ခွန်ဗိုက်ထဲမှ ကောင်မလေးနိုးထလာခြင်း
Vol. 56 Ch. 832
ဝမ်မိသားစုသည် ကိုးဆကြယ်တွင် ထင်ရှားကျော်ကြားသော မိသားစုတစ်စုဖြစ်သည်။
နှစ်ပေါင်းများစွာအတွင်း ကိုးဆကြယ်တွင် ထိပ်တန်းမိသားစု ၃စုသာ အမြဲရှိခဲ့သည်။
အခြေခံအားဖြင့် ဝမ်မိသားစုသည် ဒုတိယနေရာကို သိမ်းပိုက်ခဲ့သည်။
တတိယနေရာသို့ ရောက်သွားခဲ့လျှင်ပင် လျင်မြန်စွာပင်ဒုတိယနေရာသို့ ပြန်လည် ရောက်ရှိသွားလေ့ရှိသည်။
ပထမနေရာတွင် ရပ်တည်နေသည့် မိသားစုမှာ ဝမ်ကျန်းတို့ ဝမ်မျိုးနွယ်စု၏ ရန်ဘက်ဖြစ်သည် ကူမိသားစု ဖြစ်သည်။
ဝမ်ကျန်းသည် ကူမိသားစု၏ အကြီးဆုံးသခင်လေးကို အကြိမ်ပေါင်းများစွာ စိန်ခေါ်ခဲ့သော်လည်း အကြိမ်တိုင်းတွင် ရှုံးနိမ့်ခဲ့ရသည်။
လျူမိသားစုက ဝမ်မိသားစုထက် အဆင့်နိမ့်သော်လည်း ကိုးဆကြယ်တွင် တတိယအင်အားအကြီးဆုံး မိသားစု ဖြစ်သည်။
ယခုတစ်ကြိမ် လက်ထပ်ခြင်းမှတစ်ဆင့် ဝမ်မိသားစုက လျူမိသားစုနှင့် လက်တွဲရန် ရွေးချယ်ခဲ့ရခြင်းမှာ ကိုးဆကြယ်ကို ကြီးစိုးနေသည့် ကူမိသားစုအား စိန်ခေါ်ရန် ဖြစ်သည်။
တကယ်တမ်းတွင် ဝမ်ကျန်းသည် မိသားစု၏ ရည်ရွယ်ချက်ကို နားမလည်ခြင်း မဟုတ်ပေ။
ဝမ်မိသားစုသည် တစ်ချိန်တစ်ခါက ကိုးဆကြယ်ကို အချိန်အတော်ကြာ အုပ်စိုးခဲ့ဖူးသည်။
သို့သော် အချိန်အတိုင်းတာတစ်ခုသို့ အရောက်တွင် ဝမ်မိသားစုသည် နိမ့်ပါးသောကာလသို့ ကျရောက်ခဲ့ရသည်။
ထိုအချိန်တွင် ကူမိသားစုသည် ရုတ်တရက် တန်ခိုးထွားလာခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ကိုးဆကြယ်ကို အချိန်ကြာမြင့်စွာ အုပ်ချုပ်ခဲ့သော ဝမ်မိသားစုမှ အကြီးအကဲများသည် မကျေမနပ် ဖြစ်ခဲ့ကြသည်၊။
ထို့ကြောင့် ယခင်ရပ်တည်ချက်ကို ပြန်လည်ရရှိရန် နည်းလမ်းရှာဖွေသည်မှာ သဘာဝပင် ဖြစ်သည်။
ဝမ်မိသားစု၏ မျိုးဆက်သစ်ထဲတွင် အကြီးဆုံးသား ဖြစ်သည့် ဝမ်ကျန်းသည် ထုံးစံအတိုင်း ထိုအရေးကြီးသော တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။
ယင်းမှာ အိမ်ထောင်ရေးဖြင့် မဟာမိတ်ဖွဲ့ရန် ဖြစ်သည်။
ဤသည်က ဝမ်မိသားစု၏ခွန်အားကို မြှင့်တင်နိုင်ရန် အတွက် အလျင်မြန်ဆုံး နည်းလမ်းဖြစ်သည်ဟု ဝမ်မိသားစု အကြီးအကဲများက ယူဆထားကြသည်။
ထို့အပြင် လျူမိသားစုမှ မိန်းမပျိုလေး လျူချင်းရီသည် အလွန်လှပပြီး ဂုဏ်သိက္ခာလည်း ရှိသည်။
ဝမ်မိသားစုမှ အကြီးအကဲများသည် လျူချင်းရီကို ဝမ်ကျန်း စိတ်ဝင်စားလာစေရန် အတွက် လျူချင်းရီ၏ အလှအပများကို ဖွဲ့နွဲ့ပြောဆိုခဲ့သည်။
လျူချင်းရီ၏ တစ်ကိုယ်လုံးတွင် အထူးခြားဆုံး အစိတ်အပိုင်းမှာ သူမ၏ခြေထောက်များ ဖြစ်သည်။
ထိုခြေထောက်တစ်စုံက ကျောက်စိမ်းကဲ့သို့ ကြည်လင်ရှင်းသန့်ပြီး ရေခဲကဲ့သို့ အေးစက်ကာ မြင်ရသူတိုင်းကို လျှာဖြင့် လျက်ချင်လောက်သည်အထိ ဖြစ်စေသည်။
“လျူမိန်းကလေး အကြောင်းကို တွေးနေတာလား”
ဧည့်ခန်းထဲတွင် ဝမ်ကျန်းကို ဝေ့ကျစ်က စနောက်လိုက်သည်။
ယခုအခါတွင် ဝမ်ကျန်းသည် ဤနှစ်၏ S8888 ဂန္တဝင်လိဂ်ရာသီ ဖိုင်နယ်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသနေသည့် LCD TVအား ငေးကြည့်နေခဲ့သည်။
ထိုပြိုင်ပွဲက အလွန်မိုက်သည်ဟု ဝမ်ကျန်း တွေးမိလိုက်သည်။
ဟွာရှို့ကိုယ်စားပြုအဖွဲ့က ယခုနှစ်တွင် အားကောင်းနေပြီး လမ်းကြောင်းမှန်ပေါ်တွင် ရှိနေသည်။
ဝမ်ကျန်းက ဤဂိမ်းကို ပထမဆုံးအကြိမ် စတင်ကြည့်ရှုခြင်းဖြစ်သော်လည်း 3:0 ဖြင့် ပြီးဆုံးမည်ကို ကြိုတင်၍ မှန်းဆနေခဲ့သည်။
“အား.. ပျင်းဖို့ကောင်းလိုက်တာကွာ.. ဒါက အတင်းအကျပ် အိမ်ထောင်ပြုခံရတဲ့ ခံစားချက်နဲ့ အတူတူပဲ”
ဝမ်ကျန်းနှင့် နှစ်ရက်ကြာ အတူနေထိုင်ပြီးနောက်တွင် ဝေ့ကျစ်သည် အခြားသူများထက် ဝမ်ကျန်းအကြောင်းကို ပိုမိုသိရှိခဲ့သည်။
ဝေ့ကျစ်ထံ စေလွှတ်လိုက်ကတည်းက အင်မော်တယ်ထုန်ရာသည် ဝမ်ကျန်းနှင့် ပတ်သက်၍ သူသိသမျှကို ဝေမျှခဲ့ပြီးပြီ ဖြစ်သည်။
ဝေ့ကျစ်သည် ယခုအခါတွင် သူတို့အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဝမ်ကျန်းနေထိုင်ရန် နေရာ မရှိသောကြောင့် အင်မော်တယ်ထုန်ရာသည် ဝေ့ကျစ်၏ အကူအညီကို တောင်းဆိုခဲ့သည်။
ထိုအတွက် ဝမ်ကျန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောပြထားရမည် မဟုတ်ပါလား။
တကယ်တမ်းတွင် ဝေ့ကျစ်သည် ဝမ်ကျန်း၏ အခြေအနေကို ကိုယ်ချင်းစာမိသည်။
ဝမ်ကျန်းက သူ မနှစ်သက်သည့် မိန်းကလေးနှင့် အတင်းအကျပ် ပေးစားခံရသည်။
အိမ်ထောင်ရေး မဟာမိတ်ပြုခြင်း၏ စည်းမျဉ်းစည်းကမ်းအရ ဝမ်ကျန်းတို့ နှစ်ယောက်သည် ကလေးတစ်ယောက် မွေးဖွားရမည် ဖြစ်သည်။
ထို့အကြောင်းကိုမူ ဝမ်ကျန်းကိုယ်တိုင်က ဝေ့ကျစ်ကို ပြောပြခဲ့ခြင်း ဖြစ်သည်။
“ပျော်ပျော်ပဲနေပါ ညီနောင်”
ဝေ့ကျစ်က ဝမ်ကျန်း၏ ပုခုံးကို ပုတ်၍ ပြောလိုက်သည်။
“ဒါနဲ့မင်း လျူမိန်းကလေးကို တကယ်ပဲ မနှစ်သက်ဘူးလား”
“ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး”
ဝမ်ကျန်း ခေါင်းခါယမ်းလိုက်သည်။
“ငါတို့ဝမ်မိသားစုက လျူမိသားစုနဲ့ အိမ်ထောင် မဟာမိတ်ဖွဲ့ချင်ကြောင်း ကမ်းလှမ်းလိုက်တော့ လျူမိသားစုကအကြီးအကဲတွေ ဘယ်လောက်တောင် ပျော်ရွှင်ခဲ့ကြလဲ မင်းသိလား.. သူတို့အားလုံး အပျော်လုံးဆို့ပြီး မရပ်မနား ကွေးနေအောင် ကခဲ့ကြတယ်”
ဝေ့ကျစ် “……….”
ဝမ်ကျန်းက သက်ပြင်းချလိုက်သည်။
“ငါလက်မခံနိုင်ဆုံး အရာက လျူမိန်းကလေးကို ငါ့ရဲ့အိပ်ခန်းထဲ အတင်းအကျပ် ထည့်ခဲ့တာပဲ”
ထိုစကားကိုကြားလျှင် ဝေ့ကျစ်က အံ့ဩသွားခဲ့သည်။
“မင်း.. မင်းဘာမှမလုပ်ခဲ့ဘူးလား”
ဝမ်ကျန်းက ဝေ့ကျစ်ကို တစ်ချက်ကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။
“ငါက ပေါ့ပျက်ပျက် နေတတ်ပေမဲ့ ငါမနှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို လက်ဖျားနဲ့တောင် တို့ထိမှာမဟုတ်ဘူး.. ပြောရရင် ငါက လူကြီးလူကောင်း တစ်ယောက်ပါ”
“မင်းလိမ်ပြောနေတာတော့ မဟုတ်ပါဘူးနော်”
ဝေ့ကျစ်က ဝမ်ကျန်းကို စိုက်ကြည့်၍ပြောလိုက်သည်။
ဝမ်ကျန်း “???”
ဝေ့ကျစ်က သူ့စကားကို ဆက်လိုက်သည်။
“ငါ့ရဲ့ တွန်းထိုးခြင်းလိပ်ပြာကြီးက လေထဲကနေ တုန်ခါမှုသေးသေးလေးတွေကိုတောင် အာရုံခံစားနိုင်တယ်.. လူတစ်ဦးက လိမ်ပြောနေတဲ့အခါမှာ အသက်ရှူသံ ပြောင်းလဲသွားတတ်တယ်.. အကယ်၍ မင်းလိမ်ပြောနေရင် တွန်းထိုးခြင်းလိပ်ပြာကြီးက အာရုံခံစားနိုင်မှာပဲ.. တကယ်ပဲ မင်းနဲ့ လျူမိန်းကလေးနဲ့က ဘာမှမဖြစ်ခဲ့ဘူးလား”
“ငါကျိန်ပြောရဲပါတယ်.. ငါသူ့ခန္ဓာကိုယ်ကို ဘာမှမတို့ထိခဲ့ဘူး”
ဝမ်ကျန်းက ကပျာကယာ ပြောလိုက်သည်။
“ဒီထက်ပိုပြီးပြောရရင် ငါ သူနဲ့ ပတ်သက်ပြီး ဘာမှမခံစားရဘူး”
ဝေ့ကျစ်က သဘောပေါက်သွားခဲ့သည်။
“ဒီစကားအရဆိုရင် တစ်နည်းအားဖြင့် မင်းကြိုက်တဲ့ မိန်းကလေး ဆိုရင်တော့ မင်းတစ်ခုခု လုပ်ဖြစ်မယ်လို့ ဆိုလိုတာပေါ့”
“……….”
ဝမ်ကျန်းက ဝေ့ကျစ်၏ စကားထောင်ချောက်ထဲ ကျရောက်သွားသလို ခံစားလိုက်ရသည်။
ဝေ့ကျစ် ထောက်ပြသည့်အချက်ကို သူလုံးဝ မငြင်းနိုင်ခဲ့ပေ။
ထိုအချိန်က လျူချင်းရီနှင့် ပတ်သက်ပြီး ဘာမှ မခံစားခဲ့ရသည်မှာလည်း အမှန်တရားပင် ဖြစ်သည်။
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ဝမ်ကျန်းသည် သူတကယ်နှစ်သက်သည့် မိန်းကလေးကိုတွေ့လျှင် အနည်းဆုံးတော့ တစ်ခုခုလုပ်မိလိမ့်မည် ဖြစ်သည်။
အားအင်ပြည့်နှက်နေသည့် ယောက်ျားလေးတစ်ယောက် အဖို့ ချောမောလှပသော မိန်းမပျိုတစ်ယောက်နှင့် ပတ်သက်၍ စိတ်လှုပ်ရှားခြင်းမရှိသည်မှာ သူ့အတွက် ဘာမှမခံစားရဟု ဆိုလိုခြင်း ဖြစ်သည် မဟုတ်ပါလော။
ဝမ်ကျန်းသည် ယခင်က တစ်ခါမှမချစ်ဖူးခဲ့ပေ။
သူ၏ ငယ်စဉ်ကလေးဘဝက အကန့်အသတ်မဲ့ မှတ်ဉာဏ်များကနေ သူ၏ခန္ဓာကိုယ်ကို နှိုးဆွရန်အတွက် သူ့မိဘနှစ်ပါးလုံးက ရိုက်နှက်ဆုံးမသည်ကိုသာ ပြန်အမှတ်ရမိသည်။
ဆိုရလျှင် သူ့မိဘများသည် သူကြီးပြင်းလာသည် အထိ တင်းတင်းကျပ်ကျပ် ထိန်းကျောင်းခဲ့သည်။
သူက အချစ်ဆိုတာ ဘာမှန်းကိုမသိခဲ့ပေ။
ကျောင်းတွင်ရှိသည့် ချောမောသောမိန်းကလေးများကို ကြည့်မိလိုက်သည်နှင့် သူ့မိဘများက စိတ်ပူနေပြီ ဖြစ်သည်။
ထို့ကြောင့် သူ့ကို မချစ်တတ်စေရန်အတွက် ချစ်ခြင်းမေတ္တာကုသရေးဌာနတွင် ထားခဲ့ကြသည်။
ထိုအချိန်က နေထိုင်ခဲ့သည့် ကုသရေးဌာန အမှတ်၁၃သည် ဝမ်ကျန်း၏ မှတ်ဉာဏ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲ ဖြစ်သည်။
သို့သော် ကံဆိုးစွာဖြင့် ဤချစ်ခြင်းမေတ္တာ ကုသရေးဌာနသည် သူ့ကို လက်ခံပြီးနောက်ပိုင်းတွင် ပိတ်သွားခဲ့သည်။
အကြောင်းအရင်းမှာ ဝမ်ကျန်းကို လျှပ်စစ်ကုထုံး အသုံးပြုသောအခါတွင် ထိုဌာနမှ လူကြီးများက လုံးဝ မထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။
ထို့ပြင် ယန်မျိုးရိုးအမည်ရှိ ချစ်ခြင်းမေတ္တာ ကုသရေးဆရာသည် ဝမ်ကျန်းကို ဒေါသထွက်စေခဲ့၍ ဝမ်ကျန်းက ထိုလူကို မြေပြင်ပေါ်တွင် ခေါင်းငိုက်စိုက်ကျသည်အထိ ကိုင်ပေါက်ခဲ့သည်။
ထိုသို့ လုပ်ဆောင်ပြီးနောက် ဝမ်ကျန်းသည် ဌာနထဲ၌ ကန့်သွင်းခံထားရသော ကလေးအားလုံးကို လွှတ်မြောက်စေခဲ့သည်။
၎င်းတို့တစ်ဦးစီက ထွက်မပြေးမီ ယန်မျိုးရိုးအမည်ရှိ ချစ်ခြင်းမေတ္တာကုထုံးဆရာကို လျှပ်စစ်ရှော့တိုက်သွားကြသေးသည်။
ထို့နေ့နောက်ပိုင်းတွင် ဝမ်ကျန်း၏မိဘများသည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။
ယင်းမှာ ဝမ်ကျန်းကို သူတို့ကိုယ်တိုင် ထိန်းကျောင်းရန် ဖြစ်သည်။
သူတို့အနေဖြင့် အခြားသူလက်ကို ထပ်ပြီး အပ်မည်မဟုတ်တော့ပေ။
တစ်ဖက်တွင်လည်း ဂန္ဓာမာကျွန်းတွင် တိုးတက်မှုအသစ်များ ရှိနေသည်။
ကျင်းရှီနှင့် ယင်းရှီတို့သည် လျူမိန်းကလေး၏ ဘေးတွင် စောင့်ကြည့်နေခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း လျူချင်းရီသည် လက်ချောင်းများ စတင် လှုပ်ရှားလာခဲ့သည်။
ရံဖန်ရံခါတွင် သူမ၏ မျက်ခွံများပါ လှုပ်ယမ်းသွားတတ်သည်။
“ကြည့်ရတာ မကြာခင်မှာ သူနိုးထလာတော့မယ် ထင်တယ်”
အင်မော်တယ်ထုန်ရာက လျူချင်းရီ၏ မျက်ခွံနှစ်ဖက်ကို ဖွင့်၍ စစ်ဆေးလိုက်သည်။
“ဆရာ သူ့အခြေအနေက ဘယ်လိုလဲ”
ကျင်းရှီက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
လျူမိန်းကလေးက တော်တော်လေး အဆင်ပြေနေပါပြီ.. သူက မေ့မျောနေရာကနေ လုံးဝ ပြန်လည်ကောင်းမွန်လာတော့မှာ ဖြစ်တယ်.. ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် နှစ်ရက်သုံးရက်အတွင်း သူနိုးထလာနိုင်မယ်.. ဒါမှမဟုတ်ရင်လည်း နောက်တစ်စက္ကန့်အတွင်းမှာ ဖြစ်နိုင်တယ်”
အင်မော်တယ်ထုန်ရာက ထိုစကားကို ပြောပြီးသည်နှင့် သူ့ရှေ့တွင် ရှိနေသည့် ခွန်ဗိုက်ထဲမှ မိန်းကလေး၏ မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့သည်။
ထို့နောက်တွင် လျူချင်းရီသည် ဖုတ်ဝင်သကဲ့သို့ ငုတ်တုတ်ထထိုင်လိုက်၏။
အပိုင်း(၈၃၂) ပြီး၏