နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး
Vol. 100 Ch. 1498
“ဟမ့်”
သူမသည် အဖြူရောင်ဝတ်လူ၏ လက်ကနေ တလိပ်လိပ်တက်လာသော ရွှေရောင်သွေးချီကို တွေ့မြင်သောအခါ.. နန်းကြည်၏ အမူအရာက ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
“နတ်ဘုရားမျိုးနွယ်”
သူမသည် ထိုမျိုးဆက်သွေးနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်လေသည်။
အဖြူရောင်ဝတ် အမျိုးသားသည် နတ်ဘုရားမျိုးနွယ်မှ လာခြင်းဖြစ်သည်မှာ သံသယရှိစရာ မလိုတော့ပေ။
သို့သော်လည်း ခွန်လွင်အပျက်အစီးနယ်မြေမှာ နတ်ဘုရားမျိုးနွယ် သက်ရှိတစ်ယောက်က ဘယ်လိုကြောင့် ရှိနေရတာလဲ..။ ခွန်လွင်အပျက်အစီးမှာ ခွန်လွင်အဟန့်အတား ရှိလေသည်။ ၎င်းသည် နတ်ဘုရားမျိုးနွယ် သက်ရှိတစ်ယောက် ဝင်ရောက်လာသည်ကို အာရုံခံမိလျှင် ၎င်းက အလွန်တရာ ရူးသွပ်စွာ ပေါက်ကွဲလာပေလိမ့်မည်။ နန်းကြည်သည်ပင် ခွန်လွင်အဟန့်အတား၏ စွမ်းအားကနေ သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့၏။
တစ်နည်းအားဖြင့်ဆိုလျှင်.. အဖြူရောင်ဝတ်လူသည် အပြင်ဘက်ကနေ ဝင်ရောက်လာခြင်း မဖြစ်နိုင်ပေ။
သူသည် ကမ္ဘာဦးစစ်ပွဲမှာ ရှင်သန်ကျန်ရစ်ခဲ့သော နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်တစ်ယောက် ဖြစ်နေမလား…။
သို့သော်လည်း ထိုသို့ဆိုလျှင် ခွန်လွင်မျိုးနွယ်ဝင်များသည် ဤလူကို ဘာကြောင့် အရမ်းရိုသေလေးစားပြီး သူ့ကို နတ်ဘုရားတမန်တော်ဟု ခေါ်ဆိုနေရတာလဲ…။
ဒါ့အပြင်.. ဘာကြောင့်ရယ်မသိ.. ဤလူသည် သူမ တွေ့မြင်ဖူးသမျှ နတ်ဘုရားမျိုးနွယ် သက်ရှိများနှင့် ကွဲပြားခြားနားနေသည်ဟု နန်းကြည်က ခံစားရ၏။
အဖြူရောင်ဝတ်လူ၏ သွေးချီက တလိပ်လိပ်တက်လာရင်း သူ၏ အနက်ရောင်ဆံပင်များက ရွှေရောင်ဆံပင်ရှည်များအဖြစ် အလျင်အမြန် ပြောင်းလဲသွား၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်…
အဖြူရောင်ဝတ်လူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင်တစ်ယောက် ဖြစ်၏။
အဖြူရောင်ဝတ်လူထံတွင် မည်သည့်သိုလှောင်အိတ်မှ မရှိပေ။ သို့သော်လည်း သူ၏ လက်ထဲမှာ ဧရာမ ဓားတစ်လက်က ရုတ်တရက် ပေါ်ထွက်လာ၏။
အဲဒါက လက်ကိုင်ရိုးနှစ်ဖက်ပါသော ဧရာမ ဓားတစ်လက်ဖြစ်၏။
ဤကဲ့သို့သော လက်နက်မျိုးသည် ကျင့်ကြံရေးလောကမှာ အလွန်တရာ ရှားပါးလေသည်။
ထုံးစံအားဖြင့် ဓားကျင့်ကြံသူများ၏ ဓားသည် လှုပ်ရှားမှုမှာ အထူးပြုလေသည်။
နတ်ဘုရားမျိုးနွယ်ကသာလျှင် ဤကဲ့သို့ လက်ကိုင်ရိုးနှစ်ဖက်ပါသော ဧရာမ ဓားတစ်လက်ကို အသုံးပြုပေလိမ့်မည်။
“ကလေးမ.. နင်က တော်တော်အတွေ့အကြုံ နုနယ်သေးတာပဲ”
အဖြူရောင်ဝတ်လူက ညင်သာစွာ ပြုံး၍ ရှေ့သို့ တက်လှမ်းလာ၏။ သူ့လက်ထဲရှိ ဧရာမ ဓားကို ကိုင်မြှောက်ပြီး သူ၏ သွေးချီကို တလိပ်လိပ်တက်လာစေကာ ဓားကနေ ကျိန်းစပ်နေသော ရွှေရောင်အလင်းတန်းတစ်ခု ရုန်းကန်ထွက်ပေါ်လာ၏။
ရွှေရောင်အလင်း၏ လင်းထိန်မှုအောက်တွင် နတ်ဘုရားမျိုးနွယ်သက်ရှိသည် လောက၏ အစစ်အမှန် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာ၏။
အဆုံးစွန်မီးက ရင်တစ်ချက်ထိတ်သွား၏။
ဤလူ၏ ရှေ့တွင် သူက ခုခံမှုအားလုံးကို လက်လျှော့ပစ်လိုက်မည့် ထိန်းချုပ်မရသော အတွေးတစ်ခု ရှိလာခဲ့၏။
သုန်မှုန်နေသော အမူအရာနှင့်ပင်.. နန်းကြည်သည် သူမ နောက်ဘက်ရှိ ပိရမစ်ကို ထိန်းချုပ်ပြီး အဖြူရောင်ဝတ် အမျိုးသားထံသို့ ပြေးဝင်သွား၏။
“ပိုင်းဖြတ်စမ်း”
အဖြူရောင်ဝတ်လူက အော်ဟစ်လိုက်၏။
သူ့လက်ထဲရှိ ဧရာမ ဓားက ဝင်းလက်တောက်ပလာပြီး ဝင်ရောက်လာသော ပိရမစ်ကို ခုတ်ပိုင်းချလိုက်၏။
ဘုန်း…
အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
လျှို့ဝှက်ခန်းတစ်ခုလုံးက ပြင်းထန်စွာ တုန်ခါသွားပြီး ဖုန်မှုန့်များက တထောင်းထောင်းထကာ လူတိုင်း၏ အမြင်အာရုံကို ဝေဝါးသွားစေ၏။
ဖျောက်.. ဖျောက်.. ဖျောက်…
လျှို့ဝှက်ဆန်းကြယ်၍ ခမ်းနားထည်ဝါသော ပိရမစ်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ပို၍ ကြီးမားလာကာ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးကို အလျင်အမြန် ဖုံးအုပ်သွား၏။
ဝုန်းခဲန မြည်သံနှင့်အတူ ပိရမစ်က နေရာမှာပင် ပြိုကျပျက်စီးသွား၏။
နန်းကြည်၏ မျိုးဆက်သွေးနယ်မြေသည် အဖြူရောင်ဝတ် အမျိုးသား၏ ဖျက်ဆီးခြင်းကို ခံလိုက်ရလေပြီ။
သူမ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သူမ၏ နှုတ်ခမ်းထောင့်ကနေ သွေးများက စီးကျလာ၏။
သို့သော်လည်း သူမ၏ မျက်လုံးနှစ်ဖက်က တိုက်ခိုက်လိုသော စိတ်ဝိညာဉ်ဖြင့် ပြည့်နှက်နေဆဲဖြစ်၏။
ရွှစ်..
လှစ်ခနဲဆို နန်းကြည်သည် နေရာမှာပင် နောက်ချန်ပုံရိပ်များကို ချန်ထားရစ်ပြီး အလွန်တရာ မြန်ဆန်သော အလျင်အဟုန်ဖြင့် အဖြူရောင်ဝတ်လူထံသို့ ပြေးဝင်သွား၏။
“မင်းက အနီးကပ်တိုက်ခိုက်ချင်တာလား”
အဖြူရောင်ဝတ်လူက သရော်ပြုံးပြုံး၍ အဲဒါကို စိတ်ထဲမှာ လုံးဝ ထည့်မှတ်ထားခြင်း မရှိပေ။ သူ၏ လက်နှစ်ဖက်ဖြင့် သူ၏ဓားကို လွှဲယမ်းပြီး သက်ရောက်မှု ဧရိယာ ကျယ်ပြန့်စွာ တိုက်ခိုက်လိုက်၏။ သို့သော်လည်း အဲဒီမှာ မည်သည့်ဟာကွက်မှ မရှိသလောက်နီးပါးဖြစ်ပြီး သူ၏ တိုက်ခိုက်မှုက ကြမ်းကြုတ်ခက်ထန်နေလေသည်။
နန်းကြည်၏ လှုပ်ရှားမှု နည်းစနစ်က ကြော့မော့နေပြီး တစ်မူထူးခြားအောင် ပေါ့ပါးကာ အဖြူရောင်ဝတ်လူကို အဆက်မပြတ် လှည့်ပတ်နေ၏။ သူမက တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းတစ်ခုကို ရှာနေခြင်း ဖြစ်၏။
ဆန်းကြယ်တောင်ထွတ်မှာ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များစွာ ရှိလေသည်။
နန်းကြည်သည် များစွာသော လှုပ်ရှားမှု နည်းစနစ်များနှင့် ထွက်ပြေးခြင်း နည်းစနစ်များကို ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး သူတို့ကို သူမ၏ ကိုယ်ပိုင်အသိအမြင်ထဲသို့ ထည့်သွင်းပေါင်းစည်းထားလေသည်။ သူမသည် နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယကို အသုံးချကာ သူမအတွက် အသင့်လျော်ဆုံးဖြစ်မည့် လှုပ်ရှားမှုနည်းစနစ်တစ်ခုကို ထုတ်နုတ်ကျင့်ကြံထားလေသည်။
အဖြူရောင်ဝတ်လူသည် သူ၏ ဧရာမ ဓားကို လက်နှစ်ဖက်ဖြင့် လွှဲယမ်းနေပြီး သိပ်သည်းပြင်းထန်သော ခွန်အားကို ပိုင်ဆိုင်ထား၏။ သို့သော်လည်း သူသည် နန်းကြည်၏ အဝတ်စကိုပင် မထိနိုင်သေးပေ။
နန်းကြည်က စိတ်ထဲမှာ တင်းကျပ်နေဆဲဖြစ်၏။ အကြောင်းမှာ သူမသည် အမှားတစ်ခု ပြုလုပ်လိုက်မိသည်နှင့် အဖြူရောင်ဝတ်လူ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်ချေများကြောင်း သိထားသောကြောင့်ဖြစ်၏။
သူမသည် အဖြူရောင်ဝတ်လူ၏ စွမ်းအားကို လုံးဝ ခံနိုင်ရည်မရှိပေ။
သို့သော်လည်း အဖြူရောင်ဝတ်လူက တည်ငြိမ်နေပြီး သူ၏မျက်လုံးထဲမှာ မည်သည့် စိတ်ညစ်ညူးသည့် အရိပ်အယောင်မှ မရှိပေ။
ရုတ်တရက်ဆိုသလို…
ဓားရှည်ကို လွှဲယမ်းခြင်းကနေ ပင်ပန်းနွမ်းနယ်လာသောကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ အဖြူရောင်ဝတ်လူ၏ ရင်ဘတ်နားတစ်ဝိုက်တွင် လျှပ်တပြက် ဟာကွက်တစ်ခုက ပေါ်ထွက်လာ၏။
နန်းကြည်သည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ရှေ့သို့ပြေးဝင်ကာ ပစ်ထိုးလိုက်လေသည်။
ဘန်း..
ထိုထိုးချက်သည် အဖြူရောင်ဝတ်လူ၏ ရင်ဘတ်ကို ထိခတ်သွားသော်လည်း နန်းကြည်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားရ၏။
သူမ၏ လက်သီးသည် အသွေးအသား ခန္ဓာတစ်ခုကို ထိခတ်လိုက်ခြင်း မဟုတ်ဘဲ သံမဏိပြင်တစ်ခုကို ထိခတ်လိုက်ရခြင်း ဖြစ်နေ၏။
ဗျစ်…
အဖြူရောင်ဝတ်လူ၏ ဝတ်ရုံစက ပေါက်ကွဲထွက်သွားပြီး ရွှေရောင်တလက်လက်တောက်ပနေသော ကိုယ်ကျပ်ချပ်ဝတ်နှင့်အတူ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာ၏။
ထိုချပ်ဝတ်သည် မနှိုင်းယှဉ်သာအောင် တုတ်ခိုင်သည့်ပုံပေါ်ပြီး ရှုပ်ထွေးဆန်းကြယ်သော အင်းကွက်များနှင့်အတူ ရွှေရောင်အလင်းဖြင့် တောက်ပနေ၏။
နန်းကြည်၏ ထိုးချက်က တုတ်ခိုင်သော ရွှေရောင်ချပ်ဝတ်ကို ထိခတ်သွားခြင်းဖြစ်၏။
နတ်ဘုရားမျိုးနွယ် အမျိုးသားက ထိုဟာကွက်ကို တမင်သက်သက် ထုတ်ဖော်ခဲ့ခြင်း ဖြစ်လေသည်။
“မင်းက လှည့်စားခံလိုက်ရပြီ”
နတ်ဘုရားမျိုးနွယ် အမျိုးသားက ညင်သာစွာပြုံး၍ နန်းကြည်၏ ရင်ဘတ်ဆီသို့ ပြန်လည်ထိုးနှက်လိုက်လေသည်။
ဖြောင်း..
ချက်ချင်းပင် နန်းကြည်က လွင့်စင်ထွက်သွားပြီး လေထဲမှာပင် ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်ရ၏။ သူမ၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး သူမ၏ သွေးချီက ပျက်ပြယ်လာကာ စိတ်အားညှိုးငယ်သော အမူအရာတစ်ခု ထွက်ပေါ်လာ၏။
ဘုန်းခနဲ မြည်သံနှင့်အတူ နန်းကြည်သည် မြေပြင်နှင့် ပြင်းထန်စွာ ပစ်ဆောင့်သွားပြီး သူမ၏ အရိုးများနှင့် အရွတ်များက ကွဲထွက်ကုန်ပြီဟု ခံစားရ၏။ ချက်ချင်းပင် သူမ၏ မျက်နှာပေါ်မှာ ချွေးစေးတစ်လွှာက ထွက်ပေါ်လာ၏။
“ငါက သနားညှာတာမှု ပြခဲ့ပြီးပြီဆိုတာ မင်းသိထားသင့်တယ်”
နတ်ဘုရားမျိုးနွယ် အမျိုးသားက နန်းကြည်ရှိရာသို့ ခပ်ယဲ့ယဲ့ အပြုံးတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။
“စောစောက ငါက လက်သီးနဲ့ ထိုးရမယ့်အစား ငါ့ရဲ့ဓားနဲ့ တိုက်ခိုက်ခဲ့မယ်ဆိုရင်.. မင်းက အခုချိန်မှာ အလောင်းတစ်လောင်း ဖြစ်နေလောက်ပြီ”
“မင်းက ပါရမီအရည်အချင်း ရှိတဲ့အပြင် မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်သွေးတစ်ဝက် ရှိနေတာကို ထောက်ထားပြီး ငါက မင်းကို ငါ့ရဲ့ အစေခံအဖြစ် လက်ခံပေးမယ်.. မင်း ဆန္ဒရှိရဲ့လား”
နန်းကြည်၏ အကြည့်က အေးစက်နေပြီး မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မရှိပေ။
စောစောက နတ်ဘုရားမျိုးနွယ် အမျိုးသားသည် တကယ်ပင် သနားညှာတာမှု ပြခဲ့သည်ဆိုတာကို သူမ သိလေသည်။
သို့သော်လည်း သူမက ဘယ်တော့မှ အညံ့ခံလိမ့်မည် မဟုတ်ပေ။
နန်းကြည်က စကားပြောလိုခြင်း မရှိသည်ကို နတ်ဘုရားမျိုးနွယ် အမျိုးသားက တွေ့မြင်သောအခါ သူက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
“ငါက မင်းကို အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခု ပေးနေတယ်ဆိုတာကို မင်းသိထားရမယ်”
အဲဒီနောက်.. သူက အခြားတစ်ဖက်တွင်ရှိသော အဆုံးစွန်မီးကို ကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“ဥပမာ.. သူဆိုရင် သူ့အတွက် စောင့်ဆိုင်းနေတဲ့ တစ်ခုတည်းသောအရာက သေခြင်းပဲ”
ရွှစ်…
ထိုစဉ်မှာပင်.. အဆုံးစွန်မီးသည် ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်အချို့၏ ဝန်းရံပိတ် ဆို့မှုကနေ ဖောက်ထွက်လာပြီး သူ့လက်ထဲရှိ သွေးနီရောင်မီးဖိုဖြင့် နတ်ဘုရားမျိုးနွယ် အမျိုးသားကို ပစ်ပေါက်လိုက်၏။
ဝှစ်..
လေခွင်းသံက ထွက်ပေါ်လာ၏။
နတ်ဘုရားမျိုးနွယ် အမျိုးသားသည် သရော်တော်တော် အမူအရာတစ်ခု ရှိနေပြီး လှည့်ပင်ကြည့်ခြင်း မရှိဘဲ လက်ပြန်ခုတ်ပိုင်းချလိုက်၏။
ချွမ်း..
မီးပွားများက လွင့်စင်ထွက်သွား၏။
သွေးနီရောင်မီးဖိုသည် နတ်ဘုရားမျိုးနွယ် အမျိုးသား၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီး ပို၍ပင် မြန်ဆန်သော နှုန်းထားဖြင့် အဆုံးစွန်မီးထံသို့ ပြန်ကန်ထွက်လာခဲ့၏။
တစ်ချိန်တည်းမှာပင်… ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်များက အခွင့်အလမ်းကို ချိန်ဆကာ အဆုံးစွန်မီးကို တိုက်ခိုက်လာကြပြီဖြစ်၏။
အဆုံးစွန်မီးမှာ ကိုယ်ပွားခြင်း နည်းစနစ်များ မရှိသည့်အတွက် သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအချို့က ချက်ချင်းပင် ပေါ်ထွက်လာ၏။
အဆုံးသတ်မှာတော့ သူသည် သူ့မူပိုင်ဓမ္မလက်နက်၏ ထိခတ်ခြင်းကို ခံလိုက်ရပြီး သူ့နောက်ဘက်ရှိ လျှို့ဝှက်ခန်း၏ နံရံနှင့် ပြင်းထန်စွာ ပစ်ဆောင့်ကာ ဖြည်းဖြည်းချင်း လျှောကျလာ၏။
နံရံပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။ ထိုရိုက်ချက်၏ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သိသာလေသည်။
“ပုရွက်ဆိတ်.. မင်း ငါ့ကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ”
နတ်ဘုရားမျိုးနွယ် အမျိုးသားက လှောင်ရယ်၍ အဆုံးစွန်မီးကို လက်စသတ် သတ်ဖြတ်ဖို့ ရှေ့သို့ တက်လာခဲ့၏။
“အား…”
ထိုစဉ်မှာပင်.. လျှို့ဝှက်ခန်း၏ အခြားတစ်ဖက်ကနေ ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံက ဥမင်တစ်လျှောက် ထွက်ပေါ်လာ၏။ ထိုအသံမှာ သိပ်သည်းပြင်းထန်သော အမျက်ဒေါသ ပါဝင်နေသည့်အလားပင်။
“ဟမ်”
နတ်ဘုရားမျိုးနွယ် အမျိုးသားက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
“နောက်ထပ် လူတစ်ယောက် ရှိနေသေးတာလား”
တစ်ခဏချင်းမှာပင် ပုံရိပ်တစ်ခုက ဥမင်၏ အခြားတစ်ဖက်မှာ ပေါ်ထွက်လာ၏။
ထိုကျင့်ကြံသူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်နှင့် ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်ရှိလေသည်။ သူ၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ တဝင်းဝင်းလက်နေပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။ တကယ်ဆို ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူ၏ အကြည့်နှင့် တွေ့ဆုံရဲခြင်း မရှိဘဲ အလိုလိုရှောင်လွှဲလိုက်ကြ၏။
“ဆရာ.. ခင်ဗျား အဆင်ပြေရဲ့လား”
အစိမ်းရောင်ဝတ် ကျင့်ကြံသူသည် နံရံနှင့် ပစ်ရိုက်ခံထားရသော အဆုံးစွန်မီးကို တွေ့မြင်သောအခါ ရှေ့သို့ အလောတကြီး တက်ပြီး ထိုသူကို ဖေးမကာ ဆေးလုံးအချို့ တိုက်ကျွေးလိုက်၏။
နတ်ဘုရားမျိုးနွယ် အမျိုးသားက လှောင်ရယ်၍ ခနဲ့တဲ့တဲ့ ပြုံးလိုက်လေသည်။
ဘယ်လိုစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ရောက်လာသလဲဟု သူက တွေးနေခြင်းဖြစ်၏။
ယခုတော့ ရောက်ရှိလာသူက ထိုသူ၏ တပည့် ဖြစ်နေလေသည်။
သူသည် ဆရာဆိုသူကိုပင် အလွယ်တကူ ဖိနှိမ်နိုင်သည်ဆိုမှတော့ တပည့်ဆိုသူကိုလည်း ဘာမှကြောက်နေစရာ မရှိပေ။