ဝမ်ကျန်း၏သောကဖိစီးမှု
Vol. 56 Ch. 831
စာသင်နှစ်၏ ၁၅ပတ်မြောက် ဗုဒ္ဓဟူးနေ့သည် ဩဂုတ်လ ၉ရက် ဖြစ်သည်။
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး ဖွင့်ပွဲကျင်းပပြီး နောက်တစ်နေ့တွင် အန္တိမလူသတ်ဘုရင်၏ သေဒဏ်ပေးခံရမည့်သတင်းသည် တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့သည်။
အန္တိမလူသတ်ဘုရင်ကို ပြန်လည်ဖမ်းဆီးပြီးသည်နှင့် သိပ်မကြာခင်မှာပင် သူ၏မှတ်ဉာဏ်ကို လုံးလုံးလျားလျား ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
အကြောင်းအရင်းမှာ အန္တိမလူသတ်ဘုရင်၏ ပင်ကိုယ်စိတ်ဓာတ်အရ သူသေသည်အထိ စစ်ကြောရေးတွင် ဘာမှထုတ်ပြောမည် မဟုတ်သောကြောင့်ဖြစ်သည်။
မှတ်ဉာဏ်များကို အတင်းအကျပ် စစ်ဆေးခြင်းသည် ကြိုးတိုက်ရှိ အရက်စက်ဆုံး အကျဉ်းသားများတွင်သာ လုပ်ဆောင်နိုင်သည်။
သို့မဟုတ်လျှင် ထိုလုပ်ရပ်သည် လူတစ်ဦး၏ ကိုယ်ပိုင်အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်၏။
အန္တိမလူသတ်ဘုရင်၏ မှတ်ဉာဏ်များကို ချောမွေ့စွာဖတ်ရှုနိုင်သောအကြောင်းအရင်းမှာ အဆုံးသတ်တွင် ဝမ်လင်းက သူ၏အာဏာစက်ဖြင့် ထိန်းချုပ်ပေးထားသောကြောင့်ဖြစ်သည်။
ထိုအတွက်ကြောင့် အန္တိမလူသတ်ဘုရင်က ရုန်းကန်ရန်ပင်စွမ်းအားမရှိခဲ့ပေ။
ဗိုလ်ချုပ်ရီက ရန်သူဟောင်းတစ်ဦး အနေဖြင့် ဤအန္တိမလူသတ်ဘုရင်ကို ကောင်းစွာနားလည်သည်။
ဤလူက အလွန်ပင် ကြမ်းတမ်းသောသူ ဖြစ်သည်။
သူ၏ခွန်အားကို မထိန်းချုပ်ထားလျှင် ဦးနှောက်အား မဆိုင်းမတွ ဖျက်ဆီးပစ်နိုင်ပေသည်။
ဟွာရှို့မဟာမိတ်အဆင့်ရှိ အစည်းအဝေးခန်းတွင်…
“ဘာပဲဖြစ်ဖြစ် အဲဒီအချိန်တုန်းက ဗုံးပစ်စီနီယာအင်မော်တယ်ရဲ့ အကူအညီကြောင့် ငါတို့တွေ ဒုက္ခမရောက်ခဲ့တာပဲ”
ဗိုလ်ချုပ်ရီက သက်ပြင်းချ၍ ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် ဗိုလ်ချုပ်ရီနှင့် ဗိုလ်ချုပ်ကျန်းတို့သည် ဗုံးပစ်စီနီယာအင်မော်တယ်၏ ပဏာမ သရုပ်ပြ တိုက်ပွဲဝင်စွမ်းအားကို မြင်တွေ့ခဲ့ရသည်။
ပမာဏသရုပ်ပြဟု ခေါ်ဆိုရခြင်းမှာ ဗုံးပစ်စီနီယာအင်မော်တယ်သည် ၎င်း၏စွမ်းအားအလုံးစုံကို အကုန်အစင် အသုံးပြုပုံမရသောကြောင့် ဖြစ်သည်။
အရေးကြီးဆုံအချက်မှာ ၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အန္တိမလူသတ်ဘုရင်ကို သာသာယာယာ ကိုင်တွယ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။
ဤလုပ်ရပ်က ကျင့်ကြံသူတိုင်း လုပ်ဆောင်၍ရသော အရာမဟုတ်ပေ။
“အရင်တုန်းက လင်းကျန်းရန်နဲ့ ခေါက်ဆွဲခြောက်တာအိုဧကရာဇ်တို့ကိုပဲ ငါတို့ အာရုံစိုက်ခဲ့ကြတယ်.. တကယ်တော့ သူတို့တွေက ဗုံးပစ်စီနီယာ အင်မော်တယ်ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက် ကာဗာတွေ ဖြစ်ပုံရတယ်”
ဗိုလ်ချုပ်ကျန်းက သက်ပြင်းချလိုက်သည်။
“ဒီတစ်ကြိမ် ဂိုဏ်းဖွင့်ပွဲအခမ်းအနားမှာ ဗုံးပစ်စီနီယာ အင်မော်တယ်က လူအများရဲ့ ရိုသေလေးစားခြင်းကို ခံခဲ့ရတယ်.. သူက ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်ဆောင်နိုင်တယ်ဆိုတာ ကမ္ဘာကို ပြသထားပြီးပြီ.. သူ့ကြောင့်ပဲ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက အမြင့်ဆုံးကို တက်လှမ်းနိုင်မှာသေချာတယ်.. ဒီကိစ္စတွေအားလုံးကို ခြုံငုံပြောရရင် ငါတို့ရဲ့နိုင်ငံခေါင်းဆောင်က တကယ်ကို ထူးခြားတဲ့ အမျှော်အမြင်ရှိခဲ့တာပဲ”
ဥက္ကဌချီကခေါင်းငြိမ့်လိုက်သည်။
“မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်မှာ ဟွာရှို့မဟာမိတ် အဖွဲ့အစည်း ရှယ်ယာပါဝင်ခဲ့တာက နိုင်ငံခေါင်းဆောင်ရဲ့ အမိန့်ကြောင့်ပဲ ဖြစ်တယ်.. အဲဒီဆုံးဖြတ်ချက်က အရမ်းကို မှန်ကန်နေခဲ့တယ်.. ဒီရဲ့ နောက်ဆက်တွဲ ရလဒ်တွေက တွေးကြည့်လို့တောင် ရမှာမဟုတ်ဘူး”
ထိုစကားကို ပြောပြီးနောက်တွင် ဥက္ကဌချီက နှုတ်ဆိတ်သွားပြီး အသေးစိတ်ကို ဆက်မပြောတော့ပေ။
ဗိုလ်ချုပ်၁၀ပါး၏ နှလုံးသားက မှန်တစ်ချပ်လို ကြည်လင်ပြတ်သားနေသည်။
ဗုံးပစ်စီနီယာအင်မော်တယ်က အဆင့်လွန် ကျင့်ကြံသူ တစ်ဦးဖြစ်ရုံမက စေ့စေ့စပ်စပ် ရှိသူဟုလည်း ဆိုနိုင်သည်။
သူက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးအား နံပါတ်တစ်ကောင်းကင်အဆင့်ဂိုဏ်းအဖြစ် ကြီးထွားစေလိုသော်လည်း မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ကန့်သတ်ချက်များမှ ခွဲမထွက်ခဲ့ပေ။
ယခုဆိုလျှင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် ဟွာရှို့ မဟာမိတ်အဖွဲ့အစည်း၏ ရင်းနှီးမြှုပ်နှံမှုကို လက်ခံလိုက်သောကြောင့် ဟွာရှိ့မဟာမိတ် အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်ရန် အစပျိုးလုပ်ဆောင်နေပြီ ဖြစ်သည်။
ထိုသတင်းက နိုင်ငံအတွင်း၌ စင်ပြိုင်အဖွဲ့ကြီးနှစ်ခု ဖြစ်ပေါ်လာတော့မည် ဟူသော ကောလာဟလတစ်ခုကို ရပ်တန့်စေခဲ့သည်။
ထို့ပြင် အကယ်၍ ဗုံးပစ်စီနီယာအင်မော်တယ်သာ အန္တိမလူသတ်ဘုရင်ကို ဟန့်တားရန် မကူညီခဲ့လျှင် ဗိုလ်ချုပ်၁၀ပါးဖြစ်သည့် ၎င်းတို့၏ ရပ်တည်မှုသည် ထိခိုက်သွားနိုင်ပေသည်။
“အခုတော့ ငါတို့က မိသားစုတစ်ခုလို ဖြစ်လာခဲ့ပြီ.. စီနီယာအင်မော်တယ် ပကတိအရှင်မြတ် အဆင့်ကို တက်လှမ်းသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ရှင်းပြဖို့နည်းလမ်းတစ်ခုခုကို အရင်စဉ်းစားရမယ်”
ဥက္ကဌချီက ပြောကြားခဲ့သည်။
ယင်းက ဤတစ်ကြိမ် ဗိုလ်ချုပ်၁၀ပါး စုဝေးမှု၏ အဓိက ရည်ရွယ်ချက်လည်း ဖြစ်သည်။
ပကတိအရှင်မြတ်အဆင့်သို့ တက်လှမ်းသွားသည့် အတွက် ပြင်ပနိုင်ငံ၊ အထူးသဖြင့် နိုင်ငံရပ်ခြားတွင် ဗုံးပစ်စီနီယာအင်မော်တယ်ကို ရှုတ်ချနေကြသော လူအများအပြား ရှိနေပြီ ဖြစ်သည်။
သို့သော် အမှန်တကယ်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အဆင့်တက်မှုသည် ပကတိအင်မော်တယ် စာချုပ်ပါ အချက်အလက်ကို လုံးဝ မချိုးဖောက်ခဲ့ပေ။
“ဒါနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စီနီယာအင်မော်တယ်ရဲ့သဘောထားက ဘယ်လိုလဲ”
ဗိုလ်ချုပ်၁၀ယောက်တွင် ခွန်အားနှင့် ပတ်သက်၍ ပထမအဆင့်ရှိသူ ပေါက်ကွဲခြင်းသူတော်စင်က မေးလိုက်သည်။
“သူက ဘာကြေညာချက်မှ မထုတ်ပြန်ရသေးဘူး”
ဥက္ကဌချီက ခေါင်းခါယမ်း၍ ပြန်ဖြေလိုက်သည်။
“သူသတင်း မထုတ်ပြန်တာက ငါတို့ကို စမ်းသပ်ချင်လို့များ ဖြစ်နေမလား”
ပေါက်ကွဲခြင်းသူတော်စင်က မျက်ခုံးပင့်လိုက်သည်။
“စီနီယာအင်မော်တယ်ရဲ့ သိုသိုသိပ်သိပ် နေတတ်တဲ့အကျင့်စရိုက်ကြောင့် ငါတို့တောင် အထင်လွဲလုနီးပါး ဖြစ်ခဲ့တယ်.. ဒါပေမဲ့ ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားမှာတော့ သူ့ကိုယ်သူ ဖော်ထုတ်ဖို့ ရွေးချယ်ခဲ့တယ်.. ပုဂ္ဂိုလ်ရေးအရ ပြောရရင် အဲဒါက ငါတို့ကြောင့်ပဲလို့ထင်တယ်.. အကယ်၍သူသာ ဓားသူတော်စင်နဲ့ စစ်ပွဲသူတော်စင်ကို ကာကွယ်ဖို့ မဟုတ်ခဲ့ရင် စီနီယာအင်မော်တယ်က သူ့ရဲ့ခွန်အားကို ဆက်လက် ဖုံးကွယ်ထားလိမ့်မယ်လို့ ငါထင်တယ်”
ပေါက်ကွဲခြင်းသူတော်စင်က သက်ပြင်းချလိုက်သည်။
“ငါတို့အနေနဲ့ သူ့ကို ကျေးဇူးအများကြီး တင်သင့်တယ်လို့ ခံစားရတယ်.. ဒါကြောင့် စီနီယာအင်မော်တယ် အနေနဲ့ သူ့သဘောထားကို မထုတ်ပြန်ရသေးဘူး ဆိုရင်တောင် ငါတို့အနေနဲ့ ဂရုတစိုက် ကိုင်တွယ်ဖို့ လိုအပ်တယ်”
ဥက္ကဌချီ “ဟုတ်တယ်..အနာဂတ်မှာ စီနီယာအင်မော်တယ်ဆီက အကူအညီကို ရယူရမှာဖြစ်တဲ့ အတွက် ဒီကိစ္စကို မှန်မှန်ကန်ကန်ဖြေရှင်းဖို့လိုအပ်တယ်.. စီနီယာအင်မော်တယ်ဆီမှာ သတင်းမထုတ်ပြန်ရတဲ့ တခြား အကြောင်းပြချက်လည်း ရှိကောင်းရှိနေနိုင်တယ်.. မနေ့က အန္တိမလူသတ်ဘုရင်ကိစ္စမှာ ငါတို့တွေက မျက်နှာယူသလို ဖြစ်သွားခဲ့တယ်.. ဒါကြောင့်စီနီယာအင်မော်တယ်က သူ့ကို မျက်နှာသာမပေးဘူးလို့ ခံစားရပြီး ဒေါသထွက်နေတာလည်း ဖြစ်နိုင်တယ်”
“စီနီယာအင်မော်တယ်က ငါတို့ကို စိတ်ဆိုးနေတာလား.. ကောင်းပြီလေ.. ငါအခုပဲ သူ့ကို မေးကြည့်လိုက်မယ်”
ဗိုလ်ချုပ်ရီက ချက်ချင်းပင် ဗုံးပစ်စီနီယာအင်မော်တယ်ထံ မက်ဆေ့ချ်ပေးပို့လိုက်သည်။
“စီနီယာအင်မော်တယ် မင်းငါတို့ကို စိတ်ဆိုးနေတာလား”
ယမန်နေ့ ညစာစားပွဲအပြီးတွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဗိုလ်ချုပ်၁၀ဦးထဲမှ ဗိုလ်ချုပ်ရီနှင့် ဗိုလ်ချုပ်ကျန်းတို့ကို WeChatတွင် အကောင့်အပ်ခဲ့သည်။
လူတိုင်း “……….”
စင်စစ် ဗုံးပစ်စီနီယာအင်မော်တယ်သည် နိုင်ငံတကာ သတင်းမီဒီယာများတွင် လူထု၏ ထင်မြင်ချက်နှင့် မှတ်ချက်များကြောင့် စိတ်ဆင်းရဲနေရခြင်း ဖြစ်သည်။
သူက ဘရိုကိုလီကို စားသုံးခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယမန်နေ့ကမှ ရုတ်တရက် အဆင့်တက်သွားလိမ့်မည်ဟု မည်သူသိနိုင်ပါမည်နည်း။
“စိတ်ဆိုးနေတယ်.. ဟုတ်လား”
ဗိုလ်ချုပ်ရီ၏ မက်ဆေ့ချ်ကိုကြည့်ပြီး ဗုံးပစ်စီနီယာအင်မော်တယ်က ကျေနပ်မှုအနည်းငယ်ကို ခံစားခဲ့ရသည်။
“မဟုတ်ပါဘူး.. ငါဘာမှစိတ်မဆိုးပါဘူး”
ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဗိုလ်ချုပ်၁၀ပါးကို ယခုအချိန်ထိ လေးလေးနက်နက် လေးစားနေဆဲ ဖြစ်သည်။
အဆုံးသတ်တွင်သူက နှစ်တစ်ထောင်ကျော်သာ ကျင့်ကြံရသေးသည့် ဂျူနီယာတစ်ယောက်သာ ဖြစ်သည်။
သို့ရာတွင် ဗိုလ်ချုပ်၁၀ဦးစလုံးကမူ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့ကြသူများ ဖြစ်၏။
၎င်းတို့က လောကဓံကို ကြံ့ကြံ့ခံ၍ ရှင်သန်လာခဲ့ကြသည့် သူ့ထက်သာသော စီနီယာများပင် ဖြစ်သည် မဟုတ်ပါလော။
ဗိုလ်ချုပ်၁၀ဦးက ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းကို စဉ်းစားနေကြသည်။
ဗုံးပစ်စီနီယာအင်မော်တယ်က နိုင်ငံတကာ သတင်းမီဒီယာများတွင် ဝေဖန်ခံနေရသည့် အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေသောအချိန်တွင် အလားတူ ခံစားရသော အခြားသူတစ်ဦးလည်း ရှိနေပါသေးသည်။
ထိုသူမှာ ဝမ်ကျန်း ဖြစ်သည်။
ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က စာမေးပွဲအတွက် ပြင်ဆင်နေသောကြောင့် သူ၏ကိစ္စကို ခေတ္တဘေးဖယ်ထားခဲ့သည်။
ထို့ပြင် ၎င်းက ဝမ်ကျန်း၏ အင်အားအလုံးစုံကို ကန့်သတ်ထားလိုက်သေးသည်။
ယခုအခါတွင် ဝမ်ကျန်းသည် ဝေ့ကျစ်နှင့်အတူ တိရိစ္ဆာန်များကို ပြုစုပျိုးထောင်ပေးရင်း ဝေ့ကျစ်၏အိမ်တွင် တည်းခိုကာ နေ့ရက်များကို ဖြတ်သန်းနေခဲ့ရသည်။
သို့သော် ဤအခြေအနေက ဝမ်ကျန်း၏ စိတ်ကို တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ပေ။
သူက သူခိုးနှင့်ပတ်သက်၍ အကြီးအကျယ် လွဲမှားနေသည်ဟု ယုံကြည်လာခဲ့သည်။
ထို့ပြင် လျူမိသားစု၏ မိန်းမပျိုကလည်း အောက်ကမ္ဘာသို့လိုက်လာပြီး သတိမေ့မျောနေခဲ့သည်။
ထိုအတွေးများဖြင့် ဝမ်ကျန်း၏ ခံစားချက်များက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
လျူမိသားစု၏ မိန်းမပျိုက သူ့ကို အောက်ကမ္ဘာတွင် ရှာဖွေရန်အတွက် ခွန်ဗိုက်ထဲတွင် ပုန်း၍လိုက်လာရင်း မေ့မျောသွားပုံရသည်။
ဤအကြောင်းကိုသာ သိလျှင် လျူမိသားစုက သူ့ကို အရေခွံဆုတ်မည်မှာ သေချာပေသည်။
ထိုကိစ္စက လျူချင်းရီ နိုးလာလျှင် အနည်းငယ် အဆင်ပြေသွားလိမ့်မည်ဟု ဝမ်ကျန်း မျော်လင့်နေခဲ့သည်။
သူတို့ကြားတွင် အချစ်ဆိုတာမျိုး ရှိမနေပေ။
အဘယ်ကြောင့် လျူချင်းရီက သူ့နောက်ကို ဤမျှလောက် မဆုတ်မနစ် လိုက်နေရပါသနည်း။
အထက်ကမ္ဘာမှရှိစဉ်က လျူချင်းရီ သူ့ကို နှစ်သက်သည်ဟု ကြားဖူးသော်လည်း ဤမျှ အစွဲအလမ်းကြီးလိမ့်မည်ဟု ဝမ်ကျန်း ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
သူက ချောမောသန်မာပြီး ချမ်းသာရုံသာ ဖြစ်သည် မဟုတ်ပါလော။
သူ၏ အပြစ်အနာအဆာက အဘယ်အရာနည်း။
အပိုင်း(၈၃၁) ပြီး၏