အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးကို လိုက်ဖမ်းသည့်အခါ ၎င်းတို့ကြားတွင် ကုလားကာ တစ်ခုသာခြားသည်
Vol. 56 Ch. 833
သို့တိုင် ယခုလေးတင် နိုးထလာသည့် မိန်းကလေးသည် ဖြစ်ပျက်ခဲ့သမျှကို သိနေသကဲ့သို့ပင်။
သူမ၏ခန္ဓာကိုယ်က အံ့ဩဖွယ်ကောင်းလောက်အောင် ဖွဲ့စည်းတည်ဆောက်ထားပုံရသည်။
“ငါသတိလစ်နေတာ ဘယ်လောက်တောင်ကြာပြီလဲ”
လျူချင်းရီက သူ့ဘေးနားရှိ အင်မော်တယ်ထုန်ရာကို မေးလိုက်သည်။
သူမ၏ ခြေထောက်များက အိပ်ရာပေါ်တွင် အချိန်အတော်ကြာ လဲလျောင်းနေခဲ့ရ၍ အနည်းငယ် ထုံကျင်သလို ခံစားနေရသည်။
ကျင်းရှီနှင့်ယင်းရှီတို့က ကြွက်သားများ ပြေလျော့စေရန်အတွက် နေ့တိုင်းလိုလို နှိပ်နယ်ပေးခဲ့ကြသော်လည်း သူမ၏ ခြေထောက်များက တုန်ယင်နေဆဲ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လျူချင်းရီ၏ သတိမေ့မျောမှုသည် ကျင့်ကြံသူများတွင် ဖြစ်ပေါ်တတ်သည့် အပင် အခြေအနေသို့ချဉ်းကပ်ရန် အလွန်ပင် နီးကပ်သောကြောင့် ဖြစ်၏။
ကျင့်ကြံသူတစ်ဦးသည် မေ့မျောသွားသောအခါတွင် ခန္ဓာကိုယ်ရှိသွေးကြောများက ပိတ်ဆို့သွားပြီး ဝိညာဉ်စွမ်းအင်သည် ခန္ဓာကိုယ်အနှံ့ မပျံ့နှံ့နိုင်တော့ပေ။
ထို့ကြောင့် ကျင့်ကြံသူ၏ ရွှေအမြုတေသည် သူ့ဘာသာသူ မလည်ပတ်နိုင်တော့ပေ။
ထိုထက်ပို၍ အရေးကြီးသည်မှာ လျူချင်းရီသည် နတ်ဘုရားနယ်မြေမှ လူတစ်ဦး ဖြစ်သောကြောင့် အလွန်ပင် သန်မာနေခြင်း ဖြစ်သည်။
ထို့ကြောင့် သူမအနေဖြင့် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို လှုံ့ဆော်ရန်အတွက် များပြားလှသော ဝိညာဉ်စွမ်းအင်များ လိုအပ်ပေသည်။
သို့ရာတွင် သူမက အောက်ကမ္ဘာသို့ ရောက်ပြီးနောက်၌ မေ့မျောသွားခဲ့သည်။
ထို့ပြင် ကမ္ဘာမြေပေါ်ရှိ ဝိညာဉ်စွမ်းအင်သည် အလွန်ပါးလွှာသောကြောင့် သူမ၏ မေ့မျောမှုလက္ခဏာများကို ပိုမိုဆိုးရွားစေခဲသည်။
ထို့ကြောင့် လျူချင်းရီကို ကျင်းရှီနှင့် ယင်းရှီတို့၏ ပေါင်းစပ်နှိပ်နယ်မှုအပြင် သူမ၏ ပိတ်ဆို့နေသော သွေးကြောများကိုရှင်းလင်းပြီး ဝိညာဉ်စွမ်းအင်ကို ကိုယ်တိုင် လည်ပတ်နိုင်စေရန်အတွက် အင်မော်တယ်ထုန်ရာက တတ်စွမ်းသရွေ့ ကုသပေးခဲ့သည်။
လက်ရှိတွင် သူမ ဤကဲ့သို့ တည့်တည့်မတ်မတ် ထိုင်နိုင်ခြင်းသည် သူတို့၏ကြိုးစားမှုရလဒ်ပင် ဖြစ်သည်။
အကယ်၍ သူတို့သာ သူမကို မကူညီခဲ့လျှင် လျူချင်းရီသည် သူမ၏ ခန္ဓာကိုယ်ကြွက်သားတိုင်းကို လှုပ်ရှားရန်အတွက် သူမ၏ သွေးများကိုသာ အသုံးချနိုင်လိမ့်မည် ဖြစ်၏။
ယင်းက(Kill bill)ရုပ်ရှင်ထဲက မင်းသမီးလိုပင်။
“လျူမိန်းကလေးကို ကျွန်တော်တို့ ကယ်တင်ခဲ့တာတော့ တစ်လကျော် ရှိနေပါပြီ”
အင်မော်တယ်ထုန်ရာက အတတ်နိုင်ဆုံး ညင်သာစွာပြုံးလိုက်သည်။
လျူချင်းရီက ယခုမှနိုးထလာစဖြစ်သောကြောင့် သူမကို မထိတ်လန့်စေလိုပေ။
ထို့ပြင်သူမသည် သူ့ကိုသိနေဟန်လည်း ရသည်။
သူမက စကားပြောရင်း သူမ၏သွယ်လျသော ခြေသလုံးများကို လက်ကလေးဖြင့် နှိပ်နယ်နေခဲ့သည်။
ထိုခဏမှာပင် သူမ၏ လက်ထဲ၌ ဝိညာဉ်အလင်းတန်းများ တဖြည်းဖြည်း လင်းလက်လာ၏။
သို့ရာတွင် သူမက ဝိညာဉ်စွမ်းအင်ကို အချိန်အတော်ကြာအသုံးမပြုခဲ့သောကြောင့် သူမ၏ သွေးကြောအချို့က ချိတ်ဆက်မှု မရှိခဲ့ပေ။
“အင်း.. ငါထင်ထားတဲ့ အတိုင်းပါပဲ.. ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ် အင်မော်တယ်ထုန်ရာ”
လျူချင်းရီက ပြောလိုက်သည်။
“လျူမိန်းကလေးက ငါ့နာမည်ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ”
“တကယ်တော့ လွန်ခဲ့တဲ့နာရီပိုင်း လောက်ကတည်းက ကျွန်မသတိရနေပါပြီ.. ဒါပေမဲ့ မျက်လုံးကိုတော့ လုံးဝ မဖွင့်နိုင်ခဲ့ဘူး.. နံဘေးမှာရှိတဲ့ ရှင့်တပည့်နှစ်ယောက်ရဲ့ စကားကို နားထောင်ရုံနဲ့ ကျွန်မဘယ်ရောက်နေလဲ ဘာတွေဖြစ်နေလဲဆိုတာ သိခဲ့ရတာပဲ”
လျူချင်းရီက ပြန်ဖြေလိုက်သည်။
“လွန်ခဲ့တဲ့နာရီ အနည်းငယ်ကတည်းက နိုးနေခဲ့တာလား”
သူက ချွေးအနည်းငယ်ပင် ထွက်လာခဲ့သည်။
ကျေးဇူးတင်ဖို့ ကောင်းသည်မှာ သူမ နိုးထလာသည့်အချိန်က လွန်ခဲ့သည့်ရက် အနည်းငယ်က မဟုတ်ခဲ့ပေ။
ထိုသို့မဟုတ်ဘဲ ဝမ်ကျန်းက ဤနေရာတွင် ရှိနေခဲ့လျှင် သူကပဲလှော်ကြား ဆားညပ်သွားလိမ့်မည် ဖြစ်သည်။
“လျူမိန်းကလေးက ခံစားချက် တချို့ကြောင့် အောက်ကမ္ဘာကိုလာဖို့ ခွန်ကို ကြားခံအဖြစ် အသုံးပြုခဲ့တာ ငါသိပါတယ်”
အင်မော်တယ်ထုန်ရာက ပြောလိုက်ရာ လျူချင်းရီက အံ့ဩသွားခဲ့သည်။
“ဒီကိစ္စကို ရှင်ဘယ်လိုသိတာလဲ”
အင်မော်တယ်ထုန်ရာက များသောအားဖြင့် အခြားသူများ၏ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်တတ်သူ မဟုတ်ပေ။
သို့သော် ဗုံးပစ်စီနီယာအင်မော်တယ် ဂန္ဓာမာကျွန်းကိုနောက်ဆုံးအကြိမ် လာလည်စဉ်က အင်မော်တယ်ထုန်ရာသည် ဗုံးပစ်စီနီယာအင်မော်တယ်တွင် ချစ်သူ ရှိနေသည်ဟု လွဲမှားစွာထင်ခဲ့မိသည်။
ထိုအဖြစ်အပျက်မှ တစ်ဆင့် သူ့တွင် အောင်သွယ်တော် ဖြစ်နိုင်သည့် ပါရမီမျိုး ရှိနေသည်ကို အင်မော်တယ်ထုန်ရာက အမှတ်မထင် သိရှိသွားခဲ့သည်။
ခံစားချက်ဆိုသည်မှာ ပြုစုပျိုးထောင်၍ ရသည့်အရာဖြစ်သည်။
မွေးဖွားလာကတည်းက ခံစားချက်ဖြင့် မွေးဖွားလာသူတစ်စုံတစ်ယောက် ရှိနေပါသလော။
စီနီယာလင်းကျန်းယန်သည်ပင် ခေါက်ဆွဲခြောက်ကြွပ်ကြော်များကို အချိန်အနည်းငယ်ခန့် စားသုံးပြီး နောက်မှသာလျှင် စွဲလမ်းခဲ့သည် မဟုတ်ပါလော။
အင်မော်တယ်ထုန်ရာ၏ အမြင်တွင် ဝမ်ကျန်းနှင့် လျူချင်းရီတို့၏ လိုက်ဖက်ညီကာ ပြီးပြည့်စုံနေသည်။
“ငါက လျူမိန်းကလေးရဲ့ အကြောင်းကို ကောင်းကောင်းသိပါတယ်.. ဘာလို့လဲဆိုတော့ ငါတို့ကမ္ဘာမှာ အနန္တတန်ခိုးရှင် ရှိလို့ပဲ.. သူ့ကို စီနီယာ ခေါက်ဆွဲခြောက်တာအိုဧကရာဇ်လို့ ခေါ်တယ်.. သူက ကိစ္စတော်တော်များများကို သိရှိထားတယ်”
အင်မော်တယ်ထုန်ရာက ထိုစကားကို ပြောရင်း လက်ဝှေ့ယမ်းပြကာ ကျင်းရှီနှင့် ယင်းရှီတို့ကို အခန်းထဲမှ ထွက်ခွာရန် အချက်ပြလိုက်သည်။
ထို့နောက် သူက ကုလားထိုင်တစ်လုံးကို ဆွဲယူကာ လျူချင်းရီနှင့် မျက်နှာချင်းဆိုင်ဘထိုင်လိုက်သည်။
“ခေါက်ဆွဲခြောက်တာအိုဧကရာဇ်လား”
လျူချင်းရီက ဤတာအိုအမည်နှင့် ပတ်သက်ပြီး သူမ၏ဘဦးနှောက်ကို အလုပ်ပေးလိုက်သည်။
သူမ၏ဗဟုသုတက ကျဉ်းမြောင်းသည်ဟု မဆိုနိုင်သော်လည်း သူမသည် ဤအမည်ကို အမှန်တကယ် မသိရှိခဲ့ပေ။
သို့သော် ဤခေါက်ဆွဲခြောက် တာအိုဧကရာဇ်က သူမကို သိရှိနေပုံရသည်။
“ကြည့်ရတာ ဒီခေါက်ဆွဲခြောက် တာအိုဧကရာဇ်က စီနီယာကြီးတစ်ယောက် ဖြစ်မယ့်ပုံပဲ.. ဒါဆို အဲဒီ ခံစားချက်တွေကို ကျွန်မဘယ်လိုလုပ်ရမလဲ”
လျူချင်းရီက ပြဿနာကို မရှောင်လွှဲခဲ့ဘဲ တိုက်ရိုက်မေးမြန်းလိုက်သည်။
“ခံစားချက်တွေက အပြန်အလှန်ရှိနေကြတယ် ဆိုရင်တောင် ပြဿနာကို တွန်းအားပေးတာက ကောင်းတဲ့ လုပ်ဆောင်ချက်မဟုတ်ဘူး.. ဝမ်ကျန်းရဲ့ အသွင်အပြင်ကြောင့် သူ့ကို နှစ်သက်တဲ့သူ အများအပြားရှိနိုင်တယ်.. ဝမ်ကျန်းက မရေမတွက်နိုင်တဲ့ မိန်းကလေးတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရမယ်လို့ ငါယုံကြည်တယ်.. ဒါကြောင့် သူနဲ့ပတ်သက်ပြီး သာမန်နည်းလမ်းကို အသုံးပြုဖို့က အရမ်းကို ခက်ခဲနိုင်တယ်”
ထိုစကားကိုကြားပြီးနောက် လျူချင်းရီက ခဏလောက်စဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။
“ရှင်ပြောတာ ဟုတ်တယ်.. ဆက်ပြောပါ”
သူမ အရင်က ဝမ်ကျန်းနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ဖူးသည်။
သို့ရာတွင် သူမ တစ်ခါမှ အနိုင်ရရှိခြင်းမရှိခဲ့ပေ။
ဝမ်ကျန်းက သူမ၏ကျင့်စဉ်နှင့် နည်းစနစ်အားလုံးကို သိမြင်နေခဲ့ပြီး သူမအား အလွန်အမင်း အရှက်ရစေခဲ့သည်။
ဤအချက်က မရေမတွက်နိုင်သော မိန်းကလေးများနှင့် ရင်ဆိုင်ခဲ့ရသည် ဟူသောအချက်နှင့် များစွာ သက်ဆိုင်လောက်သည်ဟု သူမ ယူဆခဲ့သည်။
“ဒါကြောင့် လျူမိန်းကလေးအနေနဲ့ ဝမ်ကျန်းနဲ့ ဆက်ဆံတဲ့အခါမှာ သူ့ရဲ့ ခံစားချက်တွေကိုလည်း ဦးစားပေးပြီး ထည့်သွင်းစဉ်းစားသင့်တယ်လို့ ငါအကြံပေးချင်တယ်.. တချို့လူတွေက နိုင်ထက်စီးနင်း လုပ်လို့ရပေမဲ့ အပြန်အလှန်သဘောကျအောင် လုပ်ဖို့ကတော့ မလွယ်ကူဘူး.. ဖြစ်နိုင်ရင်လျူမိန်းကလေးအနေနဲ့ သူ့ကို လက်ဆောင်တစ်ခုခု ပေးသင့်တယ်”
“ကျွန်မက သူ့ကို လက်ဆောင်ပေးရမယ်လို့ ရှင်ပြောနေတာလား.. ကျွန်မက ဘာလို့ အဲဒီလိုလုပ်ရမှာလဲ”
လျူမိန်းကလေးက အနည်းငယ် မှင်တက်သွားသည်။
ထိုစကားကိုကြားလျှင် အင်မော်တယ်ထုန်ရာက အနည်းငယ်ပြုံးလိုက်သည်။
“အချစ်ဆိုတာ အပြန်အလှန်ရှိရမယ်လေ.. လျူမိန်းကလေး ဒီထာဝရ အမှန်တရားကို မင်းနားလည်ဖို့ လိုအပ်တယ်.. မိန်းမက ယောက်ျားကို လိုက်တဲ့အခါ သူတို့ကြားမှာ ကန့်လန့်ကာတစ်ခုပဲရှိတယ်.. ဝမ်ကျန်းက အခုချိန်မှာ မင်းကို မကြိုက်ဘူးဆိုရင်တောင် မင်းအနေနဲ့ အားစိုက်ထုတ်နေသရွေ့ သူ့နှလုံးသားကို အလျင်မြန်ဆုံး ဆုပ်ကိုင်နိုင်လိမ့်မယ်”
ထိုစကားကိုကြားလျှင် လျူမိန်းကလေး၏ မျက်လုံးများက ရုတ်တရက်ပြူးကျယ်လာပြီး နားမလည်နိုင်သော အမူအရာဖြင့် အင်မော်တယ်ထုန်ရာကို ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် အင်မော်တယ်ထုန်ရာက ချွေးများထွက်လာခဲ့သည်။
“ငါတစ်ခုခု မှားပြောမိခဲ့လို့လား”
“ဟုတ်တယ်.. အင်မော်တယ်ထုန်ရာက တစ်စုံတစ်ရာ လွဲမှားနေပြီလို့ ကျွန်မတစ်နည်းနည်းနဲ့ ခံစားနေရတယ်.. ကျွန်မတို့က ကွဲပြားတဲ့ အကြောင်းအရာနှစ်ခုကို တစ်ပြိုင်နက်တည်း ပြောနေမိကြတာပဲ”
အင်မော်တယ်ထုန်ရာ “မင်းက ဝမ်ကျန်းကို လိုက်ဖမ်းဖို့အတွက် အောက်ကမ္ဘာကိုလာခဲ့တာ မဟုတ်ဘူးလား”
လျူမိန်းကလေး “ဟုတ်တယ်လေ.. ကျွန်မ သူ့နောက်ကို လိုက်နေတာ အမှန်ပဲ.. ဒါကြောင့်ပဲ သူမွေးထားတဲ့ ခွန်ရဲ့ဝမ်းဗိုက်ထဲကနေ ခိုးပြီး လိုက်လာခဲ့တာပေါ့”
အင်မော်တယ်ထုန်ရာ “ဒါဆို…”
လျူမိန်းကလေး “ဒါပေမဲ့ သူ့ကို သဘောကျလို့ သူ့နောက်ကိုလိုက်လာတာပါလို့ မပြောခဲ့ဘူးလေ.. ကျမက သူ့ကိုလက်ထပ်ချင်တယ်လို့ ရှင့်ကို ဘယ်တုန်းက ပြောမိလို့လဲ”
အင်မော်တယ်ထုန်ရာ “???”
လျူမိန်းကလေး “တကယ်တော့ မိသားစုချင်း မဟာမိတ်ပြုဖို့အတွက် လူကြီးတွေကသာ လက်ထပ်စေချင်ကြတာပါ.. ကျွန်မက သူ့ကို လုံးဝမနှစ်သက်ဘူး.. သူက ရုပ်ချောတယ်ဆိုပေမဲ့ ကျွန်မကြိုက်တဲ့ပုံစံမျိုး မဟုတ်ဘူး.. ကျွန်မမှာ သူ့အတွက် ခံစားချက်မရှိဘူး.. အကြီးအကဲတွေကသာ ကျွန်မတို့ရဲ့ မင်္ဂလာပွဲကို သူတို့ဘာသာ ဆုံးဖြတ်ပြီး သတ်မှတ်ခဲ့တာပဲ.. အဲဒီနောက်မှာ စိတ်ကူးကောင်းလေး တစ်ခုကို ရလာခဲ့တယ်.. အဲဒါက သူမွေးထားတဲ့ခွန်ရဲ့ဝမ်းဗိုက်ထဲကို ခိုးဝင်ပြီး အောက်ကမ္ဘာကို လိုက်လာဖို့ပဲ.. အဲဒါမှ သူ့ကိုသတ်ဖို့ အခွင့်အရေးကို ရှာလို့ရမှာလေ.. မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လိုက်ဖမ်းတဲ့အခါ သူတို့ကြားမှာ ကန့်လန့်ကာတစ်ခုပဲ ခြားတယ်.. မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ရိုက်နှက်ချင်တဲ့အခါမှာတော့ သူတို့ကြားမှာ ခွန်တစ်ကောင်ပဲ ခြားတယ်”
အင်မော်တယ်ထုန်ရာ “……….”
အပိုင်း(၈၃၃) ပြီး၏