စစ်မှန်သောကပ်ဘေးတစ်ခု
Vol. 56 Ch. 828
အခုအချိန်တွင် ဝမ်လင်း၏ အမူအရာက အရင်လိုမဟုတ်တော့ပေ။
သူ့မှာ အချိန်သိပ်မကျန်တော့ချေ။
ဒဏ္ဍာရီလာ အန္တိမလူသတ်ဘုရင်၏ လုပ်နိုင်စွမ်းကို အကဲခတ်ခဲ့သော်လည်း နောက်ဆုံးတွင် အလွန်စိတ်ပျက်သွားခဲ့သည်။
အမှောင်နက်ဝေါ့ခ်၏ နံပါတ်တစ်သည် ဤအဆင့်တွင်သာ ရှိသေးပါသလော။
လူသတ်ဘုရင် စိတ်ဓာတ်သည် ဝမ်လင်း၏ အကြည့်အောက်တွင် ချက်ချင်း ပြိုလဲသွားခဲ့သည်။
တစ်ဖက်လူတွင် ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ စိတ်ဝိညာဉ်ကို တိုက်ရိုက်ဖိနှိပ်နိုင်တဲ့ နည်းလမ်းရှိပုံပေါ်၏။
ထိုသို့သော နည်းစနစ်ကို တတ်စွမ်းနိုင်သောလူသည် မည်ကဲ့သို့ သာမန် ဖြစ်နိုင်ပါမည်နည်း။
တစ်ဖက်လူက သူ၏ခန္ဓာကိုယ် အပိုင်စီးသည့် နည်းစနစ်ကို နားလည်ထားသည်ဟု ယူဆရသည်။
"အဆုံးမဲ့ထိုးနှက်ချက် နည်းစနစ် သည် အနောက်ကမ္ဘာတွင် ပျံ့နှံ့နေသည့် တားမြစ်မှော်နည်းစနစ် ဖြစ်သည်။
အနောက်ကမ္ဘာတွင် တားမြစ်ထားသော မှော်နည်းစနစ်များ ပါရှိသည့် "အနက်ရောင် ကျမ်းစာ" ဟူသော စာအုပ်တစ်အုပ်ရှိခဲ့ဖူးပြီး ထိုအချိန်က အန္တိမလူသတ်ဘုရင်သည် ထိုကျမ်းစာထဲမှ နည်းစနစ်ကို ရယူရန် အဖိုးအခ ကြီးကြီးမားမား ပေးခဲ့ရသည်။
အဆုံးမဲ့ထိုးချက်သည် အနက်ရောင်ကျမ်းစာ၏ တားမြစ်ထားသော မှော်နည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။
အနက်ရောင်ကျမ်းစာကို မြင်ဖူးသူသာလျှင် ဤနည်းစနစ်ကို နားလည်နိုင်ပေမည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် သူ၏ နည်းစနစ်ကို အမှန်တကယ် နားလည်နေခဲ့သည်။
သို့သော် ယခုအချိန်တွင် ဤကိစ္စကိုစဥ်းစားနေရန် အချိန်မရှိပေ။
အန္တိမလူသတ်ဘုရင်က ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် မလွဲမသွေ ရင်ဆိုင်တိုက်ခိုက်ရမည်ကို သိသည်။
လက်ရှိတွင် သူဦးစားပေး လုပ်ရမည့်အရာမှာ ချီကို ခန္ဓာကိုယ်အတွင်း လှည့်ပတ်ပြီး သူဝတ်ဆင်ထားသည့် အတွင်းခံဘောင်းဘီကို အခြောက်ခံရန် ဖြစ်၏။
ဗုံးပစ်စီနီယာအင်မော်တယ်က သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အေးစက်သော ချွေးများ စိုရွှဲသွားခဲ့သည်။
သူ့အဝတ်အစားများက အရေပြားပေါ်တွင် ချွေးနှင့်ကပ်စီးစီး ဖြစ်နေသဖြင့် အန္တိမ လူသတ်ဘုရင်က အလွန်ပင် စိတ်မသက်မသာ ဖြစ်နေ၏။
သတ်ဖြတ်ခြင်းသည် အန္တိမလူသတ်ဘုရင်အတွက် အနုပညာတစ်ခုဖြစ်သည်။
အနုပညာတစ်ခုဖြစ်သောကြောင့် သတ်ဖြတ်မှု တစ်ခုစီတိုင်းကို စိတ်ရင်းမှန်ဖြင့် လေးလေးနက်နက် ဆောင်ရွက်သင့်သည် မဟုတ်လော။
"ယားးး"
ထို့ကြောင့် အန္တိမလူသတ်ဘုရင်က ချီကို စတင် စုစည်းခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော ပကတိအင်မော်တယ်ချီ ထွက်လာ၏။
သို့သော် ဝမ်လင်း မစောင့်နိုင်တော့ပေ။
ဤအန္တိမလူသတ်ဘုရင်က ဘာလုပ်ချင်မှန်း သူမသိချင်တော့ချေ။
ဝမ်လင်းအတွက် ဤတိုက်ပွဲကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းသည်သာ ပထမဦးစားပေး ဖြစ်သည်။
နောက်ထပ် တစ်စက္ကန့်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပုံရိပ်က တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် မိုးကုပ်စက်ဝိုင်းတွင် ပြန်ပေါ်လာပြီး အန္တိမလူသတ်ဘုရင် ဆီသို့ ဦးတည်သွားနေသည့် မီးတောက်လောင်နေသော ဥက္ကာပျံတစ်ခု အဖြစ် ပြောင်းလဲသွားသည်။
ပြင်းထန်သော စွမ်းအား သက်ရောက်မှုက မြေပြင်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
ဤသည်မှာ ဗိုလ်ချုပ်ရီ၏ မူလစိတ်ဝိညာဉ်နယ်ပယ်ဖြစ်ကြောင်း သိသာထင်ရှားသော်လည်း ဝမ်လင်းသည် ထိုအချိန်တွင် ဂရုမစိုက်အားတော့ပေ။
ဤရုတ်တရက် လှုပ်ရှားမှုသည် အန္တိမလူသတ်ဘုရင်ကို ခြေမကိုင်မီ လက်မကိုင်မီ ဖြစ်စေခဲ့သည်။
သူ့အတွင်းခံက မခြောက်သေးပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်က မီးတောက်နေသော ဥက္ကာပျံပုံစံဖြင့် ကောင်းကင်မှ ဆင်းသက်ခဲ့သည်။
သူက နူကလီးယား ဗုံးတစ်လုံးကဲ့သို့ စူးရှသော လေခွင်းသံဖြင့် ဆင်းသက်လာရာ အန္တိမလူသတ်ဘုရင်က ခေါင်းပင် မမော့နိုင်တော့ဘဲ ဗုဒ္ဓ လက်ဖဝါးဖြင့် ဖိခံထားရသလို မြေပြင်ပေါ်တွင် ပြားကပ်ကာ မျက်လုံးပင် မဖွင့်နိုင်ခဲ့ချေ။
ဗိုလ်ချုပ်ကျန်းက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
"ဘယ်လောက်တောင် တိကျတဲ့တိုက်ခိုက်မှုလဲ"
ယင်းက အစုလိုက်အပြုံလိုက် အသေအပျောက် ပျက်ဆီးစေမည့် အကြီးစားတိုက်ခိုက်မှုတစ်ခု ဖြစ်သည်မှာ သိသာထင်ရှား၏။
သို့သော် ဗိုလ်ချုပ်ကျန်းသည် လေပြင်းတိုက်ခံရသည်ကလွဲလျှင် ဖိအားနည်းနည်းမှ မခံစားရပေ။
အကြောင်းရင်းမှာ ဝမ်လင်းက သူ၏ ခွန်အားများကို ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။
အန္တိမလူသတ်ဘုရင်က ဝမ်လင်း၏ ဖိအားကို လုံးဝခံနိုင်ရည် မရှိခဲ့ပေ။
မှောက်လျက် လဲလျောင်းရင်း ခေါင်းကို အနည်းငယ် မော့နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
ဝမ်လင်း၏ တိုက်ခိုက်မှုက ဘုရားသခင် ပြစ်ဒဏ်ပေးခြင်း ဆင်းသက်လာပုံနှင့် ဆင်တူသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က လူသားတစ်ဦး ဖြစ်သည်မှာ ထင်ရှားသော်လည်း အန္တိမလူသတ်ဘုရင်၏ အမြင်တွင် ဤလူသားသည် ကမ္ဘာမြေကို ထိမှန်မည့် ဂြိုဟ်နှင့် တူ၏။
တစ်ဖက်လူ ဆင်းသက်လာသည်နှင့် အမျှ ဖိအားက အန္တိမလူသတ်ဘုရင်အပေါ် တဖြည်းဖြည်း တိုးလာခဲ့သည်။
"ငါ အန္တိမလူသတ်ဘုရင်က ဒီနေရာမှာ သေရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး"
စက္ကန့်ပိုင်းလေး အတွင်းမှာပင် သူ့မျက်လုံးရှေ့၌ သူ့ဘဝ၏ အမှတ်တရများ ပေါ်ပေါက်လာသည်။
ဗုံးပစ်စီနီယာအင်မော်တယ်သည် ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ကို သူနှင့်အတူ ဖျက်ဆီးပစ်မည်မှာ သေချာသည်။
ဤမျှပြင်းထန်သော တိုက်ခိုက်မှုကို ပြန်လည် ထိန်းချုပ်ရန်မှာ အချိန်နှောင်းသွားပြီ ဖြစ်၏။
အန္တိမလူသတ်ဘုရင်က အေးစက်စွာ ရယ်လိုက်သည်။
လက်ရှိတွင် သူက ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်မှ နုတ်ထွက်သွားလျှင် ဤတိုက်ခိုက်မှုမှ လွတ်မြောက်သွားနိုင်သော်လည်း ဗိုလ်ချုပ်ရီကမူ ဗုံးပစ်စီနီယာအင်မော်တယ်၏ တိုက်ခိုက်မှုကြောင့် သေသွားလိမ့်မည် ဖြစ်သည်။
ဤအတိုင်းသာဆိုလျှင် မည်သို့ ဖြစ်လာနိုင်မည်နည်း။
…...............
စက္ကန့်အနည်းငယ်အကြာတွင် မူလစိတ်ဝိညာဉ်နယ်ပယ် အပြင်ဘက်တွင် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသူများသည် ဗုံးပစ်စီနီယာအင်မော်တယ်၊ ဗိုလ်ချုပ်ကျန်း နှင့် ဗိုလ်ချုပ်ရီတို့ အထိအခိုက်မရှိ ထွက်လာသည်ကို တွေ့လိုက်ရသည်။
အန္တိမ လူသတ်ဘုရင်သည် ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ကို အပိုင်စီးလိုက်သောအခါ ဗိုလ်ချုပ်ရီ၏ ဝိညာဉ်သည် ထောင်ကျသွားခဲ့သည်။
သူက ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သော်လည်း အပြင်မှာ ဖြစ်ပျက်နေသည့် အရာများကို ရှင်းရှင်းလင်းလင်း သိသည်။
ဗုံးပစ်စီနီယာအင်မော်တယ် ဆင်းသက်လာသည်ကို မြင်သောအခါ သူသေတော့မည်ဟု ထင်ခဲ့သည်။
ပိုဆိုးသည်မှာ နောက်ဆုံး အခိုက်အတန့်တွင် အန္တိမလူသတ်ဘုရင်သည် သူ့ကိုယ်ထဲကို ပြန်ဝင်ဖို့ ဆုံးဖြတ်ပြီး ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ကို ပြန်ပေးခဲ့ခြင်း ဖြစ်၏။
ဤသို့ဖြင့် ချက်ချင်းပင် ဗိုလ်ချုပ်ရီသည် သူ့ကိုယ်ခန္ဓာကို ပြန်လည်ရရှိကာ အတွင်းခံဘောင်းဘီ ထပ်မံ စိုစွတ်သွားမည်ကို ကြောက်ရွံ့နေခဲ့သည်။
သို့သော် ခြုံငုံကြည့်လျှင် ကျေနပ်စရာကောင်းသည့် အဆုံးသတ် ဖြစ်ခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်၏ ခန္ဓာကိုယ်ထဲမှ ဝမ်လင်းသည် အန္တိမလူသတ်ဘုရင်ကို သတ်ရန် အလုံးစုံသော လှုပ်ရှားမှုကို ပြုလုပ်ခဲ့သော်လည်း ယင်းမှာ အန္တိမလူသတ်ဘုရင်ကို ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာရန် တွန်းအားပေးခြင်းသာ ဖြစ်၏။
ထိုကြောင့် အစကတည်းကပင် ဤတိုက်ခိုက်မှုသည် အကျပ်ကိုင်သည့် နည်းဗျူဟာတစ်ခု ဖြစ်ပြီး ဝမ်လင်းအနေဖြင့် အသေသတ်ရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပေ။
စက္ကန့်ပိုင်းအချိန်လေး အတွင်း ဝမ်လင်းသည် သူ့ခွန်အားများကို အကုန် ပြန်ရုတ်သိမ်းခဲ့သည်။
ဆိုရလျှင် ဤအရာအားလုံးသည် သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။
"ဒါ.. မဖြစ်နိုင်ဘူး"
တစ်ဖက်တွင်လည်း သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်လာသော အန္တိမ လူသတ်ဘုရင်၏ မျက်နှာတွင် မယုံကြည်နိုင်လောက်သော အမူအရာတစ်ခု ရှိနေသည်။
ယခု တိုက်ခိုက်မှုသည် ပကတိအင်မော်တယ် ခန္ဓာကိုယ်ကို ဖျက်ဆီးရန် လုံလောက်သည့် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
စက္ကန့်ပိုင်းမျှအတွင်း တိုက်ကွက်ကို ရုတ်သိမ်းနိုင်သည်မှာ အဓိပ္ပါယ် လုံးဝမရှိပေ။
ဤအရာက အန္တိမလူသတ်ဘုရင် မျှော်လင့်ထားသည်ထက် ကျော်လွန်ခဲ့သည်။
အရာအားလုံးကို မျက်မြင်တွေ့ခဲ့သည့် ဗိုလ်ချုပ်ရီနှင့် ဗိုလ်ချုပ်ကျန်းတို့လည်း ထို့အတူပင်။
ဗုံးပစ်စီနီယာ အင်မော်တယ်က မယုံနိုင်လောက်အောင် သန်မာလွန်းနေသည်။
ဤကဲ့သို့ အစွမ်းထက်သည့်လူက သူ့ကိုယ်သူ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူအဖြစ် တကယ်ပဲ နှစ်ပေါင်းများစွာ ကြာအောင် သိုသိုသိပ်သိပ် နေထိုင်ခဲ့ပါသလော။
ယခုလို နှိမ့်ချတတ်သည့် စိတ်ဓာတ်မျိုးက တကယ်ကို တွေ့ရခဲသည်။
ဗိုလ်ချုပ်ဆယ်ယောက်က ဗုံးပစ်စီနီယာ အင်မော်တယ်ဆီကနေ ကောင်းကောင်းသင်ယူသင့်သည်ဟု တွေးမိခဲ့သည်။
"အန္တိမလူသတ်ဘုရင် မင်းဘာပြောစရာရှိသေးလဲ"
ဗိုလ်ချုပ်ရီက အန္တိမလူသတ်ဘုရင်ကို စိုက်ကြည့်၍ မေးလိုက်သည်။
အန္တိမလူသတ်ဘုရင်က အဆုံးမဲ့ ထိုးနှက်ချက် စွမ်းရည်ကို ထပ်မံ အသုံးပြုမည်ကို စိုးရိမ်သောကြောင့် ယခုတစ်ကြိမ်တွင် အလျင်စလို မလုပ်ဆောင်ခဲ့ပေ။
သူ့အနေဖြင့် အန္တိမလူသတ်ဘုရင် ထွက်ပြေးမည်ကိုလည်း စိတ်ပူစရာမလိုပေ။
အခင်းဖြစ်ပွားရာနေရာ၌ အတားအဆီးတစ်ခုကို တပ်ဆင်ထားပြီးပြီ ဖြစ်သောကြောင့်ပင်။
ထို့အပြင် အန္တိမ လူသတ်ဘုရင်၏ ဝိညာဥ်သည် ဒဏ်ရာပြင်းထန်စွာ ရရှိနေခဲ့သည်။
ယင်းကြောင့် ထွက်ပြေးရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
အဖြစ်အပျက်တစ်ခုလုံးက အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့သည်။
ဗိုလ်ချုပ်ဆယ်ဦးသည် အန္တိမလူသတ်ဘုရင်ကို မည်သို့မည်ပုံ ကိုင်တွယ်ရမည်နှင့် ပတ်သက်၍ ဆွေးနွေးနေစဉ်တွင် ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်လင်းကို ကျေးဇူးတင်ကြောင်း သတင်းစကား ပေးပို့ခဲ့သည်။
“ညီနောင်လင်း ကျေးဇူးတင်ပါတယ်.. ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
သို့သော် ဝမ်လင်းက ပြန်မဖြေအားပေ။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ဆရာမဖန်က သူ့နာမည်ကို အတန်းထဲ၌ ခေါ်နေသောကြောင့် ဖြစ်သည်။
ဆရာမဖန်၏ တာအိုအဆောင်လက်ဖွဲ့ အတန်းချိန်ကို တက်ရောက်ရင်း ဝမ်လင်းသည် ဗုံးပစ်စီနီယာအင်မော်တယ်၏ ခန္ဓာကိုယ်ထဲမှ သူ၏ဝိညာဉ်ကို ထုတ်ယူလိုက်သည်။
ထို့ကြောင့် ဆရာမဖန်က မေးခွန်းတစ်ခုဖြေဆိုရန် လှမ်းခေါ်လိုက်သောအခါ အချိန်မီ ပြန်မဖြေနိုင်ခဲ့ပေ။
ဝမ်လင်း သတိပြန်ဝင်လာချိန်တွင် ဆရာမဖန်က သူ့နာမည်ကို သုံးခါလောက် ခေါ်ပြီးပြီ ဖြစ်၏။
ယခုက စတုတ္ထအကြိမ် ဖြစ်သည်။
"ကျောင်းသား ဝမ်လင်း.. အတန်းထဲမှာ အာရုံမရှိဘူးလား.. စာမေးပွဲတွေက လာတော့မယ်.. မင်းမိဘတွေကို ငါဆက်သွယ်ဖို့ လိုနေပြီထင်တယ်"
“…...........”
အပိုင်း(၈၂၈) ပြီး၏