← Chapters

နတ်ဘုရားတောင်တန်းထံမှ ဆွဲဆောင်မှုရှိသော အသံ

Vol. 82 Ch. 1260

နတ်ဘုရားတောင်တန်းထံမှ ဆွဲဆောင်မှုရှိသော အသံ

Vol. 82 Ch. 1260

ကောင်းကင်သည် ပိုပြီးနီရဲလာသည်။

မြင့်မြတ်မြို့တော်ထဲတွင် မရေမတွက်နိုင်သော အကြည့်များနှင့် နတ်ဘုရားစိတ်အာရုံများက ရွှီချင်းအပေါ်မှာ စုဝေးသွားကြသည်။ ထိုထဲမှာ ထိတ်လန့်ခြင်း၊ အံ့ဩခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် ထူးဆန်းခြင်း အစရှိသော စိတ်ခံစားချက်များက ပါဝင်နေသည်။

နောက်ဆုံးမှာတော့ ယင်းက တိတ်ဆိတ်မှုအဖြစ် ပြောင်းလဲသွားသည်။

ရွှီချင်း၏ တိုက်ခိုက်မှုသည် ဘေးပတ်ဝန်းကျင်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး သူ၏ စွမ်းအားကို သက်သေပြနိုင်ခဲ့သည်။

သူက မဟာအမဲလိုက်ပွဲတော်၏ ပထမပြိုင်ပွဲတွင် ပထမနေရာကို ရယူနိုင်ခဲ့သည်။

ရွှီချင်းကို စိန်ခေါ်ရန် မြင့်မြတ်မြို့တော်ထဲမှ မည်သူမှ ထပ်မံ ထွက်ပေါ်မလာကြတော့ချေ။

ရွှီချင်း၏ လုပ်ဆောင်မှုများသည် လူတိုင်း၏ နှလုံးသားထဲမှာ အတိုင်းအတာတစ်ခုထိ လှိုင်းထသွားစေခဲ့သည်။

အကယ်၍ ရွှီချင်းက ကျင့်ကြံသူတစ်ယောက်၏ စွမ်းရည်များကို အသုံးပြုသွားခဲ့သည်ဆိုလျှင် ကိစ္စမရှိပေ။ သို့သော်လည်း သူက နတ်ဘုရားတစ်ပါး၏ စွမ်းရည်ကို အသုံးပြုသွားခဲ့သည်။

ယင်းက လူအများအပြားကို ကြောက်လန့်သွားစေသည်။

နတ်ဘုရားများနှင့် အချိန်အတော်ကြာ ဆက်ဆံဖူးသော ကျင့်ကြံသူများသည် နတ်ဘုရားအတတ်ပညာများကို အသုံးပြုနိုင်လောက်ပေသည်။ အထူးသဖြင့် နတ်တမန်တော်များ ဖြစ်ကြသည်။

သို့သော်လည်း ဗလာနတ္ထိစတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်၏ အနာဂတ်သေဆုံးမှုကို အတင်းအဓမ္မ ဆွဲထုတ်ပြီး ပစ္စုပ္ပန်တွင် အစားထိုးပစ်နိုင်သော ရွှီချင်းကဲ့သို့ လူမျိုးသည်တော့ အလွန်ရှားပါးသည်။

ထိုသို့ဖြစ်ရပ်ကို ကျင့်ကြံသူအများအပြားသည် သူတို့၏ ဘဝတစ်လျှောက်တွင် ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။

အနာဂတ်သေဆုံးမှုဖြင့် အစားထိုးခံလိုက်ရသော သက်လတ်ပိုင်းအမျိုးသား ပိုင်ဇီမျိုးနွယ်ဝင်သည်တော့ ပိုပြီးထိတ်လန့်ဖွယ်ကောင်းသော အခြေအနေဖြင့် တွေ့ကြုံနေရသည်။

ဤအခိုက်အတန့်မှာ သွေးသည် သူ၏ ပါးစပ်ထဲမှ တရစပ် စီးကျလာနေသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများသည် ဆုတ်ပြဲနေပြီး ပုပ်သိုးဆွေးမြေ့နေသည်။ သူ၏ ဝိညာဉ်သည် မှေးမှိန်လာပြီး ပျောက်ကွယ်နေသည်။ သူ၏ လက်ရှိအခြေအနေသည် အလွန်ဆိုးဝါးသည်။

ပုံရိပ်ယောင်မဟာလောကကို ဖျက်ဆီးပစ်ခြင်းသည် သူ၏ ကျင့်ကြံခြင်းကို နိမ့်ကျသွားစေရုံသာမက သူ၏ အသက်ဓာတ်ကိုလည်း ညှိုးနွမ်းသွားစေသည်။

သူ၏ ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ အရွယ်အိုမင်းလာနေသည်။ သူက ပေတစ်သောင်းအဝေးသို့ ဆုတ်ခွာသွားပြီးနောက် ပိုင်ဇီမျိုးနွယ်ဝင်အများအပြား၏ အကူအညီပေးမှုကို မြန်ဆန်စွာ ရရှိသွားသည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းသည် ဗလာနတ္ထိဒုတိယအဆင့်သို့ နိမ့်ကျသွားပြီး သူ၏ အသွင်ပုံစံသည် အဖိုးအိုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ သေခြင်းအငွေ့အသက်က အလွန်သိပ်သည်းလေရာ သူ့မှာ အသက်ရှင်သန်ရန် သက်တမ်းအများကြီး မကျန်ရှိတော့ပေ။ သူ၏ အမူအရာပေါ်မှာ ပြင်းထန်သော အကြောက်တရားက ယခုအချိန်ထိ ကျန်ရှိနေဆဲပင်။

သူ၏ နှလုံးသည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ သေခြင်းမှ လွတ်မြောက်သွားပြီးနောက် သူက အစောနက တိုက်ပွဲအကြောင်းကို ပြန်တွေးတောလိုက်လေရာ ထိုအချိန်တုန်းက တစ်ကြိမ် သူသေဆုံးသွားခဲ့ကြောင်း သတိပြုမိသွားသည်။

အကယ်၍ ဤနေရာသာ စစ်မြေပြင်ဖြစ်ပြီး မြင့်မြတ်မြို့တော်၏ စည်းမျဉ်းများက သူ့ကို ကာကွယ်မပေးထားဘူးဆိုလျှင် ယခု သူက နောက်တစ်ကြိမ် သေဆုံးသွားလိမ့်မည်။

ထိုအတွေးက သူ့အား ပိုပြီးကြောက်ရွံ့စေသည်။ အကြောက်တရားက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး သူ့ကို တုန်ယင်စေသည်။

သူက ဤနေရာသို့ စိုက်ကြည့်နေသော ရွှီချင်း၏ အကြည့်ကို ချက်ချင်း ရှောင်လွှဲလိုက်သည်။

သူ၏ တစ်ကိုယ်လုံးက တုန်လှုပ်ချောက်ချားနေသည်။

ဤသည်ကို မြင်သောအခါ ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်သည်။ သို့သော်လည်း သူက တစ်ဖက်လူ၏ အရှိန်အဝါကို မှတ်သားထားပြီးပြီ ဖြစ်သည်။ အနာဂတ်ကျလျှင် သူက ထိုလူကို အပြတ်ရှင်းပစ်ရန် အခွင့်အရေးတစ်ခု ရှာဖွေလိမ့်မည်။

ထိုအတွေးနှင့်အတူ ရွှီချင်းသည် (ဃ၁၃၂)၏ ချုပ်နှောင်ခံထားရသော စီအဲမျိုးနွယ်ဝင်ကို ကြည့်လိုက်သည်။

သူက တစ်လှမ်းချင်း လျှောက်သွားသည်။

သူက ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း သူ့ခြေဖဝါးအောက်မှ လေဟာနယ်ထဲမှာ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ ဤသည်မှာ သူက ကန်ရေပြင်ပေါ်မှာ လမ်းလျှောက်နေသည့်အလားပင်။

(ဃ၁၃၂)ထဲ၌ ကံကြမ္မာဆိုးက ဆင်းသက်လာသည်။ စီအဲမျိုးနွယ်ဝင်က မည်သည့်ကျိန်စာအတတ်ကို အသုံးပြုပါစေ ယင်းက အသုံးမဝင်ချေ။

ကျိန်စာအားလုံးသည် ကံကြမ္မာဆိုး၏ ဝင်ရောက်စွက်ဖက်မှုကြောင့် လွင့်ပြယ်သွားသည်။ (ဃ၁၃၂)၏ နတ်ဘုရားအခွင့်အာဏာသည် ကျိန်စာများနှင့်တူညီသော နတ်ဘုရားအတတ်ပညာများအပေါ် အထူးသက်ရောက်မှုရှိသည်။

(ဃ၁၃၂)ထဲမှာ ချိပ်ပိတ်ခံထားရသော စီအဲမျိုးနွယ်ဝင်သည် မလွတ်မြောက်နိုင်ပေ။ သူက ခုခံကာကွယ်ရုံသာ တတ်စွမ်းသည်။

သို့သော်လည်း အဆုံးမဲ့သော ကံကြမ္မာဆိုး၏ တိုက်ခိုက်မှုအောက်မှာ သူ၏ အခြေအနေက တဖြည်းဖြည်း ဆိုးဝါးလာသည်။

ရွှီချင်း၏ ရောက်ရှိလာမှုသည် ထိုလုပ်ငန်းစဉ်ကို အရှိန်တိုးမြှင့်သွားစေသည်။

ဤအခိုက်အတန့်မှာ သူက (ဃ၁၃၂)၏ အပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်ထံမှ ခရမ်းလရောင်ခြည်က ဖြာဆင်းကျလာပြီး (ဃ၁၃၂)ကို လွှမ်းခြုံသွားကာ ယင်းကို အားဖြည့်ပေးလိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဖြာဆင်းကျနေသော လရောင်ခြည်က ရုတ်တရက် တခြားဦးတည်ရာဆီသို့ ရွှေ့ပြောင်းသွားသည်။ ယင်းတို့က ရွှီချင်း၏ အရှေ့တွင် ခရမ်းရောင်အကာအကွယ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

နောက်အခိုက်အတန့်မှာ လက်ချောင်းတစ်ချောင်းသည် ဟင်းလင်းပြင်ထဲမှ ဆန့်တန်းထွက်လာပြီး ခရမ်းရောင်အကာအကွယ်ပေါ်သို့ ကျဆင်းသွားသည်။

ညင်သာသော တွေ့ဆုံမှုဖြစ်သည်။

လှိုင်းဂယက်များသည် ခရမ်းရောင်အကာအကွယ်ပေါ်တွင် ထွက်ပေါ်လာကြသည်။ ထို့နောက် ခရမ်းရောင်က အဖြူရောင်အဖြစ်သို့ မြန်ဆန်စွာ ပြောင်းလဲသွားသည်။ နောက်ဆုံးမှာတော့ ယင်းက ကျောက်စိမ်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျောက်စိမ်းအလင်းရောင်က အကာအကွယ်ပေါ်တွင် မြန်ဆန်စွာ ပျံ့ပွားသွားသည်။

ဖြစ်စဉ်တစ်ခုလုံးသည် အသက်တစ်ခါရှူချိန်မျှသာ ကြာမြင့်ခဲ့သည်။ ထို့နောက် စက်ဝိုင်းသဏ္ဍာန် ကျောက်စိမ်းအကာအကွယ်တစ်ခုက လေထဲမှာ ထွက်ပေါ်လာသည်။

ခရမ်းလစွမ်းအားကို ဆုံးရှုံးပြီးနောက် အကာအကွယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ယင်းက (ဃ၁၃၂)ပေါ်သို့ ပြုတ်ကျသွားသည့်အခိုက် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ တစ်ချိန်တည်းမှာ ကျောက်စိမ်းအကာအကွယ်ဖြင့် တွေ့ဆုံသွားသော (ဃ၁၃၂)သည်လည်း ကျောက်စိမ်းအဖြစ် စတင်ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းသည် ရုတ်တရက်ဆန်လွန်းသည်။ ရွှီချင်းသည် လုံးဝတုံ့ဆိုင်းမနေပေ။ လရောင်ခြည်က သူ့အရှေ့မှာ စုဝေးသွားသည်နှင့် သူက ချက်ချင်း အနောက်ဆုတ်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးညွှန်လိုက်သည်။

(ဃ၁၃၂)သည် ဝေဝါးလာပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။

အဝေးသို့ အမြန်ဆုတ်ခွာသွားသော ရွှီချင်းသည်တော့ မျက်လုံးဝင်းလက်သွားသည်။ သူက ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး လက်ချောင်းထွက်ပေါ်လာသော ဧရိယာကို စိုက်ကြည့်လိုက်သည်။

ဟင်းလင်းပြင်သည် ကျောက်စိမ်းအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းရောင်ကြားထဲမှာ ကျောင်းတော်သားဝတ်စုံဖြင့် ချောမောလှပသော လူငယ်တစ်ယောက်က တဖြည်းဖြည်း ထွက်ပေါ်လာသည်။ သူက လူသားမျိုးနွယ်နှင့် အတော်လေး ဆင်တူသည်။

သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းကို ပြုံးပြလိုက်သည်။

“ ငါ့မိတ်ဆွေတွေက မင်းကို သဘောကျနေတယ်… မင်းကို သူတို့ထဲက တစ်ယောက်ဖြစ်လာဖို့ သူတို့က မျှော်လင့်နေကြတယ် ”

လူငယ်၏ အသံသည် သိမ်မွေ့ညင်သာသည်။ သူ၏ အသံထဲမှာ ဒေါသအရိပ်အယောင် လုံးဝမရှိပေ။ ဤသည်မှာ သူက အနာဂတ်တွင် ဖြစ်လာမည့် မရှောင်လွှဲနိုင်သော ကိစ္စကို ပြောပြနေသည့်အလားပင်။ သူ၏ အကြည့်သည် သိမ်မွေ့နူးညံ့ပြီး အေးစက်မှုတစ်စွန်းတစ်စ ပါရှိသည်။ ဤသည်မှာ သူက မိတ်ဆွေတစ်ယောက်ကို ကြည့်နေသည့်အလားပင်။

ရွှီချင်းသည် စိတ်မလှုပ်ရှားသွားပေ။ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက ထိုလူငယ်ကို ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း မင်းသားကြီးပေးခဲ့သော ကျောက်စိမ်းပြားထဲမှာ ထိုလူငယ်ကို သူမြင်ဖူးသည်။

ထိုလူငယ်အကြောင်း မင်းသားကြီး၏ မိတ်ဆက်ပေးမှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ဖန်းရှီရွှမ်း… သူက ဗလာနတ္ထိတတိယအဆင့်မှာဖြစ်ပြီး အဆင့်သုံးချိတ်တယ်… သူက ပြီးပြည့်စုံတဲ့ ဗလာနတ္ထိစွမ်းအားကို ပိုင်ဆိုင်ထားတယ်… သူက ဝိညာဉ်စုစည်းခြင်းအဆင့်ကို ရောက်ခါစ မျိုးနွယ်ခြားကျင့်ကြံသူတစ်ယောက်နဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲကို ရင်ဆိုင်ဖူးပြီး တစ်ဖက်လူရဲ့ လက်ကနေ မသေဘဲ လွတ်မြောက်ခဲ့တယ်… သူက အဆင့်မြင့်နတ်ဘုရားမီးလျှံလရဲ့ လက်အောက်က ထိပ်တန်းအဆင့် ပါရမီရှင်တစ်ယောက်ဖြစ်တယ် ”

တခြားရှင်းပြချက်များအပြင် ရွှီချင်းက ကျောက်စိမ်းပြားကို အသေးစိတ် စစ်ဆေးကြည့်လိုက်သည့်အခါ တစ်ဖက်လူ၏ တိုက်ပွဲမှတ်တမ်းများကိုလည်း မြင်တွေ့ခဲ့သည်။

သူနှင့်ထိတွေ့လိုက်သော မည်သည့်အရာမဆို ကျောက်စိမ်းဖြစ်လာလိမ့်မည်။

ဖန်းရှီရွှမ်းမှာ အကျင့်တစ်ခုရှိသည်။ သူက ရန်သူများကို ကျောက်စိမ်းရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်လေ့ရှိပြီး ၎င်းတို့ကို သူ၏ ဘေးမှာ အမြဲသိမ်းဆည်းထားလေ့ ရှိသည်။

“ ထုန်ရှီရှန်းထက် ပိုပြီးအစွမ်းထက်တဲ့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ မဟာကောင်းကင်အရွေးချယ်ခံ… ”

တည်ကြည်လေးနက်မှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ အစောနက တစ်ဖက်လူ၏ တိုက်ခိုက်မှုတွင် သူက သေခြင်းရှင်ခြင်းအန္တရာယ်ကို ခံစားမိခဲ့သည်။ အထူးသဖြင့် ကျောက်စိမ်းအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ နတ်ဘုရားစွမ်းအားကို ယင်းထံမှ သူခံစားမိခဲ့သည်။

ထို့ကြောင့် သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်သို့ ကျရောက်သွားသည်။ အဝတ်အစားမျိုးစုံကို ဝတ်ဆင်ထားသော ကျောက်စိမ်းရုပ်သေးရုပ်များသည် အရပ်မျက်နှာအဘက်ဘက်မှာ ထွက်ပေါ်လာကြသည်။

သူတို့က လှုပ်ရှားမှုကင်းမဲ့နေကြပြီး ရွှီချင်းကိုသာ စိုက်ကြည့်နေကြသည်။

“ မင်းဘာလို့ ဘာမှပြန်မပြောတာလဲ… မဟုတ်မှ မင်းက ကျောက်စိမ်းရုပ်သေးရုပ်ဖြစ်လာဖို့ သဘောတူလိုက်တာလား ”

ဖန်းရှီရွှမ်းသည် ပြုံးလိုက်ပြီး ရွှီချင်းကို စုန်ချည်ဆန်ချည် အကဲဖြတ်ကြည့်လိုက်သည်။ သူက ပိုပြီးကြည့်လေ ပိုပြီးစိတ်ကျေနပ်လာလေ ဖြစ်သည်။

“ မင်းရဲ့ အသွင်ပုံစံက ကျောက်စိမ်းရုပ်သေးရုပ်အဖြစ် ငါ့ရဲ့ စံအိမ်ထဲမှာ ထည့်သိမ်းထားဖို့ အတော်လေး သင့်တော်တယ် ”

“ မင်း မရုန်းကန်ဖို့ ငါအကြံပေးချင်တယ်… မတော်လို့ ငါမင်းကို ဖျက်ဆီးမိသွားရင် စိတ်မကောင်းဖြစ်ရလိမ့်မယ် ”

“ ပြီးတော့ မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး ”

ဖန်းရှီရွှမ်းသည် ရယ်မောလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ပြီးပြည့်စုံသော ဗလာနတ္ထိအဆင့်၏ စွမ်းအင်လှိုင်းအတတ်အကျများက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ချက်ချင်းဆိုသလို ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး မြေပြင်သည် တုန်ယင်သွားသည်။

မုန်တိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ဤလောကနှင့် ဆက်သွယ်သွားသည်။

ကြမ်းတမ်းသော လေပြင်းက အရပ်မျက်နှာအသီးသီးသို့ ရိုက်ခတ်သွားလေရာ ညကောင်းကင်ယံသည် ပုံပျက်တွန့်လိမ်သွားသည်။ ကောင်းကင်ယံတွင် ကြယ်ပျံများက မြန်ဆန်စွာ ရွေ့လျားနေကြောင်း မည်သူမဆို မြင်နိုင်လိမ့်မည်။ ယင်းတို့က တာအိုအမှတ်အသားများ ဖြစ်သည်။

အစတွင် ယင်းက အဆင်ပြေနေသေးသည်။ သို့သော်လည်း မကြာမီ တာအိုအမှတ်အသားများက ပိုပြီးအံ့ဖွယ်ကောင်းလာပြီး များသထက် ပိုများပြားလာသည်။ အဆုံးမှာတော့ ယင်းတို့က အလွန်ထူထဲလာပြီး တစ်ခုနှင့်တစ်ခု ထိစပ်သွားကာ ဥက္ကာပျံအစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရွှီချင်းသည် ထိုမျှအံ့ဖွယ်ကောင်းသော အရှိန်အဝါကို မည်သည့်ဗလာနတ္ထိကျင့်ကြံသူတစ်ဦးထံမှ ယခင်က သူမမြင်ခဲ့ဖူးချေ။ သူ၏ မျက်လုံးသည် မှေးကျဉ်းသွားသည်။

ထပ်ဆင့်ပုံရိပ်လွှာများသည်လည်း ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ နတ်ဘုရားများနှင့် မိစ္ဆာများက ဤလောကဆီသို့ အတူတကွ ဆင်းသက်လာနေကြသည့်အလားပင်။

၎င်းတို့ထဲမှ မည်သူမဆို တကယ့်အစစ်အမှန်နှင့် တူညီသည်။ ၎င်းတို့အားလုံးသည် မြေပြင်ကို ဒေါသတကြီး စိုက်ကြည့်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေကြသည်။

ဤသည်မှာ ဗလာနတ္ထိ၏ ဒုတိယအဆင့်ဖြစ်သော ဒြပ်ထည်ဖွဲ့စည်းခြင်းဖြစ်သည်။ သို့သော်လည်း ရွှီချင်းသည် နတ်ဘုရားများနှင့် မိစ္ဆာများ၏ ပုံရိပ်ကို ဖွဲ့စည်းနိုင်သော ဗလာနတ္ထိအဆင့်ကျင့်ကြံသူကို တစ်ခါမှ မမြင်ဖူးချေ။

ပုံမှန်အခြေအနေမှာဆိုလျှင် နတ်ဘုရားစိတ်အာရုံမှ ဖွဲ့စည်းလာသော ပုံရိပ်ယောင်ပူဖောင်းများသည် ဗလာနတ္ထိတတိယအဆင့်မှာ ထွက်ပေါ်လာလိမ့်မည်။ သို့သော်လည်း ထိုသဘောတရားသည် ဖန်းရှီရွှမ်းပေါ်မှာ မဖြစ်ပေါ်လာချေ။

ပုံရိပ်ယောင်ပူဖောင်းများသည် သူ၏ နတ်ဘုရားစိတ်အာရုံမှ ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ယင်းအစား နတ်ဘုရားများနှင့် မိစ္ဆာများ၏ ပုံရိပ်များမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၎င်းတို့ဆီမှာ သေခြင်းရှင်ခြင်း၏ မူလအစလည်း ပါရှိသည်။ ၎င်းတို့သည် ထွက်ပေါ်လာပြီးနောက် ပြိုကွဲပျက်စီးသွားပြီး အသစ်ပြန်လည်ဖွဲ့စည်းသွားသည်။ တဖြည်းဖြည်း ထိုဖြစ်စဉ်က ကျယ်ပြောသော မြင်ကွင်းတစ်ခုကို ဖွဲ့စည်းသွားသည်။

ယင်းက အလွန်ကြီးမားသော လောကတစ်ခုဖြစ်သည်။ ယင်းက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ဟင်းလင်းပြင်ပေါ် သက်ရောက်မှုရှိသည်။ ယင်းက ပုံမှန်ဗလာနတ္ထိအဆင့်ကျင့်ကြံသူများ၏ လောကထက် ဆယ်ဆပိုပြီးကြီးမားသည်။

ယင်းက ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်သော်လည်း ထိုထဲမှာ တောင်တန်းများ၊ မြစ်ချောင်းများ၊ နေ၊ လနှင့် သက်ရှိအားလုံး ပါဝင်သည်။ ယင်းတို့က အစဉ်မပြတ် လှည့်ပတ်နေသော အစစ်အမှန် လောကတစ်ခုနှင့် ဆင်တူသည်။

ဤသည်မှာ ထိုပုံရိပ်ယောင်လောကက အစစ်အမှန်ဖြစ်လာသည်နှင့် သူက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ ရောက်ရှိသွားလိမ့်မည်။

ထိုမြင်ကွင်းက ထွက်ပေါ်လာသည့်အခါ ဖန်းရှီရွှမ်းမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ရွှီချင်းကို ပိုပြီးတည်ကြည်လေးနက်သွားစေသည်။ ထိုပုံရိပ်ယောင်လောက၏ အရှိန်အဝါသည် အစောနက ပိုင်ဇီမျိုးနွယ်ဝင်ထက် အဆပေါင်းများစွာ ကျော်လွန်နေသည်။ ယင်းတို့ကြားမှ ကွာခြားမှုသည် ဖိုးလမင်းနှင့် ပိုးစုန်းကြူးပမာ ကြီးမားသည်။

သူတို့နှစ်ယောက်စလုံးက ပြီးပြည့်စုံသော ဗလာနတ္ထိအဆင့် တိုက်ပွဲစွမ်းအားကို ထုတ်ဖော်ခဲ့သော်လည်း သူတို့ကြားမှ ခြားနားမှုသည် အလွန်ကြီးမားသည်။

“ ငါ့အထင် အသက်ဆယ်ခါရှူချိန်ပဲ ကြာလိမ့်မယ် ”

ဖန်းရှီရွှမ်းသည် ရေးတေးတေး ပြုံးလိုက်သည်။ သူ၏ အပြုံးထဲမှာ မိစ္ဆာဆန်သော အငွေ့အသက်ပါရှိသည်။ ထို့နောက် သူက ညာလက်ကို ညင်သာစွာ မြှောက်လိုက်ပြီး ရွှီချင်းဆီသို့ တွန်းထုတ်လိုက်သည်။

ထိုလက်ဝါးချက်နှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသော မိုးခြိမ်းသံသည် ကောင်းကင်ပေါ်မှာ မြည်ဟိန်းထွက်လာသည်။ ကောင်းကင်သည် ကျောက်စိမ်းအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ မြေပြင်သည်လည်း ကျောက်စိမ်းအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ရွှီချင်းကို ဗဟိုပြု၍ အပေါ်အောက်နှင့် ဘေးပတ်ဝန်းကျင်သည် ဤအခိုက်အတန့်မှာ ကျောက်စိမ်းအလင်းရောင်ကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြသည်။

ကျောက်စိမ်းအလင်းရောင်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းဆီသို့ တလိပ်လိပ် ရွေ့လျားသွားသည်။

အန္တရာယ်သတိပေးမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အသွေးအသားအားလုံးသည် တုန်ယင်လာပြီး စူးရှသော နာကျင်မှုကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ သူက ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလားပင်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ တိုက်ပွဲစိတ်ဆန္ဒသည် သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ သူ၏ အကန့်အသတ်ကို သူသိချင်သည်။ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ အဆင့်သုံးကောင်းကင်အရွေးချယ်ခံနှင့် သူ့ကြားမှ ခြားနားမှုကို သူသိချင်သည်။

သူက ညာလက်ကို မြှောက်လိုက်လေရာ လှိုင်းဂယက်များသည် သူ၏ ခြေဖဝါးအောက်မှ ပျံ့နှံ့ထွက်လာသည်။ ဤသည်မှာ သူ၏ ခြေဖဝါးအောက်မှ လေဟာနယ်က ကန်ရေပြင်အဖြစ် ပြောင်းလဲသွားနေသည့်အလားပင်။ ယင်းက ရေတွင်းထဲမှ လကို မျှားခြင်း၏ အဖွင့်တိုက်ခိုက်မှုဖြစ်သည်။

မြင့်မြတ်မြို့တော်ထဲတွင် မရေမတွက်နိုင်သော အကြည့်များနှင့် နတ်ဘုရားစိတ်အာရုံများက ဤတိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ဤတိုက်ပွဲ၏ အဓိပ္ပာယ်သည် ဖန်းရှီရွှမ်း၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ပြောင်းလဲသွားသည်။

သို့သော်လည်း ရွှီချင်းနှင့် ဖန်းရှီရွှမ်းက တိုက်ခိုက်တော့မည့်အချိန် နတ်ဘုရားတောင်တန်းသည် ရုတ်တရက် တုန်ယင်သွားသည်။

ထိုသို့တုန်ယင်သွားသည်နှင့်ချက်ချင်း ကောင်းကင်သည် ပြိုကွဲပျက်စီးသွားပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။

မြေပြင်သည်လည်း အက်ကွဲသွားပြီး ရွှံ့အိုင်အဖြစ် ပြောင်းလဲသွားသည်။

ဖန်းရှီရွှမ်း၏ ကျောက်စိမ်းအလင်းရောင်သည် ချက်ချင်း မှေးမှိန်သွားပြီး ဖျက်ဆီးခံလိုက်ရသည်။ သူ၏ မျက်နှာပေါ်မှာ မိစ္ဆာဆန်သော အရိပ်ယောင်မရှိတော့ပေ။ သူက ရိုသေလေးစားသော အမူအရာနှင့်အတူ နတ်ဘုရားတောင်တန်း၏ ဦးတည်ရာဆီသို့ ဒူးထောက်လိုက်သည်။

သူတစ်ယောက်တည်း မဟုတ်ပေ။ ဤအခိုက်အတန့်မှာ မြင့်မြတ်မြို့တော်ထဲမှ ကျင့်ကြံသူအားလုံးနီးပါးသည် အသက်ရှူမြန်လာကြပြီး နတ်ဘုရားတောင်တန်းဆီသို့ ဦးညွတ်လိုက်ကြကာ အရိုအသေပေးလိုက်ကြသည်။

ရွှီချင်းသည် မည်သည့်နတ်ဘုရားအတတ်ပညာကိုမှ အသုံးမပြုနိုင်တော့ပေ။ သူက လူအုပ်ကြီးအတိုင်း လိုက်ပါလုပ်ဆောင်ပြီး နတ်ဘုရားတောင်တန်းကို အရိုအသေပေးလိုက်သည်။

ဆွဲဆောင်မှုရှိသော အသံသည် ကောင်းကင်နှင့် မြေပြင်ကြားမှာ ပဲ့တင်ထပ်သွားပြီး နတ်ဘုရားအသံအဖြစ် ပြောင်းလဲသွားသည်။ သို့သော်လည်း ကျင့်ကြံသူအားလုံး၏ စိတ်ထဲမှာ ယင်းက အမိန့်တော်တစ်ခု ဖြစ်လာသည်။

“ ပထမပြိုင်ပွဲက မကြာသေးခင်ကမှ ပြီးသွားခဲ့တယ်… အစကတော့ မင်းတို့ကို အနားယူလို့ရအောင် အချိန်ပေးမယ်လို့ ငါစဉ်းစားထားခဲ့တယ်… ဒါပေမဲ့ မင်းတို့က အဲ့လောက် စိတ်ဓာတ်တတ်ကြွနေမှတော့ အနားယူဖို့ မလိုအပ်တော့ဘူး ”

“ မဟာအမဲလိုက်ပွဲတော်ရဲ့ ဒုတိယပြိုင်ပွဲအတွက် တောင်တန်းပင်လယ်ဒေသကြီးဆီ အခုချက်ချင်း တည်နေရာပြောင်းရွှေ့မယ် ”

ထိုအသံသည် အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်၏ အသံဖြစ်သည်။

All Chapters