← Chapters

ပင်ယန်းမြို့ဘက်သို့ လှည့်သွားခြင်း

Vol. 100 Ch. 1490

ပင်ယန်းမြို့ဘက်သို့ လှည့်သွားခြင်း

Vol. 100 Ch. 1490

ဘုန်း...

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးခုန်းရှောင်၏ ခန္ဓာကိုယ်က ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး အသားစများက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ သွေးများက ကောင်းကင်ထက်မှာ နီစွေးသွား၏။

ရွှစ်...

သွေးမြူများက တလိပ်လိပ်တက်လာရင်း အမြုတေစိတ်ဝိညာဥ်တစ်ခုသည် ထိတ်လန့်တကြားအမူအရာနှင့်အတူ အဝေးသို့ ပြေးထွက်လိုက်၏။

“ဟွန့်..”

ယက္ခယုက သူမ၏ လက်ကို ဆတ်ခနဲ သဲ့ယူပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးခုန်းရှောင်၏ အမြုတေစိတ်ဝိညာဥ်ကို သူမ၏ လက်ဖဝါးထဲမှာ ဖမ်းဆွဲလိုက်၏။ သူမက အေးစက်စွာဖြင့် ပြောလိုက်၏။

“ခွေးအိုကြီး.... နင်က ငါ့ကို အညံ့ထံစေချင်ခဲ့တယ်မလား... နင်က ထိုက်တန်မှုရှိလို့လား”

သူမသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင်ကို အသနားခံတောင်းပန်ဖို့အတွက် မည်သည့်အခွင့်အရေးမှ မပေးပဲ သူ၏ အမြုတေစိတ်ဝိညာဥ်ကို သူမ၏ ပါးစပ်ထဲသို့ ထိုးထည့်ကာ အဲ့ဒါကို ဝါးမျိုလိုက်၏။

ဆန်းကြယ်တောင်ထွတ်မှ လူတိုင်း၏ ရှေ့မှောက်မှာပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်သည် ယက္ခယု၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများ၏ မျက်လုံးများက ထွက်ကျလုမတတ် ဖြစ်လာခဲ့၏။

ဤကဲ့သို့ ချောမောလှပသော အမျိုးသမီးတစ်ယောက်သည် အရမ်းကိုစွမ်းအားကြီးမားပြီး ကြမ်းကြုတ်ခက်ထန်ကာ သူမသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်ကိုပင် ဝါးမျိုလိုက်လေသည်။

ကျန်ရှိနေသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၄ ယောက်သည်လည်း ဤစွမ်းအားကြီးမားသော အမျိုးသမီး၏ ရုတ်ပုတ်မောင်းထုတ်ခြင်းကို ခံလိုက်ရ၏။

ယက္ခယု၏ စိတ်ဝိညာဥ်အသိစိတ် လှုပ်ရှားသွားပြီး ကီလိုမီတာ သိန်းချီအထိ ချက်ချင်းပင် ဖြန့်ကြက်သွား၏။ သို့သော်လည်း သီဖန်းနှင့် အခြားတစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သုံးယောက်သည် သူမ၏ စိတ်ဝိညာဥ်အသိစိတ် ဖြန့်ကြက်နိုင်မှုအတိုင်းအတာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်၏။

ယက္ခယုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူမသည် ယခုအချိန်မှာ သူတို့နောက်သို့ ပြေးလိုက်မည်ဆိုလျှင် သူမအနေဖြင့် သီဖန်းနှင့် အခြားနှစ်ယောက်ကို ဖမ်းမိနိုင်ဖို့ ခဲယဥ်းလေသည်။ ဒါ့အပြင် သူမက ဆ​န်းကြယ်​တောင်ထွတ်ကနေ ထွက်ခွာမည်ဆိုလျှင် နောက်ထပ် သန်မာသော ရန်သူများရောက်ရှိလာပါက ဆန်းကြယ်​တောင်ထွတ်သည် ကြီးမားသော ကပ်ဘေးတစ်ခုနှင့် တွေ့ကြုံရပေလိမ့်မည်။

ခဏမျှစဥ်းစားပြီးနောက် ယက္ခယုက ဤနေရာကနေ ထွက်ခွာခြင်းမရှိပဲ ဆန်းကြယ်တောင်ထွတ်ကို စောင့်ကြပ်ဖို့ ဆုံးဖြတ်လိုက်၏။

တိုက်ပွဲက တိုတောင်းသော်လည်း ယက္ခယုသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် နောက်ဆုံးသူမ၏ ရင်ထဲရှိ မကျေမချမ်းမှုများကို ငြိမ်းသက်နိုင်သွား၏။

“ယက္ခမျိုးနွယ်ကလူတွေက အရမ်းကို ရုပ်ဆိုးအကျည်းတန်တယ်လို့ ငါကြားထားတယ်....ယက္ခယုက ဘာလို့အဲ့လောက်ထိ ချောမောလှပနေရတာလဲ... သူမက စီနီယာအစ်မရွှယ်ယွင်ထက်တောင် ပိုပြီးတော့ လှနေသေးတယ်”

“ယက္ခမျိုးနွယ်က အရမ်းကိုကြမ်းကြုတ်ခက်ထန်ပြီး သွေးဆာရက်စက်တတ်တယ်လို့လဲ ငါကြားထားတယ်... ငါသိချင်မိတာ သူတို့က ငါတို့ကို ဘာလို့ အကူအညီပေးရတာလဲ”

“ယက္ခမျိုးနွယ်မှာလည်း လူကောင်းတွေရှိနေတာများလား”

ဆန်းကြယ်တောင်ထွတ်၏ ကျင့်ကြံသူများစွာက တိတ်တဆိတ် ဆွေးနွေးလိုက်ကြ၏။

အင်မော်တယ်ကြိုးကြာအိုကြီးက ရှေ့သို့တက်လှမ်းလာခဲ့ပြီဖြစ်ပြီး ယက္ခယုကို ဦးညွှတ်လိုက်၏။

“ရှင့်ရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်... ယက္ခမျိုးနွယ်ရဲ့သခင်မလေး... ဆန်းကြယ်တောင်ထွတ်က ဒီကျေးဇူးကို အမြဲတမ်းမှတ်ထားပါ့မယ်”

အင်မော်တယ်ကြိုးကြာအိုကြီးသည် ယက္ခမျိုးနွယ်အပေါ် ကောင်းမွန်သောထင်မြင်ချက် မရှိခဲ့ပေ။ သို့သော်လည်း ယက္ခယုသည် ဘာပဲပြောပြော ဤကပ်ဘေးကို ဖြတ်ကျော်ဖို့အတွက် ဆန်းကြယ်တောင်ထွတ်ကို အကူညီပေးခဲ့လေသည်။ သူမက ကျေးဇူးတင်ကြောင်းကို ထုတ်ဖော်ပြောဆိုရပေမည်။

“အဲ့ဒါက... ဘာမှမဟုတ်ဘူး”

ယက္ခယုက လက်ကာပြလိုက်၏။

တခြားအချိန်မှာဆိုလျှင် သူမသည် အင်မော်တယ်ကြိုးကြာကဲ့သို့ ပုရွက်ဆိတ်တစ်ကောင်နှင့် စကားပြောဆိုဖို့ အရေးလုပ်နေလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူမသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို ယခုတင်သတ်ဖြတ်၍ သူမရင်ထဲရှိ အမျက်ဒေါသကို ဖြေဖျောက်ပြီးနောက် အနည်းငယ်ပို၍ နေသာထိုင်သာရှိနေ၏။

“အခုလိုပြောရတဲ့အတွက် ခွင့်လွှတ်ပေးပါ စီနီယာ... ရှင်က ဆန်းကြယ်တောင်ထွတ်ကို ဘာလို့ရောက်လာတာလဲ.. ပြီးတော့ ကျွန်မတို့ကို ဘာ့ကြောင့်ကူညီပေးတာလဲ သိပါရစေ”

အင်မော်တယ်ကြိုးကြာအိုကြီးက မနေနိုင်ပဲ မေးလိုက်မိလေသည်။

ထိုစကားကိုကြားချိန်တွင် ယက္ခယု၏ စိတ်ထဲသို့ ချောမောခံ့ညားသော မျက်နှာတစ်ခုက ဝင်ရောက်လာပြီး သူမက အံကိုတင်းတင်းကြိတ်လိုက်၏။

“အဲ့ဒါက အရမ်းကို မုန်းစရာကောင်းတဲ့ လူတစ်ယောက်ကြောင့်ပဲ”

ယက္ခယုက မုန်းတီးစွာဖြင့် ပြောလိုက်၏။

“အာ...”

အင်မော်တယ်ကြိုးကြာအိုကြီးက အနည်းငယ်မှင်တက်သွား၏။

ယက္ခယု၏ အကြည့်က အင်မော်တယ်ကြိုးကြာအိုကြီးဆီ ရွေ့လျားသွားပြီး ရုတ်တရက်မေးလိုက်၏။

“အထီးကျန်သိုင်းသခင်က ဆန်းကြယ်တောင်ထွတ်ကနေ ပေါ်ထွက်လာတာလို့ ငါကြားထားတယ်... အဲ့ဒါဆိုရင် နင်က အထီးကျန်သိုင်းသခင်ရဲ့ အတိတ်အကြောင်းကို ကောင်းကောင်းသိမှာပေါ့”

“အမ်...”

အင်မော်တယ်ကြိုးကြာအိုကြီးက ယက္ခယု၏ အတွေးများသည် ဘယ်ကဘယ်လို အထီးကျန်သိုင်းသခင်ဆီ ချက်ချင်းရောက်ရှိသွားသည်ကို နားမလည်နိုင်ပဲ သူမ၏ခေါင်းကိုသာ ညိတ်ပြလိုက်မိ၏။

“ကျွန်မ... နည်းနည်းပါးပါးတော့ သိထားပါတယ်”

“ကောင်းပြီလေ... အဲ့ဒါဆိုရင် သူနဲ့ ပတ်သက်တာအကုန်လုံး ငါ့ကိုလာပြီး သေသေချာချာရှင်းပြ”

ယက္ခယုက ထိုသို့ပြောပြီး လိုဏ်ဂူခန်းဝတစ်ခုဆီသို့ လှည့်ထွက်သွား၏။

အင်မော်တယ်ကြိုးကြာအိုကြီးက တွေဝေနေဆဲဖြစ်သော်လည်း အနောက်ကနေ လိုက်ပါသွား၏။

ပုံမှန်အခြေအနေမှာဆိုလျှင် ယက္ခမျိုးနွယ်နှင့် အထီးကျန်သိုင်းသခင်သည် ညှိနှိုင်းဆွေးနွေး၍ မရနိုင်တော့ပေ။ ယက္ခယုသည် အထီးကျန်သိုင်းသခင်ကို အရိုးထိတိုင် မုန်းတီးနေသင့်၏။

သို့သော်လည်း ဘာကြောင့်ရယ်မသိ အင်မော်တယ်ကြိုးကြာအိုကြီးက ထိုသို့ မခံစားရပေ။

ဆန့်ကျင်ဘက်အနေဖြင့် ယက္ခယုသည် အထီးကျန်သိုင်းသခင်အကြောင်း စပ်စုချင်နေပုံရ၏။

ဆန်းကြယ်တောင်ထွတ်ကနေ ကီလိုမီတာငါးသောင်းအကွာအဝေး လေထဲတွင်...

သီဖန်း ၊ သီကြွယ် ၊ ချန်ယွီနှင့် မီးပဒေသာတို့က နောက်တစ်ဖန်အတူတကွ စုစည်းမိသွားကြ၏။ သူတို့၏ အမူအရာများက အလွန်တရာ ရုပ်ဆိုးအကျည်းတန်နေပြီး ရှက်ရွံ့မှုဖြင့် ရောထွေးနေ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာက ပြောလိုက်၏။

“ခုန်းရှောင်ကတော့ သေပြီနဲ့တူတယ်”

“ချီးပဲကွာ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ယွီက မနေနိုင်ပဲ ကျိန်ဆဲလိုက်၏။

“ဆန်းကြယ်တောင်ထွတ်ကို ဘာလို့ ရူးသွပ်နေတဲ့ မိန်းမတစ်ယောက် ရောက်လာရတာလဲ”

“ငါနားမလည်နိုင်တာကတော့ ယက္ခမျိုးနွယ်ရဲ့သခင်မလေးက ဘာလို့ဒီကိစ္စမှာ ဝင်ပါလာပြီး ဆန်းကြယ်တောင်ထွတ်က လူတိုင်းကို ကာကွယ်ပေးရတာလဲ”

သီဖန်းက မျက်မှောင်ကြုတ်လိုက်၏။

“ယက္ခမျိုးနွယ်မှာ ပိုပြီးတော့ လေးနက်တဲ့ အစီအစဥ်တစ်ခု ရှိနေတာများလား... ငါတို့ရောက်လာတာက သူတို့ရဲ့ အစီအစဥ်ကို နှောက်ယှက်မိသွားလို့ ယက္ခယုက ငါတို့ကိုတိုက်ခိုက်ခဲ့တာများလား”

“ဟွန့်...”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“သူက ယက္ခမျိုးနွယ်ရဲ့ သခင်မလေးဖြစ်နေတာကြောင့်သာ မဟုတ်ရင် ငါက သူကိုသတ်မိခဲ့လိမ့်မယ်”

“တော်တော်ကံဆိုးတာပဲ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ယွီက မကျေမနပ်ရေရွတ်လိုက်၏။

ဖန်သားနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်အနေဖြင့် သူသည် သန်မာသောကိုယ်ကာယနှင့် မျိုးဆက်သွေးရှိပြီး အနီးကပ်တိုက်ခိုက်ရည်မှာ အတော်ဆုံးဖြစ်လေသည်။

ယက္ခယု၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကိုမြန်ဆန်ပြီး သူမနှင့် ရင်ဆိုင်ရာမှာ သူက မည်သည့်အားသာချက်မှ မရရှိနိုင်ခဲ့ပေ။ ထိုအစား သူမသည် သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတချို့ရရှိလာအောင် ခုတ်ပိုင်းခဲ့လေသည်။

သူတို့လေးယောက်က ဒေါသူပုန်ထနေကြ၏။

ဆန်းကြယ်တောင်ထွတ်သို့ သွားရောက်ခဲ့သော ခရီးစဥ်သည် သူတို့ထင်မှတ်ထားသည်နှင့် တက်တက်စင်အောင် ကွဲပြားခဲ့လေသည်။

သူတို့သည် ဆန်းကြယ်တောင်ထွတ်ကို မဖျက်ဆီးနိုင်ခဲ့ရုံသာမက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင်သည် ရုတ်တရက်ပေါ်ထွက်လာသော ယက္ခယု၏ သတ်ဖြတ်​ခြင်းကို ခံခဲ့ရ၏။ သူတို့လေးယောက်ပင်လျှင် ဂုဏ်သိက္ခာကျဆင်စွာဖြင့် အရှက်တကွဲထွက်ပြေးလာကြရ၏။

“ပြန်ကြရအောင်... ဆန်းကြယ်တောင်ထွတ်မှာ အဲ့ဒီအရူးမ ရှိနေသရွေ့ ငါတို့က ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး”

ခဏနေပြီးနောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာက ပြောလိုက်၏။

“အဲ့လိုပဲ လုပ်ရတော့မှာပေါ့”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ယွီကလည်း ခေါင်းညိတ်လိုက်၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသီကြွယ်၏ အမူအရာက အေးစက်နေပြီး သူက တစ်စုံတစ်ရာပြောဆိုခြင်း မရှိပေ။

သူက မကျေမနပ်ဖြစ်နေသေးသည်မှာ သိသာလေသည်။

ရုတ်တရက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီဖန်းက ပြောလိုက်၏။

“အားလုံးပဲ... ခင်ဗျားတို့တွေက ဒီလောက်ခရီးအဝေးကြီးထွက်လာပြီးမှ လက်ဗလာနဲ့ ပြန်သွားလိုရဲ့လား”

“မဟုတ်ရင်ရော ငါတို့က ဘာလုပ်လို့ရဦးမှာလဲ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

“ဆန်းကြယ်တောင်ထွတ်ကို ယက္ခမျိုးနွယ်ရဲ့ သခင်မလေးက ကာကွယ်စောင့်ရှောက်နေပြီး အထီးကျန်သိုင်းသခင်ကလည်း ပျောက်ကွယ်သွားတာ နှစ်၂၀ ကြာသွားခဲ့ပြီ... ငါတို့က မြောက်ပိုင်းဒေသမှာဆက်နေမယ်ဆိုရင်တောင် ဘာများလုပ်နိုင်ဦးမှာလဲ “

“အဲ့ဒီမှာ နောက်ထပ်နေရာတစ်ခုရှိတယ်”

သီဖန်းက သရော်တော်တော်ပြုံး၍ သူ့မျက်လုံးထဲရှိ အေးစက်စက်အလင်းတစ်ချက်နှင့်အတူ သူ့မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ပြီး ပြောလိုက်၏။

“ပင်ယန်းမြို့...”

“ပင်ယန်းမြို့လား”

အခြားတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်က မျက်မှောင်ကြုတ်လိုက်ကြ၏။ သီဖန်းက ရှင်းပြလိုက်၏။

“ဒီနှစ်တွေထဲမှာ ကျုပ်က အထီးကျန်သိုင်းသခင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အတော်များများကို စုဆောင်းထားခဲ့တယ်... ပင်ယန်းမြို့က အထီးကျန်သိုင်းသခင်ရဲ့ ဇာတိမြို့ပဲ”

“ပင်ယန်းမြို့မှာ ထူးခြားတာ ဘာရှိလို့လဲ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချန်ယွီက မေးလိုက်၏။

သီဖန်းက ခေါင်းခါပြလိုက်၏။

“ဘာမှတော့မရှိဘူး... ဒါပေမဲ့ အဲ့ဒီမြို့မှာနေတဲ့ မော်တယ်တွေက ဘဝသက်တမ်းရှည်လျားကြတယ်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာက မျက်မှောင်ကြုတ်လိုက်၏။

“အထီးကျန်သိုင်းသခင်က ကျင့်ကြံမှုကို စတင်ခဲ့ကတည်းက သူက မော်တယ်လောကနဲ့ အဆက်ဖြတ်ခဲ့ပြီးရောပေါ့... သူတို့က မော်တယ်တွေပဲ... အထီးကျန်သိုင်းသခင်နဲ့ ဘာများပတ်သက်ဦးမှာလဲ”

“အဲ့လိုပြောလို့ မရဘူး”

သီဖန်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အခုလို... ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ခေတ်ကာလမှာတောင် ပင်ယန်းမြို့က တည်ငြိမ်အေးချမ်းပြီး ဘေးကင်းလုံခြုံနေတယ်ဆိုတာ မသင်္ကာစရာကောင်းတယ်”

“နောက်ပြီး အထီးကျန်သိုင်းသခင်က သစ္စာရှိပြီး သံယောဇဥ်တွယ်တာတတ်တယ်... သူ့ရဲ့အစ်ကိုနဲ့ သူ့ရဲ့ ငယ်ကျွမ်းဆွေမိန်းကလေးရဲ့ အလောင်းကို ပင်ယန်းမြို့မှာ မြှုပ်နှံထားတယ်လို့ ငါကြားမိတယ်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ဖြစ်သော ချန်ယွီနှင့် မီးပဒေသာက သဘောမကျဟန်ဖြင့် ပခုံးတွန့်လိုက်ကြ၏။

သူတို့၏ထင်မြင်ချက်အရ အရာရာတိုင်းသည် အတိတ်ကာလမှာ ကျန်ရစ်ခဲ့ပြီဖြစ်ပြီး အထီးကျန်သိုင်းသခင်နှင့် ဆက်လက်၍ ပတ်သက်ခြင်း မရှိနိုင်တော့ပေ။

“ဒီတစ်ခေါက်မှာ ကျုပ်တို့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးငါးယောက်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာလာခဲ့ကြတာ...ကျုပ်တို့က ဒီတိုင်းပြန်သွားမယ်ဆိုရင် ကျုပ်တို့က အပင်ပန်းခံရကျိုးနဲ့ အချိန်ကုန်ခံရကျိုးမနပ် ဖြစ်သွားမှာပေါ့”

ထိုစဉ်မှာပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်က ရုတ်တရက်ပြောလိုက်၏။

“ပင်ယန်းမြို့ကို သွားကြမယ်... အဲ့ဒီမှာရှိတဲ့လူတိုင်းကို သတ်မယ်... ဘယ်သူ့ကိုမှ ချမ်းသာမပေးဘူး... နောက်ပြီး အထီးကျန်သိုင်းသခင်ရဲ့ ဘိုးဘေးအုတ်ဂူကိုရှာမယ်... ငါက သူ့အမျိုးတွေရဲ့ အလောင်းကိုတူးထုတ်ပြီး ပြာချပစ်မယ်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်သည် ဆန်းကြယ်တောင်ထွတ်မှာ အထိနာခဲ့​ပြီးနောက် သူ၏ ရင်ထဲရှိ မကျေမချမ်းမှုများကို ဖွင့်ထုတ်ချင်နေကြောင်း လူတိုင်းက သိလိုက်ကြ၏။

ပင်ယန်းမြို့ရှိ မော်တယ်များကတော့ ကံဆိုးရှာသည်ဟုသာ ပြောရပေတော့မည်။

တစ်ပိုင်းမျိုးနွယ်စုချန်ယွီနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာက ကန့်ကွက်ခြင်း မရှိကြတော့ပေ။

နောက်ဆုံးမှာတော့ သူတို့၏ မျက်လုံးထဲတွင် မော်တယ်အချို့ကို သတ်ဖြတ်ရခြင်းက ဘာမှပြောပလောက်စရာမဟုတ်ပေ။

All Chapters