ကျူးလီမီးခိုးရောင်မြူခိုး
Vol. 82 Ch. 1267
တောင်တန်းပင်လယ်ဒေသကြီး… ကျူးလီတားမြစ်ဇုန်…
ကျူးလီတားမြစ်ဇုန်သည် ထိုဒေသကြီး၏ အလယ်ဗဟိုတွင် တည်ရှိပြီး အချက်အချာနယ်မြေ ဖြစ်သည်။
အပြင်မှကြည့်လျှင် မီးခိုးရောင်မြူခိုးသည် လေထဲမှာ ပြည့်နှက်နေပြီး အရာအားလုံးကို လွှမ်းခြုံထားသည်။ မြူခိုးက တအိအိလှုပ်ရှားသွားတိုင်း အဆုံးမဲ့သော လျှို့ဝှက်ဆန်းကြယ်မှုနှင့် သေခြင်းအငွေ့အသက်ကို ထုတ်လွှတ်လိမ့်မည်။
အတိတ်တုန်းက ကျင်းပခဲ့သော မဟာအမဲလိုက်ပွဲတော်တိုင်းတွင် ကျူးလီတားမြစ်ဇုန်ထဲသို့ ဝင်ရောက်သွားခဲ့သော မည်သူမှ အသက်မရှင်နိုင်ခဲ့ကြပေ။
သို့သော်လည်း ကျူးလီတားမြစ်ဇုန်၏ ဒဏ္ဍာရီသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများကို ဆက်လက် ဆွဲဆောင်ထားနိုင်ဆဲပင်။
ယင်းက ဂျိဒုန်းဇီအတွက်လည်း အတူတူဖြစ်သည်။
ကျူးလီတားမြစ်ဇုန်ကို စူးစမ်းလေ့လာရန် တစ်ခါက သူတွေးကြည့်ခဲ့ဖူးသည်။ သို့သော်လည်း ကျူးလီတားမြစ်ဇုန်အကြောင်းနှင့် အပြင်လူမသိထားသော ယင်း၏ လျှို့ဝှက်ချက်တချို့ကို သိရှိသွားပြီးနောက် သူက မစူးစမ်းဝံ့တော့ချေ။
“ ကျူးလီဆိုတာ ထူးခြားတဲ့ နာမည်တစ်ခုပဲ ”
ဂျိဒုန်းဇီသည် သူ့အရှေ့မှ မီးခိုးရောင်မြူခိုးကို လေးနက်သော အဓိပ္ပာယ်ဖြင့် စိုက်ကြည့်လိုက်သည်။ သူနှင့် ရွှီချင်း၏ တိုက်ပွဲကို ပြန်အမှတ်ရသွားသောအခါ ရွှီချင်းက သူ့ထက် အားနည်းသော်လည်း သတ်ဖြတ်ရန် အတော်လေး ခက်ခဲကြောင်း သူဝန်ခံရလိမ့်မည်။
“ ဒီလူကို လူသားမျိုးနွယ်ရဲ့ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံအဖြစ် သတ်မှတ်နိုင်တယ် ”
“ ဒါပေမဲ့ အဲ့ဒါက အတိတ်မှာပဲ ကျန်နေခဲ့တော့မယ် ”
ဂျိဒုန်းဇီသည် သူ့အကြည့်ကို ပြန်ရုပ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ဝေဝါးသော သွေးပုံရိပ်တစ်ခုသည် ဂျိဒုန်းဇီ၏ ဘေးမှာ ထွက်ပေါ်လာပြီး သူ့ကို အရိုအသေပေးလိုက်သည်။
“ ရွှီချင်းသေပြီလို့ ဘုရင်မင်နန်ဆီ သွားအကြောင်းကြားလိုက်ပါ ”
ဂျိဒုန်းဇီက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်လေရာ နေရာမှ ပျောက်ကွယ်သွားသည်။
သူ၏ အမြင်တွင် ရွှီချင်း၏ သေဆုံးမှုအချိန်သည် အရေးမကြီးတော့ပေ။ အဘယ့်ကြောင့်ဆိုသော် မီးခိုးရောင်မြူခိုးဖြင့် ထိတွေ့သွားသော မည်သူမဆို ကျူးလီတားမြစ်ဇုန်ထဲမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ရွှီချင်းသည်လည်း ယင်းကို အာရုံခံမိသည်။
ဤအခိုက်အတန့်မှာ ကျူးလီတားမြစ်ဇုန်ထဲတွင် ရွှီချင်း၏ တစ်ကိုယ်လုံးသည် မီးခိုးရောင်မြူခိုးဖြင့် ဖုံးလွှမ်းခံထားရသည်။ သူ၏ အမူအရာသည် မည်းမှောင်နေသည်။
သူက ကျူးလီတားမြစ်ဇုန်ထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ဤနေရာမှ မြူခိုးသည် သူ့ဘာသာ အသက်ရှိလာဟန် ရသည်။ ယင်းက လောဘရမ္မက်နှင့် လိုချင်တပ်မက်စိတ်ကို သယ်ဆောင်လျက် သူ့ကို ချက်ချင်း လွှမ်းခြုံသွားသည်။ မီးခိုးရောင်မြူခိုးသည် သူ့ကို အမြစ်ဖြတ်သုတ်သင်ပစ်ချင်နေသည်။
သို့သော်လည်း ဤမီးခိုးရောင်မြူခိုးသည် ဒြပ်နှောမဟုတ်ပေ။ ယင်းအစား အမည်မသိအရာတစ်ခု ဖြစ်သည်။
ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလနတ်ဘုရားအရင်းအမြစ်က မီးခိုးရောင်မြူခိုးဖြင့် ထိတွေ့သွားသည့်အခိုက် ဖိနှိပ်ခံလိုက်ရသည်။ သူ၏ ဝိညာဉ်ချည်မျှင်အားလုံးသည် အရောင်မှေးမှိန်လာပြီး တဖြည်းဖြည်း အသက်ဓာတ်ကို ဆုံးရှုံးသွားကြသည်။
ဤသည်မှာ ကျူးလီတားမြစ်ဇုန်ထဲ၌ နတ်ဘုရားများအပေါ် ကြီးမားသော မုန်းတီးမှုဖြင့် ပြည့်နှက်နေဟန် ရ၏။ သို့ဖြစ်၍ ဤနေရာတွင် နတ်ဘုရားများနှင့်သက်ဆိုင်သော မည်သည့်အရာမဆို ငြင်းပယ်ခံရလိမ့်မည်။
ထို့ကြောင့် ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်သည် စတင်အားနည်းလာပြီး အချိန်တိုအတွင်းမှာ မတည်မငြိမ်ဖြစ်လာသည်။
“ ငါ့ရဲ့ ခရမ်းလနတ်ဘုရားအရင်းအမြစ်က နီလာနတ်သမီးဆီကနေ ဆင်းသက်လာတာ ဖြစ်တယ်… အဲ့ဒါက နီလာနတ်သမီးရဲ့ နတ်ဘုရားအရင်းအမြစ်နဲ့ မနှိုင်းယှဉ်နိုင်ဘူးဆိုပေမဲ့ သူတို့က ဇစ်မြစ်တစ်ခုတည်းဖြစ်ပြီး အဆင့်အတန်းချင်း တူညီတယ်… ဒါပေမဲ့ ဒီမီးခိုးရောင်မြူခိုးက အဲ့ဒါကို တကယ်ကြီး ဖိနှိပ်ထားနိုင်တယ် ”
ကျူးလီတားမြစ်ဇုန်က မရိုးရှင်းကြောင်း အစကတည်းက ရွှီချင်း သိသည်။ ယခု ထိုခံစားမှုက ပိုပြီးထင်ရှားလာသည်။
အကယ်၍ ယင်းက နတ်ဘုရားများနှင့်သက်ဆိုင်သော အရာများကိုသာ ဖိနှိပ်ထားမည်ဆိုလျှင် ကိစ္စမရှိပေ။ သို့သော်လည်း ရွှီချင်းသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားက ဤနေရာမှာ ငြင်းပယ်ခံနေရပြီး ဖိနှိပ်ခံနေရကြောင်း မြန်ဆန်စွာ သတိပြုမိသွားသည်။
သူ၏ လျှို့ဝှက်ရတနာသိုက်ထဲမှ ဆေးမီးဖိုသည် စတင်ငြိမ်းသတ်နေသည်။
ကောင်းကင်ဘုံတာအိုသည်ပင် အမှန်တကယ် အိပ်ပျော်နေပုံပေါ်သည်။
“ အရာအားလုံးကို ငြင်းပယ်တာလား ”
ရွှီချင်းသည် မျက်မှောင်ကြုတ်သွားသည်။ သူက ဤမီးခိုးရောင်မြူခိုးထဲမှ မမျှော်လင့်ထားသော ထူးဆန်းသည့် စွမ်းအင်တစ်မျိုးကို အာရုံခံမိသွားသည်။
ယင်းက ကမ္မနှင့်ဆင်တူသည်။ သူက ဤနေရာ၏ ကမ္မဖြင့် အတင်းအကျပ် ချည်နှောင်ခံလိုက်ရသည်။ ထို့ကြောင့် သူက ဤနေရာမှ ထွက်သွားနိုင်တော့မည် မဟုတ်ချေ။
ကြိမ်ဖန်များစွာ ကြိုးစားကြည့်ပြီးနောက် သူက ဤနေရာမှ အမှန်တကယ် ထွက်မသွားနိုင်ကြောင်း ရှာတွေ့သွားသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ရုတ်တရက် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ ရွှီချင်းက သူ၏ အကန့်အသတ်ကို စမ်းသပ်ကြည့်ချင်နေခြင်း ဖြစ်၏။
သူအသုံးပြုနိုင်သော စွမ်းရည်အားလုံးက ချက်ချင်း ပေါက်ကွဲထွက်လာသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ နောက်ဆုတ်နေသော သူ၏ ခန္ဓာကိုယ်က ရပ်တန့်သွားသည်။
ဂျိဒုန်းဇီပေးသော သေခြင်းရှင်ခြင်းအန္တရာယ်ထက် အဆပေါင်းတစ်ထောင် ပိုပြီးအားကောင်းသော ကပ်ဘေးခံစားမှုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်သို့ သက်ဆင်းလာသည်။ ယင်းက ရွှီချင်းကို ထိန်းချုပ်မရအောင် တုန်ယင်သွားစေသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်က ပြိုကွဲပျက်စီးတော့မည့်အလားပင်။
ဤအခိုက်အတန့်မှာ တီးတိုးရေရွတ်သံများက သူ၏ ဘေးပတ်ဝန်းကျင်မှ မြူခိုးထဲမှ ပဲ့တင်ထပ်လာသည်။
ထိုအသံအားလုံးက နောက်ဆုံးမှာ စကားလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်း၏ စိတ်ထဲမှာ မိုးခြိမ်းသံသဖွယ် မြည်ဟိန်းသွားသည်။
“ သေစမ်း ”
ထိုစကားလုံးထဲမှာ အလွန်ပြင်းထန်သော အမုန်းတရား၊ ဒေါသနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ကိန်းအောင်းနေသည်။
သိသာစွာပင် အကယ်၍ သူသာ နောက်ထပ် ခြေတစ်လှမ်း ဆုတ်လိုက်မည်ဆိုလျှင် ကျူးလီတားမြစ်ဇုန်သည် သူမခုခံနိုင်မည့် အမြစ်ဖြတ်သုတ်သင်ခြင်းစွမ်းအားကို ထုတ်လွှတ်ပြီး သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖျက်ဆီးပစ်လိမ့်မည်။
သို့သော်လည်း အကယ်၍ သူက အရှေ့သို့ ဆက်လျှောက်သွားမည်ဆိုလျှင် မီးခိုးရောင်မြူခိုး၏ ငြင်းပယ်သော စိတ်ဆန္ဒကြောင့် အဝေးသို့ သူသွားလေ ပိုပြီးခက်ခဲလေ ဖြစ်သည်။ နောက်ဆုံးမှာ သူ၏ ခန္ဓာကိုယ်ထဲမှာရှိသော အရာအားလုံးက ငြင်းပယ်ခံလိုက်ရပြီး သူက သေမျိုးလူသားတစ်ယောက် ဖြစ်လာလိမ့်မည်။
အကယ်၍ အနောက်ဆုတ်မည်ဆိုလျှင် သူ၏ သေဆုံးမှုသည် လုံးဝသေချာသည်။
ရွှီချင်းသည် သူ့ဘဝတစ်လျှောက်မှာ ထိုသို့ဘေးကျပ်နံကျပ် အခြေအနေမျိုးကို အများကြီး မတွေ့ကြုံခဲ့ဖူးပေ။
သို့ဖြစ်၍ ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ နှလုံးသားထဲ၌ ပရမ်းပတာဖြစ်နေသော စိတ်ခံစားချက်လှိုင်းလုံးများကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။ သူက စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာလိုက်သည်။
သူက ကျူးလီတားမြစ်ဇုန်ထဲမှာဖြစ်သော်လည်း ယင်းက အစွန်းဘက်နှင့် နီးကပ်သည်။ ဤနေရာမှ မြူခိုးသည် အပြင်ဘက်မှာထက် အများကြီး ပိုပြီးသိပ်သည်းသည်။ သို့သော်လည်း ယင်းက ကျူးလီတားမြစ်ဇုန်၏ အနက်ပိုင်းထဲမှ မြူခိုးဖြင့် နှိုင်းယှဉ်လျှင် အလွန်အမင်း ပါးလွှာသည်။
ထို့ကြောင့် သူက ဤနေရာမှ ဘေးပတ်ဝန်းကျင်ကို မသဲမကွဲ မြင်နိုင်ပေသည်။
ဤနေရာတွင် သစ်ပင်ပန်းပင်များ၊ တောင်တန်းများနှင့် မည်သည့်ဒြပ်နှောမှ မရှိပေ။
မြေပြင်သည်တော့ အနည်းငယ် နူးညံ့ပြီး စိမ့်တောမြေနှင့် ဆင်တူသည်။
အနက်ရောင်စိမ့်တောမြေထဲတွင် မရေမတွက်နိုင်သော အရိုးခြောက်များကို မြင်နိုင်လိမ့်မည်။ သူတို့က ဤနေရာမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိနေခဲ့ခြင်းဖြစ်ပြီး အချိန်ဖြတ်သန်းမှု၏ တိတ်တဆိတ် တိုက်စားခံနေကြရသည်။
ကုန်းမြေသည် အပျက်အစီးအငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။
ဤနေရာတွင် တရှဲရှဲ မြည်သံသည်သာ ဆက်လက် ပျံ့လွင့်နေသည်။ ထိုအသံသည် ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်၏ အပြင်ဘက်မှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
ယင်းက မီးခိုးရောင်မြူခိုး၏ ကျုးကျော်ဝင်ရောက်မှုကို သူခုခံတားဆီးနေသော အသံဖြစ်သည်။
သို့သော်လည်း နတ်ဘုရားအသွင်သဏ္ဍာန်သည် မြန်ဆန်စွာ မတည်မငြိမ်ဖြစ်လာနေသည်။ ၎င်းက မြူခိုး၏ ကျူးကျော်ဝင်ရောက်မှုကို အချိန်အတော်ကြာ တားဆီးပေးနိုင်လိမ့်မည် မဟုတ်ချေ။
“ ဒီနေရာမှာ ဆက်နေတာက မီးခိုးရောင်မြူခိုးရဲ့ ကျူးကျော်ဝင်ရောက်မှုကို နှောင့်နှေးစေနိုင်တယ်ဆိုပေမဲ့ အဲ့ဒါကို ပယ်ဖျောက်ဖို့အတွက် ဖြစ်နိုင်ခြေလုံးဝမရှိဘူး ”
“ ငါက အနောက်မဆုတ်နိုင်ဘူးဆိုမှတော့… သေဖို့အတွက် ရပ်စောင့်နေမယ့်အစား အနက်ပိုင်းထဲကိုသွားပြီး ကျူးလီဆိုတာ ဘာလဲ သွားကြည့်သင့်တယ်… အဲ့ဒါက ငါအသက်ရှင်ဖို့အတွက် မျှော်လင့်ချက်ပေးနိုင်လောက်တယ် ”
အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက စိတ်ဓာတ်ပြတ်သားစွာ အရှေ့ဆက်လျှောက်သွားသည်။
သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သတိကြီးစွာ ထားရှိခဲ့သည်။ သူက ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီး စိမ့်တောမြေထဲသို့ မနစ်မြုပ်သွားစေရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာ သူက မြူခိုး၏ ကျူးကျော်ဝင်ရောက်မှုကို တားဆီးရန် အစွမ်းကုန်ထုတ်သုံးနေသည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး ခြောက်နာရီ ကုန်လွန်သွားသည်။
ထိုအတောအတွင်းမှာ ကျူးလီတားမြစ်ဇုန်ထဲတွင် လမ်းလျှောက်နေသော ရွှီချင်းသည် ကျူးလီကိုမဆိုထားနှင့် မည်သည့်သက်ရှိကိုမှ မမြင်တွေ့ခဲ့ပေ။
ဤနေရာသည် အလွန်ကျယ်ပြောပြီး အဆုံးမဲ့ဟန် ရသည်။ ထူထဲသော မြူခိုးမှလွဲ၍ ဤနေရာတွင် မည်သည့်အရာမှ မရှိပေ။
ထို့ပြင် အတွင်းပိုင်းထဲသို့ ဝင်ရောက်သွားသည်နှင့်အမျှ မြေပြင်သည် ပိုပြီးနူးညံ့လာပြီး စိတ်ပျက်သော ခံစားမှုသည် ပိုပြီးအားကောင်းလာသည်။
ထို့ကြောင့် ရွှီချင်း၏ အလျင်သည် နှေးသထက် ပိုပြီးနှေးလာသည်။ နောက်ဆုံးမှာတော့ သူ၏ စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်က မတောင့်ခံနိုင်တော့ဘဲ ပြိုကွဲထွက်သွားပြီး တတိယနတ်ဘုရားအသွင်သဏ္ဍာန်အဖြစ် ပြန်ဖွဲ့စည်းသွားသည်။ ထို့နောက် ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်နှင့် ပထမနတ်ဘုရားအသွင်သဏ္ဍာန်ကို ပြန်ဖွဲ့စည်းသွားသည်။
နောက်ဆုံးမှာတော့ ဝိညာဉ်ချည်မျှင်အားလုံးက ငြိမ်သက်သွားကြသည်။
ခရမ်းလသည် နက်ရှိုင်းစွာ အိပ်မောကျသွားသည်။
ရွှီချင်း၏ မူလခန္ဓာကိုယ်သည် စိမ့်တောမြေထဲမှာ ထွက်ပေါ်လာသည်။ မြူခိုးသည် သူ့ဆီသို့ ကျူးကျော်ဝင်ရောက်လာရန် ကြိုးစားနေသည်။ သို့သော်လည်း ရွှီချင်းက တားမြစ်အဆိပ်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
နီလာနတ်သမီးထက် ပိုပြီးအဆင့်မြင့်သော နတ်ဘုရားအရင်းအမြစ်အနေဖြင့် တားမြစ်အဆိပ်သည် မြူခိုးကို ပိုပြီးကောင်းမွန်စွာ ခုခံတားဆီးနိုင်သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရွှီချင်း၏ စိုးရိမ်မှုသည် ပိုပြီးအားကောင်းလာသည်။ အဘယ့်ကြောင့်ဆိုသော် တားမြစ်အဆိပ်က စတင်ပါးလွှာနေသောကြောင့် ဖြစ်၏။
ထိုမြူခိုး၏ ဖိနှိပ်မှုအောက်မှာ တားမြစ်အဆိပ်သည် နက်ရှိုင်းစွာ အိပ်မောကျသွားသည်။
ရွှီချင်း၏ လျှို့ဝှက်ရတနာသိုက်များသည်လည်း တိတ်ဆိတ်သွားကြသည်။
၎င်းတို့အားလုံးက ငြိမ်းသတ်သွားကြသည်။
လျှို့ဝှက်ရတနာသိုက်ထဲမှ ဆေးမီးဖို၏ နောက်ဆုံးမီးအလင်းရောင်က ငြိမ်းသတ်သွားသည်နှင့်ချက်ချင်း မီးခိုးရောင်မြူခိုးမှ ထုတ်လွှတ်နေသော လောဘရမ္မက်သည် ရုတ်တရက် ပိုပြီးအားကောင်းလာသည်။ ဤသည်မှာ ဘေးပတ်ဝန်းကျင်တွင် လှည့်လည်ကျက်စားနေသော မိစ္ဆာတစ်ကောင်က အကာအကွယ်မဲ့နေသော သားကောင်ကို မြင်သွားသည့်အလားပင်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ကြေးနီအမွှေးတိုင်ခွက်သည် ရွှီချင်း၏ ဦးခေါင်းပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
အမွှေးတိုင်ခွက်သည် ရှေးကျပြီး ထူးဆန်းသော စွမ်းအင်ကို ထုတ်လွှတ်နေသည်။ အစိမ်းရောင်မီးခိုးသည် တလိပ်လိပ်မြှောက်တတ်သွားပြီး ပေတစ်ထောင်အကွာအဝေးသို့ ပျံ့နှံ့သွားသည်။ ထို့နောက် မီးခိုးသည် ရေတံခွန်ပမာ ကျဆင်းသွားပြီး စက်ဝိုင်းသဏ္ဍာန် မီးခိုးစက်ကွင်းများကို ရွှီချင်းအပေါ်သို့ လွှမ်းခြုံသွားစေသည်။ ယင်းတို့က ရွှီချင်းဆီသို့ ကျူးကျော်ဝင်ရောက်လာသော မီးခိုးရောင်မြူခိုးကို တားဆီးပေးလိုက်သည်။
ယင်းက တားမြစ်ဇုန်ထဲမှ နဝမမြောက်တားမြစ်တောင်ပေါ်တွင် ပိုင်ဇီမျိုးနွယ်မှ ထျန်းလင်းဇီကို ရွှီချင်းသတ်ဖြတ်ပြီးနောက် ရရှိလာခဲ့သော ရတနာဖြစ်သည်။
ထိုရတနာသည် သူ၏ တားမြစ်အဆိပ်ကို အတိုင်းအတာတစ်ခုထိ ခုခံနိုင်ခဲ့ပြီး ထျန်းလင်းဇီကို နဝမမြောက်တားမြစ်တောင်ပေါ်သို့ အောင်မြင်စွာ ခြေချနိုင်စေခဲ့သည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ထိုအမွှေးတိုင်ခွက်က မည်မျှအစွမ်းထက်ကြောင်း မြင်နိုင်ပေသည်။
အမွှေးတိုင်ခွက်ကို ထုတ်လိုက်ပြီးနောက် မီးခိုးစက်ကွင်းများက ထွက်ပေါ်လာသည့်အခိုက် အိပ်မောကျနေသော ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံနှင့် နတ်ဘုရားအရင်းအမြစ်များသည် ပြန်ကောင်းမွန်နေသည့် လက္ခဏာများ ပြလာသည်။ မီးခိုးစက်ကွင်းများက အကာအကွယ်အလွှာတစ်ခုပမာ သူ့ကို သီးခြားတည်ရှိစေသည်။
ကမ္မခံစားမှုက ဆက်လက်ရှိနေဆဲဖြစ်သော်လည်း ရွှီချင်းခံစားနေရသော ဖိအားသည် အတိုင်းအတာတစ်ခုထိ လျော့ကျသွားသည်။
သို့သော်လည်း အမွှေးတိုင်ခွက်က မြန်ဆန်စွာ အားနည်းသွားနေသည်။ မီးခိုးစက်ကွင်းများ၏ ကာကွယ်ပေးမှုသည်လည်း မြန်ဆန်စွာ လွင့်ပြယ်သွားနေသည်။ ယင်းက အချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ယခုနှုန်းထားအရဆိုလျှင် ယင်းက မီးခိုးရောင်မြူခိုး၏ တိုက်စားမခံရခင် ဆယ့်ငါးမိနစ်မျှသာ တောင့်ခံနိုင်လောက်သည်။
“ အဲ့ဒီဆယ့်ငါးမိနစ်အတွင်းမှာ ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ နတ်ဘုရားအရင်းအမြစ်တွေက ပြန်ကောင်းမွန်လာလိမ့်မယ်… ဒါပေမဲ့ အဲ့ဒါက ငါ့ကို အချိန်နည်းနည်းပိုကြာအောင်ပဲ ကာကွယ်ပေးနိုင်လိမ့်မယ်… ”
ရွှီချင်း၏ အမူအရာသည် မည်းမှောင်သွားပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ၏ အကဲဖြတ်မှုအရ သူက ကျူးလီတားမြစ်ဇုန်၏ အလယ်ဗဟိုသို့ မရောက်သေးသော်လည်း ဤနေရာက အနက်ပိုင်းထဲမှာဖြစ်နေဆဲပင်။
လမ်းတစ်လျှောက်တွင် သူက မြူခိုးနှင့် စိမ့်တောမြေမှလွဲ၍ တခြားမည်သည့်တည်ရှိမှုကိုမှ အာရုံမခံမိပေ။
“ ဒါဆို စိမ့်တောမြေရဲ့ အောက်ထဲမှာလား ”
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး သူ၏ ခြေဖဝါးအောက်မှ စိမ့်တောမြေကို ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက အလျင်စလိုမလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက တိုးညင်းစွာ ပြောသည်။
“ အရိပ်လေး ”
ရွှီချင်း၏ ခြေဖဝါးအောက်မှ စိမ့်တောမြေပေါ်တွင် အရိပ်လေးက ထွက်ပေါ်လာသည်။ ၎င်းက အားနည်းသော စိတ်ခံစားချက်များကို ထုတ်လွှတ်လိုက်သည်။ ၎င်းက မီးလောင်ဒဏ်ရာများကို ရွှီချင်းမြင်နိုင်အောင် သေချာထုတ်ဖော်ပြထားသည်။
ဤသည်မှာ ၎င်းက ဒဏ်ရာရထားကြောင်း ရွှီချင်းကို ပြောချင်နေသည့်အလားပင်။
ရွှီချင်းသည် အရိပ်လေး၏ စိတ်ခံစားမှုကို လျစ်လျူရှုထားသည်။
“ ဒီအောက်မှာ ဘာရှိလဲ ငါ့အတွက် ကြည့်ပေးပါ ”
အရိပ်လေးသည် ခံပြင်းသွားသည်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံရပြီးနောက် ၎င်း၏ ကံကြမ္မာကို လက်ခံရုံမှလွဲ၍ တခြားရွေးချယ်စရာမရှိကြောင်း သိထားသည်။ ထို့ကြောင့် ၎င်းက တစ်ချက်လှုပ်ရှားလိုက်ပြီး စိမ့်တောမြေထဲသို့ ဝင်ရောက်သွားသည်။
၎င်းက အနက်ပေသုံးဆယ်သို့ မရောက်ခင်မှာ အပြင်းအထန် ပုံပျက်တွန့်လိမ်လာပြီး အော်ဟစ်ညည်းတွားသံများကို ထုတ်ဖော်လိုက်သည်။ ၎င်း၏ ကိုယ်ထည်သည်ပင် လွင့်ပြယ်နေသည့် လက္ခဏာများ ပြလာသည်။
“ နာတယ်… ပျက်စီးနေတယ်… လွင့်ပြယ်နေတယ်… ကြောက်တယ်… ”
ရွှီချင်းသည် မသိချင်ယောင်ဆောင်ထားပြီး ဆက်လက် အာရုံခံလိုက်သည်။
ရွှီချင်းက ၎င်းကို လျစ်လျူရှုထားကြောင်း မြင်သွားသောအခါ အရိပ်လေးသည် ပိုပြီးခံပြင်းသွားသည်။ ၎င်းက ယိုယွင်းပျက်စီးနေခြင်းကို တောင့်ခံလိုက်ပြီး ဆက်လက် ဖြန့်ကြက်သွားသည်။
မကြာမီ ၎င်းက ပေတစ်ရာ၊ ပေငါးရာနှင့် ပေတစ်ထောင်အထိ ရောက်ရှိသွားသည်။
ထိုဧရိယာအားလုံးသည် ရွှံ့မြေဖြင့် ပြည့်နှက်နေသည်။
ပေတစ်ထောင်သို့ ရောက်ရှိသွားပြီးနောက် အရိပ်လေး၏ ခန္ဓာကိုယ်ပေါ်မှ ယိုယွင်းပျက်စီးမှုသည် ပိုပြီးအားကောင်းလာသည်။ ထို့ကြောင့် ၎င်းက နောက်တစ်ခါ အသနားခံလိုက်သည်။
“ ဆက်သွားရင်… သေလိမ့်မယ်… ကြောက်တယ်… ကျေးဇူးပြုပြီး… ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။
“ ငါဒီမှာသေသွားရင် မင်းလည်း သေမှာပဲ… တကယ်လို့ မင်းက ငါ့အတွက် အခွင့်အလမ်းတချို့ ရှာပေးနိုင်မယ်ဆိုရင်တော့ မင်းသေသွားရင်တောင် တစ်နည်းနည်းနဲ့ အသက်ပြန်ရှင်လာအောင် လုပ်ပေးမယ်လို့ ငါကတိပေးတယ် ”
ရွှီချင်း၏ အသံထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။ ယင်းကို အရိပ်လေးအာရုံခံမိသွားသောအခါ ၎င်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ နောက်အခိုက်အတန့်မှာ ၎င်းက ပိုပြီးအားကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး မြေအောက်အနက်ပိုင်းထဲသို့ ဆက်လက် ဖြန့်ကြက်သွားသည်။
ပေတစ်ထောင်… ပေသုံးထောင်… ပေငါးထောင်…
ယိုယွင်းပျက်စီးသော စွမ်းအားသည် ပိုပြီးအားကောင်းလာပြီး အရိပ်လေးသည် နှလုံးကွဲကြေသော အော်သံကို ထုတ်ဖော်လိုက်သည်။ အရိပ်လေး၏ ခန္ဓာကိုယ်သည် ဆက်လက် ပြိုကွဲသွားပြီး နောက်ဆုံးမှာတော့ အမျှင်တန်းဒါဇင်ခန့်အဖြစ် အက်ကွဲထွက်သွားသည်။
ထိုထဲမှ အမျှင်တန်းတစ်ခုသည် မြေပြင်ပေါ်သို့ ပြန်တတ်သွားပြီး ကျန်အမျှင်တန်းအားလုံးသည် အနက်ပိုင်းထဲသို့ ဆက်လက် ဖြန့်ကြက်သွားကြသည်။ ယင်းတို့က မြေအောက်ထဲသို့ အရူးအမူး တိုးဝင်သွားကြသည်။
ထိုအရိပ်များသည် တစ်ခုပြီးတစ်ခု ပြိုကွဲသွားကြသည်။ ကျန်ရှိသော အရိပ်များသည် အမျှင်တန်းများစွာကို ဆက်လက် ခွဲထုတ်လိုက်ပြီး ကြီးမားသော ကွန်ရက်တစ်ခုသဖွယ် ဆက်လက် ဖြန့်ကြက်သွားကြသည်။
အော်ဟစ်ညည်းတွားသံများက ဆက်လက် ပဲ့တင်ထပ်လာသည်။ အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် အကြိမ်ပေါင်းဒါဇင်ခန့် ခွဲထုတ်ခံထားရသော အရိပ်အမျှင်တန်းရာပေါင်းများစွာထဲမှ တစ်ခုသည် နောက်ဆုံးမှာတော့ စိမ့်တောမြေ၏ အနက်ပေတစ်သောင်းအောက်သို့ ရောက်ရှိသွားသည်။
ထိုအရိပ်အမျှင်တန်းသည် မပျောက်ကွယ်သွားခင်မှာ ၎င်းမြင်တွေ့ခဲ့ရသော မြင်ကွင်းကို ရွှီချင်း၏ စိတ်ထဲသို့ အောင်မြင်စွာ ပို့လွှတ်ပေးခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခိုက် ရွှီချင်း၏ တစ်ကိုယ်လုံးသည် အပြင်းအထန် တုန်ယင်သွားသည်။ သူ၏ အသက်ရှူသံသည် မြန်ဆန်လာပြီး သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။
“ အဲ့ဒါက… ”