပြင်းထန်လာသည်။
ထို့နောက် သူက လက်မြှောက်လိုက်ပြီး လည်ပင်းကို ဆုပ်ကိုင်လိုက်ကာ အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည်။ အက်ကွဲသံက ပဲ့တင်ထပ်လာသည့်အခါ သူ၏ ဦးခေါင်းသည် တစ်ပတ်လည်သွားသည်။ ထို့နောက် သူ၏ ကျင့်ကြံခြင်းအခြေခံသည် လောင်ကျွမ်းသွားသည်။ သူ၏ ခန္ဓာကိုယ်သည်လည်း ရုတ်တရက် မီးလောင်ကျွမ်းသွားသည်။
တစ်ချိန်တည်းမှာ ပေါက်ကွဲသံက အနီရောင်အလင်းထဲမှ မြည်ဟိန်းထွက်လာပြီး အကာအကွယ်က အက်ကွဲထွက်သွားသည်။ အကာအကွယ်ထဲမှ အားလှိုင်းအတတ်အကျများသည် ဘေးပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်။ ထိုအခါ မြန်ဆန်စွာ ယိုယွင်းပျက်စီးနေသော အလောင်းများနှင့် မြေပြင်ပေါ်မှာ ပြန့်ကျဲနေသော အသွေးအသားအပိုင်းအစများက ထွက်ပေါ်လာသည်။
ထိုနေရာတွင် မတ်တတ်ရပ်နေသော နတ်ဘုရားတစ်ပါး၏ ပုံရိပ်လည်း ရှိသည်။ သူ၏ တစ်ကိုယ်လုံးသည် ချောက်ချားဖွယ်ကောင်းစွာ သွေးနီရောင်တောက်ပနေသည်။ သူ့မှာ မရေမတွက်နိုင်သော သွေးနီရောင်လက်တံများလည်း ရှိသည်။ သွေးပင်လယ်သည် သူ၏ ဘေးပတ်ပတ်လည်ကို ဝန်းရံထားသည်။
သူက မြင့်မြတ်မြို့တော်ကို တည်ငြိမ်စွာ ကြည့်နေသည်။
မြင့်မြတ်မြို့တော်သုံးမြို့ထဲမှ မီးလျှံလကျင့်ကြံသူများ၏ အမူအရာသည် တည်ကြည်လေးနက်သွားကြသည်။ သူတို့က ကောင်းကင်ပေါ်မှ ပုံရိပ်ကို ကြည့်နေရင်း နှလုံးတုန်သွားကြသည်။
သူတို့၏ စိတ်ခံစားချက်များက လှိုင်းထသွားခြင်းမှာ မီးလျှံလမျိုးနွယ်ဝင်ဒါဇင်ကျော်၏ သေဆုံးမှုကြောင့် မဟုတ်ပေ။ သူတို့ကို အဓိက ထိတ်လန့်သွားစေသည့်အရာမှာ ရွှီချင်း၏ တည်ငြိမ်မှု ဖြစ်သည်။
အစမှအဆုံးထိ သူက မည်သည့်စကားမှ မပြောခဲ့ပေ။ သူက နေရာမှာသာ ရပ်နေပြီး မြင့်မြတ်မြို့တော်၏ ဦးတည်ရာကို ကြည့်နေသည်။
လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာဟန် ရ၏။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ယခင်မျိုးဆက်များမှ ကျင့်ကြံသူတချို့သည် နှလုံးတုန်သွားကြသည်။
“ လူသားမျိုးနွယ်ရဲ့ မဟာကောင်းကင်အရွေးချယ်ခံ… ”
လူသားမျိုးနွယ်သည် အတိတ်တွင် ဝမ်ကူးကုန်းမြေ၏ အသန်မာဆုံးမျိုးနွယ် ဖြစ်ခဲ့သည်။
သို့သော်လည်း ယခု လူသားမျိုးနွယ်က နိမ့်ကျသွားပြီဖြစ်သည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်တိုင်း သူတို့က ပိုပိုပြီး အားနည်းလာကြသည်။ သို့သော်လည်း ယခု ရွှီချင်း၏ တစ်ကိုယ်တော် ထွန်းလင်းတောက်ပမှုသည် မီးလျှံလမျိုးနွယ်၏ ယခင်မျိုးဆက်များမှ ကျင့်ကြံသူများကို အတိတ်တုန်းက လူသားမျိုးနွယ်၏ ဂုဏ်သတင်းအကြောင်း ပြန်အမှတ်ရသွားစေသည်။
မင်းသားကြီးပြောခဲ့သော မီးလျှံလမျိုးနွယ်မှ ကောင်းကင်အရွေးချယ်ခံများသည်လည်း မြင့်မြတ်မြို့တော်ထဲမှာ ရှိကြသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ မည်သူမှ မတိုက်ခိုက်ကြချေ။
ရွှီချင်းမှာ ရည်မှန်းချက်ရှိသကဲ့သို့ သူတို့မှာလည်း ရည်မှန်းချက်ရှိသည်။ သူတို့၏ ရည်မှန်းချက်သည် ဒုတိယပြိုင်ပွဲထဲမှ စီးတော်သားရဲများ ဖြစ်သည်။ စီးတော်သားရဲသည် သူတို့၏ တိုက်ပွဲစွမ်းအားကို တိုးမြှင့်ပေးနိုင်သည်။ သို့မှသာ သူတို့က တတိယပြိုင်ပွဲတွင် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ပါလော။
ထိုအတောအတွင်းမှာ သူတို့က သူတို့၏ တိုက်ပွဲစွမ်းအားကို အထွတ်အထိပ်အခြေအနေမှာ အမြဲထိန်းသိမ်းထားချင်သည်။ အကယ်၍ သူတို့က ရွှီချင်းနှင့် တိုက်ခိုက်မည်ဆိုလျှင် ရလဒ်က မည်သို့ဖြစ်လာပါစေ သူတို့သည် ဒဏ်ရာတချို့ကို သေချာပေါက် ခံစားရလိမ့်မည်။ အကယ်၍ သူတို့က ထိုအတွက်ကြောင့် မဟာအမဲလိုက်ပွဲတော်ကို လက်လွှတ်လိုက်ရမည်ဆိုလျှင် သေချာပေါက် ဆုံးရှုံးမှုကြီးကို တွေ့ကြုံရလိမ့်မည်။
သို့ဖြစ်၍ ကောင်းကင်အရွေးချယ်ခံများသည် သူတို့၏ နေအိမ်အတွင်းမှာ ဆက်ရှိနေကြပြီး အပြင်ဘက်မှ အခြေအနေကို စူးစမ်းရန် သူတို့၏ နတ်ဘုရားစိတ်အာရုံကိုသာ ထုတ်လွှတ်ထားကြသည်။
မင်းသားကြီးက ရွှီချင်းကို အထူးသတိပေးခဲ့သော မီးလျှံလမျိုးနွယ်၏ မဟာကောင်းကင်အရွေးချယ်ခံတချို့လည်း ထိုထဲမှာ ပါဝင်ကြသည်။
ဤအခိုက်အတန့်မှာ မီးလျှံကြယ်မြင့်မြတ်မြို့တော်ထဲ၌ ခမ်းနားထည်ဝါသော မျှော်စင်တစ်ခုပေါ်တွင် အေးစက်စက် မျက်နှာအမူအရာနှင့် လူငယ်တစ်ယောက်က တင်ပျဉ်ခွေထိုင်နေသည်။
သူ၏ ပေါင်ပေါ်တွင် လေးလံသော အနက်ရောင်ဓားရှည်တစ်ချောင်း ရှိသည်။ ပြင်းထန်သော သွေးနံ့သည် ထိုဓားရှည်ထံမှ ထွက်ပေါ်နေသည်။
သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံပင်ရှိသည်။ မီးလျှံလမျိုးနွယ်၏ ဆေးမင်ကြောင်များသည် သူ၏ တစ်ကိုယ်လုံးမှာ ပျံ့နှံ့နေသည်။ သူ၏ မျက်နှာသည်ပင် ချွင်းချက်မဟုတ်ပေ။ ထိုဆေးမင်ကြောင်များက လင်းလက်သွားသည့်အခါတိုင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်ထွက်လာသည်။
သူ၏ ခန္ဓာကိုယ်သည် ထူးခြားပြီး ကြီးမြတ်သော အရှိန်အဝါကို ပေးသည်။ သာမန်ကျင့်ကြံသူများသည်တော့ သူ၏ ကျင့်ကြံခြင်းအခြေခံကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါအရ သူက ဗလာနတ္ထိအဆင့်၏ ပြီးပြည့်စုံသော မဟာစက်ဝန်းမှာ ဖြစ်သည်။
ထိုလူသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အဆင့်လေးမှာရှိသော ထျန်းမိုဇီသာ ဖြစ်သည်။
ထူထဲသော ဆေးမင်ကြောင်များနှင့် လေးလံသော ဓားရှည်သည် သူ၏ ဝိသေသလက္ခဏာများ ဖြစ်သည်။
သူ၏ အကြည့်သည် မြို့တော်အပြင်ဘက်သို့ ကျရောက်သွားသည်။ သူက ရွှီချင်း၏ အကြောင်းနှင့် သူ၏ တိုက်ပွဲမှတ်တမ်းများအကြောင်းကို ကြားဖူးသည်။ လက်ရှိအခြေအနေကို တစ်စုံတစ်ယောက်က နောက်ကွယ်မှ ထိန်းချုပ်နေကြောင်းကိုလည်း သူသိသည်။
သို့သော်လည်း ပါဝင်တိုက်ခိုက်ရန် သူစိတ်မဝင်စားချေ။ ယင်းက သူ၏ လမ်းစဉ်မဟုတ်ပေ။
သူလိုချင်သည်မှာ နတ်ဘုရားနယ်မြေထဲမှ သွေးမျိုးဆက်ဖြစ်သည်။
ထို့ကြောင့် သူက တစ်ချက်သာ ကြည့်လိုက်ပြီး အကြည့်ပြန်ရုပ်လိုက်ကာ လျစ်လျူရှုထားလိုက်သည်။
တစ်ချိန်တည်းမှာ မီးလျှံလမြင့်မြတ်မြို့တော်အတွင်းရှိ စားသောက်ဆိုင်တစ်ခုထဲတွင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ရှိသည်။ သူက လူသားမျိုးနွယ်မှ ကျောင်းတော်သားတစ်ဦးနှင့် ဆင်တူသည်။ သူ၏ အဝတ်အစားနှင့် သိမ်မွေ့နူးညံ့သော အမူအရာသည် လူသားမျိုးနွယ်နှင့် အတော်လေး ဆင်တူသည်။ ယခု သူက သူ့အရှေ့မှ မီးလျှံလမျိုးနွယ်၏ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်နှင့် ပျော်ရွှင်စွာ စကားပြောနေသည်။
“ မင်းတို့ အဲ့လူသားကို ဘယ်လိုမြင်လဲ… သူက နည်းနည်း စိတ်ဝင်စားဖို့ကောင်းတယ်လို့ ငါကြားတယ် ”
လူငယ်သည် ပြုံးလိုက်ပြီး ဟင်းလျာများကို အရသာခံလိုက်သည်။
သူ့အရှေ့မှ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်သည် ချိုသာစွာ ပြုံးထားကြသည်။ သူတို့၏ အသွင်သဏ္ဍာန်သည် လူသားနှင့် ဆင်တူသည်။ သို့သော်လည်း သူတို့၏ အသားအရေသည် ပုံမှန်မဟုတ်ပေ။ သူတို့၏ အမူအရာသည် နည်းနည်းလေးမှ ပြောင်းလဲသွားခြင်းမရှိပေ။ သူတို့က မလှုပ်ရှားနိုင်ကြပေ။
စားသောက်ဆိုင်ထဲမှ တခြားစားပွဲဝိုင်းများတွင်လည်း ဧည့်သည်အများအပြား ရှိကြသည်။ သာမန်ကာလျှံကာ ကြည့်မည်ဆိုလျှင် သူတို့က စားသောက်ဆိုင်ထဲမှာ ပျော်ရွှင်စွာ စကားပြောနေကြဟန် ထင်ရသည်။ သို့သော်လည်း သေချာဂရုတစိုက်ကြည့်မည်ဆိုလျှင် သူတို့အားလုံးက နေရာမှ တစ်ခါမှ မခွာသွားကြောင်း သတိပြုမိလိမ့်မည်။
ဆိုင်အပြင်ဘက်တွင် ဈေးဆိုင်ပိုင်ရှင်က ဧည့်သည်များကို အော်ခေါ်နေပုံပေါ်ပြီး စားပွဲထိုးသည် လှေကားပေါ်မှ ဆင်းသက်လာနေပုံပေါ်သည်။
အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုပုဂ္ဂိုလ်အားလုံးသည် အသက်မဲ့နေကြောင်း သတိပြုမိလိမ့်မည်။ သူတို့အားလုံးက ကျောက်စိမ်းဖြင့် ဖန်တီးထုဆစ်ထားသော ရုပ်သေးရုပ်များသာ ဖြစ်ကြသည်။
စားသောက်ဆိုင်ထဲတွင် လူငယ်တစ်ယောက်တည်းသာ အသက်ရှိသည်။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲတွင် ထိုသို့ရုပ်သေးရုပ်များကို နှစ်ချိုက်သူတစ်ယောက် ရှိသည်။
ထိုသူသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ တတိယမြောက် ကောင်းကင်အရွေးချယ်ခံဖြစ်သော ဖန်းရှီရွှမ်း ဖြစ်သည်။
သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ မင်းတို့ပြောတာ မှန်တယ်… သူ့ရဲ့အကြည့်က မင်းတို့နဲ့ တကယ် တူတယ် ”
“ ဒီတော့ သူ့ကို မင်းတို့နဲ့အတူတူထားရင် မကောင်းဘူးလား ”