ဆန်းကြယ်တောင်ထွတ်ကို ကာကွယ်ခြင်း
Vol. 100 Ch. 1486
သူမက အညံ့မခံဘူးဆိုလျှင် အထီးကျန်သိုင်းသခင်က သူမကို အမှန်တကယ်ပင် သန့်စင်ပြာချပစ်တော့မည်ဖြစ်ကြောင်း ယက္ခယုက နားလည်သဘောပေါက်လာခဲ့၏။
အထီးကျန်သိုင်းသခင်သည် အမျိုးသမီးများကိုလည်း လုံးဝ စာနာထောက်ထားခြင်း မရှိပေ။
ဘာကြောင့်ရယ်မသိ.. ယက္ခယုသည် ရုတ်တရက် စိတ်ထဲမှ မချင့်မရဲ ခံစားလာရ၏။
သူမ ကျင့်ကြံမှု၏ ဤအဆင့်ထိ သူမ၏ ပါရမီအရည်အချင်းသည် ကြောက်စရာကောင်းပြီး သူမ၏ အလှအပကလည်း မျိုးနွယ်စုများကြားမှာ ပြိုင်ဘက်ကင်းလေသည်။ သူမကို လိုက်လံပိုးပန်းနေသော ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများ မရေမတွက်နိုင်အောင် ရှိလေသည်။ သူမသည် ဘယ်တုန်းကမှ ဤကဲ့သို့ ထိခိုက်ခံစားရမှုကို မတွေ့ကြုံခဲ့ရပေ။
သူမသည် ဤကဲ့သို့ ဘယ်တုန်းကမှ အနိုင်ကျင့်မခံခဲ့ရပေ။
သူမသည် ယက္ခမျိုးနွယ်၏ သခင်မလေးဖြစ်ပြီး တစ်မူထူးခြားအောင် မာန်မာနကြီးမားလေသည်။
သူမ၏ ထင်မြင်ချက်အရ.. ဤလောကမှာ သူမကို အညံ့ခံစေနိုင်သည့်သူ မရှိပေ။
တကယ်ဆို.. သူမကို အညံ့ခံစေဖို့နေနေသာ ယက္ခမျိုးနွယ်တစ်ခုလုံးမှာပင် သူမနှင့် ထိုက်တန်သည့်သူ မရှိပေ။
သို့သော်လည်း.. အထီးကျန်သိုင်းသခင်၏ စီးပိုးခြယ်လှယ်မှုသည် ယက္ခယု၏ ခံယူချက်ကို ပြိုလဲသွားစေ၏။
သူမ ကျင့်ကြံမှု၏ ဤအဆင့်ထိ သူမသည် ဤမျှအထိ ကျိုးကြောင်းဆီလျော်မှု မရှိဘဲ စီးပိုးခြယ်လှယ်နိုင်သည့် တစ်စုံတစ်ယောက်နှင့် တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။ ချက်ချင်းပင် သူမသည် မချင့်မရဲ ခံစားလာရပြီး ဘာလုပ်လို့ ဘာကိုင်ရမည် မသိတော့ပေ။
“ငါက.. ဒီနေ့.. ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ရဲ့ လက်ထဲမှာ သေရတော့မှာပါလား”
“ဒီအထီးကျန်သိုင်းသခင်က တကယ့်ကို မုန်းတီးစရာကောင်းတာပဲ… အရမ်းကို မုန်းဖို့ကောင်းတယ်”
“တတိယမြောက် ရွေးချယ်မှု မရှိတော့ဘူးလား”
သေရေးရှင်ရေး အခိုက်အတန့်တွင် ယက္ခယု၏ အတွေးများက လုံးဝ ရှုပ်ထွေးနောက်ကျိနေခဲ့ပြီဖြစ်၏။
မည်သူကမှ မသေလိုကြပေ။
သူမ ကျင့်ကြံမှု၏ ဤအဆင့်၌ အမှားအယွင်း တစ်စုံတစ်ရာ မရှိဘူးဆိုလျှင်… သူမသည် မဟာယာနအဆင့်သို့ တက်လှမ်းပြီး မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ သေချာသလောက်ပင်။ သူမသည် ဤနေရာမှာ လုံးဝ မသေဆုံးချင်သေးပေ။
သို့သော်လည်း ယက္ခယုက မကျေမနပ်ဖြစ်နေ၏။
သူမက အထီးကျန်သိုင်းသခင်ထံမှာ တကယ်ပဲ အညံ့ခံရတော့မှာပါလား။
ယက္ခယု၏ ခံယူချက်က စတင်ယိမ်းယိုင်လာခဲ့ပြီး တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ ပြင်းထန်သော နာကျင်မှုမှာ သူမက ကျဆင်းလာခဲ့၏။
သို့သော်လည်း.. သိုင်းတာအိုမီးဖိုထဲရှိ ခရမ်းရောင်မီးတောက်များက ရပ်တန့်မည့် လက္ခဏာမရှိဘဲ သူမ၏ ခန္ဓာကိုယ်ကို စတင်လောင်ကျွမ်းလာနေ၏။
“အထီးကျန်သိုင်းသခင်… နင် တော်တော်မုန်းဖို့ကောင်းတာပဲ”
ယက္ခယုက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
အထီးကျန်သိုင်းသခင်သည် သူမကို စဉ်းစားဖို့ပင် မည်သည့်အချိန်မှ မပေးလိုပေ။
ယက္ခယု၏ မျက်လုံးများက နီရဲလာပြီး မျက်ရည်များက စိုလာခဲ့၏။ သို့သော်လည်း သူမက အလျှော့မပေးဘဲ လဲကျခြင်းကို ငြင်းဆန်နေ၏။
နောက်ဆုံးမှာတော့…
သူမသည် အံကိုကြိတ်ပြီး မုန်းတီးစွာဖြင့် ပြောလိုက်၏။
“ငါ အညံ့ခံနိုင်တယ်… ဒါပေမဲ့ ငါက ယက္ခမျိုးနွယ်ကို သစ္စာဖောက်မှာ မဟုတ်သလို.. ငါ့ရဲ့ ကလန်သားတွေကိုလည်း ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး”
သူမသည် ယက္ခမျိုးနွယ်၏ သခင်မလေးဖြစ်ပြီး သူမ ကိုယ်ထဲမှာ စီးဆင်းနေသည်က ယက္ခမျိုးနွယ်၏ မျိုးဆက်သွေး ဖြစ်လေသည်။
အဲဒါက သူမ၏ အောက်စည်းဖြစ်၏။
ရုတ်တရက်ဆိုသလို…
ယက္ခယုသည် သူမ၏ ခန္ဓာကိုယ်က ပေါ့ပါးသွားပြီး သူမ၏ အသက်ကို ခြိမ်းခြောက်နေသည့် အန္တရာယ်က ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရ၏။
အစက သူမ၏ ဘေးမှာ လှည့်ပတ်နေသည့် ခရမ်းရောင်မီးတောက်များကလည်း ပျောက်ကွယ်သွား၏။
သူမသည် ရင်းနှီးနေကျ လောကသို့ ပြန်လည်ရောက်ရှိလာသည့်အလားပင်။ ဘေးပတ်ဝန်းကျင်က ဆက်လက်၍ မွန်းကျပ်ဖွယ်ရာကောင်းခြင်း သို့မဟုတ် ပူပြင်းတောက်လောင်ခြင်း မရှိတော့ပေ။
လေထုက လတ်ဆတ်နေ၏။
မလှမ်းမကမ်းတွင်.. သိုင်းတာအိုပင်မခန္ဓာသည် ကျောက်စားပွဲတစ်ခုမှာ သာမန်ကာလျှံကာ ထိုင်နေပြီး မှင်သေသေ အမူအရာနှင့်အတူ လက်ဖက်ရည်ကို အေးအေးလူလူ သောက်သုံးနေ၏။
နုနယ်၍ နာခံတတ်သော ကောင်လေးက သူ၏နောက်မှ တိတ်တဆိတ် မတ်တတ်ရပ် စောင့်ကြပ်နေဆဲ ဖြစ်၏။
အရာရာတိုင်းက တည်ငြိမ်အေးချမ်းသည့်ပုံပေါ်နေ၏။
ယက္ခယုသည် ကပ်ဘေးတစ်ခုကနေ လွတ်မြောက်လာသည့် ပျော်ရွှင်မှုကို ခံစားရ၏။
အလွန်တရာ မုန်းတီးစရာကောင်းသော ထိုလူကပင် သူမ၏ မျက်လုံးထဲမှာ များစွာပို၍ ကျေနပ်စရာကောင်းလာ၏။
သို့သော်လည်း.. သူမသည် သူမ၏ အခြေအနေကို အလျင်အမြန် နားလည်သွား၏။
ယခုအချိန်တွင် သူမက အထီးကျန်သိုင်းသခင်ထံမှာ အညံ့ခံပြီးသွားလေပြီ။ သဘောတရားအရဆိုလျှင်.. သူမရှေ့ရှိ ဓမ္မဝိသေသ တာအိုအရှင်က သူမ၏သခင် ဖြစ်လာလေသည်။
သို့သော်လည်း.. သူမသည် သူ့ကို သခင်ဟု ဘယ်လိုမှ မခေါ်ဆိုနိုင်ပေ။
အေးစက်စက် အမူအရာနှင့်အတူ ယက္ခယုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်… ကျွန်မက ရှင့်ထံမှာ အညံ့ခံမယ်.. ဒါပေမဲ့ ကျွန်မက ရှင့်ကို သခင်လို့ ခေါ်မှာ မဟုတ်ဘူး”
“မင်းသဘောပဲလေ”
သိုင်းတာအိုပင်မခန္ဓာက ဒေါသထွက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာ ဖိအားပေးခြင်း မရှိဘဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။ ယက္ခယုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။ အဲဒါက သူမ ထင်မှတ်ထားသည့် တုံ့ပြန်မှုတစ်ခု မဟုတ်ပေ။
ခဏမျှ တိတ်ဆိတ်ငြိမ်သက်ပြီးနောက်… သူမက ဆက်ပြောလိုက်၏။
“ပြီးတော့.. ကျွန်မက ရှင့်ကို လက်ဖက်ရည်နဲ့ ဧည့်ခံတာ.. ဒါမှမဟုတ် ရေငှဲ့ပေးတာမျိုး လုပ်ပေးမှာ မဟုတ်ဘူး”
“မင်းသဘောပဲလေ”
အထီးကျန်သိုင်းသခင်၏ ပြန်ဖြေစကားက တူညီစွာ ရှိနေဆဲဖြစ်၏။
ယက္ခယုသည် ခဏမျှ ငေးမောမှင်တက်သွား၏။
အထီးကျန်သိုင်းသခင်က ဘာကြောင့် ယခုလို ရုတ်တရက် ဆက်ဆံရ လွယ်ကူသွားရတာပါလိမ့်။
ချက်ချင်းပင်.. သူမသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး သူမ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူမက လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ပြီး အံကိုကြိတ်လိုက်လေသည်။
“အထီးကျန်သိုင်းသခင်.. ကျွန်မကို ထိဖို့ စဉ်းတောင်မစဉ်းစားနဲ့… ယက္ခမျိုးနွယ်ရဲ့ သခင်မလေးအနေနဲ့ ကျွန်မက ကျွန်မရဲ့ ခန္ဓာကိုယ်ကို သေချာပေါက်…”
“မင်းက အများကြီး လျှောက်တွေးနေတာပဲ”
ယက္ခယုက သူမ၏ စကားကို ဆုံးအောင် မပြောရသေးခင်မှာပင်.. အထီးကျန်သိုင်းသခင်က ဖြတ်ပြောလိုက်၏။
ဤတစ်ကြိမ်မှာတော့… ယက္ခယုသည် တကယ်ပင် ငေးငိုင်သွားလေသည်။
သူမအနေဖြင့် သူ့ကို သခင်လေးဟု ခေါ်ဖို့… လက်ဖက်ရည် ငှဲ့ပေးဖို့… သူမ၏ ခန္ဓာကိုယ်ကို ပေးအပ်ဖို့… သို့မဟုတ် သူမ၏ ကလန်သားများကို သစ္စာဖောက်ဖို့ … စသည်တို့ မလိုအပ်ပေ။
ကြည့်ရသည်မှာ.. အထီးကျန်သိုင်းသခင်ထံမှာ အညံ့ခံရခြင်းက ဘာမှ ဆုံးရှုံးစရာ မရှိသည့်ပုံပင်။
ထိုအတွေးက သူမ စိတ်ထဲသို့ ဝင်ရောက်လာသည့် အချိန်မှာပင်.. ယက္ခယုက သူမကိုယ်သူမ စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
သူမသည် ဤအခြေအနေသို့ ရောက်ရှိသွားရသည့် အကြောင်းရင်းမှာ အထီးကျန်သိုင်းသခင်ကြောင့်ပင် ဖြစ်၏။ သူမမှာ ဘယ်လိုကြောင့် ဤကဲ့သို့သော အတွေးများ ရှိလာရတာလဲ။
ယက္ခယုက သူမ၏ ခေါင်းကို ခါယမ်းပြီး စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။
“အဲဒါ စောစောက ပြင်းထန်တဲ့ အပူလှိုင်းကြောင့် ငါ့ရဲ့စိတ်တွေက ရှုပ်ထွေးနောက်ကျိနေတာ ဖြစ်ရမယ်”
ထိုစဉ်မှာပင်… သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ပုံမှန်အခြေအနေမှာဆိုရင်.. ငါက မင်းဆီကနေ တောင်းဆိုစရာ တစ်စုံတစ်ရာ ဒါမှမဟုတ် မင်းရဲ့ လွတ်လပ်မှုကနေ ကန့်သတ်ချုပ်နှောင်ထားတာမျိုး လုပ်မှာ မဟုတ်ဘူး”
“တကယ်ဆို.. မင်းက လုံလောက်အောင် သန်မာလာပြီလို့ မင်းကိုယ်မင်း ခံစားရတယ်ဆိုရင်.. အချိန်မရွေး ငါ့ကို စိန်ခေါ်လို့ ရတယ်.. မင်းက ငါ့ကို အနိုင်ယူနိုင်တာနဲ့ မင်းက ငါ့ဆီမှာ ဆက်ပြီး အညံ့ခံစရာ မလိုတော့ဘူး”
ထိုစကားကို ကြားသောအခါ ယက္ခယု၏ မျက်လုံးက ဝင်းလက်သွားပြီး မေးလိုက်၏။
“ရှင် တကယ် အတည်ပြောနေတာလား”
အဲဒါက သူမအတွက် လမ်းပေါက်တစ်ခု ဖွင့်ပေးထားခြင်းနှင့် တူလေသည်။
သူမသည် အထီးကျန်သိုင်းသခင်ကို အနိုင်ယူနိုင်သည်နှင့်အမျှ သူမသည် ဤချုပ်နှောင်မှုကနေ လွတ်မြောက်နိုင်ပေလိမ့်မည်။
“ငါ့ရဲ့စကားကို မင်း သံသယဝင်စရာ မလိုဘူး”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“ဒါဆိုရင်.. ရှင် ကျွန်မဆီက တကယ်တမ်း လိုချင်တာက.. ဘာလဲ”
ယက္ခယုက လေးနက်သောအသံဖြင့် မေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“အခုပဲ.. ဆန်းကြယ်တောင်ထွတ်ကို သွားပြီး အဲဒီနေရာကို တိတ်တဆိတ် စောင့်ရှောက်ပေးရမယ်.. ဆန်းကြယ်တောင်ထွတ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ရမယ်”
“ဒါပဲလား”
ယက္ခယုက အဲဒါကို မယုံကြည်နိုင်သေးပေ။
အထီးကျန်သိုင်းသခင်သည် သူမကို အညံ့ခံစေခဲ့သည့် အကြောင်းရင်းမှာ ဂိုဏ်းတစ်ဂိုဏ်းကို သူမက ကာကွယ်ပေးစေဖို့အတွက်ပဲလား။
“အဲဒါပဲ”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။
ယက္ခယုက တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ကြည့်နေ၏။
သူမက ဤလူကို နားမလည်နိုင်သေးကြောင်း ရုတ်တရက် သဘောပေါက်လာခဲ့၏။
ခဏနေပြီးနောက်.. ယက္ခယုက ရုတ်တရက် မေးလိုက်၏။
“ရှင်က ကျွန်မကို တစ်ခါတည်း သတ်ပစ်ရမယ့်အစား ဘာလို့ ရွေးချယ်ခွင့်ပေးလိုက်တာလဲ ကျွန်မ သိချင်တယ်”
“အဲဒါက အကြောင်းရင်းနှစ်ခု ရှိတယ်”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ပထမတစ်ချက်.. မင်းက ပင်ယန်းမြို့ အပြင်ဘက်မှာ ဟိုယက္ခကို တားဆီးခဲ့တယ်.. ဒါ့အပြင် မင်းက ဘယ်မော်တယ်ကိုမှ သတ်ဖြတ်ခဲ့ခြင်း မရှိဘူး”
“ဒုတိယတစ်ချက်… ငါ မင်းအသက်ကို ချမ်းသာပေးခဲ့တယ်ဆိုတာ ငါက ဆန်းကြယ်တောင်ထွတ်ကို မင်းက ကာကွယ်ပေးစေချင်လို့ပဲ”
“ဒါအကုန်ပဲလား”
ယက္ခယုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
“အဲဒါ အကုန်ပဲ”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။
“ဟွန့်”
ယက္ခယုက အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး လှည့်ထွက်သွား၏။
ဘာကြောင့်ရယ်မသိ.. သူမသည် ဖော်မပြတတ်သော ဆုံးရှုံးမှုတစ်ရပ်ကို ခံစားနေရပြီး စိတ်ထဲမှာ မချင့်မရဲ ဖြစ်နေ၏။
သိပ်မကြာခင်.. သူက သိုင်းတာအိုပင်မခန္ဓာဘက်သို့ ရုတ်တရက်လှည့်ကြည့်ပြီး လှောင်ရယ်လိုက်၏။
“အထီးကျန်သိုင်းသခင်.. ငါက အခုချိန်ထိ တာအိုကျိန်ဆိုမှုတစ်ခု မပြုလုပ်ရသေးဘူး.. ငါက တိတ်တဆိတ် ထွက်ပြေးသွားမှာ နင်မကြောက်ဘူးလား”
“မင်း ထွက်ပြေးမယ်ဆိုရင်.. ငါက မင်းကို ပြန်ဖမ်းဆီးရမှာပေါ့”
သိုင်းတာအိုပင်မခန္ဓာ၏ လေသံက တည်ငြိမ်နေသော်လည်း သူ၏ စကားလုံးများက တစ်မူထူးခြားအောင် စီးပိုးခြယ်လှယ်မှု ရှိနေ၏။
“ဒီလူက အရင်တိုင်း မုန်းစရာကောင်းနေတုန်းပဲ”
ယက္ခယုသည် စိတ်ထဲကနေ လှောင်ရယ်၍ လှည့်ထွက်သွား၏။
လေပြင်းတစ်ချက် တိုက်ခတ်သွားခြင်းနှင့်အတူ သူမ၏ ပုံရိပ်က ပျောက်ကွယ်သွား၏။