မာယာများသောလှည့်စားသူ ဖြစ်ရခြင်းသည် သင်ယူမှု၏ နက်နဲသော အဆင့်တစ်ခုဖြစ်သည်
Vol. 56 Ch. 826
ဤသည်မှာ ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဒုတိယအကြိမ်မြောက် ခန္ဓာကိုယ် အပိုင်စီးခံရခြင်း ဖြစ်သည်။
ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့၏ သဟဇာတ မဖြစ်မှုကြောင့် သူ၏တစ်ကိုယ်လုံးက အနည်းငယ် မသက်မသာ ခံစားရသော်လည်း အချိန်အားဖြင့် ထိုဝေဒနာကို ဗုံးပစ်စီနီယာအင်မော်တယ်က သည်းခံနိုင်ခဲ့သည်။
ခန္ဓာကိုယ်ကို အပိုင်စီးခြင်းက ရေထဲတွင် အသက်ရှူသကဲ့သို့ပင် အကန့်အသတ်ရှိသည်။
အကန့်အသတ်သို့ ရောက်သည်နှင့် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် သူတို့ဘာသာ ခွဲထွက်သွားမည် ဖြစ်၏။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်အပိုင်စီးရာတွင် အကြာဆုံးအချိန်မှာ ၅မိနစ်သာဖြစ်သည်။
အန္တိမလူသတ်ဘုရင် အသုံးပြုထားသည့် ခန္ဓာကိုယ်အပိုင်စီးနည်းစနစ်ကမူ သာမန်နည်းစနစ်များနှင့် အလွန်ကွာခြားသည်။
သို့ရာတွင် ဤသည်က ဝမ်လင်းအတွက် ပိုမိုထူးခြားမှု မရှိခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ဤတိုက်ပွဲကို ဖြေရှင်းရန် သူ့အတွက် ၃မိနစ်ပင် မလိုအပ်ပေ။
သူက ဗုံးပစ်စီနီယာအင်မော်တယ်၏ ခန္ဓာကိုယ်ကို အောင်မြင်စွာ အပိုင်စီးပြီးနောက်တွင် ရှေ့သို့ တက်လှမ်းကာ အာကာပြင်ကို ဆုတ်ဖြဲ၍ ဗိုလ်ချုပ်ရီ၏ မူလစိတ်ဝိညာဉ် နယ်ပယ်ထဲသို့ ဝင်သွားခဲ့သည်။
အထဲသို့ ရောက်သည်နှင့် ဓားအလင်းတန်းများက နေရောင်ခြည်ကဲ့သို့ တောက်ပနေသည်ကို မြင်လိုက်ရ၏။
၎င်းက အကန့်အသတ်မရှိ ကြီးကျယ်ခမ်းနားသော ဖိအားများကို သယ်ဆောင်လာ၍ တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲသည်။
အကန့်အသတ်မဲ့ ဓားတာအို၏ နက်နဲသော အမှန်တရားကို သယ်ဆောင်လာသော ဓားကွက်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
ဤဓားတာအိုက ပြိုင်ဘက်၏ စိတ်နှလုံးကို ကြောက်ရွံ့အောင်စေ့ဆော်နိုင်ပေသည်။
သူ၏ခန္ဓာကိုယ်က ဝမ်လင်း၏ထိန်းချုပ်မှုအောက်တွင် ရောက်နေသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဖြစ်ပျက်နေသည့်အရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
ဤသည်က ပကတိအင်မော်တယ်များ ကြားရှိ တိုက်ပွဲတစ်ခုဖြစ်သည်။
ယခုအချိန်တွင် ဝမ်လင်းသာ သူ၏ခန္ဓာကိုယ်ကို အပိုင်စီး မထားလျှင် သူ၏စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကြောင့် ပကတိအင်မော်တယ်များ၏ ဖိအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
“ဒါက ဘယ်လိုတောင် ခမ်းနားလိုက်တဲ့ မြင်ကွင်းမျိုးလဲ”
ဤသည်က မိစ္ဆာဓားနတ်ဘုရားကို တိုက်ခိုက်ခဲ့သည့် မြင်ကွင်းထက်ပင် ပို၍ ရင်သပ်ရှုမောဖွယ်ကောင်း၏။
အဘယ်ကြောင့်ဆိုသော် ဓားသူတော်စင်နှင့် စစ်ပွဲသူတော်စင်တို့၏ ပြိုင်ဆိုင်မှုဖြစ်သောကြောင့် ဖြစ်သည်။
ဓားသူတော်စင်၏ ခန္ဓာကိုယ်ကို အပိုင်စီး၍ ဤထိပ်တိုက်ရင်ဆိုင်မှုကို တွန်းအားပေးခဲ့သူမှာ အန္တိမလူသတ်ဘုရင် ဖြစ်သော်လည်း သူက လုံးဝ စိတ်မဝင်စားခဲ့ပေ။
ဗိုလ်ချုပ်ကျန်းက အကန့်အသတ်မဲ့ ဓားတာအိုကို မျက်နှာမူ၍ ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။
သူက လက်မနှစ်ခုကို ပါးစပ်ထဲထည့်၍ စုပ်လိုက်ရာ သူ့လက်မောင်းများက ရုတ်တရက် အရွယ်အစား ကြီးမားလာပြီး နောက်ထပ် အခိုက်အတန့်မှာပင် ပုံမှန်အရွယ်အစားထက် အဆပေါင်း ရာထောင်ချီ ဖောင်းကားလာခဲ့သည်။
အရေပြားက နက်နဲတောက်ပြောင်နေ၍ ကောင်းကင်မှသံမဏိနတ်ဘုရားနှင့်ပင် ဆင်တူနေသည်။
အကန့်အသတ်မဲ့ ဓားတာအို၏ စွမ်းအားက ဤအဆင့်မြှင့်တင်ထားသောလက်များနှင့် ရင်ဆိုင်ရသောအခါတွင် မြေပြင်ကအက်ကွဲသွားပြီး မြေကြီးများက ချက်ချင်းပင် အရည်ပျော်ကျသွားကာ လောင်ကျွမ်းနေသော ချော်ရည်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ခြေချစရာမရှိ၍ ဗိုလ်ချုပ်ကျန်းက လေပေါ်တွင်သာ တိုက်ခိုက်နိုင်ခဲ့သည်။
ဤသည်က အန္တရာယ်အရှိဆုံး အခိုက်အတန့်ပင်။
အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်ရီ၏ မူလစိတ်ဝိညာဉ်နယ်ပယ်ရှိ မည်သည့်အရာမဆို ဓားအော်ရာအဖြစ် ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်။
“စစ်ပွဲသူတော်စင် မင်းပိတ်မိသွားပြီ”
အန္တိမလူသတ်ဘုရင်က ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ထဲရှိ အကန့်အသတ်မဲ့ ဓားတာအိုကို ကြိုးကိုင်ရင်း ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
သူက လက်ချောင်းကို ကွေးညွတ်လိုက်ရုံမျှဖြင့် မြေပြင်ပေါ်ရှိ တောက်လောင်နေသော ချော်ရည်များသည် ဗိုလ်ချုပ်ကျန်းကိုချိန်ရွယ်ထားသည့် ထောင်ပေါင်းများစွာသော မီးဓားများအဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
အန္တိမလူသတ်ဘုရင်က ညှာတာရန် လုံးဝ စိတ်မကူးခဲ့ပေ။
သူက ဗိုလ်ချုပ်ကျန်းကို တစ်ခါတည်း အသေသတ်ရန် ကြံရွယ်ထားခဲ့သည်။
ဗိုလ်ချုပ်ကျန်းက အန္တိမလူသတ်ဘုရင် မည်မျှ ညှာတာမှုကင်းမဲ့သည်ကို သိသိသာသာပင် ခံစားခဲ့ရသည်။
အန္တိမလူသတ်ဘုရင်က ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ကို အပိုင်စီး၍ တိုက်ခိုက်နေခြင်းကြောင့် ဗိုလ်ချုပ်ကျန်းက အပြင်းအထန် တိုက်ခိုက်လိုခြင်း မရှိပေ။
ထို့ကြောင့် တိုက်ပွဲစကတည်းကပင် သူက ခံစစ်နေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
အန္တိမလူသတ်ဘုရင်၏ ခန္ဓာကိုယ်အပိုင်စီးသည့် နည်းစနစ်နှင့်ပတ်သက်၍ ထူးခြားမှုတစ်ခုခု ရှိနေသည်ဟု သူခံစားခဲ့ရသည်။
အကြောင်းရင်းမှာ ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ကို အပိုင်စီးပြီးနောက်တွင် အန္တိမလူသတ်ဘုရင်သည် ပိုမို၍ အစွမ်းထက်လာပုံ ပေါ်နေသောကြောင့် ဖြစ်သည်။
ဗိုလ်ချုပ်၁၀ယောက်ထဲတွင် သူက ဓားသူတော်စင်နှင့် အကြိမ်အများဆုံး တိုက်ခိုက်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ဗိုလ်ချုပ်ရီ၏ အခြေအနေကို သူကောင်းစွာသိသည်ဟု ဆိုနိုင်၏။
ထိုအချိန်တွင် ထောင်ပေါင်းများစွာသော မီးဓားများသည် သူ၏နှလုံးသားကို တည့်မတ်စွာ ချိန်ရွယ်ထားကြသည်။
ဗိုလ်ချုပ်ကျန်းက မီးဓားများကို ဟန့်တားရန် သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သော်လည်း ဤမီးဓားများက အလွန်ပင် မြန်ဆန်နေသည်။
“ညီနောင်လင်း မင်းလှုပ်ရှားလို့ရနေပြီ”
ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်လင်းကို သတိပေးလိုက်သည်။
လက်ရှိအခြေအနေက ဗိုလ်ချုပ်ကျန်း အတွက် အလွန်ပင်အန္တရာယ်များနေသည် မဟုတ်လော။
“အင်း”
ဝမ်လင်းက တိုးတိုးလေး ပြန်ဖြေခဲ့သည်။
သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မိုးချုံးသံများ ထွက်ပေါ်လာ၏။
ထိုခဏတွင် လျှပ်စီးကြောင်းများစွာသည် ထောင်ပေါင်းများစွာသော မီးဓားများကို ချက်ချင်းပင် ပျက်စီးစေခဲ့သည်။
ဗိုလ်ချုပ်ကျန်းနှင့် အန္တိမလူသတ်ဘုရင်တို့ နှစ်ဦးစလုံးက မိုးချုန်းသံ၏ ဦးတည်ရာဆီသို့ လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် အခြားသူတစ်ဦးက မူလစိတ်ဝိညာဉ်နယ်ပယ်ထဲ ဝင်လာခဲ့သည်ကို သူတို့အနေဖြင့် အာရုံမခံစားမိသောကြောင့် ဖြစ်သည်။
“စီနီယာအင်မော်တယ် မင်းဘယ်အချိန်တုန်းက ဝင်လာတာလဲ”
“သိပ်မကြာသေးပါဘူး”
ဗုံးပစ်စီနီယာအင်မော်တယ်က ပြန်ဖြေလိုက်သည်။
တကယ်တမ်းတွင် ထိုစကားသည် ဗုံးပစ်စီနီယာအင်မော်တယ်၏ ခန္ဓာကိုယ်ကိုထိန်းချုပ်၍ ဝမ်လင်းက ပြောဆိုနေခြင်း ဖြစ်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်၏ အသံက ကျန်နေဆဲ ဖြစ်သောကြောင့် ဗိုလ်ချုပ်ကျန်းနှင့် အန္တိမလူသတ်ဘုရင်တို့က သံသယ မဝင်ခဲ့ကြပေ။
ဝမ်လင်းက စကားများများ ပြောဆိုရသည်ကို ဝါသနာမပါချေ။
သို့ရာတွင် သူက ဗုံးပစ်စီနီယာအင်မော်တယ်အဖြစ် ဟန်ဆောင်ကာ ခန္ဓာကိုယ်ကို ထိန်းချုပ်ထား၍ နောက်ကွယ်မှ စီနီယာကြီးအဖြစ် ဟန်ဆောင်ရမည် ဖြစ်သည်။
ဗိုလ်ချုပ်ကျန်းနှင့် အန္တိမလူသတ်ဘုရင်တို့က သူ၏ စကားကြောင့် သိသိသာသာပင် အေးခဲသွားခဲ့သည်။
“မကြာသေးမီကလား”
သူတို့က လုံးဝ သတိမထားမိခဲ့ပေ။
အရေးအကြီးဆုံး အချက်မှာ ဗုံးပစ်စီနီယာ အင်မော်တယ်က မူလစိတ်ဝိညာဉ်နယ်ပယ် ထဲသို့ သူ့ဘာသာသူ ဝင်ရောက်လာခြင်း ဖြစ်သည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”
“စီနီယာအင်မော်တယ် မင်းဘယ်လိုဝင်လာတာလဲ”
ဗိုလ်ချုပ်ကျန်းက လုံးဝကို အံ့အားသင့်နေခဲ့သည်။
“အာကာပြင်ကို လက်နဲ့ ဆုတ်ဖြဲရတာ အရမ်းကြီး ခက်ခဲနေလို့လား”
ဗုံးပစ်စီနီယာ အင်မော်တယ်၏ ခန္ဓာကိုယ်ကို ကြိုးကိုင်ရင်း ဝမ်လင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ဗိုလ်ချုပ်ကျန်းနှင့် အန္တိမ လူသတ်ဘုရင်တို့က အေးစက်သည့် လေထုကို ရှူရှိုက်မိလိုက်ကြသည်။
“အာကာပြင်ကို လက်နဲ့ဆုတ်ဖြဲရတာ မခက်ခဲဘူးတဲ့လား”
စင်စစ် ဗိုလ်ချုပ်ရီ၏ မူလစိတ်ဝိညာဥ်နယ်ပယ်သည် သာမန်မူလစိတ်ဝိညာဥ်နယ်ပယ်နှင့် မတူဘဲ အာကာပြင်အလွှာပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည်။
ပုံမှန်အားဖြင့် ပကတိအင်မော်တယ်များသည် ၎င်းတို့ဖြတ်သန်းသွားလာရန် အာကာပြင်ကို ဆုတ်ဖြဲနိုင်သည်။
အာကာပြင်ကို ဆုတ်ဖြဲခြင်းနှင့် အာကာပြင် အလွှာပေါင်းများစွာကို ဖြတ်သန်းရသည်မှာ မတူပေ။
၎င်းတို့မှာ လုံးဝခြားနားသော အဆင့်များ ဖြစ်ကြသည်။
“တော်တော်ပူတာပဲ”
ဗုံးပစ်စီနီယာအင်မော်တယ်က မြေပြင်ကို ငုံ့ကြည့်လိုက်သည်။
ပကတိအင်မော်တယ် နှစ်ဦးကြား တိုက်ပွဲသည် မူလစိတ်ဝိညာဉ်နယ်ပယ်ရှိ မြေပြင်ကို ချော်ရည်များအဖြစ် ပြောင်းလဲသွားစေ၍ သူက အနည်းငယ် ပူလောင်လာခဲ့သည်။
“မင်းရောဘယ်လိုခံစားရလဲ”
ဗုံးပစ်စီနီယာအင်မော်တယ်က ဗိုလ်ချုပ်ကျန်းကို မေးလိုက်သည်။
“နည်းနည်းလောက်ပါပဲ”
ပုံမှန်အားဖြင့် ပကတိအင်မော်တယ်များသည် အလွန်မြင့်မားသော အပူချိန်များကို ခံနိုင်ရည်ရှိကြသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ခန္ဓာကိုယ်ထဲက သွေးတွေက ဆူပွက်နေသလို ခံစားရတယ်.. သွေးက ဆူပွက်နေတယ်ဆိုတော့ သွေးပူလေ့ကျင့်ခန်း လုပ်စရာ မလိုတော့ဘူးပေါ့.. ရန်ဖြစ်တဲ့အခါမျိုးမှာ သွေးပူရင် ပိုကောင်းတယ် မဟုတ်လား”
ဝမ်လင်းက သံသယဖြစ်ခြင်းမှ ရှောင်ရှားရန် ဗုံးပစ်စီနီယာအင်မော်တယ်၏ လေသံအတိုင်း အတုခိုး၍ ပြောလိုက်သည်။
ဗိုလ်ချုပ်ကျန်းက ထိုစကားကြောင့် အနည်းငယ်မှင်တက်သွားခဲ့သည်။
“စီနီယာအင်မော်တယ် ပြောတာမှန်တယ်”
“မင်းတို့နှစ်ယောက် တိုက်ခိုက်နေတာကြာပြီ.. ဒါပေမဲ့အခြေအနေကို ဘာမှမသိရဘူး.. ဒါကြောင့် ငါမင်းဆီ လာခဲ့တာပဲ”
“ဘာပဲဖြစ်ဖြစ် ငါက ဗုံးပစ်စီနီယာအင်မော်တယ်ကို ကျေးဇူးတင်ရမယ်.. မင်းရဲ့ ရောက်ရှိလာမှုက ကြီးမားတဲ့အကူအညီကို ဖြစ်စေခဲ့တယ်လေ.. ငါတို့အတူတူ တိုက်ခိုက်ကြစို့.. စီနီယာအင်မော်တယ်.. သင့်အနေနဲ့ ဗိုလ်ချုပ်ရီရဲ့ ခန္ဓာကိုယ်ကို ဖိနှိပ်ဖို့ပဲလိုတယ်.. ကျန်တာငါ့ကိုပဲ လွဲထားလိုက်တော့ “
“ဒါက အပိုအလုပ်တွေပဲ”
ဗုံးပစ်စီနီယာအင်မော်တယ်က ခေါင်းခါယမ်းလိုက်သည်။
ဗိုလ်ချုပ်ကျန်း “စီနီယာအင်မော်တယ် ဆိုလိုချင်တဲ့အဓိပ္ပါယ်က…”
ထိုခဏမှာပင် ဗုံးပစ်စီနီယာအင်မော်တယ်က မြေပြင်ကိုစူးစိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။
ဤသည်က သက်ပြင်းတစ်ချက်မျှသာ ဖြစ်သော်လည်း မြေပြင်ပေါ်ရှိ ချော်ရည်များက တစ်ခဏအတွင်း အေးခဲသွားခဲ့သည်။
ဗိုလ်ချုပ်ကျန်းနှင့် အန္တိမလူသတ်ဘုရင်တို့ မှင်တက်နေကြစဉ်မှာပင် ဗုံးပစ်စီနီယာအင်မော်တယ်၏ ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ်အတွင်း အန္တိမလူသတ်ဘုရင်၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
“ဟေ့ကောင် မင်းဘာတွေ ကြောင်ကြည့်နေတာလဲ”
ခန္ဓာကိုယ်လှုပ်ရှားသည့် အရှိန်အဟုန်က အလွန်ပင် မြန်ဆန်လွန်းနေသည်။
အန္တိမလူသတ်ဘုရင် အသိစိတ် ပြန်မဝင်ခင်မှာပင် ဗုံးပစ်စီနီယာအင်မော်တယ်က နဖူးကို တောက်လိုက်သည်။
“ထောက်”
စူးရှသောအသံနှင့်အတူ ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်က ကြီးမားသောတောင်တန်းများစွာကို ဖြတ်သန်း၍ ဥက္ကာပျံတစ်စင်းလို ပျံသန်းသွားခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်လင်းကို သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်ခွင့် ပြုလိုက်ခြင်းသည် အတွေအကြုံအသစ်အဆန်း တစ်ခုကို သင်ယူခဲ့ရသလို ခံစားခဲ့ရသည်။
သူကိုယ်တိုင် တိုက်ပွဲဝင်ခဲ့မည် ဆိုလျှင် ထိုအတွေအကြုံမျိုးကို လုံးဝရရှိမည် မဟုတ်ပေ။
သူ၏ အချစ်ဆုံးညီနောင်လင်းက မျှော်လင့်ထားသည့် အတိုင်းပင်။
“ညီနောင်လင်း မင်းကအရမ်းမိုက်တာပဲ”
ခန္ဓာကိုယ်အတွင်းမှ ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းကို ချီးကျူးလိုက်သည်။
“ကျေးဇူးပြုပြီးငါ့ခန္ဓာကိုယ်ကို မင်းကြိုက်သလိုသုံးပါ ညီနောင်လင်း.. လုံးဝမညှာပါနဲ့.. ဘာလို့လဲဆိုတော့ ငါကဘရိုကိုလီကို စားထားလို့ပဲ”
ဝမ်လင်း “……….”
အပိုင်း(၈၂၆) ပြီး၏