← Chapters

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ စုဝေးကြခြင်း

Vol. 100 Ch. 1487

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ စုဝေးကြခြင်း

Vol. 100 Ch. 1487

“သခင်လေး.. ကျုပ်တို့က သူ့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်ရမှာလား”

ထောင်ယောင်က သူ၏ ခေါင်းကို အနည်းငယ် စောင်းငဲ့ပြီး တွေဝေစွာဖြင့် မေးလိုက်၏။

“ဒါပေါ့.. တခြား ဘာများလုပ်စရာ ရှိသေးလို့လဲ”

သိုင်းတာအိုပင်မခန္ဓာက ပြုံးပြလိုက်၏။

“ယက္ခယုက ခင်ဗျားရဲ့ ပင်မခန္ဓာရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောမယ် ဆိုရင်ရော…”

ထောင်ယောင်က စိုးရိမ်ပူပန်နေ၏။

“သူပြောမှာ မဟုတ်ဘူး”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းခါပြလိုက်၏။

“အဲဒီအမျိုးသမီးက အရမ်းကို မာန်မာနကြီးတယ်.. ငါက သူ့အတွက် ထွက်ပေါက်တစ်ခု ပေးထားတယ်ဆိုမှတော့ သူက အဲဒါကို စွဲစွဲလမ်းလမ်း ဖက်တွယ်ပြီး တစ်နေ့မှာ ငါ့ကို အနိုင်ယူဖို့ မျှော်လင့်နေလိမ့်မယ်”

“နောက်ပြီး..”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ပြုံးလိုက်၏။

“ငါက သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်ပေါ်မှာ သိုင်းစိတ်ဝိညာဉ် အမှတ်အသားတစ်ခုကို ချန်ထားခဲ့ပြီးပြီ.. သူက တကယ်တမ်း မရိုးမဖြောင့်နဲ့ မကောင်းတဲ့ အကြံအစည် ရှိလာမယ်ဆိုရင် ငါက သူ့အသက်ကို ချမ်းသာပေးမှာ မဟုတ်ဘူး”

သိုင်းတာအိုမီးဖိုသည် ယက္ခယု၏ မျိုးဆက်သွေးနယ်မြေကို သန့်စင်နေသည့် အချိန်မှာပင်.. သိုင်းတာအိုပင်မခန္ဓာက ထိုအမှတ်အသားကို ချန်ထားရစ်ခဲ့ပြီးပြီဖြစ်၏။

ထိုအချိန်တုန်းက ယက္ခယုသည် အသက်ဘေးနှင့် ရင်ဆိုင်နေရပြီး သူမ၏ စိတ်ထဲမှာ မကျေမချမ်းဖြစ်နေ၏။ အဲဒါကြောင့် သူမသည် အဲဒါကို လုံးဝ သတိထားမိခဲ့ခြင်း မရှိပေ။

ယက္ခယုနှင့် ပတ်သက်၍ တစ်ခုခုထူးခြားနေသည်ကို သိုင်းတာအိုပင်မခန္ဓာက ရှာဖွေတွေ့ရှိမည်ဆိုလျှင် သူ့ထံမှ အတွေးတစ်ချက်နှင့်အတူ သူမ၏ အမြုတေစိတ်ဝိညာဉ်က သိုင်းစိတ်ဝိညာဉ်မီးကြောင့် လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာ၏ နည်းလမ်းများက တကယ့်ကို နတ်ဘုရားဆန်လေသည်။

“သခင်လေး.. ခင်ဗျားက သူ့ကို ဘာလို့ ဆန်းကြယ်တောင်ထွတ်ကို ကာကွယ်ပေးစေချင်တာလဲ”

ထောင်ယောင်က ခဏမျှ တွေးတောပြီးနောက် ထပ်မေးလိုက်၏။

“ဆန်းကြယ်တောင်ထွတ်က အန္တရာယ်တစ်ခုခု ကျရောက်နေလို့လား”

“ငါ မသိဘူး”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းခါပြလိုက်၏။

“ဒါပေမဲ့.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ခွန်လွင်အပျက်အစီးနယ်မြေမှာ ကျင့်ကြံနေတဲ့အတွက် အတော်ကြာတဲ့အထိ ပေါ်ထွက်လာနိုင်မှာ မဟုတ်ဘူး.. အခုတောင် ယက္ခမျိုးနွယ်က ဆက်ပြီး မစောင့်ဆိုင်းနိုင်တော့တဲ့အတွက် ပင်ယန်းမြို့ကို ရောက်လာခဲ့ပြီ.. တစ်ယောက်ယောက်က ဆန်းကြယ်တောင်ထွတ်ကို ပစ်မှတ်ထားလာမယ်ဆိုရင်.. အဲဒါက အံ့အားသင့်စရာကောင်းနေမှာ မဟုတ်ဘူး”

“အဲဒါက ဘေးကင်းလုံခြုံမှုရှိအောင် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ထားတဲ့ သဘောပဲ.. ဘယ်သူကမှ ဆန်းကြယ်တောင်ထွတ်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ရှိမလာဘူးဆိုရင် အကောင်းဆုံးပဲ.. တစ်ယောက်ယောက်က သူတို့အတွက် ဘာက ကောင်းတယ်ဆိုတာကို တကယ်ပဲ မသိဘူးဆိုရင်တော့ ယက္ခယုက သူတို့ကို ကိုင်တွယ်ပေးလိမ့်မယ်”

ယက္ခယုသည် ယက္ခမျိုးနွယ်၏ သခင်မလေးဖြစ်ပြီး ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိ၏။ သို့သော်လည်း လူသား တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများပင်လျှင် သူမနှင့် တိုက်ခိုက်ရာမှာ အသာစီးရရှိမှု ရှိချင်မှ ရှိပေလိမ့်မည်။

လူသားမျိုးနွယ်၏ အသန်မာဆုံး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသာလျှင် သူမနှင့် တိုက်ခိုက်နိုင်ပေလိမ့်မည်။

ယခုအချိန်တွင် ဆန်းကြယ်တောင်ထွတ်ကို အဆင့်မြင့် ဂိုဏ်းတစ်ဂိုဏ်းဟုပင် မသတ်မှတ်နိုင်သေးပေ။

မည်သူမဆို.. ဆန်းကြယ်တောင်ထွတ်ကို ပစ်မှတ်ထားလာမည် ဆိုလျှင်တောင် အသန်မာဆုံးသူများက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ သို့မဟုတ် တစ်ပိုင်းမျိုးနွယ်စုပညာရှင်များသာ ဖြစ်ပေလိမ့်မည်။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ အားလုံးသည် အဆင့်မြင့် ရှေးဟောင်းတိုက်ပွဲမြေထဲမှာ ရောက်ရှိနေကြ၏။ ဤကဲ့သို့သော ကိစ္စတစ်ခုကို ပြုလုပ်ဖို့အတွက် ဘယ်သူကများ မြောက်ပိုင်းဒေသကို အချိန်ကုန်ခံပြီး ရောက်လာပါ့မလဲ။

“သခင်လေး.. ဆန်းကြယ်တောင်ထွတ်ကို ကျုပ်လည်း ကာကွယ်ပေးလို့ ရတာပဲ”

ထောင်ယောင်က သူ၏ ခေါင်းကို အနည်းငယ် မော့ပြီး သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထား၏။

ဘာကြောင့်ရယ်မသိ.. သိုင်းတာအိုပင်မခန္ဓာသည် ယက္ခယုကို ချိုးနှိမ်ပြီးနောက် ထောင်ယောင်သည် သူ၏ အဆင့်အတန်းနှင့် နေရာက စိန်ခေါ်ခံလာရသည်ဟု ခံစားရ၏။

သိုင်းတာအိုပင်မခန္ဓာက ပြုံးလိုက်၏။

“မင်းက ငါ့ကို ကာကွယ်ပေးရဦးမယ်လေ”

“အာ..”

ထောင်ယောင်က မှင်တက်သွား၏။

သိုင်းတာအိုပင်မခန္ဓာကို ကာကွယ်ပေးဖို့ လိုအပ်သေးရဲ့လား။

“ငါက အဆင့်ချိုးဖျက်တက်လှမ်းတော့မယ်”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောပြီး မတ်တတ်ထရပ်ကာ သူ၏ အခန်းဆီသို့ ဦးတည်သွား၏။

“ထောင်ယောင်.. ပင်ယန်းမြို့ကို မင်းဆီပဲ လွှဲထားရဦးမှာပဲ”

“မပူပါနဲ့ သခင်လေး”

ထောင်ယောင်က ချက်ချင်းပင် သဘောတူလိုက်၏။

. . . . . .

မြောက်ပိုင်းဒေသ၊ ဖန်သားနန်းတော်တွင်…

အင်မော်တယ် တောင်တစ်လုံးပေါ်ရှိ လိုဏ်ဂူခန်းဝါ တစ်ခုရှေ့တွင်.. သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်က မတ်တတ်ရပ်နေ၏။ သူက အရပ်အမောင်း မြင့်မား၍ နေရောင်အောက်မှာ သက်တံရောင်ဖြင့် တောက်ပနေသည့် ဖန်သားတာအိုဝတ်ရုံကို ဝတ်ဆင်ထား၏။ အဲဒါက အရမ်းကို လှပတင့်တယ်လေသည်။

ထိုလူက လေထဲမှာ မတ်တတ်ရပ်ပြီး နတ်ဘုရားဆန်ဆန် အလင်းတစ်ခုနှင့်အတူ တောက်ပနေ၏။ သူက ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။

ချန်ယွီ..

သူက ဖန်သားနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက် ဖြစ်၏။

ချန်ယွီ၏ ဘဝက ဒဏ္ဍာရီတစ်ပုဒ်လည်း ဖြစ်ခဲ့၏။

သူသည် ငယ်ရွယ်စဉ်က စစ်ပွဲများကို တွေ့ကြုံခံစားခဲ့ရပြီး သူ၏ မိသားစုကို ဆုံးရှုံးရကာ မိဘမဲ့ကလေးတစ်ယောက် ဖြစ်လာခဲ့၏။ သူသည် ငယ်ရွယ်စဉ်က သူ၏ သန်မာမှုနှင့် အရပ်အမောင်း မြင့်မားမှုအပေါ် မှီခို၍ သူ၏ ရက်စက်ကြမ်းကြုတ်သော စိတ်နေစရိုက်နှင့် ပေါင်းစပ်ကာ သူသည် သိပ်မကြာခင် လူတစ်အုပ်ကို စုစည်း၍ အခြားသူများထံမှ လုယက်ခြင်းဖြင့် အသက်မွေးခဲ့လေသည်။

နောက်ပိုင်းတွင်.. ဖန်သားနန်းတော်၏ တာအိုအရှင်တစ်ယောက်က သူ၏ ပါရမီအလားအလာကို အသိအမှတ်ပြုပြီး သူ့ကို ကျင့်ကြံရေးလမ်းကြောင်းဆီသို့ ခေါ်ဆောင်ကာ သူ့ဘဝကို မြင့်မားတိုးတက်စေခဲ့၏။

ရွှေအမြုတေ အဆင့်သတ်မှတ်ချက်မှာ ဖြစ်စေ၊ ကောင်းကင်နှင့်မြေကြီး အဆင့်သတ်မှတ်ချက်မှာ ဖြစ်စေ.. ချန်ယွီသည် ထိပ်ဆုံးအဆင့် သုံးယောက်ထဲမှာ ပါဝင်ခဲ့ပြီး ထိုမျိုးဆက်၏ အသန်မာဆုံး ပြိုင်စံရှားများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရ၏။

သိပ်မကြာခင်…

ရုတ်တရက်.. ခံ့ညားထည်ဝါသော တိမ်စိုင်တစ်ခုက ခပ်လှမ်းလှမ်း ကောင်းကင်ကနေ လွင့်မျောလာ၏။

တိမ်စိုင်ပေါ်တွင် လူလေးယောက်က မတ်တတ်ရပ်နေပြီး သူတို့၏ အော်ရာများက ချန်ယွီထက် မနိမ့်ကျပေ။

နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လေးယောက်…

“ဟားဟားဟားဟား”

ချန်ယွီသည် အော်ဟစ်ရယ်မော၍ ရှေ့သို့ တက်လှမ်းကာ သူတို့ကို စတင်ကြိုဆိုနှုတ်ဆက်လိုက်၏။

“တွေ့ရတာ ဝမ်းသာပါတယ် တာအိုရောင်းရင်းတို့..”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်စီသည် မတူညီသော ဂိုဏ်းများကနေ ရောက်လာကြခြင်း ဖြစ်၏။

အလယ်မှ တစ်ယောက်သည် ကစဉ့်ကလျားအမြုတေဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီဖန်း ဖြစ်လေသည်။

နောက်တစ်ယောက်က ပိန်ပိန်ပါးပါး ဖြစ်ပြီး မှင်သေသေ အမူအရာတစ်ခု ရှိနေ၏။ အဲဒီမှာ ရပ်နေရင်း သူသည် ထက်ရှသော သတ်ဖြတ်လိုစိတ်နှင့်အတူ ထုတ်ဖော်ထားသော ဓားတစ်လက်ကဲ့သို့ ဖြစ်နေ၏။

သူက ဓားဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ် ဖြစ်လေသည်။

ဘယ်ဘက်ရှိ ကျင့်ကြံသူက လေးထောင့်စပ်စပ် မျက်နှာရှိပြီး သူ၏ခန္ဓာကိုယ်က ခပ်ဖျော့ဖျော့ လျှပ်စီးများဖြင့် တောက်ပနေ၏။ သူက မိုးကြိုးလေပြေနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင် ဖြစ်လေသည်။

ညာဘက်ရှိ ကျင့်ကြံသူက ရွှေညိုရောင် ဓမ္မဝတ်ရုံကို ဝတ်ဆင်ထားပြီး ၎င်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ကြယ်ပုံများကို ရေးထိုးထားလေသည်။ သူက ကောင်းကင်စင်ရော်ဂိုဏ်းမှ လာသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာ ဖြစ်၏။

(ကောင်းကင်စင်ရော်ဂိုဏ်း၏ အမည်မှာ ကျတော့်ရဲ့ မှားယွင်းဘာသာပြန်ခဲ့မှု ဖြစ်ပါတယ်။ တကယ်တော့ ကောင်းကင်ခုနှစ်စင်ကြယ်ဂိုဏ်း ဖြစ်ပါတယ်။ သို့သော်လည်း ရှေ့မှာ များစွာ ဖော်ပြခဲ့ပြီးပြီဖြစ်တာကြောင့် ကောင်းကင်စင်ရော်ဂိုဏ်းဟုပဲ ဆက်လက်အသုံးပြုသွားပါမည်။)

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင် ငါးယောက်သည် နာမည်ဆိုးဖြင့် ကျော်ကြားသည်ဟု ဆိုနိုင်လေသည်။ ကျင့်ကြံရေးလောကတွင် သူတို့ထဲမှ မည်သူမဆို.. သူတို့ ရောက်လေရာ နေရာတိုင်းတွင် များပြားလှစွာသော အကြည့်များကို ဆွဲဆောင်နိုင်ပေလိမ့်မည်။

ဒါ့အပြင်.. ယခု ထိုတစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ငါးယောက်က စုဝေးလာကြ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ငါးယောက်ကြားတွင် သူတို့ထဲမှ အချို့သည် တစ်ခေတ်တစ်ခါက ပြန်ဝင်စားမွန်းစတားများပင် ဖြစ်ခဲ့ကြဖူးလေသည်။

“ငါတို့အားလုံးက ကျင့်ကြံနေခဲ့ပြီး နတ်ဘုရားစွမ်းအားတွေရဲ့ တာအိုကို​ နားလည်ဆင်ခြင်နေခဲ့ကြတယ်.. အဲဒါက တကယ့်ကို ကြာမြင့်သွားခဲ့ပြီပဲ”

သီဖန်းက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ဒီဘက်မျိုးဆက်မှာ အထီးကျန်သိုင်းသခင် ပေါ်ထွက်လာတာကြောင့်သာ မဟုတ်ရင်.. ငါတို့က အခုလို ပေါ်ထွက်လာဖြစ်မှာ မဟုတ်ဘူး”

“ဒါပေမဲ့.. ငါတို့ အဲဒါကို သတိထားမိတာ နောက်ကျသွားပြီ”

ကောင်းကင်စင်ရော်ဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

“ပဟေဠိနန်းတော် တိုက်ပွဲမှာ အဲဒီကောင်လေးရဲ့ တိုက်ခိုက်ရည်ခွန်အားက အရမ်းကို ကြီးမားပြင်းထန်ပြီး ပဟေဠိနန်းတော်ရဲ့ နန်းတော်အရှင်တောင်မှ သူ့ရဲ့ ဖိနှိမ်ခြင်းကို ခံခဲ့ရတယ်လို့ ငါကြားမိတယ်”

“ဒီကောင်လေးက တကယ့်ကို အရွယ်ရောက်လာခဲ့ပြီပဲ.. ငါတို့ ပူးပေါင်းကြမယ်ဆိုရင်တောင် ငါတို့က သူ့ကို အနိုင်ရချင်မှ ရနိုင်တော့မယ်”

မိုးကြိုးလေပြေနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင်က ညင်သာစွာ သက်ပြင်းချလိုက်၏။

“ဟွန်း”

ရုတ်တရက်.. ဓားဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်က လှောင်ရယ်လိုက်၏။

“မင်းတို့တွေ ကြောက်နေတယ်ဆိုရင်လည်း ရတယ်လေ.. ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်.. အထီးကျန်သိုင်းသခင်ရဲ့ ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်က ငါ့ရဲ့ ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ထက် ပိုပြီး သန်မာနိုင်မလား ကြည့်ရသေးတာပေါ့”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင်တို့ နှစ်ယောက်က မျက်မှောင်ကြုတ်လိုက်ကြ၏။

သူတို့အားလုံးသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်များဖြစ်ပြီး သူတို့၏ ဂုဏ်အဆင့်အတန်းက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်နှင့် မတိမ်းမယိမ်းမှာ ရှိကြလေသည်။ အဲဒါကြောင့် သူတို့သည် သီကြွယ်၏ လှောင်ပြောင်သရော်ခြင်း ခံရပြီးနောက် ဆက်လက်၍ သည်းမခံနိုင်ကြတော့ပေ။

“အထီးကျန်သိုင်းသခင်ကို ကိုင်တွယ်ဖို့အတွက် ကျုပ်တို့ အခုလို စုစည်းမိကြတာက တကယ့်ကို ရှားရှားပါးပါးပဲ… ကျုပ်တို့အချင်းချင်း အရင်ဆုံး တိုက်ခိုက်မနေကြနဲ့.. သူများတွေ လှောင်ရယ်စရာ ဖြစ်ကုန်မယ်”

ချန်ယွီက ကိစ္စများကို ပြေလည်ဖို့အတွက် ကြိုးစားလိုက်၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်သည် အထင်အမြင်သေးသော အမူအရာတစ်ခု ရှိနေဆဲဖြစ်၏။

ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်သည် ဓားဂိုဏ်းမှာ အမြဲတမ်း ရှိနေခဲ့၏။ သို့သော်လည်း ထိုဓားပညာရပ်သည် နားလည်ဆင်ခြင်ဖို့နှင့် ကျင့်ကြံဖို့အတွက် အရမ်းကို ခက်ခဲလေသည်။

သမိုင်းတစ်လျှောက်မှာ ထိုဓားပညာရပ်ကို ကျင့်ကြံနိုင်ခဲ့သည့်လူက အနည်းအကျဉ်းမျှသာ ရှိလေသည်။

ဓားဂိုဏ်းကျင့်ကြံသူများ၏ တိုက်ခိုက်ရည်ခွန်အားကို တိုးမြင့်စေဖို့အတွက် ဓားဧကရာဇ်သည် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး အသက်မဲ့ဓားပညာရပ်ကို ကောက်နုတ်ခဲ့လေသည်။

အသက်မဲ့ဓားပညာရပ်ကို ကျင့်ကြံရခြင်းက ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်နှင့် ယှဉ်လျှင် နားလည်ဖို့အတွက် အတော်လေး လွယ်ကူရိုးရှင်းလေသည်။

တကယ်တော့ ၎င်း၏ စွမ်းအားကလည်း ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ထက် များစွာနိမ့်ကျသွားလေသည်။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်သည် ယခုကဲ့သို့ ဝင့်ကြွားမောက်မာဖို့ တကယ်ပင် အဆင့်အတန်းမီလေသည်။

အသေအကြေတိုက်ပွဲတစ်ခု ဖြစ်ပွားလာမည်ဆိုလျှင် သူတို့ငါးယောက်ကြားမှာ ရှင်သန်ကျန်ရစ်ဖို့ ဖြစ်နိုင်ချေ အများဆုံးသူက သူသာလျှင် ဖြစ်လေသည်။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်က ဆူဇီမိုနှင့် နက်ရှိုင်းသော ရန်ငြိုးရန်စ မရှိပေ။

သူသည် သီးခြားအထိုင်ကျကျင့်ကြံရာကနေ ထွက်ပေါ်လာရသည်မှာ ရည်ရွယ်ချက်တစ်ခုသာလျှင် ရှိလေသည်။ အဲဒါက ဆူဇီမို ပိုင်ဆိုင်ထားသည့် ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်ကို ရရှိဖို့ ဖြစ်၏။

သူသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်ကို ရရှိမည်ဆိုလျှင် သူသည် မဟာယာနအဆင့်သို့ ချောချောမွေ့မွေ့ တက်လှမ်းနိုင်မည်ဖြစ်ပြီး သူ၏ အနာဂတ်အလားအလာကလည်း စဉ်းစားကြည့်၍ မရနိုင်အောင် ဖြစ်လာပေလိမ့်မည်။

“အားလုံးပဲ.. ကျုပ်တို့ ဆန်းကြယ်တောင်ထွတ်ကို သွားရောက်ရမယ့် အဓိကအကြောင်းရင်းက အထီးကျန်သိုင်းသခင် ပေါ်ထွက်လာအောင် ဖိအားပေးဖို့ပဲ”

သီဖန်းက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ကျုပ်စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ.. အထီးကျန်သိုင်းသခင်က အရမ်းကို သစ္စာရှိတဲ့ လူတစ်ယောက်ပဲ.. ဒီအကြောင်းကို သူသိသွားမယ်ဆိုရင် အဲဒါက ထောင်ချောက်တစ်ခုဆိုတာ သူသိနေတယ် ဆိုရင်တောင် သူက သေချာပေါက် မိုက်ရူးရဲဆန်စွာနဲ့ တိုးဝင်လာလိမ့်မယ်”

“အဲဒါက အစီအစဉ်ကောင်းတစ်ခုပဲ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာက ခေါင်းညိတ်လိုက်၏။

“အထီးကျန်သိုင်းသခင် ပေါ်ထွက်လာတာနဲ့.. ကျုပ်တို့က ကျုပ်တို့ရဲ့ ပူးပေါင်းအင်အားနဲ့ သူ့ကို အနိုင်မယူနိုင်ဘူး ဆိုရင်တောင် ကမ္ဘာဦးမျိုးနွယ် ၆စုက ပညာရှင်တွေက သူ့ကို လှဲချနိုင်လိမ့်မယ်”

“အဲဒီအချိန်ကျရင် အထီးကျန်သိုင်းသခင်က သေပြီပဲ”

***

All Chapters