ခေါင်းကိုးလုံး နတ်သူငယ်
Vol. 100 Ch. 1497
“ဂါး”
“ဝေါင်း”
ခွန်လွင်ကလန်သား ၁၃ယောက်သည် သူတို့၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ကြပြီး အမျိုးမျိုးသော ကမ္ဘာဦး ကြမ်းကြုတ်တောကောင်များ ဖြစ်လာကြ၏။ သူတို့ထဲမှ အချို့သည် ရင်းနှီးသည့်ပုံပေါ်သော်လည်း သူတို့ထဲမှ အချို့ကတော့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။
သူတို့ထဲ မည်သူကမှ လူသားများ မဟုတ်ကြပေ။
နတ်မိမယ်လင်းလုံ၏ အဆိုအရ.. ခွန်လွင်မျိုးနွယ်ဆိုသည်မှာ ကမ္ဘာဦးစစ်ပွဲမှာ ရှင်သန်ကျန်ရစ်ခဲ့သည့် မျိုးနွယ်စုများ ပေါင်းစည်းထားခြင်း ဖြစ်၏။
ကမ္ဘာဦးစစ်ပွဲအတွင်းမှာတုန်းက လူသားမျိုးနွယ်သည် မျိုးနွယ်စုတစ်သောင်းကြားမှာ အားအနည်းဆုံး ဖြစ်ပြီး ကျွန်ပြုခံခဲ့ရလေသည်။ သူတို့သည် ကမ္ဘာဦးခေတ်စစ်ပွဲမှာ ပါဝင်ဖို့ပင် အဆင့်မမီခဲ့ပေ။
အဲဒါကြောင့် ခွန်လွင်မျိုးနွယ်ထဲမှာ လူသားများက မရှိသလောက်နီးပါးဖြစ်၏။
ခွန်လွင်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက ခေါင်းကိုးလုံး နတ်သူငယ် ဖြစ်လေသည်။
ခေါင်းကိုးလုံး နတ်သူငယ်သည် မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်ဖြစ်ပြီး အလွန်တရာ ခက်ထန်ကြမ်းကြုတ်မှု ရှိလေသည်။ ထူးဆန်းသော မြွေများနှင့် ဆင်တူသည့် ဦးခေါင်း ကိုးလုံးနှင့်အတူ ၎င်း၏ ပါးစပ်ကို တစ်ကြိမ်ဖွင့်ဟပြီး အော်ဟစ်လိုက်တိုင်း မွေးကင်းစ ကလေးအော်ငိုသံက ချောက်ချားစရာပုံစံဖြင့် ထွက်ပေါ်လာပေလိမ့်မည်။
အခြေခံ ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုသည် ခေါင်းကိုးလုံး နတ်သူငယ်တစ်ကောင်နှင့် တွေ့ကြုံခဲ့ဖူးလေသည်။
သို့သော်လည်း ဤခေါင်းကိုးလုံး နတ်သူငယ်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး သူက အခြေခံ ရှေးဟောင်းတိုက်ပွဲမြေက အကောင်ထက် များစွာပိုမိုသန်မာလေသည်။
“ဝူး.. အူး… အူး…”
ခေါင်းကိုးလုံး နတ်သူငယ်က ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး ကလေးအော်ငိုသံလို အသံတစ်ခုကို ထွက်ပေါ်လာစေ၏။
အဆုံးစွန်မီးနှင့် နန်းကြည်သည် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှာ မသက်မသာ ခံစားလာရ၏။ သူတို့၏ သွေးချီများကို တလိပ်လိပ်တက်လာစေသော်လည်း သူတို့က အဲဒါကို မဖိနှိမ်နိုင်ကြပေ။
ခေါင်းကိုးလုံး နတ်သူငယ်၏ ဓမ္မစွမ်းအားက အရမ်းကို မြင့်မားပြီး အသံပိုင်း လျှို့ဝှက်အတတ်တစ်ခုကပင် အဆုံးစွန်မီးနှင့် နန်းကြည်အပေါ် သက်ရောက်စေခဲ့ပြီဖြစ်၏။
ဘုန်း.. ဘုန်း.. ဘုန်း..
တစ်ချိန်တည်းမှာပင်.. အခြားသော ပေါင်းစည်းခန္ဓာ ကြမ်းကြုတ်တောကောင် ၁၂ကောင်က အဆုံးစွန်မီးနှင့် နန်းကြည်ရှိရာသို့ ပြေးဝင်လာခဲ့ပြီဖြစ်၏။
အဆုံးစွန်မီးနှင့် နန်းကြည်သည် အပိုင်းပိုင်း ဆုတ်ဖြဲခံရနိုင်သည့်အလား.. ကြမ်းကြုတ်တောကောင်များသည် မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်း၍ တသိမ့်သိမ့် တုန်ခါလာစေ၏။
ရွှစ်..
အဆုံးစွန်မီးသည် တည်တံ့သော အမူအရာရှိပြီး သူ၏ လက်နှစ်ဖက်နှင့်အတူ လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ထုတ်ဖော်လိုက်၏။ ချက်ချင်းပင် သွေးနီရောင် မီးတောက်သုံးခုက သူ၏ ဘေးမှာ လောင်ကျွမ်းလာခဲ့၏။
မီးတောက်လုံးသုံးလုံးသည် သူ၏ ဘေးပတ်လည်မှာ ဖြည်းဖြည်းချင်း လှည့်ပတ်လာ၏။
“သွေးနီရောင်မီးတောက် နွယ်လိမ်မီးအိမ်”
အဲဒါသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် နှစ်ယောက်သာဆိုလျှင် သွေးနီရောင်မီးတောက် နွယ်လိမ်မီးအိမ်၏ ဓမ္မစွမ်းအားက သူ့ကို ကာကွယ်ပေးဖို့ လုံလောက်လေသည်။ သို့သော် ယခုအခါ ပေါင်းစည်းခန္ဓာ ကြမ်းကြုတ်တောကောင် ၁၂ကောင်က ရှေ့သို့ ပြေးဝင်လာပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခေါင်းကိုးလုံး နတ်သူငယ်က ဘေးကနေ စောင့်ကြည့်ရင်း တိုက်ခိုက်ဖို့ အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေ၏။ အဆုံးစွန်မီးသည် သူ၏ ခွန်အားကို ထိန်ချန်ထားရဲခြင်း မရှိပေ။
“စုဖွဲ့စမ်း”
သူက ဟိန်းဟောက်၍ သူ့လက်ထဲရှိ ဓမ္မပညာရပ်ကို နောက်တစ်ဖန် ပြောင်းလဲသွားစေ၏။
သွေးနီရောင် မီးတောက်လုံး သုံးလုံးက လျင်မြန်စွာ စုစည်းမိသွား၏။
မီးလျှံတစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။
သမာဓိတာအိုမီးက ဆင်းသက်လာခဲ့လေပြီ။
အဆုံးစွန်မီးသည် ရှေ့သို့ စေညွှန်ပြီး သမာဓိတာအိုမီးကို သူ့ရှေ့တွင်ရှိသော ပေါင်းစည်းခန္ဓာ ကြမ်းကြုတ်တောကောင် ၉ကောင်ထံသို့ တိုးဝင်သွားစေ၏။
အန္တရာယ်ကို အာရုံခံမိသွားပြီး ကြမ်းကြုတ်တောကောင်အချို့သည် သူတို့၏ ခြေလှမ်းကို အလောတကြီး ရပ်တန့်လိုက်ကြ၏။ သူတို့ထဲမှ အချို့သည် ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားမှု နည်းစနစ်များနှင့်အတူ ဘေးဘက်သို့ အလျင်အမြန် ရှောင်တိမ်းလိုက်ကြ၏။
ကြီးမားသော ခန္ဓာကိုယ်များနှင့် လှုပ်ရှားမှုလေးကန်သော ကြမ်းကြုတ်တောကောင် ၃ကောင်ကသာလျှင် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ သမာဓိတာအိုမီး၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။
“အား.. အား.. အား…”
ချက်ချင်းပင်.. ကြမ်းကြုတ်တောကောင် ၃ကောင်သည် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အသားများက အလျင်အမြန် အရည်ပျော်ကျသွားပြီး သွေးများက ပန်းထွက်လာကာ ထိုသွေးများသည် သမာဓိတာအိုမီးဖြင့် ဘာမှမကျန်အောင် လောင်ကျွမ်းသွား၏။
ဘုန်း.. ဘုန်း.. .
ထိုစဉ်မှာပင်.. ဘေးတွင်ရှိသော ခေါင်းကိုးလုံး နတ်သူငယ်ထံမှ ဦးခေါင်း ၄လုံးက ယိမ်းထိုးလာပြီး သူတို့၏ ပါးစပ်များကို ဖွင့်ဟလိုက်ကြ၏။ ရုတ်တရက်.. နောက်ကျိနေသော ရေစီးကြောင်းများက ပန်းထွက်လာပြီး ကြမ်းကြုတ်တောကောင် ၃ကောင်ပေါ်သို့ ထိုးဆင်းလာလေသည်။
နဂါးငွေ့တန်းများနှင့်တူသော ရေစီးကြောင်း ၄ခုသည် ကြောက်စရာကောင်းသော ပုံစံဖြင့် ထိုးဆင်းလာ၏။
ရှဲ…
ရေစီးကြောင်း ၄ခုက သမာဓိတာအိုမီး၏ စွမ်းအားနှင့် ထပ်တလဲလဲ ထိတွေ့ရိုက်ခတ်လိုက်၏။
အဲဒါက မီးနှင့်ရေအကြား တိုက်ပွဲတစ်ပွဲဖြစ်လာခဲ့၏။
မီးနှင့် ရေသည် တစ်ခုကိုတစ်ခု ချေဖျက်နိုင်ကြလေသည်။ သို့သော်လည်း ရေက မီးကို ငြှိမ်းသတ်နိုင်မလား သို့မဟုတ် မီးက ရေကို အငွေ့ပျံစေနိုင်မလား ဆိုတာကတော့ ထိုစွမ်းအားနှစ်ခု၏ ခွန်အားပေါ်မှာ မူတည်လေသည်။
စွမ်းအားနှစ်ခုက လွန်ဆွဲနေကြ၏။
အဆုံးစွန်မီးနှင့် ခေါင်းကိုးလုံး နတ်သူငယ်သည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြမည်ဆိုလျှင် ဘာမှပြောစရာ မရှိပေ။ သို့သော်လည်း သမာဓိတာအိုမီးနှင့် ရေစီးကြောင်း ၄ခုအကြား တိုက်ခိုက်မှု၏ စစ်မြေပြင်သည် ကြမ်းကြုတ်တောကောင် ၃ကောင်၏ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်နေ၏။
ပေါင်းစည်းခန္ဓာ ကြမ်းကြုတ်တောကောင် ၃ကောင်သည် သမာဓိတာအိုမီးနှင့် ထိတွေ့ပြီးနောက် ပြင်းထန်သော နာကျင်မှုကို ခံစားနေရ၏။
ယခု သူတို့ပေါ်သို့ ရေစီးကြောင်းများ ထိုးဆင်းလာပြီး မီးနှင့်ရေအကြား တိုက်ပွဲတစ်ပွဲဖြစ်ပေါ်လာသောအခါ သူတို့သည် အလောင်းပင်မကျန်ဘဲ မကြာခင် သေဆုံးသွားကြ၏။
“ကျူးကျော်သူတွေ…”
ခေါင်းကိုးလုံး နတ်သူငယ်က အော်ဟစ်လိုက်၏။
“မင်းတို့တွေက ငါ့ဒေါသကို လာဆွနေတာပဲ”
ခေါင်းကိုးလုံး နတ်သူငယ်၏ ဦးခေါင်းကိုးလုံးက အမျက်ဒေါသဖြင့် တောက်ပလာ၏။
ရုတ်တရက်ဆိုသလို…
ဦးခေါင်းကိုးလုံးသည် တစ်ချိန်တည်းမှာ လှုပ်ရှားလာပြီး သူတို့၏ ပါးစပ်များကို ဖွင့်ဟကာ မီးတောက်များကို ထွေးထုတ်လိုက်၏။ ရေစီးကြောင်းများသည် မဖျက်ဆီးနိုင်သော မီးနှင့်ရေ ပိုက်ကွန်တစ်ခုအဖြစ် ယှက်ဖြာသွားပြီး အဆုံးစွန်မီးအပေါ်ကို လွှမ်းခြုံလာခဲ့၏။
ထိုမီးတောက်များက ညှီစို့စို့ အနံ့တစ်ခုကိုပင် သယ်ဆောင်လာ၏။
“သတိထား.. အဲဒီမီးတောက်တွေက အဆိပ်ရှိတယ်”
နန်းကြည်က အလောတကြီး သတိပေးလိုက်၏။
အဆုံးစွန်မီးကလည်း အဲဒါကို အလျင်အမြန် နားလည်သွားပြီး ခုခံဖို့အတွက် သူ၏ မူပိုင်ဓမ္မလက်နက်ကို ဆင့်ခေါ်လိုက်၏။
တစ်ချိန်တည်းမှာပင်.. အဆုံးစွန်မီးသည် လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ လှုပ်ရှားပြီး မီးနှင့်ရေ ပိုက်ကွန်ဆီသို့ ဓမ္မပညာရပ်များကို ထုတ်ဖော်လိုက်၏။ သူက အဲဒီမှာ အပေါက်တစ်ပေါက်ဖြစ်အောင် ဆုတ်ဖြဲပစ်ချင်လေသည်။
သို့သော်လည်း မီးနှင့်ရေ ပိုက်ကွန်သည် ခေါင်းကိုးလုံး နတ်သူငယ်၏ ပင်ကိုနတ်ဘုရားစွမ်းအား ဖြစ်လေသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်များက မတိမ်းမယိမ်းမှာ ရှိနေမည်ဆိုလျှင် အဆုံးစွန်မီးက ဤပိုက်ကွန်ကို သေချာပေါက် ဆုတ်ဖြဲနိုင်ပေလိမ့်မည်။ သို့သော် ယခုအခါ ခေါင်းကိုးလုံး နတ်သူငယ်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်တစ်ယောက်ဖြစ်နေ၏။
၎င်း၏ ဓမ္မစွမ်းအားများက အကန့်အသတ်မဲ့၍ အဆုံးမရှိပေ။ မီးနှင့်ရေ ပိုက်ကွန်ကို သူ ဘယ်လိုမှ ဆုတ်ဖြဲနိုင်လိမ့်မည် မဟုတ်ပေ။
မီးနှင့်ရေ ပိုက်ကွန်က ဆင်းသက်လာတော့မည့်ဆဲဆဲမှာပင်.. နန်းကြည်သည် ပေါင်းစည်းခန္ဓာ ကြမ်းကြုတ်တောကောင်တစ်ကောင်ကို ယခုတင် သတ်ဖြတ်ပြီး အဆုံးစွန်မီး၏ ဘေးသို့ လှစ်ခနဲ ရောက်ရှိလာ၏။
ဘုန်း..
သူမသည် သူမ၏ မျိုးဆက်သွေးကို လှည့်ပတ်ပြီး သူမ၏ မျိုးဆက်သွေးနယ်မြေကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။
သူမ၏ နောက်တွင် ဧရာမ ပိရမစ်တစ်ခုက ထွက်ပေါ်လာ၏။
၎င်းသည် ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်ပြီး မရေမတွက်နိုင်သော သက်ရှိများက ၎င်း၏အောက်မှာ ဒူးထောက်ကာ ရိုကျိုးခယစွာဖြင့် ဝတ်ပြုဆုတောင်းနေကြ၏။
ပိရမစ်၏ ထိပ်မှာ ရပ်နေရင်း.. နန်းကြည်သည် လောက၏ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။
ထိုသည်ကို မြင်သောအခါ.. အဖြူရောင်ဝတ်လူ၏ အကြည့်က လေးနက်လာပြီး သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။
“စီနီယာ.. တခြားခွန်လွင်ကလန်သားတွေကို ခုခံပေးထား.. ဒီခေါင်းကိုးလုံးနတ်သူငယ်ကို ကျွန်မ ကိုင်တွယ်လိုက်မယ်”
နန်းကြည်က အလျင်အမြန် ပြောလိုက်၏။
ဗျစ်…
ပိရမစ်က ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်လာပြီး မီးနှင့်ရေ ပိုက်ကွန်ကို ချက်ချင်းပင် ဆုတ်ဖြဲကာ ခေါင်းကိုးလုံးနတ်သူငယ်ကို ဖိနှိမ်လိုက်၏။
“အား…”
ခေါင်းကိုးလုံးနတ်သူငယ်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
“မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”
ဖြောင်း…
ပိရမစ်က ဆင်းသက်လာပြီး ခေါင်းကိုးလုံးနတ်သူငယ်၏ ဦးခေါင်းနှစ်လုံးကို ပစ်ဆောင့်ချလိုက်၏။ အသားစများက ပြန့်ကျဲသွားပြီး ဦးနှောက်ရည်များက ချောက်ချားစရာကောင်းသော ပုံစံဖြင့် မြေပြင်ပေါ်သို့ စီးကျလာ၏။
သို့သော်လည်း.. တစ်ခဏချင်းမှာပင် ခေါင်းကိုးလုံးနတ်သူငယ်၏ ဦးခေါင်းနှစ်လုံးက ပြန်ပေါက်လာခဲ့၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့၏ ပြတ်တောက်သွားသော ခြေလက်များကို ပြန်ပေါက်စေနိုင်သော်လည်း သူတို့သည် သူတို့၏ ဦးခေါင်းများကိုတော့ သေချာပေါက် ပြန်ပေါက်စေနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤခေါင်းကိုးလုံးနတ်သူငယ်ကတော့ ကွဲပြားခြားနားလေသည်။
ခေါင်းကိုးလုံးနတ်သူငယ်မှာ ဦးခေါင်းကိုးလုံးရှိပြီး ဦးခေါင်းရှစ်လုံး ပျက်စီးသွားလျှင်တောင် သူက သေဆုံးသွားလိမ့်မည် မဟုတ်ပေ။
၎င်း၏ အမြုတေစိတ်ဝိညာဉ်သည် ဦးခေါင်းကိုးလုံးကြားမှာ လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်လေသည်။ ဦးခေါင်းတစ်လုံး ကျန်ရှိနေသရွေ့ ၎င်းက သေဆုံးသွားလိမ့်မည် မဟုတ်ပေ။
နန်းကြည်သည် ဧရာမ ပိရမစ်ကို ထိန်းချုပ်ပြီး ရှေ့သို့တက်လှမ်းကာ နောက်တစ်ဖန် ဆင်းသက်လိုက်၏။
တစ်ချိန်တည်းမှာပင်.. သူမသည် သူမ၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ကို အသုံးပြုပြီး ဓမ္မပညာရပ်များနှင့် လျှို့ဝှက်အတတ်များကို ဆင့်ခေါ်လိုက်၏။ တစ်ခဏချင်းမှာပင်.. သူမသည် ခေါင်းကိုးလုံးနတ်သူငယ်အပေါ် သိပ်သည်းပြင်းထန်သော တိုက်ခိုက်မှုများကို တရစပ် ထုတ်ဖော်လိုက်၏။
ဖြောင်း.. ဖြောင်း.. ဖြောင်း..
ခေါင်းကိုးလုံးနတ်သူငယ်၏ ဦးခေါင်းများက တစ်လုံးပြီးတစ်လုံး ပေါက်ကွဲထွက်သွား၏။
သို့သော်လည်း သူတို့က မကြာခင် ပြန်ပေါက်လာကြ၏။
အန္တရာယ်များသော အခိုက်အတန့်တစ်ခုမှာ ဆိုလျှင် ခေါင်းကိုးလုံးနတ်သူငယ်သည် သူ၏ ဦးခေါင်းရှစ်လုံးကို ဆုံးရှုံးသွားပြီး နန်းကြည်၏ သတ်ဖြတ်မှုကို ခံရလုနီးပါးဖြစ်ခဲ့၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ဖြစ်သော ခေါင်းကိုးလုံးနတ်သူငယ်သည်ပင် နန်းကြည်၏ အပြတ်အသတ် ဖိနှိမ်ခြင်းကို ခံနေရ၏။
အခြားတစ်ဖက်မှာတော့.. ပေါင်းစည်းခန္ဓာ ကြမ်းကြုတ်တောကောင် ၇ကောင်သာလျှင် ကျန်ရှိတော့လေသည်။
ထိုကြမ်းကြုတ်တောကောင်များ၏ ပူးပေါင်းတိုက်ခိုက်မှုသည် အဆုံးစွန်မီး၏ သတ်ဖြတ်လိုစိတ်ကို မတားဆီးနိုင်ပေ။
“နတ်ဘုရားတမန်တော်.. ကျေးဇူးပြုပြီး တိုက်ခိုက်ပေးပါဦး”
ခေါင်းကိုးလုံးနတ်သူငယ်က ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ အော်ဟစ်အကူအညီတောင်းလိုက်၏။
“ဟီးဟီး”
ဘေးတွင်ရပ်နေသော အဖြူရောင်ဝတ်လူက ညင်သာစွာပြုံး၍ သူ၏လက်ဖဝါးကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်၏။ သူ၏ သွေးချီက ကျိန်းစက်နေသော ရွှေရောင်အလင်းတန်းတစ်ခုနှင့်အတူ တလိပ်လိပ် ထိုးတက်လာပြီး သူက မှင်သေသေဖြင့် ပြောလိုက်၏။
“ကိစ္စတွေကို အဆုံးသတ်ပေးဖို့ အချိန်ကျပြီပဲ”