ပထမဆုံး ပကတိအရှင်မြတ်
Vol. 56 Ch. 830
ဤပေါက်ကွဲသံသည် လူတိုင်းကို သတိမထားမိဘဲ မနေနိုင်စေခဲ့ပေ။
အခြေခံ တည်ထောင်ခြင်း အဆင့်ရှိ ကမ္ဘာအရပ်ရပ်မှ ကျင့်ကြံသူများပင် ကောင်းကင်ထက်မှ တာအို၏ အငွေ့အသက်တစ်ခုက ၎င်းတို့၏ ဦးခေါင်းများကို ညင်သာစွာ ရိုက်ခတ်ရန် လက်ကို ဆန့်လိုက်သကဲ့သို့ ပဲ့တင်ထပ်နေသော စွမ်းအားကို ထိုအချိန်တွင် ခံစားလိုက်ရသည်။
ယင်းက အံ့သြစရာကောင်းပြီး ကြည်နူးစရာကောင်းသည့် အသံတစ်ခုလိုပင်။
အခြေခံအားဖြင့် ကျင့်ကြံသူတိုင်း ခံစားခဲ့ရသည်။
တစ်ခုတည်းသော ခြားနားချက်မှာ အခြေခံ တည်ထောင်ခြင်းအဆင့် နှင့် ရွှေအမြူတေအဆင့် ကျင့်ကြံသူများ ကဲ့သို့ အောက်ခြေ နယ်ပယ်အဆင့် ရှိသူများသည် ခံစားနိုင်သော်လည်း ဘာဖြစ်နေသည်ကို မသိခဲ့ပေ။
စင်စစ် ဤသည်မှာ တစ်စုံတစ်ယောက်က ပကတိအင်မော်တယ် အဆင့်ကို ဖြတ်ကျော်သွားပြီး အင်မော်တယ်အရှင်မြတ် အဆင့်သို့ မရောက်သေးသော လက္ခဏာဖြစ်သည်။
ဆိုရလျှင် ထိုနယ်ပယ်အဆင့်သည် အင်မော်တယ်အရှင်မြတ်အဆင့်နှင့် အလွန်နီးကပ်သော နယ်ပယ်အဆင့် အမျိုးအစား ဖြစ်သည်။
ရှေးကျမ်းစာများ အရ ဤနယ်ပယ်အဆင့်ကို ခြေလှမ်းတစ်ဝက် အင်မော်တယ်အရှင်မြတ် သို့မဟုတ် ပကတိအရှင်မြတ် အဖြစ် လူသိများသည်။
ပကတိအင်မော်တယ် အဆင့်သည် ထိုနယ်ပယ်အဆင့်ထက် အားနည်းသော နယ်ပယ်အဆင့် ဖြစ်သည်။
ပကတိအရှင်မြတ်က အလွန် ရှားပါး၍ ရှေးခေတ်ကျမ်းစာများတွင် ဤအဆင့်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ အလွန်နည်းပါးသည်။
ထိုအဆင့်နှင့် ပတ်သက်သည့် မှတ်တမ်းများက အင်မော်တယ်အရှင်မြတ် အဆင့်ထက်ပင် နည်းပါးသည်။
ကမ္ဘာကြီး၏ ဝိညာဉ်စွမ်းအင်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပါးလွှာလာသောကြောင့် နိုင်ငံတိုင်းသည် ပကတိအင်မော်တယ် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ပကတိအင်မော်တယ်များက ၎င်းတို့၏ နယ်ပယ်အဆင့်များကို ထိန်းသိမ်းရန် လိုအပ်လာသောကြောင့် သဘောတူစာချုပ်ကို နိုင်ငံတိုင်းက ပူးပေါင်း လက်မှတ်ရေးထိုးခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် အင်မော်တယ် အရှင်မြတ်အဆင့်သို့ တက်လှမ်းခြင်းသည် ကမ္ဘာမြေကြီး၏ ဝိညာဉ်စွမ်းအင်ကို များပြားစွာ သုံးစွဲရသောကြောင့် ဖြစ်၏။
ကမ္ဘာကြီးတွင် စွမ်းအင်များ ခန်းခြောက်သွားသည်နှင့်အမျှ ကျင့်ကြံသူများ၏ သက်တမ်းသည် ထာဝရကုန်ဆုံးသွားပေလိမ့်မည်။
ဗိုလ်ချုပ်ဆယ်ပါးနှင့် နိုင်ငံခေါင်းဆောင်တို့သည် အင်မော်တယ် အရှင်မြတ်အဆင့်သို့ တက်လှမ်းနိုင်လောက်သည်အထိ အစွမ်းထက်ကြသော်လည်း သဘောတူစာချုပ်ကြောင့် ၎င်းတို့၏ နယ်ပယ်အဆင့်များကို အဆင့်မတက်စေရန်အတွက် စည်းတံဆိပ်ခတ် ထားကြသည်။
ဤနှစ်များတစ်လျှောက်တွင် နိုင်ငံအားလုံး အတူတကွလုပ်ဆောင်ခဲ့သည့် အဓိကသုတေသန ပရောဂျက်သည် ကမ္ဘာမြေ၏ အရင်းခံစွမ်းအားကို မထိခိုက်စေဘဲ ပကတိအင်မော်တယ် အဆင့်ကို ဖြတ်ကျော်ဖို့ နည်းလမ်းအား ရှာဖွေရန် ဖြစ်သည်။
သို့သော် ယနေ့တွင် တစ်စုံတစ်ယောက်က ပကတိအင်မော်တယ် အဆင့်ကို ကျော်ဖြတ်သွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
၎င်းက အင်မော်တယ်အရှင်မြတ် အဆင့် မဟုတ်သေးသော်လည်း ပကတိအင်မော်တယ်ထက် စွမ်းအားကြီးသော အဆင့် ဖြစ်သည်။
အရေးအကြီးဆုံးမှာ ပကတိအရှင်မြတ် နယ်ပယ်က အနာဂတ်တွင် ပိုမိုတိုးတက် ကောင်းမွန်လာနိုင်သည်ဟု အာမခံနိုင်ခြင်း ဖြစ်၏။
ပကတိအရှင်မြတ်အဆင့်သို့ ရောက်ရှိပြီးလျှင် အင်မော်တယ်အရှင်မြတ် အဆင့်သို့ တက်လှမ်းရန် အခက်အခဲသည် အလွန်တရာ လျော့ကျသွားပြီး အောင်မြင်မှုနှုန်းမှာ ရှစ်ဆယ်မှ ကိုးဆယ် ရာခိုင်နှုန်းအထိ ရှိသည်။
ထိုအချိန်တွင် ဟင်းလင်းပြင် မွမ်းမံခြင်းအဆင့် ၊ ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့် နှင့် ပကတိအင်မော်တယ် အဆင့် ကျင့်ကြံသူများသည် ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်း နားလည် သဘောပေါက်ခဲ့သည်။
ဤသည်မှာ ကမ္ဘာကြီး၏ ခေတ်သစ်သမိုင်းတွင် ပကတိအင်မော်တယ် နယ်ပယ်အဆင့်ကို ဖြတ်ကျော်သွားသော ပထမဆုံး ပုဂ္ဂိုလ်ပင် ဖြစ်နိုင်၏။
"ဒါပေမယ့် ဒီလူက ဘယ်သူလဲ"
တခဏအတွင်းမှာပင် ကျင့်ကြံသူ အများအပြားသည် ၎င်းတို့၏ နှလုံးသားထဲတွင် ထိုမေးခွန်းကို မေးခဲ့ကြသည်။
အဆင့်တက်မှု ဖြစ်ပေါ်လာတော့မည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိခဲ့ဘဲ ရုတ်တရက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း ညသရဲဝိညာဥ်အင်ပါယာ၏ ခေါင်းဆောင်နေရာကို အောင်မြင်စွာအစားဝင်နိုင်ခဲ့သော ဥက္ကဌပိုင်၏ မျက်နှာတွင် အကျည်းတန်သော အမူအရာရှိနေသည်။
တစ်စုံတစ်ယောက်သည် ပကတိအရှင်မြတ် ဖြစ်လာခဲ့သည်။
ယင်းက ညဦးစီးမှူးအဖွဲ့ အတွက် သေချာပေါက် သတင်းဆိုးပင်။
အရေးကြီးဆုံးမှာ သူ၏ ဆရာသမား ဖြစ်သူ တာအို ဆရာသခင်ဝမ် ဘယ်နေရာသို့ ရောက်နေသည်ကို လောလောဆယ် မသိရသေးခြင်း ဖြစ်သည်။
တာအိုဆရာသခင်ဝမ်က သူခိုးကို သင်ခန်းစာတစ်ခု ပေးမည်ဟု ပြောကာ ထွက်သွားပြီးကတည်းက ပြန်မပေါ်လာခဲ့ပေ။
အန္တိမလူသတ်ဘုရင် နှင့် ပတ်သက်၍ ဥက္ကဌပိုင်က မစ်ရှင်ကျရှုံးခဲ့ကြောင်း သတင်းရရှိပြီးနောက် ကြေကွဲဖွယ်ရာ ရှုံးနိမ့်မှုကို ခံစားခဲ့ရသည်။
ဥက္ကဌပိုင်က ရင်ထဲတွင် အနည်းငယ် စိတ်မသက်မသာ ခံစားရသော်လည်း ဘာမှားနေသည်ကို တိတိကျကျ မပြောနိုင်ခဲ့ပေ။
ကမ္ဘာပေါ်မှာ မည်သူက ပကတိအရှင်မြတ် ဖြစ်လာပါသနည်း။
ဤမေးခွန်းက တစ်ကမ္ဘာလုံး သိချင်နေသည့် မေးခွန်းတစ်ခု ဖြစ်သည်။
ဤပုစ္ဆာ၏ အဖြေက ညစာစားပွဲကို တက်ရောက်လာသည့် ဗိုလ်ချုပ်ရီ နှင့် ဗိုလ်ချုပ်ကျန်းတို့အပြင် ဧည့်ပရိသတ်အားလုံး၏ အရှေ့တွင် ရှိနေသည်။
ကောင်းကင်ယံမှအသံက ဗုံးပစ်စီနီယာအင်မော်တယ် ဘရိုကိုလီ တစ်လုတ် စားပြီးနောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်၏။
ထို့နောက် လူတိုင်း၏ အံ့အားသင့်သော အကြည့်များ အောက်မှာပင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
မျက်စိများ ကျိန်းစက်လာ၍ ဧည့်သည်တွေ အားလုံးက ခဏမျှ မျက်လုံးများကို မှိတ်လိုက်ကြသည်။
ဤသည်မှာ နေရောင်ခြည်မီးတောက်ထက်ပင် ပိုမိုပြင်းထန်စွာလောင်ကျွမ်းသည့် ကောင်းကင်တာအို၏ ရောင်ခြည်ဖြစ်သည်။
ဗိုလ်ချုပ်ရီရော ဗိုလ်ချုပ်ကျန်းပါ အလင်းရောင်ထဲမှ ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ကြပေ။
ကောင်းကင်တာအို စွမ်းရည်ကို မရည်ရွယ်ဘဲ နိုးထစေခဲ့သည့် လက်ဝါးဂိုဏ်းချုပ် စုရှင်းပင် ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ချေ။
သူနိုးထစေခဲ့သည့် ကောင်းကင်တာအို အရေအတွက်မှာ အကန့်အသတ်ရှိသောကြောင့် ကောင်းကင်တာအို၏ တကယ့် အနှစ်သာရကို အသွင်အပြင်အားဖြင့် မမြင်နိုင်ခဲ့ပေ။
ဗိုလ်ချုပ်ကျန်းက အလင်းရောင်ကြောင့် မျက်စိကွယ်သွားသလိုပင် ခံစားလိုက်ရသည်။
"အဖိုးကြီးရီ .. ဖြစ်နိုင်တာက."
“မင်းထင်တာ မမှားဘူး…”
ဗိုလ်ချုပ်ရီ“ငါတို့နှစ်ယောက်လုံးက စီနီယာအင်မော်တယ် ရဲ့ ခွန်အားကို ကောင်းကောင်းသိကြတာပဲ.. ဒါပေမယ့် ဘရိုကိုလီ တစ်လုတ်လောက် စားရုံနဲ့ ကောင်းကင်တာအိုကို နားလည်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး”
“ကွိုင်ပဲ.. ဗုံးပစ်စီနီယာအင်မော်တယ်က အဆင့်တက်သွားပြီ”
ဗိုလ်ချုပ်ကျန်းက လုံးဝကို တုန်လှုပ်သွားခဲ့သည်။
"မင်းဘာတွေ စိတ်ပူနေလဲ ငါသိတယ်"
ပကတိအင်မော်တယ် သဘောတူစာချုပ် အတွက် ဗိုလ်ချုပ်ကျန်း စိတ်ပူနေမှန်း ဗိုလ်ချုပ်ရီ သိသည်။
ပကတိအင်မော်တယ် အားလုံးကို အင်မော်တယ်အရှင်မြတ် အဆင့်သို့ တက်လှမ်းခွင့် မပြုကြောင်း အစည်းအဝေးတွင် ပြောထားသော်လည်း ယင်းအချက်မှာ ကမ္ဘာမြေမှ ဝိညာဥ်စွမ်းအင်ကို သုံးစွဲမှသာ အကြုံးဝင်သည်။
အစည်းအဝေးတွင် မည်သူတစ်ဦးတစ်ယောက်ကမှ ပကတိအရှင်မြတ် အဆင့်သို့ မတက်လှမ်းနိုင်ဟု ဘယ်သောအခါမှ မပြောခဲ့ကြပေ။
၎င်းနယ်ပယ်အဆင့်က ပကတိအင်မော်တယ် နှင့် အင်မော်တယ်အရှင်မြတ် ကြားရှိ နယ်ပယ်အဆင့် ဖြစ်သည်ဟူသောအချက်ကိုပင် လျစ်လျူရှုထားခဲ့သည်။
ထို့ကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်က မည်သည့်စည်းမျဉ်းကိုမျှ မချိုးဖောက်ခဲ့ပေ။
ထို့အပြင် အရေးကြီးဆုံးအချက်မှာ ဗုံးပစ်စီနီယာအင်မော်တယ်၏ ပကတိအရှင်မြတ် အဆင့်သို့ တက်လှမ်းမှုတွင် ကမ္ဘာမြေကြီး၏ ဝိညာဉ်စွမ်းအင်ကို လုံးဝ အသုံးမပြုထားခြင်း ဖြစ်သည်။
အကယ်၍ အသုံးပြုခဲ့လျှင် ကြီးမားသော ဝိညာဉ်စွမ်းအင်များက လွှမ်းမိုးသွားမည်ဖြစ်ပြီး သူ့ကို ဗဟိုပြုသည့် ပတ်ဝန်းကျင် တစ်ခုလုံးက ပျက်စီးသွားနိုင်သည်။
ထို့ကြောင့် အင်မော်တယ်အရှင်မြတ် အဆင့်သို့ တက်လှမ်းမည့် ကျင့်ကြံသူများသည် အဆင့်တက်ရန် အတွက် လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေရမည် ဖြစ်၏။
ဗုံးပစ်စီနီယာ အင်မော်တယ်ကမူ ဘရိုကိုလီ အပိုင်းအစ တစ်ခုကြောင့် အမှန်တကယ် တိုးတက်နေပြီဟု ထင်ရသည်။
လူတော်တော်များများက ဤအချက်ကို လက်မခံချင်ကြသော်လည်း အလင်းမှိန်ဖျော့သွားသောအခါတွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ လက်နှစ်ဖက်နှင့် နဖူးပေါ်မှ ပကတိအရှင်မြတ် အမှတ်အသားကို သတိပြုမိကာ အံ့သြသွားကြသည်။
“ဒါဟာ ပကတိအရှင်မြတ် အမှတ်အသားပဲ"
"စီနီယာအင်မော်တယ်ရဲ့ လက်နဲ့ နဖူးပေါ်မှာ အမှတ်အသားရှိတယ်ဟေ့”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ထိုအခါမှသာ ဗုံးပစ်စီနီယာအင်မော်တယ်က စိတ်ထဲကနေ “လခွမ်း”ဟု ထအော်လိုက်သည်။
"သူတကယ် အဆင့်တက်သွားပြီလား"
သူ့နှလုံးသားက တခဏတာအတွင်း ခံစားချက်မျိုးစုံဖြင့် ခုန်ပေါက်သွားပြီး မျက်လုံးထောင့်ကနေ မျက်ရည်များပင် စီးကျလာသည်။
[မျှော်လင့်ထားသလိုပဲ.. စီနီယာကြီးဝမ်က ငါ့ကို မလှည့်စားခဲ့ဘူး]
သူက အောက်ခြေ နယ်ပယ်အဆင့်ဟု ပြော၍ရသည့် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်ကနေ မျက်စိတစ်မှိတ် အတွင်း ထိပ်ဆုံးအဆင့် ဖြစ်သည့် ပကတိအရှင်မြတ် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ခေတ်သစ်သမိုင်းတွင် မည်သူမျှ ပကတိအရှင်မြတ် နယ်ပယ်အဆင့်သို့ မရောက်ဖူးခဲ့ပုံ ရသည်။
ဗုံးပစ်စီနီယာအင်မော်တယ်က မျက်ရည်များကို သုတ်လိုက်သည်။
သူက စတင်ကျင့်ကြံချိန်မှစ၍ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်သို့ရောက်ရန် အနှစ် နှစ်ထောင်နီးပါး အချိန်ယူခဲ့ရသည်။
ယင်းက လျင်မြန်သည်ဟု ထင်ရသော်လည်း သူမည်မျှ ကြိုးစားအားထုတ်ခဲ့ရသည်ကို သူကိုယ်တိုင်သာ သိသည်။
တစ်ခါကဆိုလျှင် သူ့တစ်သက်တာ၌ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ကျော်ဖြတ်ဖို့ မျှော်လင့်ချက်မရှိလောက်တော့ဟုပင် တွေးခဲ့ဖူး၏။
ယင်းက သူအချစ်ဆုံး ညီနောင်လင်း အပါအဝင် ဝမ်မိသားစုမှ စီနီယာကြီးများ နှင့် မဆုံတွေ့ရခင်အထိ ဖြစ်သည်။
ဝမ်မိသားစုအိမ်ငယ်လေးဆီ သွားရောက်လည်ပတ်စဥ် စီနီယာကြီးဝမ်က ဘရိုကိုလီကို ကျွေးခဲ့ပြီး အနောက်အရပ်သို့ခရီးသွားခြင်း ဇာတ်ကားထဲကလို မလျော့သော ဇွဲနှလုံးသား ထားရှိသင့်သည်ဟု လမ်းပြပေးခဲ့သည်။
ထိုအချိန်မှစ၍ ဗုံးပစ်စီနီယာ အင်မော်တယ်က မျှော်လင့်ချက်များ ရှင်သန်လာခဲ့ပြီး စီနီယာကြီးဝမ် ကျွေးခဲ့သည့် ဘရိုကိုလီကို အရူးအမူး လေ့လာခဲ့၏။
အဆုံးသတ်တွင် စီနီယာကြီးဝမ် အရိပ်အမြွက် ပြပေးခဲ့သည့် ဘရိုကိုလီက တကယ်ကို ဆန်းကြယ်လွန်းနေသည်။
“စီနီယာအင်မော်တယ်.. မင်း…”
စီနီယာအင်မော်တယ် မျက်ရည်များကို သုတ်လိုက်သည်ကို မြင်လျှငိ လူတော်တော်များများ ထိတ်လန့်သွားကြသည်။
"စိတ်မပူပါနဲ့.. ငါဘာမှမဖြစ်ပါဘူး"
စီနီယာအင်မော်တယ်က သူ့ခံစားချက်ကို အနည်းငယ် ထိန်းထားလိုက်ပြီး ဘရိုကိုလီကို တူဖြင့်ညှပ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။
"အင်း ကောင်းကင်တာအို ဘရိုကိုလီကို နေ့စဉ်စားပြီးတဲ့နောက်မှာ အဆင့်တက်သွားလိမ့်မယ်လို့ တကယ် မမျှော်လင့်ထားခဲ့ဘူး"
"ဒါက တော်ဝင် ဟင်းလျာတစ်ခွက် မဟုတ်ပေမဲ့လည်း အားလုံးပဲ သည်းခံပြီး စားသုံးပေးကြပါ"
မူလက လုံးဝ စားချင်စိတ်မရှိသော ဧည့်သည်များသည် ဗုံးပစ်စီနီယာအင်မော်တယ်၏ စကားများကြောင့် စားချင်စိတ်များ ဖြစ်ပေါ်လာကြသည်။
အချို့သော ဂိုဏ်းခေါင်းဆောင်များဆိုလျှင် တူကိုပင် မသုံးတော့ဘဲ လက်ဗလာဖြင့် စားသောက်ကြတော့သည်။
ထိုနေ့ပြီးနောက်တွင် ကောင်းကင်တာအို ဘရိုကိုလီသည် ဂိုဏ်းအမြတ်ငွေ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို ရှာဖွေပေးသည့် အဓိက လုပ်ငန်းတစ်ခု ဖြစ်လာသည်။
အပိုင်း(၈၃၀) ပြီး၏